သူ့ကိုကိုက်ခိုင်းခြင်း
Vol. 163 Ch. 2282
ဟေးဒီးစ်သည် သူမကို ဘာအကြံမှမပေးဘဲ ထွက်သွားချေပြီ။ သို့သော် ဤအကြောင်းကိစ္စများ သိလိုက်ရသည်ကိုပင် သူမ အလွန်ကျေနပ်သွားသည်။ အနည်းဆုံးတော့ သူမ အကြောင်းအရင်းကိုသိပြီဖြစ်သည်။
အကယ်၍ သူမတွင် လမ်းစရပါက မည်သို့ဆက်လုပ်ရမည်ကို သိလာလိမ့် မည်။
သူမသည် မို့ယီရှန်းဘက်သို့လျှောက်သွားပြီး သူ့ကိုအခန်းထဲခေါ်သွားကာ အိပ်ရာပေါ်တင်လိုက်သည်။ ပြီးနောက် သူ့ခန္ဓာကိုယ်ကိုစမ်းသပ်ပြီး ခန္ဓာကိုယ် အတွင်းကျန်နေသည့် စွမ်းအားများအားလုံးကို တိုက်ထုတ်ရန် ဝိညာဉ်စွမ်းအင် တချို့ထည့်သွင်းလိုက်သည်။
မို့ယီရှန်းသည် သူ့ခန္ဓာကိုယ်ကြီး ရေခဲလှောင်ခန်းထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။ သို့သော် သူ့အနောက်တွင် ဆရာရှိနေသည်ကို မြင်လိုက်ရ သည်။ ဆရာဖြစ်သူမှ သူ့ခေါင်းကိုအသာပုတ်ပေးသည်ကိုမြင်လိုက်ရသည်နှင့် ခန္ဓာကိုယ်ထဲမှ အအေးဓာတ်သည် လုံးဝပျောက်ကွယ်သွားသလိုခံစားလိုက်ရ သည်။
“ဆရာ” သူသည် နူးညံ့စွာ ရေရွတ်လိုက်သည်။
ရှီမာယူယူသည် သူ့ကို စောင်ခြုံပေးပြီး သူ့အသံကိုကြားသောအခါ ပြုံးပြီး ထထွက်သွားလေသည်။
သူမသည် ဆေးပင်များအခြောက်ခံထားသည့်ခြံဝင်းဆီသို့သွားလိုက်၏။ ထို့နောက် ဆောင့်ကြောင့်ထိုင်ပြီး ဆေးများကိုကောက်ကိုင်ကာ အပြန်ပြန် အလှန်လှန်ကြည့်နေမိသည်။
မို့ယီရှန်းသည် ဘေးဒုက္ခကျော်လွန်သူဖြစ်သည်။ သာမန်ကျင့်ကြံခြင်း နည်းလမ်းများသည် သူ့အတွက်အသုံးမဝင်သဖြင့် တခြားနည်းလမ်းရှာရမည် ဖြစ်သည်။ သူမအတွက် တစ်ခုသေချာနေသည်မှာ သူသည် ဆေးများနှင့် တစ် နည်းတစ်ဖုံပတ်သက်နေလိမ့်မည်။ သူသည် အဂ္ဂိရတ်ပညာရှင်ဖြစ်၍ အဂ္ဂိရတ် ပညာကို အလွန်နှစ်သက်နေခြင်းဖြစ်မည်။
ယခု သူကျင့်ကြံရန် လမ်းစရှာတွေ့ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဆေးပင်များနှင့် စတင်ရန်ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် မနေ့ကမို့ယီရှန်းပြောခဲ့သည့်စကားကို သူမ ပြန် အမှတ်ရသွားသည် “ဆရာ ဒီမှာ စွမ်းအားတွေအများကြီးရှိတယ်”
သူသည် ဆေးပင်များထဲမှ စွမ်းအားကိုမခံစားနိုင်သော်လည်း သူ ခံစားနိုင် သည်။ ဒါဆိုရင် သူက ဆေးပင်တွေထဲက စွမ်းအားကိုစုပ်ယူနိုင်တယ်လို့ဆိုလို တာမဟုတ်ဘူးလား။
