← Chapters

ဘယ်အရာမှ ငါ၏ခွန်အားကို မယှဉ်ပြိုင်နိုင်ဘူး

Vol. 113 Ch. 1583

ဘယ်အရာမှ ငါ၏ခွန်အားကို မယှဉ်ပြိုင်နိုင်ဘူး

Vol. 113 Ch. 1583

လောကပါလနတ်မင်း၏အသံ ပဲ့တင်ထပ်နေစဉ် နတ်ဆိုးဝိညာဉ်များသည် ရွှေရောင်တောက်ပလာ၏။ ၎င်းက ခွန်အားအပြည့်အဝဖြင့် ဖြောင့်မတ်မွန်မြတ်သော‌ ရှေးအရောင်အဝါ ဖြစ်လေသည်။

ထို့နောက် မိုးကောင်းကင်ကို ထမ်းနိုင်လောက်အောင် ကြီးမားလှသော လူ့ဘီလူးကြီးတစ်‌ကောင် မန်ဟို့အရှေ့၌ မိုးကောင်းကင်မြေပြင်များကို တဝုန်းဝုန်းလှုပ်ခတ်သွားစေသည့် ဟိန်းသံကြီးကို ထုတ်လွှတ်လျက် ပေါ်လာသည်။

လူ့ဘီလူးကြီးသည် မီတာထောင်ပေါင်းများစွာ မြင့်မားသည့်အပြင် သူ၏ခန္ဓာကိုယ်အရွယ်အစားမှာ အကန့်အသတ်မရှိပုံပေါ်၏။ ဘီလူးကြီးက ကြယ်တာရာကောင်းကင်အား လွှမ်းမိုးနိုင်သည့်အလား ကြယ်တာရာကောင်းကင်၏ ပြိုကျမှုက ပျံ့နှံ့လာတော့သည်။

လူ့ဘီလူးကြီး၏ဟိန်းသံက အဝေးမှစောင့်ကြည့်နေသော ကျင့်ကြံသူအားလုံးအား သွေးအန်လိုက်ကြရစေသည်။ သူတို့သည် ယခင်က မည်မျှပင်တုန်လှုပ်ခဲ့စေကာမူ ယခုတွင် ပို၍ပင်တုန်လှုပ်နေကြတော့၏။

ဤသည်မှာ အနှစ်သာရ ၉ ခုအဆင့်ပညာရှင်များပင် မပါဝင်နိုင်သော တိုက်ပွဲတစ်ပွဲဖြစ်သည်။ သူတို့မှာ အဝေးမှ စောင့်ကြည့်နေရုံသာ တတ်နိုင်လေသည်။ ဂိုဏ်းချုပ်နှင့်အခြားသူများမှာ အံ့ဩရလွန်း၍ ထုံနေပြီဖြစ်ပြီး အာကာပြင်ကျယ်စကြဝဠာမှ ကျန်သက်ရှိဖြစ်တည်မှုများမှာတော့ အမြန်ဆုံးနောက်ဆုတ်နေကြကာ တခဏလေးပင် တွန့်မဆုတ်မနေဝံ့ကြပေ။

“မန်ဟို” ဘီလူးကြီးက ဟိန်းဟောက်ပြီး မန်ဟို့ဘက်လှည့်လိုက်သည့်အခါ ... ၎င်း၏နဖူးထက်၌ ကြယ်ဆယ်လုံးရှိကြောင်း ပေါ်လွင်လာသည်။

ကြယ်ကား ကိုးလုံးသာမဟုတ်၊ ဆယ်လုံးပင်။

ကြယ်ဆယ်လုံးသည် ရွှေအလင်းရောင်ကို ထုတ်လွှတ်ကာ ဘီလူးကြီးအား နတ်ဘုရားတစ်ပါးနှင့် တူနေစေတော့သည်။ တကယ်လည်း ဤသည်က ကောင်းကင်များ၏ အတုမရှိနတ်ဘုရားဖြစ်ပေသည်။

ဤအသွင်သည် ပဉ္စမအသွင်၊ ကောင်းကင်နတ်ဘုရားအသွင် ဖြစ်၏။

လူ့ဘီလူးကြီး၏မျက်လုံးများမှ ဖြာထွက်နေသော ရွှေအလင်းရောင်က အရာအားလုံးကို ရွှေရောင်တောက်နေစေတော့သည်။ မန်ဟိုက မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး နောက်ဆုတ်သည်။ ထိုသို့ဆုတ်လိုက်သည့်အချိန်မှာပဲ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး အရည်ပျော်စပြုလာ၏။

