← Chapters

ကြက်သွေးရောင်မီးတောက်အားကြောက်ရွံ့ခြင်း

Vol. 162 Ch. 2268

ကြက်သွေးရောင်မီးတောက်အားကြောက်ရွံ့ခြင်း

Vol. 162 Ch. 2268

ရှီမာယူယူတဲသို့ပြန်ရောက်ချိန်တွင် ဝူလင်းယူသည် အိပ်ရာဝင်ရန်သူမကို စောင့်နေချိန်ဖြစ်သည်။ သူမပြင်ဆင်ပြီး စောင်အောက်သို့ဝင်လိုက်ချိန်တွင် ဝူလင်းယူသည် သူမကို မေးလေသည် “သူမကို စည်းရုံးပြီး အတူထွက်သွားမယ် လို့ဘာလို့တွေးလိုက်တာလဲ”

“ပိုင်ရှောင်ဖေးက သူမကိုမခွဲနိုင်လို့ အချိန်ဆွဲပြီး လိပ်မည်းနဲ့အတူ နတ်ဘုံ ကိုမပြန်တာသေချာတယ် သူမသာ ကျွန်မတို့ဘေးမှာရှိရင် သူ့ကိုဖျောင်းဖျဖို့ လွယ်လိမ့်မယ်” ရှီမာယူယူ ပြန်ဖြေလေသည် “သူမ ပင်လယ်ဘေးမှာရပ်နေ တုန်းက သူမမျက်နှာပေါ်က ပူဆွေးမှုက တစ်ကမ္ဘာလုံးတောင်ပျက်သွားတော့ မလိုပဲ.. ဒီလောက် မသက်မသာဖြစ်နေမှတော့ သူမရဲ့ပျော်ရွှင်မှုကိုဘာလို့ မဖျောင်းဖျရမှာလဲ.. သူမက ငယ်ငယ်ကတည်းက စည်းမျဉ်းတွေအောက်မှာ ကြီးပြင်းလာခဲ့ရတာ အဲဒါကြောင့် သူမကို လမ်းတစ်လျှောက်အကြံပေးမှာပဲ.. သူမဘာသာတွေးခိုင်းပြီး အကုန်လုံးကို သူမကိုယ်တိုင်ပဲ ဆုံးဖြတ်ခိုင်းမှာ”

“မင်းကိုက ကြင်နာလွန်းတာ” ဝူလင်းယူသည် သူမကိုပွေ့ဖက်လေသည် “ကျွန်မကိုပြောချင်ပြောလို့ရတယ်.. အဲဒီပိုင်ရှောင်ဖေးက သတ္တိကိုမရှိတာ”

“အကုန်လုံးက ရှင့်လိုအရေထူတယ်များထင်နေလား” ရှီမာယူယူသည် သူ့ကိုမျက်လုံးလှိမ့်ပြလိုက်သည်။

“မင်း အရေထူတာ ကောင်းတာပဲလေ.. အဲဒါကြောင့်ပဲ ကိုယ့်ဇနီးလေးကို လိုက်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား... ငါ အစကတည်းကအရေထူတာကို ဘယ်လောက်တောင် ကျေးဇူးတင်လဲမင်းမသိဘူး” ဝူလင်းယူသည် သာမန်ကာ လျှံကာပင် တဲကိုအတားအဆီးဖြင့်ကာလိုက်ပြီး သူ မည်မျှကျေးဇူးတင်ကြောင်း ကို ပြသလေသည်..

နောက်နေ့မနက်အစော ရှီမာယူယူနိုးချိန်တွင် တခြားသူများသည် တဲများ သိမ်းစည်းပြီးကာ ခရီးဆက်ရန် အသင့်ဖြစ်နေသည်။

“ဒီကနေစပြီးတော့ ကိုယ့်ဘာသာပျံသွားရတော့မယ်” ဝမ်မိသားစု အကြီးအကဲပြောလေသည်။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ငှက်လေးကိုခေါ်ထုတ်ပြီး ပြောလိုက်သည် “ဒီကပင်လယ်သားရဲတွေက အဆင့်မနိမ့်ကြဘူး ပုံမှန်သားရဲပျံ တွေက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး မင်းကြိုးစားပေးပါဦး”