ထိုဖြစ်နိုင်ချေကို စဉ်းစားပြီးနောက် သူမသည် မို့ယီရှန်းကိုနှိုးကာ စမ်းသပ် စေချင်သည်။ သို့သော် ဟေးဒီးစ်ကြောင့် သူထိခိုက်ထားသည်ကိုတွေးမိပြီး သူ့ ကိုအနားပေးကာ ပြန်နလန်ထူစေမည်။
မို့ယီရှန်းသည် နောက်နေ့အထိအိပ်ခဲ့သည်။ ရှီမာယူယူ အတန်းသို့သွား မည့်အချိန်တွင် သူ မနိုးသေးသည်ကိုမြင်သောအခါ ရှောင်ချီနှင့်ပန်းလေးကို ခေါ်ထုတ်ပြီး သူ့ကိုစောင့်ကြပ်ခိုင်းကာ သူမဘာသာ အတန်းသို့ထွက်လာခဲ့ သည်။
သူ နိုးလာချိန်တွင် အိပ်ရာဘေး၌မိန်းကလေးနှစ်ယောက်ကိုမြင်သည်နှင့် အိပ်ရာထဲမှ အိပ်ချင်မူးတူးဖြင့် ထထိုင်လေသည်။
“မင်းတို့က ဘယ်သူတွေလဲ ငါ့ဆရာကို ဘယ်မှာသွားဖွက်ထားတာလဲ” သူသည် စောင်ကိုတင်းကြပ်စွာဖက်ထားပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေ သည်။
“မကြောက်ပါနဲ့ ငါတို့က မင်းဆရာရဲ့ စာချုပ်သားရဲတွေပါ.. ငါတို့က မင်းကို ကာကွယ်ဖို့ရောက်နေကြတာ” ရှောင်ချီပြောလေသည် “မင်းရဲ့ဆရာက အတန်းသွားတယ် ပြီးတော့ သူမအတန်းပြီးရင် တွေ့လို့ရမှာ”
ရှောင်ချီ၏အသံသည် အလွန်နူးညံ့နေသည်။ သူမသည် ဆေးပင်ဖြစ်နေ၍ လားမသိပေ၊ မို့ယီရှန်းသည် သူမနှင့်ပတ်သက်၍ သတိလျှော့လိုက်သည်။ သို့သော် အိပ်ရာပေါ်တွင်သာနေပြီး ဆင်းမလာပေ။
ရှောင်ချီစဉ်းစားကြည့်ပြီးနောက် သူမ စုဆောင်းထားသည့် ‘မုန်လာဥကြီး’ ကိုထုတ်ကာ ပြောလိုက်သည် “ဒါက မင်းစကားဖို့အတွက်”
မို့ယီရှန်းသည် ဆေးပင်ကိုမြင်သောအခါ ခေတ္တမျှတွေဝေသွားသော်လည်း ဖြည်းဖြည်းချင်းလှုပ်ရှားလာကာ သူမ၏လက်ထဲမှ ဆေးပင်ကိုယူလိုက်သည်။
သူမသည် ဆရာ၏သားရဲဖြစ်သည်ဟု ပြောလာသဖြင့် လူဆိုးတော့ မဖြစ် နိုင်ပေ။ မို့ယီရှန်းသည် ထိုသို့တွေးပြီး မုန်လာဥကြီးအတွက်ကြောင့် သူမနှင့် ခေတ္တမျှကစားပေးလိုက်သည်။
“ယီရှန့် မင်း ဆေးပင်တွေအကုန်စားပြီးပြီလား” ရှောင်ချီ မေးလိုက်သည်။
“မားရသေးဘူး” မို့ယီ ခေါင်းခါလေသည် “ဆေးပင်တွေကို ဘယ်လိုစားရ မှာလဲ”
“မင်းက ဆေးပင်တွေကို ဘာလို့မစားနိုင်ရမှာလဲ” ရှောင်ချီ ပြန်မေးလေ သည် “မင်း အရင်က မစားဖူးဘူးမလား”