သူ့ပတ်ဝန်းကျင်တွင် ကြယ်တာရာကောင်းကင်နှင့် ဟင်းလင်းပြင်မှအပ ဘာမှမရှိသည့်တိုင် .... အပုပ်နံ့ဟောင်နေသော အနက်ရောင်အရည်များ ပျော်ကျလာသည်။ ထို့‌နောက် ထိုအရည်များသည် ဧရာမသံပခြုပ်ကြီးများသဖွယ် ပင်လယ်လက်တံပါအလုံးကြီးများအဖြစ် စုခဲသွားလေသည်။

“ဘယ်အရာမှ ငါ့ခွန်အားကို မယှဉ်ပြိုင်နိုင်ဘူး” လူ့ဘီလူးကြီးက မန်ဟို့ကို စိုက်ကြည့်ရင်း ကြွေးကြော်ပြီးနောက် ညာလက်ကို ဆုပ်ကာ ထိုးချလိုက်၏။

အဆိုပါလက်သီးသည် ကမ္ဘာလောကများကို ဖြိုခွင်းဖျက်စီးနိုင်ပုံပေါ်၏။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ပစ်မှတ်အား ဘယ်သောအခါမှ လွဲမည်မဟုတ်ပေ။

မန်ဟို့မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေသည်။ သူ၏အပြင်အားကိုယ်သည် အမြင့်ဆုံးတန်ခိုးရှင်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည့်အတွက် သူလည်း နတ်ဘုရားသုတ်သင်လက်သီးကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားသုတ်သင်လက်သီးသည် လူ့ဘီလူးကြီး၏ လာနေသောလက်သီးအား အုန်းခနဲ ဝင်တိုက်သွား၏။

ဖြစ်ပေါ်လာသော နားကွဲလုမတတ် ပေါက်ကွဲသံကြီးက ကမ္ဘာဦးသားရဲတစ်ကောင်၏ ဟိန်းသံသဲ့သဲ့အလားပင်။ မန်ဟိုမှာ တုန်ယင်သွားသည်။ အချိန်လေပြင်းက သူ့ကို ခပ်ကြမ်းကြမ်း ဆောင့်တိုက်လိုက်သကဲ့သို့ သူ့မှာ သွေးအန်လျက် ကြိုးပြတ်သွားသည့် စွန်ငယ်ပမာ လွင့်ထွက်သွားတော့သည်။ သို့သော် လူ့ဘီလူးကြီး၏လက်လည်း တုန်ရီလျက် ကျန်ခဲ့လေသည်။

သို့ရာတွင် ယင်းက ဘီလူးကြီးကို မတားနိုင်။ ၎င်းသည် ဟိန်းဟောက်ကြွေးကြော်လျက် နောက်တစ်လှမ်းတက်ကာ နောက်လက်သီးတစ်ချက် ပစ်ခွင်း၏။ မန်ဟိုက ခုခံလိုက်သဖြင့် တအုန်းအုန်းမြည်ဟည်းသံများ ရိုက်ညောင်းသွားသည်။ တစ်ဆက်တည်းမှာပင် ဘီလူးကြီးက ပါးစပ်ဟ၍ အသားကုန်ဟိန်းလိုက်သည်။

ထိုဟိန်းသံသည် ဟင်းလင်းပြင်အား စုတ်ဖြဲ၍ သဘာဝနိယာမများအား ဖျက်စီး၏။ ၎င်းက လေဆင်နှာမောင်းကြီးသဖွယ် မန်ဟို့ကို ဝင်တိုက်လိုက်ရာ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြန်သည်။ ထပ်မံ၍ သူ့မှာ နောက်ဆုတ်လိုက်ရသည်။

ဤကောင်းကင်နတ်ဘုရား၏ ခွန်အားသည် ကြောက်စရာကောင်းသော်ငြား မန်ဟို၏တိုက်ခိုက်လိုစိတ်အား ပို၍ပင်ပြင်းပြလာစေသေး၏။

