ဇာတ်လမ်းခွဲ ၅
Vol. 208 Ch. 2971
ရှေးဟောင်းအင်ပါယာ ရောက်ရှိလာခဲ့သော်လည်း ဂူဖေးရန်တစ်ယောက် လက်ပြတ်သွားခဲ့သေးပေသည်။
မိုးကောင်းကင်ထက်တွင် နတ်ဘုရားများ ထွက်ပေါ်လာသည်။
ယူချင်းက ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်နေသည်။ သူသည် နတ်ဘုရားအားလုံးကို တစ်ကိုယ်တော် ရင်ဆိုင်နိုင်သည့်ပုံပင်။
“ခင်ဗျားက ဘယ်စကြဝဠာလောက,ကလဲ”
ထိုနေရာတွင် နတ်ဘုရားများ၏ အသံများ ပဲ့တင်ထပ်သွား၏။ သူတို့အားလုံးသည် ယူချင်းက စကြဝဠာတစ်ခု၏ ဆရာသခင်ဖြစ်ကြောင်း သဘောပေါက်၏။ မဟုတ်လျှင် သူက ထိုမျှစွမ်းအားကြီးနေမည် မဟုတ်ပေ။ သူ၏တိုက်ခိုက်မှုများတွင် ကောင်းကင်လမ်းစဉ်စွမ်းအား ပါဝင်နေပေသည်။ သူသည် ကောင်းကင်ထဲ၌ ရပ်နေရုံဖြင့်ပင် ဤဧရိယာ၏ ကောင်းကင်လမ်းစဉ် ဖြစ်နေလေသည်။
နတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများသည် အခြားစကြဝဠာများ ရှိကြောင်းကို သိကြ၏။ စကြဝဠာများက အဆုံးမရှိချေ။ သူတို့သည် အခြားစကြဝဠာများသို့ သွားခဲ့ဖူး၏။ သို့သော် မည်သူမှ အဆုံးအထိ မရောက်နိုင်ခဲ့ပေ။ သူတို့ သွားရောက်ခဲ့သော စကြဝဠာများစွာထဲတွင်ပင် နတ်ဘုရားလောကသည် စကြဝဠာမဟာမိတ်တစ်ခုဖြစ်၍ လွန်စွာအင်အားကြီးသေးပေသည်။ သူတို့သည် ယခင်က အခြားစကြဝဠာများနှင့် မဟာမိတ်ဖွဲ့ခဲ့ခြင်းပင်။ ယနေ့ခေတ် နတ်ဘုရားလောကကို နတ်ဘုရားနန်းတော်က အုပ်စိုးပေသည်။
ယူချင်းသည် မိုးကောင်းကင်ထက်ရှိ ခမ်းနားသော ဘုံကျောင်းများနှင့် နတ်ဘုရားများကို မော့ကြည့်လိုက်၏။ သို့သော် သူ မည်သို့မှ ပြန်မပြောလိုက်ချေ။
“ဟင်း...”
