ဇာတ်လမ်းခွဲ(၃)
Vol. 208 Ch. 2969
“အဲဒါက ကောင်းကင်အင်မော်တယ်တစ်ပါးပဲ”
ကျင့်ကြံသူများသည် ထိုက်ချူဘုံ၏ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်သည် ထက်ခြမ်းပွင့်နေပြီဖြစ်ကြောင်း သူတို့ တွေ့လိုက်၏။ ရွှေရောင်ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းကင်အင်မော်တယ်တစ်ပါးကို နတ်အလင်းက လွှမ်းခြုံထား၏။ ထိုငှက်မွေးဝတ်စုံသည် ခိုင်ခန့်ပြီး ကောင်းစွာ ပြုလုပ်ထားသော ချပ်ဝတ်တစ်ခုကဲ့သို့ပင်။
ကောင်းကင်ထက်တွင် ကောင်းကင်အင်မော်တယ် နောက်တစ်ပါး ထွက်ပေါ်လာပေပြီ။ သို့သော် သူသည် နတ်ဘုရားနန်းတော်မှ မဟုတ်ပေ။
သခင်မလေးဟု သူ ဆိုခဲ့သလော။
လူများ၏ မျက်လုံးများသည် ရီကျစ်ရင်တို့ အုပ်စုဆီသို့ ရောက်သွား၏။ ထိုသူများသည် ကောင်းကင်အင်မော်တယ်တစ်ပါးကို သူတို့၏ ကိုယ်ရံတော်အဖြစ် ထားနိုင်သည့် အဆင့်အတန်းမြင့်စွာ မွေးဖွားလာသူများ ဖြစ်ရပေမည်။
သို့သော် မည်သည့်အင်အားစုက နတ်ဘုရားနန်းတော် အုပ်စိုးသည့် လောကတွင် နတ်ဘုရားနန်းတော်ကို အပြစ်ပြုဝံ့မည်နည်း။ နတ်ဘုရားနန်းတော်မှ အကြီးအကဲတစ်ဦးဆိုလျှင်တော့ ခြွင်းချက်ဖြစ်သည်။ သို့သော် ထိုသို့ မဖြစ်နိုင်ပေ။ မဟုတ်လျှင် ဂူဖေးရန်သည် သူတို့ကို သိလောက်ပေသည်။
“နတ်ဆိုးအရှင်”
နတ်ဘုရားနန်းတော်မှ ကောင်းကင်အင်မော်တယ်သည် ရွှေရောင်ငှက်မွေးဝတ်စုံကို ဝတ်ဆင်ထားသူကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူ ပြောလိုက်၏။
“ကျုပ်က နတ်ဘုရားနန်းတော်ရဲ့ လေလွင့်ကျင့်ကြံသူ ထိုက်ရှန်ပဲ။ ခင်ဗျားက ဘယ်သူလဲ”
နတ်ဘုရားနန်းတော်အား လောကတစ်ခွင်လုံးကို လွှမ်းမိုးနိုင်သည့် အကြီးအကဲတစ်စုက အုပ်ချုပ်ပေသည်။ အကြီးအကဲများ၏ လက်အောက်တွင် လေလွင့်ကျင့်ကြံသူများစွာ ရှိသည်။ သူတို့အားလုံးသည် ကောင်းကင်အင်မော်တယ်များဖြစ်ပြီး လေလွင့်ကျင့်ကြံသူ ထိုက်ရှန်သည် သူတို့ထံမှ တစ်ယောက်ဖြစ်သည်။
သူ့ခန္ဓာကိုယ်ကို နတ်အလင်းက ဝန်းရံထားသဖြင့် သူသည် ရှိန်လောက်ဖွယ်ကောင်းနေသည်။ သူသည် ဟင်းလင်းပြင်ထဲတွင် ရပ်ကာ လူများကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ အဆုံးမရှိကျယ်ပြောသော အနန္တစကြဝဠာများထဲတွင် နတ်ဘုရားနန်းတော်သည် များစွာသော စကြဝဠာများကို အုပ်စိုးသည့် စွမ်းအားကြီးအင်အားစုဖြစ်ပေသည်။ ထိုက်ချူဘုံသည် သူတို့၏နယ်မြေများထဲမှ တစ်ခုဖြစ်သည်။ ဤလောကထဲတွင် နတ်ဘုရားနန်းတော်သည် အင်အားအကြီးဆုံး၊ ဩဇာအကြီးဆုံး အင်အားစုဖြစ်သည်။ ထို့ကြောင့် သူသည် သူ့ပြိုင်ဘက်၏ နောက်ခံကို အရေးစိုက်ရန် မလိုပေ။