ငှက်လေးသည် အသွင်ပြောင်းကာ ပြောလေသည် “ကြိုးစားစရာကိုမလို ဘူး.. နောက်ဆုံးတော့ ငါအသုံးဝင်တယ်ဆိုလို့ ပျော်ပါတယ် တက်လေ”

ရှီမာယူယူသည် ဝမ်ရှီတို့ကိုတက်ခိုင်းလိုက်သည်။ ဝမ်မိသားစုမှ အကြီးအကဲများသည် ငှက်လေးပျံတက်သွားသည်အထိ ယုံကြည်ရခက်စွာဖြင့် ကြည့်နေလေသည်။

သူတို့တွေက ရွှေဂဠုန်ငှက်ပေါ်မှာထိုင်ပြီး မိုးပေါ်မှာပျံနေတာလား.. သူတို့ တွေအိပ်မက်များမက်နေကြတာလား။ သူတို့သည် ရှီမာယူယူကို ချောင်းကြည့် လိုက်သည်။ သူမသည် အလွန်အားကောင်းသည်ဟု သူတို့၏သခင်မလေးဆီမှ ကြားခြံသည်။ သို့သော် သူမတွင် ဤကဲ့သို့စာချုပ်သားရဲမျိုးရှိလိမ့်မည်ဟု ထင် မထားပေ။ တကယ်ပဲ သူမကဘယ်လောက်တောင် အားကောင်းတာလဲ။

သူတို့သည် ပင်လယ်ကိုဖြတ်ပြီးပျံသန်းသည်။ တစ်ခါတရံတွင် ပင်လယ် သားရဲတချို့သည် ပင်လယ်ထဲတွင်ပေါ်လာသော်လည်း ငှက်လေးကို သက်ရောက်မှုမဖြစ်ခဲ့ပေ။ သူတို့ ကျွန်းငယ်တစ်ခုကို ချဉ်းကပ်တော့မည့်အချိန် မှပင် ပင်လယ်ထဲမှ ဝိညာဉ်သားရဲတစ်ကောင်သည် တိုက်ခိုက်လာသည်။ ထို သားရဲသည် အရင်က သူတို့ကြုံဖူးသည့် ပင်လယ်သားရဲများကဲ့သို့ ရောင်ဝါကို ဖိနှိပ်ရန်မကြိုးစားပေ။

ထို့အပြင် တိုက်ခိုက်လာသည့် ပင်လယ်သားရဲအနည်းငယ်ရှိလာသည်။ ထိုအဖြစ်၏နောက်ကွယ်တွင် လိပ်မည်းရှိလိမ့်မည်ဟု ရှီမာယူယူ ခန့်မှန်းမိ၏။

ငှက်လေးသည် ထိုတိုက်ခိုက်မှုများကို ပျော့ပျောင်းစွာပင် ရှောင်ရှားလိုက် ရာ ထိုပင်လယ်သားရဲများကို ဒေါသထွက်စေသည်။ ဝမ်မိသားစုအကြီးအကဲနှစ် ယောက်သည် အောက်မှ အုံခဲနေသောပင်လယ်သားရဲများကိုကြည့်ရင်းနှင့် နဖူး ပေါ်မှ ချွေးများကိုသုတ်လိုက်သည်။

ယနေ့သူတို့နှင့်လာခဲ့သည်ကိုပင် ကျေးဇူးတင်ရမည်။ မဟုတ်လျှင် ယနေ့ အသက်ရှင်လျက်ပြန်သွားရန် ခက်ခဲပေလိမ့်မည်။

“ပိုင်ရှောင်ဖေးက အရှေ့ကကျွန်းမှာဖြစ်လောက်တယ်” ဝမ်ရှီသည် ရှေ့မှ တိမ်ထူနေသည့် ကျွန်းကိုညွှန်ပြရင်းပြောလေသည်။