အေးစက်စက် နှာမှုတ်သံတစ်သံကို ကြားလိုက်ရ၏။ ကြောက်မက်ဖွယ် လမ်းစဉ်စည်းမျဉ်းများသည် ယူရှိုဆီသို့ တိုက်ရိုက်ဦးတည်သွား၏။ သို့သော် ယူချင်းက ပြင်ဆင်ထားပြီးပေပြီ။ သူ အတွေးလှုပ်ရှားလိုက်ရာ သူ့ကိုဗဟိုပြု၍ နတ်ဆိုးအလင်းလွှာတစ်ခု ထွက်ပေါ်လာကာ ယူရှိုနှင့် အခြားသူများကို ဝန်းရံကာ ဝင်ရောက်လာသော ပြင်ပစွမ်းအားကို ကာပေးလိုက်လေသည်။
“အတင့်ရဲလိုက်တာ”
ဒေါသတကြီး အော်လိုက်သံများကို ကြားလိုက်ရ၏။ ယူချင်းက သူတို့ကို အရေးမစိုက်ကြောင်း တွေ့လိုက်သောအခါ နတ်ဘုရားများ ဒေါသထွက်သွားကြသည်။ ထိုစဉ် ယူချင်းက အတွေးထပ်မံလှုပ်ရှားလိုက်၏။ ရုတ်တရက် ထိုက်ချူဘုံအတွင်းမှ ကျင့်ကြံသူများသည် မဟာကောင်းကင်အရှိန်အဝါကို ခံစားလိုက်ရလေသည်။ အချိန်နှင့်နေရာက ရပ်တန့်သွားပုံပင်။ အားလုံးသည် အလွန်ကြောက်ရွံ့တုန်လှုပ်နေပြီး အသက်ရှူရန်ပင် ခက်ခဲနေကြလေသည်။
ထိုအခိုက်တွင် အရာအားလုံး ရပ်တန့်သွားပုံပေါ်၏။ လောကအတွင်းရှိ အရာအားလုံးက အလွန်နှေးကွေးသွားပေသည်။ ထိုကောင်းကင်အရှိန်အဝါ၏အောက်တွင် မည်သူမှ မလှုပ်ရှားနိုင်ချေ။ ယင်းက ပုံရိပ်ယောင်တစ်ခုဟု ထင်ရ၏။ သူတို့၏ အသိစိတ်များပင် ဝေဝါးလာပေသည်။
လူအားလုံးသည် ယူချင်းကို တွေ့လိုက်ရ၏။ ယူချင်းရှိနေသော နေရာသို့ နတ်ဘုရားများ၏ စွမ်းအားများ ကျဆင်းလာသည်။ ထိုစွမ်းအားများသည် ကောင်းကင်လမ်းစဉ်၏ မဟာနတ်ဘုရားခေါင်းလောင်းအဖြစ် စုစည်းသွားလေသည်။ မဟာနတ်ဘုရားခေါင်းလောင်း၏ အရှိန်အဝါက ကောင်းကင်နှင့်မြေကြီးအကြားတွင် ဖိနှိပ်နေ၏။ မရေမတွက်နိုင်သော ရွှေရောင်အလင်းလွှာများကလည်း ရေလှိုင်းများကဲ့သို့ စီးဆင်းကျဆင်းလာကြသည်။ အလင်းလှိုင်းတိုင်းတွင် ကမ္ဘာဖျက်စွမ်းအား ပါဝင်ပေသည်။
ယူချင်းကဲ့သို့ သန်မာသူသည်ပင် ကြီးမားသောဖိအားအောက်သို့ ကျရောက်နေသည်။ ထိုအခိုက်တွင် သူ့အပေါ်သို့ နတ်ဘုရားခေါင်းလောင်း၏ ဖိအားသာ မဟုတ်ဘဲ လောကတစ်ခွင်လုံး၏ စွမ်းအားကပါ ဖိနှိပ်နေလေသည်။ အလင်းလှိုင်းများကလည်း လောက၏တစ်စိတ်တစ်ပိုင်းကို ဖိချေပစ်နိုင်စွမ်း ရှိသည်။ ထို့ပြင် ထိုစွမ်းအားများမှာ အဆုံးမဲ့ပြီး ယူချင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စီးဆင်းနေသည်။ ယင်းက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ကြည့်၍သာ ရပေမည်။
ယူချင်း၏ ခန္ဓာကိုယ်နှင့် စိတ်သည် အနှိုင်းမဲ့ဖိအားအောက်တွင် ရှိနေ၏။
“ဒါက နတ်ဘုရားလောကပဲ။ ခင်ဗျားက ဘယ်စကြဝဠာက လာခဲ့တာဖြစ်ဖြစ် နတ်ဘုရားတွေရဲ့ရှေ့မှာ လေးစားမှု ပြသသင့်တယ်”
ခေါင်းလောင်းသံနှင့်အတူ ဝံ့ထည်သောအသံတစ်သံ ကျဆင်းလာ၏။ အာကာပြင်ထဲတွင် ကြောက်မက်ဖွယ် အက်ကြောင်းများ ထွက်ပေါ်လာလေသည်။ ထိုစွမ်းအားကို လောက,က မခံနိုင်ပေ။ ထို့ကြောင့် မရေမတွက်နိုင်သော ကြောက်မက်ဖွယ်အက်ကြောင်းများ ထွက်ပေါ်လာခြင်းပင်။ ခက်ထန်သော တွင်းနက်ကြီးများကလည်း ယူချင်း၏ ခန္ဓာကိုယ်ကို တစ်စစီ စုတ်ဖြဲလိုနေကြသည်။
“ဒေါင်...”