သူ၏ရန်သူသည် သိမ်းငှက်လေးမှ ပြောင်းလဲလာသော နတ်ဆိုးအရှင်ဖြစ်သည်။
နတ်ဆိုးအရှင်သည် ယူရှိုကို ကြည့်ကာ တွေးလိုက်သည်။ ဒုတိယအကြီးအကဲ၏ သားသည် သာမန်လူတစ်ယောက်၏ အနိုင်ကျင့်မှုကို ခံရသည်မှာ ဒေါသထွက်စရာပင်။ သူသာ ဤနေရာ၌ ရှိနေခဲ့လျှင် ရန်သူကို နှစ်ခြမ်းပိုင်းပစ်လိုက်မည်ဖြစ်သည်။ ထို့အပြင် သခင်မလေးသည်လည်း ဤနေရာတွင် ရှိနေပေသည်။ ထို စိတ်ကြီးဝင်နေသည့် အောက်တန်းစားများသည် စည်းကျော်ခဲ့ကာ သိမ်းငှက်အင်ပါယာကို ဒေါသထွက်စေခဲ့ပေပြီ။
“ဦးလေးသိမ်းငှက်”
ရီကျစ်ရင်နှင့် ယူရှိုတို့က နှုတ်ဆက်လိုက်သည်။ သိမ်းငှက်လေးသည် သူတို့၏ ကစားဖော်ဖြစ်သည်။ သူသည် ရီကျစ်ရင်အဖေ၏ စီးတော်ယဉ်ဖြစ်သော်လည်း သူမတို့သည် သူ့ကို အမြဲ တလေးတစား ဆက်ဆံခဲ့ကြသည်။ သူမတို့သည် သူ့ကို စီး၍ မကြာခဏ ခရီးသွားလေ့ရှိသည်။ သူသည် သူမတို့ စိတ်ပျော်စေရန် ဟာသများ ပြောပြတတ်သည်။
“သခင်မလေး... ကျုပ် အခု အဲဒီကောင်စုတ်ကို သွားပြီးရှင်းပစ်လိုက်ပါမယ်”
သိမ်းငှက်လေးက ပြောလိုက်၏။ သူတို့သည် သခင်မလေးကို မည်သူထင်နေသနည်း။ သူသည် သူမကို လူစိမ်းများက အနိုင်ကျင့်ကြံသည်ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ယင်းမှာ လွန်လွန်းလှပေသည်။
လေလွင့်ကျင့်ကြံသူ ထိုက်ရှန်သည် မျက်မှောင်ကြုတ်လိုက်၏။ ရုတ်ခြည်းပင် ကြောက်မက်ဖွယ် နတ်စွမ်းအားတစ်ခုသည် ကောင်းကင်ကို ထွင်းဖောက်သွား၏။ မမြင်နိုင်သော နတ်စွမ်းအားကြောင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းသည် သိမ်းငှက်လေးထံ ဦးတည်သွား၏။ စွမ်းအားကြီး နတ်ဘုရားအရှိန်အဝါတစ်ခုကလည်း လေထုကို ဖိနှိပ်ထားပေသည်။
“ဘယ်လိုတောင် ရယ်ရတဲ့ စကားလဲ”
လေလွင့်ကျင့်ကြံသူ ထိုက်ရှန် ရှေ့သို့ခြေတစ်လှမ်း လျှောက်လိုက်သောအခါ လေထုတစ်ခုလုံး တုန်ခါသွား၏။ ကောင်းကင်ထဲတွင် ပြိုင်ဘက်ကင်း နတ်ဘုရားအရှိန်အဝါ ပျံ့နှံ့သွား၏။ အာကာပြင်သည် အချိန်မရွေး ပြိုပျက်တော့မလိုပင်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှနေ၍ မြင့်မားသော ကျောက်တိုင်များ အများအပြား ကျဆင်းလာ၏။ ၎င်းကျောက်တိုင်များသည် သိမ်းငှက်လေးကို ချိန်ရွယ်ထားပြီး ထိုတစ်နေရာလုံးကို ဖိနှိပ်ရန် ကြိုးစားနေပေသည်။
ဝှီး...