“ယူယူ ငါ့ရှေ့မှာ အတားအဆီးတစ်ခုရှိတယ်.. ငါ အဲဒါကိုမဖြတ်နိုင်ဘူး ပြီးတော့ အဲဒီမှာအားကောင်းတဲ့ ဖိအားတစ်ခုရှိနေတယ် ငါတောင့်မခံနိုင်တော့ ဘူး” ငှက်လေးပြောလေသည်။

“ရှီလေး အဲဒါလိပ်မည်းရဲ့ ဖိနှိပ်မှုလား” ရှီမာယူယူသည် ဖူရှီကိုမေးလိုက် သော်လည်း ၉၀ ရာခိုင်နှုန်းသေချာနေသည်။ ရွှေဂဠုန်ငှက်ကို မသက်မသာ ခံစားစေသည့် ဖိအားမှာ ကမ္ဘာပေါ်တွင်မများလှပေ။

ဖူရှီ ခေါင်းညိတ်လိုက်ကာ အသွင်ပြောင်းပြီးလေထဲသို့ပျံသွားလေသည်။  အဇူရာနဂါးရုတ်တရက်ပေါ်လာခြင်းသည် အောက်မှဝိညာဉ်သားရဲများကို ငြိမ်သက်သွားစေသည်။ ထို့ကြောင့် ငှက်လေးသည် ထိုတိုက်ခိုက်မှုများကို ရှောင်ရှားရန်မလိုတော့ပေ။

သူသည် နဂါး၏အငွေ့အသက်ဖြင့် ပိတ်ဆို့နေသည့်အတားအဆီးကို အငွေ့ဖြင့်ရိုက်ထုတ်လိုက်ရာ အတားအဆီးသည် တဖြည်းဖြည်းနှင့် လှိုင်းဂယက်ခပ်ဖျော့ဖျော့များ လေထဲတွင်ပေါ်လာသည်။ ဖူရှီသည် အောင်မြင် စွာဖြင့် နဂါးအငွေ့အသက်ကို ပါးစပ်အပြည့်မှုတ်ထုတ်ပြီးနောက် အတားအဆီး ကျိုးပျက်သွားသည်ကိုသိသည်နှင့် ရပ်လိုက်သည်။

“ဒီကျွန်းတစ်ခုလုံးကို ကာထားတာကိုး” ရှီမာယူယူသည် ချင့်ချိန်စွာဖြင့် ပြောလိုက်သည် “အတားအဆီးက တော်တော်သန်မာတာပဲ”

“လိပ်မည်းရဲ့ အခွံကထူတယ် ငါတို့လေးယောက်မှာဆိုရင် သူ့တိုက်ခိုက်မှု စွမ်းအားက အဆိုးဆုံးပဲ ဒါပေမဲ့ အသက်ရှည်တဲ့အရည်အချင်းကတော့ အသန် မာဆုံးပဲ” ဖူရှီသည် အထင်သေးစွာဖြင့် ပြောလိုက်သည်။

“အဇူရာနဂါး ဟေ့ကောင် မင်းက ငါ့နောက်ကွယ်မှာ ငါ့မကောင်းကြောင်း ပြောနေတာပေါ့လေ” သွေးရူးသွေးတန်းစကားလုံးများသည် အဖြူရောင် အလင်းတန်းနှင့်အတူ ရောက်လာပြီး အတားအဆီးကိုဖြတ်ကာ ဖူရှီကို တိုက်ရိုက်ပင် တိုက်ခိုက်လေသည်။

“ဘုန်း ဗွမ်း”

ဖူရှီသည် သူ့အမြီးကိုလှုပ်ခါပြီး အဖြူအလင်းတန်းကိုမြင်လိုက်ရချိန်တွင် ပင်လယ်ထဲသို့ ဝင်သွားပြီဖြစ်သည်။ ပင်လယ်ထဲမှဝိညာဉ်သားရဲများသည် တစ် ချိန်တည်းမှာ ပျောက်ကွယ်သွားကြသည်။

“အဇူရာနဂါး မြေးလေး မင်းငါ့ကို အမြီးနဲ့မရိုက်ဘူးလို့ သဘောတူထား တာလေ” လိပ်မည်း၏မကျေနပ်သံသည် ယုံကြည်မှုမရှိပေ။ မကြာမီတွင် လက်ဖဝါးအရွယ်အစားရှိသည့် လိပ်ငယ်လေးသည် ရေထဲမှပျံထွက်လာပြီး လူ အုပ်ရှေ့သို့ရောက်လေသည်။