ခေါင်းလောင်းသံက လောကကို တုန်ခါသွားစေ၏။ မရေမတွက်နိုင်သော လူများ သွေးအန်သွားပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့သည် သူတို့၏ ဝိညာဉ်များက တစ်စစီဖြစ်သွားတော့မည်ဟုပင် ခံစားနေရလေသည်။
ထိုကြောက်မက်ဖွယ်စွမ်းအားအောက်တွင် ယူချင်း၏ ခန္ဓာကိုယ်က အတန်ငယ်ကိုင်းသွားပုံ ပေါ်၏။ သူ့ဒူးများက ကျိုးသွားတော့မလို အတန်ငယ် ကိုင်းသွားခြင်းပင်။
“အဖေ...”
ယူရှိုသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ အော်ခေါ်လိုက်၏။
“မင်းအလုပ်ကိုပဲ လုပ်ပါ”
ယူချင်း၏မျက်လုံးများက သွေးနီရောင်ပြောင်းသွား၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကြောက်မက်ဖွယ် နတ်စွမ်းအားကို ထုတ်လွှတ်လိုက်၏။ ယူရှို ခေါင်းညိတ်လိုက်ပြီး ဂူဖေးရန်ဆီသို့ ဆက်သွားလိုက်လေသည်။
“ဂျွတ်...”
ကျယ်လောင်သော ဆူညံသံများကို ကြားနေရ၏။ ယူချင်း၏ ခန္ဓာကိုယ်က ပြန့်ကားလာကာ ရှေးဟောင်းနတ်ဆိုးနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲနေပုံပင်။ သူ့ခန္ဓာကိုယ်မှနေ၍ မရေမတွက်နိုင်သော ကြောက်မက်ဖွယ် ကပ်ဘေးအလင်းတန်းများ ဖြာထွက်သွားပြီး ကောင်းကင်ကို စုတ်ဖြဲသွားလေသည်။ တစ်မြို့လုံးသည် ပျက်စီးတော့မလို ဖြစ်နေ၏။
နတ်ဆိုးနတ်ဘုရား၏ခန္ဓာကိုယ်ပေါ်တွင် သန်းထောင်ချီသော ကမ္ဘာဖျက်အလင်းတန်းများ တောက်ပလာပြီး အားလုံးကို မျက်လုံးကျိန်းသွားစေ၏။ အကန့်အသတ်မဲ့ ကမ္ဘာဖျက်အလင်းတန်းများသည် စီးဆင်းနေသော အလင်းလှိုင်းများဖြင့် ထိတိုက်သွားပြီး လောကကို စုတ်ဖြဲနေလေသည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ကောင်းကင်လမ်းစဉ်စွမ်းအား ပြိုပျက်သွားသည်။ မရေမတွက်နိုင်သော နတ်ဆိုးကပ်ဘေးအလင်းများက အဖျက်ဓားကြီးတစ်လက်အဖြစ် စုစည်းသွားကာ ဧရာမ နတ်ဘုရားခေါင်းလောင်းကြီးကို ခုတ်ပိုင်းလိုက်သည်။ ထိုက်ချူဘုံအထက်ရှိ ကောင်းကင်က ပြင်းထန်စွာ ပြိုပျက်နေ၏။ မြင့်မားသော ကောင်းကင်ထက်ရှိ နတ်ဘုရားနန်းတော်လည်း တုန်ခါသွားသည်။
“မျိုးဆက်သစ်တွေရဲ့ ရန်ငြိုးတွေကို သူတို့ဘာသာ ရှင်းလို့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဆက်ပြီးနှောင့်ယှက်နေဦးမယ်ဆိုရင်တော့ ဒီနေ့မှာ နတ်ဘုရားနန်းတော် ပျက်စီးရလိမ့်မယ်”
