ဇာတ်လမ်းခွဲ ၆
Vol. 208 Ch. 2972
ရီဖူရှင်းက စားသောက်ပွဲတွင် ရှိနေ၏။ သူက ရီကျစ်ရင်ကို ကြည့်ကာ ခေါ်လိုက်သည်။
“ကျစ်ရင်...”
“မွေးစားအဖေ”
ရီကျစ်ဖန်းနှင့် ဂူရှီကျွင်းတို့ကလည်း ခေါ်လိုက်ကြ၏။
“ဆရာ...”
သိမ်းငှက်လေးကလည်း အော်ခေါ်လိုက်သည်။ သူ၏ဆရာက အလွန်ပူပင်ကြောင့်ကြမဲ့သူဟု သူတွေးလိုက်သည်။ သူတို့သည် ဤနေရာတွင် အနိုင်ကျင့်ခံနေရသော်လည်း သူ့ဆရာက လောကအသစ်တစ်ခုသို့ ခရီးသွားနေပေသည်။ ထို့ပြင် သူ့ဆရာက အမှန်ပင် စားသောက်ပွဲတစ်ပွဲ၌ ရှိနေလေသည်။
နတ်ဘုရားလောကမှ စွမ်းအားကြီး ကျင့်ကြံသူများ တုန်လှုပ်သွားကြ၏။ ထိုနတ်ဆိုးအင်ပါယာက ထိုဧည့်သည်ကို ဆရာဟု ခေါ်နေသည်လော။ နတ်ဆိုးအင်ပါယာ၏ ဆရာဆိုလျှင် မည်မျှ စွမ်းအားကြီးမည်နည်း။
နတ်ဘုရားနန်းတော်မှ နတ်ဘုရားများသည် ဝတ်ရုံဖြူနှင့် နတ်ဘုရားဘုရင်ကို ကြည့်နေကြ၏။ ထိုသို့သောသူတစ်ယောက်က အမှန်ပင် တည်ရှိနေသည်လော။
“နတ်ဘုရားလောကလား...”
ဝတ်ရုံဖြူနှင့် နတ်ဘုရားဘုရင်က လှမ်းကြည့်ကာ ပြောလိုက်သည်။
“တိကောင်း ဘယ်မှာလဲ”
ထိုအသံက လောကတစ်ခွင်လုံးကို တုန်ခါသွားစေ၏။ နတ်ဘုရားလောကတွင် အင်ပါယာအလင်းတန်းတစ်တန်း ကျဆင်းလာပြီး ကောင်းကင်ထဲတွင် ခမ်းနားမြင့်မြတ်သည့် ဘုံကျောင်းတစ်ခု ထွက်ပေါ်လာလေသည်။ ဘုံကျောင်းအတွင်းမှနေ၍ ပုဂ္ဂိုလ်တစ်ဦး ထွက်လာ၏။ သူက ကောင်းကင်ကိုးဘုံ၏ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ့တစ်ကိုယ်လုံးက နတ်အလင်းတောက်ပနေပြီး သူမျက်လုံးများ ဖွင့်လိုက်သည့်အခိုက်တွင် နတ်အလင်းတန်းက ကောင်းကင်ကိုးဘုံကို ထိုးဖောက်သွားလေသည်။
“မဟာအကြီးအကဲ...”