ရှီမာယူယူသည် လိပ်မည်းကို သိချင်နေခဲ့သည်။ သူမ၏ မှတ်ဉာဏ်ထဲ တွင် လိပ်မည်းသည် ရင့်ကျက်ပြီးတည်ငြိမ်သည်။ သူပေါ်လာကတည်းက ဘာလို့ ဒီပုံရိပ်နဲ့မကိုက်ညီတာလဲ။ သူ အရမ်းစိတ်လှုပ်ရှားနေလို့လား။

ဖူရှီသည် သူ့ကိုလျစ်လျူရှုပြီး လူသားအသွင်ပြောင်းကာ ရှီမာယူယူ၏ ဘေးတွင်ရပ်ပြီးပြောလိုက်သည် “မင်းရဲ့ပစ္စည်းကို မဖယ်ရသေးဘူးမလား”

“မင်းမှာ အစွမ်းအစမရှိဘူးလား မင်းက ငါ့အကာအကွယ်ကို မချိုးဖျက်နိုင် တာလည်းမဟုတ်ဘူး” လိပ်မည်းပြောလေသည်။ သို့သော် သူသည် ဖွင့်ကာ လူအုပ်ကိုဦးဆောင်လာသည့် ငှက်လေးကိုဝင်စေသည်။

ဝင်လိုက်ပြီးနောက် အနက်ရောင်ဝတ်ထားသည် အမျိုးသားတစ်ယောက် သည် ကမ်းစပ်တစ်နေရာတွင် ရပ်နေသည်ကို ရှီမာယူယူတွေ့လိုက်ရသည်။

ငှက်လေးသည် မြေပေါ်သို့ဆင်းသက်ပြီး လူသားအသွင်ပြောင်းကာ ရှီမာယူယူ၏ဘေးတွင်ရပ်လိုက်သည်။ လိပ်မည်းသည်လည်း လူသားအသွင် ပြောင်းလိုက်ရာ အလွန်ပင်ချောမောပြေပြစ်သော အဘိုးအိုတစ်ယောက်ဖြစ် သွားလေသည်။ သို့သော် သူ့အကျင့်စရိုက်ကိုအကဲဖြတ်ကြည့်ရာ သူသည် ကျီစယ်တတ်သည့်အဘိုးကြီးဖြစ်လိမ့်မည်။

“အဇူရာဘုရင် ဒီလူတွေက ဘယ်သူတွေလဲ. ဝမ်မိသားစုက ကောင်မလေး ကိုတော့သိတယ် ဒီလူတွေကဘယ်သူတွေလဲ.. ဒီမိန်းကလေးက ကြည့်လို့တော့ ကောင်းသားပဲ” လိပ်မည်းသည် ရှီမာယူယူကို ပြုံးပြီးကြည့်လေသည်။

ပိုင်ရှောင်ဖေး၏ မျက်လုံးများသည် အစကတည်းကပင် ဝမ်ရှီဆီသို့ ရောက်နေကာ သူမနှင့်အဇူရာနဂါးတို့ မည်သို့ပတ်သက်သည်ကိုတွေးရင်းနှင့် သူ၏မျက်ခုံးများ တွန့်သွားလေသည်။

ရှီမာယူယူသည် လိပ်မည်းကိုပြုံးပြလိုက်သည်။ သူမ တွေးလိုက်သည်နှင့် ကြက်သွေးရောင်မီးတောက်သည် သူမဘေးတွင်ပေါ်လာသည်။

“အာ အာ တကယ်ကို မင်းပဲ” လိပ်မည်းသည် ကြက်သွေးရောင် မီးတောက်ကိုမြင်သောအခါ တအံ့တဩအော်ကာ ပိုင်ရှောင်ဘေး၏အနောက် သို့ ပြေးပုန်းလေသည်။

ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက်သည်။ လိပ်မည်းက ကြက်သွေး ရောင်မီးတောက်ကိုကြောက်တာလား။