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သိမ်းငှက်လေး၏ ခန္ဓာကိုယ်သည် မူလပုံစံ ပြန်ပြောင်းသွားသည်။ သူ၏ ဧရာမကြီး ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ငှက်မွေးများသည် ထက်ရှသော နတ်လက်နက်များကဲ့သို့ပင်။ သူ သူ၏အတောင်ပံများကို ခတ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် တောက်ပလာလေသည်။ သူ၏အတောင်ပံများသည် စူးရှသော ခုတ်ချက်များ ထုတ်လွှတ်လိုက်၏။ ယင်းတို့သည် အာကာပြင်ကို စုတ်ဖြဲသွားပြီး မြင့်မားသော ကျောက်တိုင်များအားလုံးကို ဖြတ်တောက်ကာ လေလွင့်ကျင့်ကြံသူ ထိုက်ရှန်၏ ဧရာမ ကောင်းကင်အင်မော်တယ်ခန္ဓာကိုယ်ဆီသို့ ဦးတည်သွား၏။
ရုတ်ခြည်းအတွင်းမှာပင် ဧရာမခန္ဓာကိုယ်ကြီးသည် လောကနှင့် ဆက်နွယ်သော နတ်ခန္ဓာအစစ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူသည် စကြဝဠာကို အုပ်စိုးသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူသည် သူ၏လက်များထဲတွင် မယုံနိုင်လောက်သော စွမ်းအားများကို စုစည်းကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လက်သီးစွမ်းအားသည် လေထုကို ကွဲအက်သွားစေပြီး ပြင်းထန်သော လေမုန်တိုင်းတစ်ခု ထွက်ပေါ်လာစေ၏။ ၎င်းမုန်တိုင်းသည် ဟင်းလင်းပြင်ကို ဖြတ်ကာ သိမ်းငှက်လေးထံ ဦးတည်သွားပေသည်။
“ကောင်းကင်ပြိုပျက်...”
ပဲ့တင်သံတစ်သံ ထွက်ပေါ်လာသည်။ သူ၏အမိန့်အောက်တွင် ကောင်းကင်သည် တုန်ခါသွားသည်။ အနီးမှ ကျင့်ကြံသူများစွာသည် သူတို့၏ခန္ဓာကိုယ်များ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မလိုပင် ခံစားသွားရလေသည်။ သို့သော် သိမ်းငှက်လေးသည် မတုန်မလှုပ်ရှိနေသေး၏။ ထို့နောက် သူ၏အတောင်ပံများသည် စစ်မှန်သော နတ်လက်နက်များအဖြစ် ပြောင်းလဲသွားကာ သူ ရှေ့သို့ ပျံသန်းသွားသည်။
“နတ်ဘုရား ဇီဝန်ခြွေ”
ရွှမ်း...ရွှမ်း...
အတောင်ပံများက လက်သီးစွမ်းအားကို ဖြတ်တောက်သွားသည့် ကျယ်လောင်သော အသံများကို ကြားလိုက်ရသည်။ ရပ်တန့်၍ မရနိုင်သော ခုတ်ချက်များသည် ကောင်းကင်ပြိုပျက် လက်သီးဖြင့် ထိပ်တိုက် ထိခတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာစေကာ ပတ်ဝန်းကျင်မှ အဆောက်အဦများစွာကို အမှုန့်ဖြစ်သွားစေ၏။
မုန်တိုင်း ရိုက်ခတ်သွားသောအခါ လူအများစုသည် မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားကြသည်။ အဟုန်လှိုင်းများ ရိုက်ခတ်သွားစဉ်တွင်လည်း အားလုံးနီးပါး ထမရပ်နိုင်ကြပေ။
“ဒါက ရူးသွပ်မှုပဲ”
ထိုက်ချူဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်အင်မော်တယ်များ၏ တိုက်ပွဲကို ကြည့်၍ အပြင်းအထန် ရင်တုန်နေကြ၏။ အခြားမှ ကျင့်ကြံသူတစ်ယောက်သည် နတ်ဘုရားနန်းတော်မှ ကောင်းကင်အင်မော်တယ်ကို တုံ့ဆိုင်းမှုမရှိ တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားပေ။