နတ်ဆိုးအသံသည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ နတ်ဘုရားများ တုန်ယင်သွားသည်။ ထိုလူသည် သူ၏တစ်ကိုယ်တော်အင်အားဖြင့် နတ်ဘုရားများစွာကို တုန်ယင်သွားအောင် အမှန်ပင် လုပ်နိုင်ပေသည်။
ထိုအခိုက်တွင် နတ်ဘုရားလောကရှိ မရေမတွက်နိုင်သော ထိပ်သီးများ ရောက်ရှိလာ၏။ မိုးကောင်းကင်ထက်ရှိ နတ်ဘုရားတိုင်း၏ ရှေ့တွင် ထိပ်သီးများ ထွက်ပေါ်လာသည်။ သူတို့အားလုံးက ကောင်းကင်နတ်မင်းများပင်။ နတ်ဘုရားလောက,က မည်မျှ အင်အားကြီးကြောင်း တွေးကြည့်နိုင်ပေသည်။
ထိုကဲ့သို့ နတ်ဘုရားများစုဝေးမှုကို ယခင်က တစ်ခါမှ မမြင်ဖူးသေးပေ။ အတိတ်မှ နတ်ဘုရားတိုက်ပွဲသည်ပင် ထိုကဲ့သို့ မဟုတ်ခဲ့ချေ။
ဂူဖေးရန်သည် ဤတစ်ခေါက်တွင် ပြဿနာကြီးတစ်ခု ရှာမိသွားပြီဖြစ်ကြောင်း အားလုံး သဘောပေါက်သွားကြသည်။ သူ ပြဿနာရှာမိသူမှာ အခြားစကြဝဠာတစ်ခုမှ အုပ်စိုးသူ၏ မျိုးဆက်ဖြစ်နေပေသည်။ အကယ်၍ သူတို့သာ ဂူဖေးရန်နှင့် သူ၏အကြီးအကဲ ရှေးဟောင်းအင်ပါယာတို့အပေါ်တွင်သာ မှီခိုလျှင် ဤပြဿနာကို ရှင်းနိုင်မည် မဟုတ်ပေ။ ယူချင်း၏အင်အားဖြင့် ဆိုလျှင် ရှေးဟောင်းအင်ပါယာသည် သူ့ကို တစ်ကိုယ်တော် အနိုင်ယူနိုင်မည် မဟုတ်ချေ။
ထို့ပြင် ထိုနတ်ဆိုးနတ်ဘုရားက ယူရှို၏ အဖေဖြစ်ပုံပေါ်သည်။ ဂူဖေးရန် ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့သော မိန်းမပျို၏ ဇစ်မြစ်က အဘယ်နည်း။
ထိုမိန်းမပျို၏ အဖေက ဤနေရာသို့ ရောက်လာသေးပုံမပေါ်ပေ။ သူမ၏အဖေကလည်း သာမန်လူတစ်ယောက် မဟုတ်နိုင်ချေ။
“ဒီရန်ငြိုးတွေကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့။ ခင်းဗျားရဲ့ အဆင့်အတန်းနဲ့ ဘာလို့ ဒီလိုကိစ္စအသေးလေးတွေကို ဂရုစိုက်နေရတာလဲ”
နတ်ဘုရားတစ်ပါးက ယူချင်းကိုကြည့်၍ ရန်ငြိုးများကို အဆုံးသတ်ရန် ပြောလိုက်သည်။
ယူချင်းက ထိုနတ်ဘုရားကို အေးစက်စက် ကြည့်လိုက်၏။ ရီကျစ်ရင်၏ ကိစ္စသည် အသေးအဖွဲကိစ္စလော။
“ယူရှို... မင်းက ဘာကို စောင့်နေတာလဲ”