မို့ယီရှန်းသည် ခေါင်းငုံ့သွားပြီး ခေတ္တမျှစဉ်းစားလေသည်။ သူမ ပြော သည်မှာ ဖြစ်နိုင်ချေရှိသည်။
“မင်းက ဆေးပင်ထဲကစွမ်းအားကို ခံစားနိုင်တယ်မလား.. ငါလည်း ဆေး ပင်ထဲကစွမ်းအားကို ခံစားနိုင်တယ်” ရှောင်ချီ ပြောလိုက်သည်။
“တကယ်ကြီးလား” မို့ယီရှန်းသည် ရှောင်ချီအား တအံ့တဩ ကြည့်လေ သည်။ ဆရာတောင်မှ ဆေးပင်ထဲက စွမ်းအားကိုမခံစားနိုင်တာ၊ သူမက ဘယ် လိုဖြစ်ပြီးတော့လဲ။
“အစိမ်းရောင်မြူခိုးအုပ်စုလေးမလား” ရှောင်ချီ မေးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် အဲဒါပဲ မင်းတကယ်မြင်နိုင်တာပဲ” မို့ယီရှန်း သည် ပျော်ရွှင်သွားကာ ရှောင်ချီကိုပင် ဖက်လုမတတ်ဖြစ်သွားသည်။
“အရမ်းပျော်မသွားနဲ့ ကလေး” ရှောင်ချီသည် သူ့ပခုံးကိုပုတ်ပြီး လေးနက် စွာပြောလေသည် “ဆေးပင်တွေထဲက စွမ်းအားကိုမြင်နိုင်တဲ့သူ ငါ အရင်က တစ်ခါမှမတွေ့ဖူးဘူး.. အပြင်သွားပြီး ထပ်ဆက်သွယ်ကြမလား”
“ဟုတ်ကဲ့ ဟုတ်ကဲ့” မို့ယီရှန်းသည် ခေါင်းညိတ်ကာ မုန်လာဥကြီးကိုကိုင် ပြီး ထွက်သွားလေသည်။
ရှောင်ချီ သူ့နောက်လိုက်ထွက်သွားသည်ကို ပန်းလေးမြင်လိုက်ရသည်။ သူတို့နှစ်ယောက်သည် ခြံဝင်းထဲတွင် ဆေးပင်များရှေ့၌ အပူတပြင်းဆွေးနွေး ကြသည်။ ပန်းလေးသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ခုံတစ်ခုံထုတ်ကာ ဘေး၌ ထိုင်ပြီး ပန်းများနှင့် ကစားနေလိုက်သည်။
တစ်နေ့တာမှာ ပျင်းရိဖွယ်ကောင်းလှသည်။ ထို့ကြောင့် သူတို့သည် ကစားရင်းနှင့်သာ အချိန်ကုန်ဆုံးသည်။
ပန်းလေးသည် ပတ်ပတ်လည်ကို ပန်းများဖြင့်ပြန့်ကျဲထားသည်။ ရုတ်တရက်ဆိုသလိုပင် သနားစရာကောင်းသော အော်ဟစ်သံကိုကြားလိုက်ရာ သူမ၏လက်ထဲမှ ပန်းကိုမခြွေရသေးခင်မှာပင် ပစ်ချခဲ့လိုက်သည်။
“အာ.. နာလိုက်တာ” မို့ယီရှန်းသည် မြေပေါ်တွင်လဲလျောင်းနေပြီး လှိမ့် နေကာ ခန္ဓာကိုယ်အား ကုတ်ခြစ်နေသည်။
“သူ ဘာဖြစ်တာလဲ ခုနက အဆင်ပြေနေတာပဲမဟုတ်ဘူးလား” ပန်းလေး သည် ခုံပေါ်မှခုန်ဆင်းလာသည်။
မို့ယီရှန်းသည် အလွန်အရေးကြီးသောလူဖြစ်သည်။ သူသာတစ်ခုခုဖြစ် သွားရင် ရှီမာယူယူကို သူတို့ဘယ်လိုမျက်နှာပြရတော့မှာလဲ။
“ငါ သူ့ကို မုန်လာဥကြီးကိုက်ခိုင်းလိုက်တာ.. ရုတ်တရက်ကြီး ဒီလိုဖြစ် သွားမယ်လို့ ဘယ်သူသိမှာလဲ” ရှောင်ချီသည် အလွန်ပင်ပျာယာခတ်သွားသည်။