ကောင်းကင်ထဲတွင် ခုတ်ဖြတ်သံများကို အဆက်မပြတ် ကြားနေရသည်။ တိုက်ခိုက်မှုများ ထိခတ်သွားတိုင်းတွင် လေထုသည် အပြင်းအထန် တုန်ခါသွားသည်။ ကောင်းကင်အင်မော်တယ်နှစ်ပါးအကြားမှ တိုက်ပွဲသည် တွေးကြည့်၍မရနိုင်လောက်အောင် ပြင်းထန်ပေလိမ့်မည်။
“ဟေး သားရဲကောင်... မင်းက အတင့်ရဲလှချည်လား။ နတ်ဘုရားနန်းတော်ရဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက်ကို ဆန့်ကျင်ပြီး မင်း အသက်ရှင်ရက် ထွက်သွားနိုင်မယ်လို့ မထင်နဲ့”
လေလွင့်ကျင့်ကြံသူ ထိုက်ရှန်က တိုက်ခိုက်နေရင်း ဒေါသတကြီး ပြောလိုက်သည်။ သူသည် နတ်ဆိုးအရှင်က သူနှင့် ယှဉ်နိုင်နေသည်ကို မယုံနိုင်ဖြစ်နေပေသည်။
“နေရာတကာမှာ နတ်ဘုရားနန်းတော်ဆိုတဲ့ နာမည်ကို လျှောက်ပြောမနေစမ်းပါနဲ့ကွာ။ အဲဒါက ငါ့အတွက် ဘာမှ အဓိပ္ပာယ်မရှိဘူး။ မင်းက ဘာကောင်မလို့ ငါ့ရဲ့ သခင်မလေးကို အနိုင်ကျင့်ရတာလဲ”
သိမ်းငှက်လေးက ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။
“ငါ့ဆရာရဲ့ တပည့်အနေနဲ့ ငါ မင်းလို ကျင့်ကြံသူအစုတ်အပြတ်ကို အခု မသတ်နိုင်ရင် ရှက်လွန်းလို့ ငါ့ဆရာဆီကိုတောင် ပြန်နိုင်မှာ မဟုတ်ဘူး။ တောက်ပအလင်း ခုတ်ချက်”
သူ ထိုသို့ ပြောပြီးနောက်တွင် တောက်ပသော ရွှေရောင်အလင်းသည် ကောင်းကင်ကို စုတ်ဖြဲသွားပြီး အာကာပြင်တွင် အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာစေ၏။ အလင်းတန်းက ကောင်းကင်ကို ခုတ်ဖြတ်သွားသောအခါ လေလွင့်ကျင့်ကြံသူ ထိုက်ရှန်သည် သွေးအန်သွားပြီး နာကျင်တကြီး ညည်းတွားလိုက်၏။
တိုက်ခိုက်မှု၏ အဟုန်သည် လေလွင့်ကျင့်ကြံသူ ထိုက်ရှန်နှင့် သိမ်းငှက်လေးတို့နှစ်ယောက်စလုံးကို အနောက်သို့ လွင့်သွားစေပြီး စွမ်းအားကြီးမုန်တိုင်းကို ပျောက်ကွယ်သွားစေသည်။ လူများသည် ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်လိုက်ပြီး ကောင်းကင်အင်မော်တယ်၏ ဧရာမခန္ဓာကိုယ်ကြီးမှနေ၍ သွေးများ စီးကျနေသည်ကို မြင်လိုက်၏။ လက်တစ်ဘက် ပြတ်နေသည့် မြင်ကွင်းသည် အလွန် ထိတ်လန့်ဖွယ်ကောင်းပေသည်။
နတ်ဘုရားနန်းတော်မှ လေလွင့်ကျင့်ကြံသူ ကောင်းကင်အင်မော်တယ် ထိုက်ရှန်သည် သူ၏လက်တစ်ဘက် ခုတ်ဖြတ်ခဲ့လိုက်ရပေပြီ။
မည်မျှ စိတ်လှုပ်ရှားဖွယ်ကောင်းသော အဖြစ်အပျက်များနည်း။ အရင်ဆုံး သတ္တိကောင်းသည့် ကျင့်ကြံသူတစ်ယောက်သည် နတ်ဘုရားနန်းတော်၏ လူငယ်မျိုးဆက်ထဲက စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည်။ ထိုသတ္တိကောင်းသူ၏ အကူ နတ်ဆိုးအရှင်သည်လည်း လေလွင့်ကျင့်ကြံသူ၏ လက်ကို ဖြတ်ပစ်ခဲ့သည်။