နတ်ဘုရားများ တုန်လှုပ်သွားကြပြီး ဦးညွှတ်ကာ ခေါ်လိုက်လေသည်။ နတ်ဘုရားလောက၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူမှာ နတ်ဘုရားနန်းတော်မှ မဟာအကြီးအကဲ တိကောင်းဖြစ်သည်။
နတ်ဘုရားလောကမှ အင်အားကြီး ကျင့်ကြံသူအားလုံးသည် အဖြစ်အပျက်များကို မျက်တောင်မခတ်တမ်း ကြည့်နေကြ၏။ သူတို့ ရင်ခုန်မြန်နေကြပြီး သူတို့၏မျက်လုံးများထဲတွင် ပြင်းပြမှုနှင့် ပြည့်နှက်နေလေသည်။
တိကောင်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် နတ်ဘုရားလောက၏ ယုံကြည်မှုဖြစ်ခဲ့၏။ သူသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ကြည်ညိုခြင်းကို ခံရသော မဟာဖြစ်တည်မှုတစ်ခုပင်။ သူ၏ပုံတူပန်းချီကို မရေမတွက်နိုင်သော လူများက ကိုးကွယ်ကြပေသည်။
တိကောင်းသည် နတ်ဘုရားလောက၏ အထွတ်အမြတ်ထားရာ ပုဂ္ဂိုလ်ပင်။
ထိုအခိုက်တွင် တိကောင်းက အားလုံး၏အရှေ့တွင် ထွက်ပေါ်လာပြီဖြစ်သည်။ အဘယ်သို့ သူတို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
အားလုံး စိတ်လှုပ်ရှားနေစဉ်တွင် တိကောင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူသည် ဝတ်ရုံဖြူနှင့် နတ်ဘုရားဘုရင်ကို မြင်လိုက်သောအခါ အတန်ငယ် ဦးညွှတ်၍ ပြောလိုက်၏။
“နှုတ်ခွန်းဆက်ပါတယ် စီနီယာလင်း၊ စီနီယာချင်”
တိကောင်းက ထိုသို့ပြောလိုက်သောအခါ နတ်ဘုရားလောကတစ်ခုလုံး တိတ်ဆိတ်သွား၏။ သူတို့၏ရင်ထဲမှ နတ်ဘုရားက အမှန်ပင် ဦးညွှတ်၍ ဝတ်ရုံဖြူနှင့် နတ်ဘုရားဘုရင်ကို စီနီယာဟု ခေါ်ခဲ့ခြင်းလော။
ထိုနတ်ဘုရားဘုရင်က မည်သို့သောသူမျိုးနည်း။ သူတို့ရင်ထဲမှ ယုံကြည်မှုက ယိမ်းယိုင်သွားပေသည်။
နတ်ဘုရားလောကမှ နတ်ဘုရားများ ရင်တုန်သွားကြသည်။ ထိုသို့သော ဖြစ်တည်မှုတစ်ခုက အမှန်ပင် တည်ရှိသည့်ပုံပင်။ ထိုဂူဖေးရန်သည် မည်သို့ပြဿနာရှာရမည်ကို အမှန်ပင် သိပေ၏။ သူသည် ကျားမြီးကိုမှ သွားဆွဲမိခြင်းပင်။
ထိုကဲ့သို့သော ဖြစ်တည်မှုက စကြဝဠာများထဲရှိ လောကများတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေသူပင်။ သူမည်မျှ စွမ်းအားကြီးကြောင်း မည်သူမှ မသိပေ။ နတ်ဘုရားလောက,က အင်အားကြီးသော်လည်း သူတို့သည် ထိုသူနှင့် ယှဉ်ပြိုင်မတိုက်ခိုက်ဝံ့ပေ။
နတ်ဘုရားလောကမှ စွမ်းအားကြီးဆုံးပုဂ္ဂိုလ် တိကောင်းသည်ပင် ထိုသူ့ကို စီနီယာဟု ခေါ်နေပေသည်။
“သူက ရီဖူရှင်းတဲ့”
ဝတ်ရုံဖြူနှင့် နတ်ဘုရားဘုရင်က ရီဖူရှင်းကို ညွှန်ပြကာ ပြောလိုက်သည်။
“နှုတ်ခွန်းဆက်ပါတယ် စီနီယာရီ...”
တိကောင်းတစ်ယောက် အလွန်ယဉ်ကျေးနေပြီး အနည်းငယ်ပင် မလေးမစား မပြုဝံ့ဖြစ်နေသည်။ နတ်ဘုရားဘုရင်နှင့် တစ်စားပွဲတည်း ထိုင်နိုင်သူတစ်ယောက်၏ အဆင့်အတန်းကို တွေးကြည့်နိုင်ပေသည်။
“ဒီကတာအိုရောင်းရင်းရီရဲ့ မျိုးဆက်က နတ်ဘုရားလောကမှာ လည်ပတ်နေတာပဲ။ ကြည့်ရတာ သူ့ရဲ့မျိုးဆက်က မင်းတို့ နတ်ဘုရားလောက,က နတ်ဘုရားတွေရဲ့ ဝိုင်းတိုက်တာကို ခံနေရတဲ့ပုံပဲ”
ဝတ်ရုံဖြူနှင့် နတ်ဘုရားဘုရင်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“မင်းက တာအိုရောင်းရင်းရီကိုယ်တိုင် ဆင်းလာပြီး နတ်ဘုရားတွေနဲ့ လက်ရည်ယှဉ်စေချင်လား ဒါမှမဟုတ် သူတို့ဘာသာပဲ ဖြေရှင်းစေချင်လား”