“မင်းကပြန်လာတာကို ဘာလို့ဒီမှာအချိန်ဆွဲနေတာလဲ” ကြက်သွေး ရောင်မီးတောက်သည် ရုပ်တည်တည်ဖြင့် အပြစ်တင်လေသည်။

“ငါ ပြန်လာတာဘယ်လောက်မှမကြာသေးဘူး အရင်က ဒဏ်ရာအကြီး အကျယ်ရခဲ့တာ အဲဒါကြောင့် ဘယ်လောက်မှမကြာသေးဘူး” လိပ်မည်းသည် တိုးညင်းသောအသံဖြင့် ကာကွယ်လေသည် “ပြီးတော့ ငါ ဗေဒင်ကြည့်ပြီးပြီ မင်းတို့ ငါ့ဆီကိုလာမယ်ဆိုတာသိလို့ လွဲသွားမှာစိုးလို့ ဒီကနေပဲစောင့်လိုက်တာ”

ရှီမာယူယူ၏ နှုတ်ခမ်းမှာတွန့်သွားသည်။ အားတော့နာပါတယ် လိပ်မည်း ဒါပေမဲ့ ရှင့်စကားတွေကို မယုံဘူး။ သူ သေချာပေါက် ပျင်းရိနေတာပဲ။ သူ့သခင် ကလည်း ထွက်သွားဖို့ကိုစိတ်မပါဘူး။ အဲဒါကြောင့် ဒီမှာပဲ ပျင်းပျင်းရိရိနဲ့ စောင့် နေတာပဲ။

ကြက်သွေးရောင်မီးတောက်သည် လိပ်မည်း၏အကျင့်ကို သူမထက်ပင် ကောင်းကောင်းသိသဖြင့် အေးစက်စွာနှာမှုတ်ပြီးပြောလေသည် “မင်းက ဗေဒင် ဟောတယ်ဟုတ်လား ဘာလဲ မင်းရဲ့လိပ်ခွံကိုသုံးပြီးတော့လား”

“ငါ့ကိုအဲလိုမျိုးမပြောနဲ့လို့ ပြောထားပြီးသားပဲ အဲလိုထပ်ပြောရင် ငါ ဒေါသထွက်တော့မယ်” လိပ်မည်း ကန့်ကွက်လေသည်။

“ဟုတ်ပြီ မင်းပြဿနာရှာဖို့ကို အချိန်မပေးနိုင်ဘူး မင်းဘာမှလုပ်စရာမရှိ ရင် ထွက်သွားရအောင်” ဖူရှီသည် ကျားဖြူကိုစိတ်ပူနေကာ လိပ်မည်းကို တိုက်တွန်းလေသည်။

ဝမ်ရှီ ထိုစကားကိုကြားသည်နှင့် မသိစိတ်မှ ပိုင်ရှောင်ဖေးကို ကြည့်မိလေ သည်။ သူ မကြာခင်ထွက်သွားတော့မည်ကို တွေးပြီး သူမ၏နှလုံးသားမှာ အချဉ်ပေါက်လာကာ မျက်လုံးထဲမှမျက်ရည်များကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက် သည်။

လိပ်မည်းသည် ဝမ်ရှီကိုကြည့်ပြီးနောက် ပိုင်ရှောင်ဖေးကိုကြည့်ကာ သူ့ကို ပြောလိုက်သည် “ငါတို့သွားသင့်ပြီ”

ပိုင်ရှောင်ဖေးသည် လူအုပ်ဆီကိုဦးညွှတ်ပြီး ပြောလိုက်သည် “ကျွန်တော် တို့ ဒီမှာလည်းလုပ်စရာမရှိဘူး.. အကုန်လုံးကိုထုပ်ပိုးပြီးပြီဆိုတော့ အချိန်မရွေး သွားလို့ရပါပြီ”

သူပြောပြီးနောက် လေထဲတွင် တရင်းတနှီးရှိသည့် တုန်ခါမှုဖြစ်သွား လေသည်။ ထိုလူစုသည် ဤနေရာအထိအောင် သူတို့နောက်သို့လိုက်ခဲ့သည့်ပုံ ပင်…

***

All Chapters