ယူချင်းသည် ယူရှိုကို လှည့်ကြည့်လိုက်ရာ ယူရှိုက သူ၏နတ်ဆိုးဓားကို မြှောက်ထားပြီဖြစ်ကြောင်း တွေ့လိုက်၏။
“အရှင်... အရှင် မပြုမူခင် အကျိုးဆက်ကို စဉ်းစားပါ”
နတ်ဘုရားနန်းတော်မှ နတ်ဘုရားများသည် အလွန်ဒေါသထွက်နေကြ၏။ သူတို့သည် ယူချင်းကို ဂယ်ပေါက်တစ်ခု ပေးလိုက်ပြီးဖြစ်သည်။ သို့သော် သူသည် ထိုအခွင့်အရေးကို အလေးမထားရုံသာမက ဂူဖေးရန်ကို သတ်လိုနေပေသေးသည်။
ယနေ့တွင် လောကထဲ၌ နတ်ဘုရားနန်းတော် ထွက်ပေါ်လာပြီဖြစ်သည်။ အကယ်၍ ဂူဖေးရန်သာ အသတ်ခံလိုက်ရလျှင် အလွန်အရှက်ရဖွယ်ကောင်းသွားပေလိမ့်မည်။
“သတ်...”
ယူချင်းက ပြောလိုက်သည်။ ယူရှို၏ နတ်ဆိုးဓားက ကျဆင်းသွားပေတော့မည်။ သို့သော် ထိုအခိုက်တွင် ကောင်းကင်မှနေ၍ မရေမတွက်နိုင်သော နတ်အလင်းများ ကျဆင်းလာ၏။ အခိုက်အတန့်တစ်ခုကြာအောင် အချိန်ရပ်တန့်သွား၏။ အရာအားလုံးလည်း ရပ်တန့်သွားတော့ပေမည်။
နတ်ဘုရားအားလုံးသည် နတ်ဘုရားနန်းတော်ရှေ့တွင် ရပ်ကာ သူတို့၏ နတ်စွမ်းအားများကို တစ်ပြိုင်တည်းသုံး၍ ဤလောကထဲရှိ စွမ်းအား,အားလုံးကို ထိန်းချုပ်နေခြင်းပင်။ ယူရှိုသည် သူ လှုပ်၍မရတော့ကြောင်း ခံစားလိုက်ရ၏။ နတ်ဆိုးနတ်ဘုရားယူချင်းသည်ပင် အနှိုင်းမဲ့အားကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။
“ကောင်းကင်က စွမ်းအားကြီးတယ်။ ဘယ်သူက နတ်ဘုရားတွေရဲ့ စွမ်းအားကို စိန်ခေါ်ဝံ့တာလဲ”
ကောင်းကင်မှနေ၍ အသံများ ထွက်ပေါ်လာ၏။ နတ်ဘုရားနန်းတော်မှ နတ်ဘုရားများသည် သူတို့၏ နတ်စွမ်းအားများကို တစ်ပြိုင်တည်းထုတ်၍ ယူချင်းကို ဖိနှိပ်ထား၏။ ဤကိစ္စသည် ရှေးဟောင်းအင်ပါယာ၏ ကိစ္စသာ မဟုတ်တော့ချေ။ ယင်းက နတ်ဘုရားနန်းတော်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေပေပြီ။
“နတ်ဘုရားနန်းတော်က နတ်ဘုရားတွေက အတော်လေး စွမ်းအားကြီးတာပဲ”
ထိုအခိုက်တွင် ကောင်းကင်အပြင်မှနေ၍ အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့ကြောင့် ကျင့်ကြံသူအားလုံး မှင်တက်သွားကြလေသည်။
ယခုတွင် နတ်ဘုရားများသည် လောကအတွင်းရှိ အရာအားလုံးကို ချိပ်ပိတ်ထားပြီဖြစ်၏။ အချိန်နှင့်နေရာကလည်း ရပ်တန့်နေပေပြီ။ သို့သော် ထိုအသံက လေကဲ့သို့ ပေါ့ပါးနေပေသည်။ ထိုအသံက လူများ၏ နားအတွင်းသို့ တိုက်ရိုက်ဝင်သွားသဖြင့် သူတို့ ရင်ခုန်မြန်လာကြသည်။