ရီဖူရှင်းက အောက်ဘက်မှ နတ်ဘုရားများကို ငုံ့ကြည့်လိုက်သည်။ မကြာသေးခင်က ထိုစွမ်းအားကြီးနတ်ဘုရားများသည် နတ်ဘုရားဘုရင်၏အသံကို ကြားလိုက်ရုံဖြင့်ပင် အလွန်စိတ်လှုပ်ရှားသွားခဲ့၏။ အဘယ်သို့ သူတို့သည် ရီဖူရှင်းကို ဆင်းလာစေလိုပါမည်နည်း။ ရီဖူရှင်း ဆင်းလာလျှင် သူတို့ အနိုင်ယူနိုင်ပါမည်လော။
“မင်းတို့ ဘယ်လိုသဘောရလဲ”
တိကောင်းက နတ်ဘုရားနန်းတော်မှ နတ်ဘုရားများကို မေးလိုက်သည်။
“စီနီယာရီ... ကျွန်တော်တို့ရဲ့ မယဉ်ကျေးမှုကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
နတ်ဘုရားတစ်ပါးက ရီဖူရှင်းကို ဦးညွှတ်လိုက်၏။
“သူတို့က စီနီယာရဲ့ မျိုးဆက်တွေမှန်း ကျွန်တော်တို့ မသိခဲ့လို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”
အခြားနတ်ဘုရားတစ်ပါးကလည်း ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ဒါတွေအကုန်လုံးက နားလည်မှုလွဲတာပါ။ ဒီဂျူနီယာတွေက တော်တော်လေး အရည်အချင်းရှိကြလို့ သူတို့ကို ဘယ်သူကများ ပျိုးထောင်ပေးခဲ့တာလည်းလို့တောင် ကျွန်တော် တွေးမိနေတာပါ။ အခု သူတို့က နတ်ဘုရားဘုရင်ရဲ့ မိတ်ဆွေကောင်းရဲ့ မျိုးဆက်တွေ ဖြစ်နေတာကိုး... အံ့ဩစရာ မရှိတော့ပါဘူး”
နတ်ဘုရားအိုကြီးတစ်ပါးက တလေးတစား ပြောလိုက်လေသည်။
နတ်ဘုရားလောကမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ အံအားသင့်သွားကြ၏။ အစောမှ တုန်လှုပ်ဖွယ်မြင်ကွင်းသည် သူတို့၏စိတ်ထဲတွင် လတ်ဆတ်နေသေးဆဲပင်။ နတ်ဘုရားများအားလုံး ထွက်ပေါ်လာပြီး နတ်ဘုရားအရှိန်အဝါများ ကျဆင်းလာခဲ့သည်။ ယင်းက မည်မျှ တုန်လှုပ်ဖွယ်ကောင်းခဲ့သနည်း။
သို့သော် ယခုတွင် ထိုအဖြစ်အပျက်များအားလုံးက ဟာသပြဇာတ်တစ်ခုကဲ့သို့ ဖြစ်သွားပေပြီ။ စွမ်းအားကြီးနတ်ဘုရားများသည် အမှန်ပင် ဦးညွှတ်နေကြပြီး သူတို့၏အမှားကို ဝန်ခံနေကြကာ ထိုသူများကို ချီးကျူးနေကြလေသည်။
နတ်ဘုရားလောကထဲမှ ကျင့်ကြံသူများ၏ ယုံကြည်မှုများ ပြိုပျက်သွားပေပြီ။ ထိုပုဂ္ဂိုလ်များသည် နတ်ဘုရားများဖြစ်၏။ သို့သော် ယခုတွင် သူတို့ ဘာလုပ်နေကြသနည်း။
အစောမှ နတ်ဘုရားအရှိန်အဝါများက ဘယ်သို့ရောက်သွားပြီနည်း။
ထိုအခိုက်တွင် အတုန်လှုပ်နေဆုံးသူများမှာ ရှေးဟောင်းအင်ပါယာနှင့် ဂူဖေးရန်တို့ပင်။ ရှေးဟောင်းအင်ပါယာ၏ မျက်နှာက ဖြူဖျော့နေ၏။ သူသည် ထိုသို့သော ဖြစ်တည်မှုတစ်ခုကို ရန်စမိလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
ဂူဖေးရန်သည် အိပ်မက် မက်နေသကဲ့သို့ ခံစားနေရ၏။ သူသည် နတ်ဘုရားလောက၏ ဂုဏ်ယူစရာလူတစ်ယောက် ဖြစ်ခဲ့၏။ သူ၏အဆင့်အတန်းက မြင့်ခဲ့ပြီး သူ၏ပါရမီကလည်း ပြိုင်ဘက်ကင်းခဲ့သည်။ ဤလောကထဲတွင် သူ့ကိုယှဉ်နိုင်သူ အနည်းငယ်သာ ရှိသည်။ နတ်ဘုရားလောကထဲတွင် သူ စိတ်ကြိုက် ပြုမူနိုင်ခဲ့သည်။ ဤလောကထဲမှလူများက သူ့ကို အပြစ်မပြုဝံ့ကြောင်း သူ သိပေသည်။
သို့သော် အခြေအနေများက ဤသို့ ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ထိုလူများကို ဂူဖေးရန်သာမက သူ၏အကြီးအကဲများနှင့် နတ်ဘုရားလောကတစ်ခုလုံးကပင် အပြစ်ပြုရန် မတတ်နိုင်ပေ။
ဂူဖေးရန်သည် သူ့ကိုယ်သူ တော်ဝင်အဆင့်အတန်းရှိသူဟု စိတ်ကြီးဝင်ကာ ရီကျစ်ရင်ကို သူ့အတွက် သေရည်ငှဲ့ပေးခိုင်းခဲ့၏။ သို့သော် ယခုတွင် ထိုလုပ်ရပ်က ဟာသတစ်ခုကဲ့သို့ ဖြစ်သွားပေပြီ။
“သတ်...”
အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။ ယူရှိုသည် များစွာအရေးစိုက်မနေတော့ပေ။ သူ၏နတ်ဆိုးဓားက အောက်သို့ ကျဆင်းသွားပြီး အာကာပြင်ကို ကွဲအက်သွားစေ၏။ ဂူဖေးရန်သည် အပြင်းအထန် ဒဏ်ရာရထားပြီးဖြစ်၍ ထိုဓားချက်ကို မည်သို့ ခုခံနိုင်ပါမည်နည်း။ ဂူဖေးရန်သည် ကျဆင်းလာသော နတ်ဆိုးဓားကို ကြည့်ကာ သူ၏ခမ်းနားကြီးကျယ်ခဲ့သောဘဝကို ပြန်တွေးလိုက်၏။ ယင်းက အိပ်မက်တစ်ခုကဲ့သို့ပင်။
စကားတစ်ခွန်းကြောင့် နတ်ဘုရားလောက၏ ဂုဏ်သည် ဤနေရာတွင် သေဆုံးပေတော့မည်။
ဓားအလင်းကျဆင်းလာပြီး ဂူဖေးရန်၏ ခန္ဓာကိုယ်က ပြာကျသွားလေသည်။ သူသည် နေရာတွင်ပင် အသတ်ခံလိုက်ရပေပြီ။
ဤတစ်ကြိမ်တွင် မည်သူမှ ဝင်မတားလိုက်ပေ။ နတ်ဘုရားများကလည်း သူတို့၏နတ်စွမ်းအားများကို ထုတ်လွှတ်မနေတော့ချေ။ မည်သူသည် အခြားသူများ၏ ကိစ္စတွင် ဝင်ပါဝံ့မည်နည်း။
“ဖေးရန်...”
ရှေးဟောင်းအင်ပါယာ၏ မျက်နှာက ဖြူဖျော့သွား၏။ သူသည် သူ၏မျိုးဆက် အသတ်ခံလိုက်ရသည်ကို ကိုယ်တိုင်မြင်လိုက်ရသည် မဟုတ်ပါလား။ သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ တိကောင်းပင် ဦးညွှတ်ရသူတစ်ယောက်ကို သူ ယှဉ်နိုင်ပါမည်လော။
“ရှေးဟောင်းအင်ပါယာ... ခင်ဗျားက ဒီကိစ္စကို စခဲ့တဲ့သူဆိုတော့ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်တယ်”
နတ်ဘုရားအိုတစ်ပါးက ပြောလိုက်သည်။ ရှေးဟောင်းအင်ပါယာသည် ဝဋ်လည်ပြီဟု ခံစားလိုက်ရ၏။ ယခုတွင် သူသည် အခြားသူများ၏ လုံခြုံနေရးအတွက် သူ၏အသက်ကိုသုံးရပေတော့မည်။ သူ ကြောက်သလော။
ရှေးဟောင်းအင်ပါယာသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး ရယ်လိုက်၏။ သူ မရှင်နိုင်တော့ကြောင်း သူသိပေသည်။ သို့သော် သူသည် ဦးညွှတ်ကာ အသနားမခံလိုပေ။ သူ နောက်လှည့်ကာ ထွက်ပြေးလိုက်၏။
သို့သော် နတ်ဘုရားများက တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ ရှေးဟောင်းအင်ပါယာအပေါ်သို့ နတ်စွမ်းအားကျဆင်းလာ၏။ ထို့နောက် အဖျက်တိုက်ခိုက်မှုတစ်ခုက နောက်မှလိုက်လာလေသည်။ ရှေးဟောင်းအင်ပါယာက အရူးတစ်ယောက်ကဲ့သို့ ရယ်နေဆဲပင်။ သူ အော်ပြောလိုက်သည်။
“ဒါက နတ်ဘုရားလောကပဲ”
ထိုသို့ပြောပြီးနောက် ရှေးဟောင်းအင်ပါယာ ပျောက်ကွယ်သွားလေတော့သည်။ သို့သော် သူ၏အသံက နတ်ဘုရားလောကထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