“နတ်ဘုရားတွေဖြစ်နေလဲ အရေးစိုက်စရာလား” မန်ဟိုက အင်္ကျီလက်စခါလျက် ပြောသည်။ ထို့နောက် သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်၍ မိစ္ဆာချုပ်နှောင်ခြင်းမှော်ပညာအား ထုတ်လွှတ်လိုက်၏။

ထိုအချိန်တွင် ကောင်းကင်နတ်ဘုရား၏မျက်လုံးများက တောက်ပသောအရောင်အဝါနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် တလက်လက်တောက်ပလာသည်။ သူသည် မန်ဟို့ဆီ ခြေတစ်လှမ်းလှမ်းပြီး သူ့ညာလက်က စတင်လှုပ်ရှားလာသည်။ သို့သော် ဤတစ်ခေါက်က ယခင်နှင့်မတူပေ။

သူ၏ဟိန်းသံ ဆက်လက်ပဲ့တင်ထပ်နေစဉ် သူ၏ခန္ဓာကိုယ်က ရုတ်တရက် ပိန်ချုံးခြောက်ကပ်လာသည်။ သူ၏အသွေးအသားအားလုံး ညာလက်မောင်းထဲသို့ စုပ်ယူခံနေရသည့်အလားပင်။

ကောင်းကင်နတ်ဘုရား၏ ညာလက်မောင်းတစ်ဖက်လုံး ကြီးသထက်ကြီးမားလာရင်း သန်မာလာနေသော မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

မကြာမီ ခွန်အားသည် ကြောက်ခမန်းလိလိအဆင့်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွား၏။ ထို့နောက် လက်သီးက တဂျုန်းဂျုန်းမြည်လျက် မန်ဟို့ဆီ ပြေးဝင်လာတော့သည်။

ထိုလက်သီးအပေါ်တွင် မန်ဟို ခံစားနေရသော အန္တရာယ်၏အဆင့်သည် သူ အာရုံရခဲ့ဖူးသမျှထဲ အပြင်းထန်ဆုံးဖြစ်၏။ တန်ခိုးရှင်အဆင့်တက်ကတည်းက ဤကဲ့သို့စွမ်းအားမျိုးကို သူ တစ်ခါမှ မခံစားခဲ့ရဖူးပေ။ ဤသည်မှာ ကြယ်တာရာကောင်းကင်အတွင်း၌ .... ထိပ်တန်းစွမ်းအားအဆင့်တစ်ဆင့် ဖြစ်သည်။

အမှန်တွင် ၎င်းသည် ကြယ်တာရာကောင်းကင်၏ သဘာဝနိယာမများ၊ မှော်ဥပဒေများနှင့် အကန့်အသတ်စည်း‌ဘောင်အားလုံးထက်ပင် ကျော်လွန်နေ၏။ ဤသည်မှာ အနန္တစကြဝဠာနှင့် ညီမျှသောစွမ်းအား ဖြစ်ပေသည်။ သာမန်တန်ခိုးရှင်အဆင့်စွမ်းအားလည်းမဟုတ်၊ တာအိုအရင်းအမြစ်နယ်ပယ်အား လွန်မြောက်ကာ ဘိုးဘေးနယ်ပယ်သို့ ဝင်ရောက်နေသော စွမ်းအားပင်။

“သေစမ်း” နတ်ဘုရားက ဟိန်းဟောက်သည်။ ၎င်း၏လက်သီး ကျဆင်းလာနေစဉ် မန်ဟို၏သူငယ်အိမ်များသည် သေးငယ်သော အစက်လေးများအထိ ကျဉ်းမြောင်းသွား၏။ ဤလက်သီးချက်ကို သူ မကိုင်တွယ်နိုင်လျှင် သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်။

“ပဉ္စမမန္တန်၊ အတွင်း-အပြင်မန္တန်”  မန်ဟိုသည် ညာလက်ကို ဆန့်တန်းကာ အတွင်းအပြင်မန္တန်အား ထုတ်လွှတ်လိုက်သည်။ ဆန့်ထားသော သူ၏လက်ဝါးထက်၌ ဝဲတစ်ဝဲ ဖောက်ခနဲ ပေါ်လာသည်။ ထိုဝဲအတွင်းတွင် အဖိုဓာတ်များနှင့် အမဓာတ်များ သက်ဝင်လှုပ်ရှားနေလေသည်။