နတ်ဘုရားနန်းတော်ကို ယှဉ်နိုင်သည့်သူ အမှန်ပင် ရှိနေခြင်းလော။
နတ်ဆိုးအရှင်၏ ဆရာသည် မည်သူနည်း။ ဂူဖေးရန် အရက်ငှဲ့ခိုင်းခဲ့သော မိန်းမပျိုသည် နတ်ဆိုးအရှင်၏ ဆရာ၏ မျိုးဆက်ပေလော။
သို့ဆိုလျှင် နတ်ဆိုးအရှင်၏ ဆရာသည် မည်မျှ စွမ်းအားကြီးသနည်း။
ထိုစဉ် ယူရှိုသည် ဂူဖေးရန်ကို တိုက်ခိုက်လိုက်၏။ ပေါက်ကွဲသံနောက်တစ်သံ ထွက်ပေါ်လာသည်။ ယူရှိုသည် ပါရမီရှင်လူငယ်စာရင်းဝင်သည့် မာန်တက်နေသော ဂူဖေးရန်ကို အလွယ်တကူ အနိုင်ယူလိုက်နိုင်သည်။ တိုက်ခိုက်မှုတစ်ခုလုံးသည် တစ်ဘက်သက်ကဲ့သို့ ဖြစ်နေပေသည်။
“မင်း ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းက နတ်ဘုရားနန်းတော်ကို စော်ကားတဲ့အတွက် အရှင်လတ်လတ် အရေခွံခွာခံရမယ်”
ကောင်းကင်အင်မော်တယ်ထိုက်ရှန်၏အသံသည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ သူ၏အသံ ကောင်းကင်ထဲတွင် ပျံ့လွင့်သွားသောအခါ မိုးထစ်ချုန်းလာသည်။ ထို့နောက်တွင် ကောင်းကင်သည် ထက်ခြမ်းပွင့်သွား၏။
ယင်းနောက် ပြိုင်ဘက်ကင်း နတ်ဘုရားအရှိန်အဝါတစ်ခုသည် လေထုအတွင်း ပျံ့နှံ့သွားသည်။ ထိုက်ချူဘုံမှ အားလုံးသည် ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ သူတို့သည် ရိုသေလေးစားမှု ပြလိုက်ကြပြီး သူတို့၏ နတ်ဘုရားကို ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
“ဟင်...”
သိမ်းငှက်လေးသည် ခေါင်းမော့၍ ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ ဤလောကကို နတ်ဘုရားနန်းတော်က ထိန်းချုပ်ထားသည်။ တစ်နည်းဆိုရသော် နတ်ဘုရားနန်းတော်၏ ဝိညာဉ်စွမ်းအားသည် ဤလောက၏ ဝိညာဉ်စွမ်းအားပင်။ အစောတွင် လေလွင့်ကျင့်ကြံသူ ထိုက်ရှန်သည် ကောင်းကင်ကို သတင်းပေးလိုက်ခြင်းဖြစ်မည်။
ကောင်းကင်အထွတ်အထိပ်တွင် ဧရာမ နတ်နန်းတော်ကြီးတစ်ခုကို မြင်ရ၏။ နန်းတော်အပြင်ဘက်တွင် လေလွင့်ကျင့်ကြံသူများ ရှိနေသည်။
ထိုအချိန်တွင် နန်နန်းတော်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး အောက်ဘက်သို့ အထင်တသေး ကြည့်လိုက်၏။ အကြည့်တစ်ချက်ဖြင့်ပင် မရေမတွက်နိုင်သော နတ်အလင်းတန်းများသည် ထိုက်ချူဘုံသို့ ဦးတည်သွားသည်။ ထိုစဉ်တွင် လေထုထဲတွင် ကောင်းကင်အရှိန်အဝါတစ်ခု ပြည့်နှက်နေပြီး သိမ်းငှက်လေး၊ ယူရှို၊ ရီကျစ်ရင်နှင့် အခြားသူများကို ဖိနှိပ်ထားသည်။
ယူရှို၊ ရီကျစ်ရင်နှင့် သူတို့အုပ်စုသည် ပို၍ပင် ဖိနှိပ်ခံထားရသည်။ ကောင်းကင်လမ်းစဉ်၏ ဖိနှိပ်မှုအောက်တွင် သူတို့၏ မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူတို့၏ခန္ဓာကိုယ်များ အားနည်းလာလေသည်။
“ဒူးထောက်ကြစမ်း”
ကောင်းကင်ထက်မှနေ၍ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။