ကောင်းကင်အပြင်မှနေ၍ အလင်းတန်းတစ်တန်း ကျဆင်းလာပြီး ကောင်းကင်လမ်းစဉ်၏ စွမ်းအားကို ဖောက်ထွင်းသွားသည်။
လူအားလုံး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြ၏။ ထိုအလင်းတန်က နတ်ဘုရားနန်းတော်အထက်သို့ ကျဆင်းသွား၏။ မည်သူမှ ရောက်ရှိလာခြင်း မဟုတ်သော်လည်း သူတို့အားလုံး အပြင်းအထန် ရင်တုန်သွားကြလေသည်။
လူများနှင့် နတ်ဘုရားများသည် အဝေးရှိ စကြဝဠာအတွင်းမှ အခြားလောကတစ်ခုကို မြင်လိုက်ရ၏။ ထိုလောကတွင် အင်မော်တယ်တစ်ယောက် နေထိုင်ပုံပင်။ အလင်းတန်းများက တိမ်များကို လွှမ်းခြုံထားပေသည်။
ထိုလောကထဲတွင် လူတစ်စုက အတူတကွ ထိုင်နေ၏။ အဖြူရောင်ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က ဧည့်သည်များကို စားသောက်ပွဲတစ်ပွဲဖြင့် ဧည့်ခံနေသည့်ပုံပင်။ သူ့ဘေးတွင် လှပသော မိန်းမပျိုတစ်ယောက်ရှိ၏။ သူ၏ ဘယ်ဘက်နှင့် ညာဘက်တွင် သူ၏ဧည့်သည်များ ရှိနေသည်။ ထိုဧည့်သည် ယောက်ျား၊ မိန်းမများအားလုံးသည် ပြိုင်ဘက်ကင်း ချောမောလှပသူများပင်။
အစောမှအသံက ဝတ်ရုံဖြူနှင့် နတ်ဘုရားဘုရင်ထံမှ ထွက်ပေါ်လာခြင်းပင်။ သူက ခေါင်းမော့ကာ လှမ်းကြည့်လိုက်၏။ သူသည် စကြဝဠာကိုဖြတ်ကာ လက်ဝှေ့ယမ်းလိုက်၏။ ရုတ်ခြည်းပင် နတ်ဘုရားများ၏ အရှိန်အဝါများ ပျောက်ကွယ်သွားသည်။ ထို့ကြောင့် နတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများ အပြင်းအထန် ရင်တုန်သွားလေသည်။ သူတို့၏ မျက်နှာများတွင်လည်း တုန်လှုပ်မှုများ ပြည့်နှက်နေကြသည်။
ထိုဝတ်ရုံဖြူနှင့် နတ်ဘုရားဘုရင်က ကျယ်ပြောသော စကြဝဠာများအတွင်းမှ ဒဏ္ဍာရီလာဖြစ်တည်မှုတစ်ခုလော။
“အဖေ...အမေ...”
ရီကျစ်ရင်သည် အင်မော်တယ်၏နေရာရှိ ညာဘက်မှ ဧည့်သည်များကို ကြည့်၍ အော်ခေါ်လိုက်၏။ သူမ၏မိဘများက ထိုဧည့်သည်များ၏ အလယ်တွင်ရှိနေပေသည်။
ရီကျစ်ရင်၏အသံက နတ်ဘုရားနန်းတော်မှ နတ်ဘုရားများ၏ နှလုံးသားများကို အေးစက်သွားစေ၏။ ဤတစ်ကြိမ်တွင် သူတို့သည် ထိုနတ်ဘုရားဘုရင်၏ မိတ်ဆွေကောင်းကို အပြစ်ပြုမိခဲ့ခြင်းလော။
***