ရီဖူရှင်းက ဘာမှမလုပ်ခဲ့ပေ။ နတ်ဘုရားများက ရှေးဟောင်းအင်ပါယာကို သတ်လိုက်ခြင်းသာ။
“ဂျူနီယာတွေက မသိလို့ ကောင်းကင်နတ်ဘုရားတွေကို နှောင့်ယှက်ခဲ့မိတာပါ။ ကျေးဇူးပြုပြီး သူတို့ကို ခွင့်လွှတ်ပေးလိုက်ပါ”
နောက်ဆုံးတွင် ရီဖူရှင်း စကားပြောပေပြီ။ သူ၏လေသံက ယဉ်ကျေးသော်လည်း အဘယ်ကြောင့် သူ အစောက စကားမပြောကြောင်း အားလုံး နားလည်နိုင်ပေသည်။
ရှေးဟောင်းအင်ပါယာနှင့်ဂူဖေးရန် သေသွား၍သာ ရီဖူရှင်းက ထိုကိစ္စကို ဆက်ပုံကြီးမချဲ့တော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှား၏။ ထိုစွမ်းအားကြီးသူများကို ကိုယ်တွယ်ရန် မလွယ်ပေ။
သို့သော် နတ်ဘုရားလောကမှ လူများက စိတ်မကောင်းဖြစ်နေကြ၏။ ရီဖူရှင်းသည် သူတို့ အရှက်ရအောင် ဘာမှပင် ကိုယ်တိုင်လုပ်ရန်မလိုလိုက်ပေ။ သူတို့သည် ထိုသို့သော ဖြစ်တည်မှုတစ်ခုကို မော်ကြည့်ရန်သာ တတ်နိုင်ပေသည်။
“ယူချင်း... သူတို့ကို ပြန်ခေါ်ခဲ့ပါ”
ရီဖူရှင်း ပြောလိုက်သည်။
ယူချင်းက ခေါင်းညိတ်လိုက်ပြီး ရီကျစ်ရင်နှင့် အခြားသူများကို ချက်ချင်းပင် အာကာသလမ်းကြောင်းအတွင်းသို့ ပို့လိုက်၏။ သူတို့သည် နတ်ဘုရားလောကမှ ထွက်ကာ စားသောက်ပွဲသို့ ဦးတည်သွားလိုက်ကြလေသည်။
“မမ...”
ရီဖူရှင်းဘေးတွင် ဟွာဂျီယူ၊ ရှားချင်းယွမ်နှင့် ဒွန်ဟောင်တိယွမ်တို့ရှိနေ၏။ သူမတို့ဘေးတွင် ထိုင်နေသော ကောင်လေးတစ်ယောက်က ရီကျစ်ရင်ကို လှမ်းခေါ်လိုက်ခြင်းပင်။
ထိုပုံရိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အာကာသလမ်းကြောင်းလည်း ပျောက်ကွယ်သွားကာ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
နတ်ဘုရားနန်းတော်က ကောင်းကင်ထဲတွင် ရှိနေဆဲပင်။ နတ်ဘုရားလောကမှ ကျင့်ကြံသူများသည်လည်း တုန်လှုပ်နေကြဆဲဖြစ်သည်။
မရေမတွက်နိုင်သော လူများသည် နတ်ဘုရားဘုရင်၏ စားသောက်ပွဲက မည်မျှခမ်းနားမည်နည်းဟု တွေးနေကြ၏။
ထိုစားသောက်ပွဲမှ ယောက်ျား၊ မိန်းမများက မည်သူများနည်း။
ဝတ်ရုံဖြူနှင့် နတ်ဘုရားဘုရင်က ပြိုင်ဘက်ကင်းပင်။ ရီဖူရှင်းအပြင် ချင်မျိုးရိုးနှင့် လူကလည်း ထူးကဲသော အရှိန်အဝါရှိပေသည်။ ထို့ပြင် သူတို့ကို မိန်းမလှလေးများက အဖော်ပြုပေးနေကြ၏။
ထိုလူများသည် စကြဝဠာများ၏ အထွတ်အထိပ်တွင် ရှိနေသူများပင်လော။
***
ပြီးပါပြီ။