လက်သီးနီးကပ်လာသည့်အချိန်မှာပဲ အတွင်းအပြင်မန္တန်အတွင်းရှိ စွမ်းအားသည် လက်သီးဆီ တွန်းထုတ်ခံလိုက်ရ၏။

ကြယ်တာရာကောင်းကင်တစ်ခုလုံး ငြိမ်သက်သွားသည်။ မန်ဟို့လက်ဝါးအတွင်းမှ ပေါ်ထွက်လာသော နှင်ထုတ်ခြင်းစွမ်းအား၏ အခြေခံသည် မန်ဟို၏တာအိုအနှစ်သာရမှ လာ၏။ ၎င်း ပေါက်ကွဲလိမ့်ထွက်သွားစဉ် ကောင်းကင်နတ်ဘုရားလက်သီးမှာ အရှိန်လျော့ကျလာပြီး မန်ဟို့လက်ဝါး၏အရှေ့ စင်တီမီတာအနည်းငယ်အကွာ‌လေးမှာတင် ရပ်သွားတော့သည်။

မန်ဟို့မျက်လုံးများက လုံးဝနီရဲနေလေသည်။ အတွင်းအပြင်မန္တန်၏စွမ်းအားက အဆုံးမဲ့ဆန့်ကျင်ခြင်းစွမ်းအားတို့ဖြင့် မန်ဟို့ပတ်ဝန်းကျင်တစ်ခွင်ကို စိုးမိုးလျက် ပျံ့နှံ့နေသေည်။

မဆုတ်သာမတိုးသာသော အခြေအနေသို့ ရောက်လာခဲ့ချေပြီ။       ကောင်းကင်နတ်ဘုရားဘီလူးကြီး၏မျက်လုံးက အမျက်ဒေါသ၊ မချင့်မရဲဖြစ်မှုတို့ဖြင့် ပို၍နီမြန်းလာပြီး ရုတ်တရက် ၎င်း၏နဖူးပေါ်ရှိ ကြယ်တစ်လုံး ကြေမွသွားသည်။ ထိုအခါ ဘီလူးကြီး၏ခွန်အားသည် မြင့်တက်လာ၏။

သို့သော် ဤမျှနှင့် မပြီးသေးပေ။ ဒုတိယကြယ် ပေါက်ကွဲသွားပြီးနောက် သုံးလုံးမြောက်နှင့် လေးလုံးမြောက်တို့ ဆက်တိုက်ပေါက်ကွဲသွားသည်။ ပေါက်ကွဲနေသည်နှင့်အမျှ မန်ဟိုနှင့် နီးသထက်နီးလာနေသော ကောင်းကင်နတ်ဘုရား၏လက်သီးအတွင်း၌ အင်အားများစွာ စုဝေးလာ၏။

“မလုံလောက်သေးဘူး” ဘီလူးကြီးက ဟိန်းဟောက်သည်။ “ပေါက်ကွဲစမ်း” ငါးလုံးမြောက်ကြယ် ပေါက်ကွဲသွားသည်။ ထို့နောက် ခြောက်လုံးမြောက်၊ ခုနစ်လုံးမြောက်၊ ရှစ်လုံးမြောက်၊ ကိုးလုံးမြောက်နှင့် နောက်ဆုံး ဆယ်လုံးမြောက်။ အဆိုပါအခိုက်အတန့်၌ ဖော်ပြမတတ်နိုင်လောက်အောင် ကြီးမားသော အင်အားက ကောင်းကင်နတ်ဘုရား၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားလေသည်။

ကြယ်ဆယ်လုံးပေါက်ကွဲမှု၏စွမ်းအားဖြင့် အားဖြည့်ထားသော လက်သီးက မန်ဟို့လက်ဝါးကို ဝင်တိုက်သည်။ မန်ဟို့လက်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး မန်ဟိုမှာ သွေးများအန်လျက် လွင့်ထွက်သွားတော့သည်။

သူ့အရိုးများက တဖျောက်ဖျောက် ကျိုးကြေကုန်ပြီး သူ့အသားများလည်း စုတ်ပြတ်သပ်သွားသည်။ ဤသည်မှာ ‌လောကပါလနတ်မင်းနှင့် တိုက်ခိုက်နေသည့်တစ်လျှောက် ရရှိခဲ့ဖူးသမျှထဲ အပြင်းထန်ဆုံးဒဏ်ရာ ဖြစ်ပေသည်။

“သေပေတော့”

All Chapters