“ယူယူကို မြန်မြန်ခေါ်လိုက်ရအောင်” ပန်းလေးပြောပြီးသည်နှင့် ရှီမာယူ ယူကို စာချုပ်မှတစ်ဆင့်ဆက်သွယ်လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း ရှီမာယူယူသည် ခြံဝင်းထဲတွင်ပေါ်လာသည်။
“ယီရှန်းဘာဖြစ်တာလဲ” မြေပေါ်တွင်လှိမ့်နေသည့် မို့ယီရှန်းကို မြင် သောအခါ ရှီမာယူယူသည် ထိတ်လန့်သွားသည်။
“သူ့ကို မုန်လာဥကြီးတစ်ခုပဲပေးလိုက်တာ” ရှောင်ချီပြောလေသည်။
မြေပေါ်တွင်ကျနေသည့် ဆေးပင်များကို ရှိမာဘူယူမြင်သောအခါ ရှောင်ချီကို အပြစ်တင်ရန်အချိန်ပင်မရှိတော့ပေ။ သူမ လက်ဝှေ့ယမ်းလိုက်ပြီး မို့ယီရှန်းကို သူမ၏စွမ်းအားဖြင့် ရစ်ပတ်ကာ သူ၏နာကျင်မှုကို ယာယီဖြေ ဖျောက်ပေးလိုက်သည်။
မို့ယီရှန်းသည် အနည်းငယ်သတိရလာကာ ရှီမာယူယူကို မြင်သောအခါ ငိုပြီးပြောလေသည် “ဆရာ အရမ်းနာတယ်”
“မကြောက်နဲ့ ဆရာဒီမှာရှိတယ် အဆင်ပြေသွားမှာပါ” ရှီမာယူယူသည် သူ့ကို တွဲကာအခန်းထဲသို့ခေါ်သွားပြီး အိပ်ရာပေါ်တင်လိုက်သည်။ သူမသည် သူ့ခန္ဓာကိုယ်ကိုစစ်ဆေးပြီး အင်္ကျီများကိုချွတ်ကာ ငွေအပ်ထုတ်ကာ သူ့ ဝမ်းဗိုက်ကိုထိုးစိုက်လိုက်သည်။
အပ်စိုက်ပြီးနောက် မို့ယီရှန်းသည် ပို၍သက်တောင့်သက်သာဖြစ်လာ သော်လည်း သူ့ခန္ဓာကိုယ်ကိုတွန်းကန်နေသည့် အင်အားတစ်ခုရှိသည်ဟု ခံစား ရတုန်းပင်။
“ဆရာ ယီရှန်းနာတယ်” သူ့မျက်နှာမှာ မျက်ရည်များဖြင့် ဖုံးအုပ်နေပြီး သူ၏မျက်ရည်ဝဲနေသောမျက်လုံးများသည် အလွန်ပင် သနားစဖွယ်ကောင်း လေသည်။
“ယီရှန်း မင်းခန္ဓာကိုယ်ထဲက စွမ်းအားက မင်းခံစားရတဲ့ဆေးပင်ရဲ့ စွမ်းအားပဲ.. ပြီးတော့ ငါ အဲဒါကိုမင်းအတွက် ထုတ်ပေးနိုင်တယ်.. ဒါပေမဲ့ မင်းရဲ့ အစ်ကိုတော် ၆ ကိုကာကွယ်ဖို့ မကျင့်ကြံချင်ဘူးလား အခုကျင့်ကြံဖို့အခွင့် အရေးရလာပြီ မင်းသာ အဲဒီစွမ်းအားကို အကြောတွေထဲစုပ်ယူနိုင်မယ်ဆိုရင် နောက်ဆို မင်းကျင့်ကြံနိုင်သွားပြီ”
“ဆရာ ဘယ်လိုလုပ်ရမလဲ ယီရှန်းမသိဘူး”
“ကိစ္စမရှိဘူး အဲဒီအင်အားကို ငါကူပြီးလမ်းညွှန်ပေးမယ် မင်းအဲဒါကို ကြိုးစားကြည့်ရမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီလုပ်ငန်းစဉ်က ပိုပြီး နာလိမ့်မယ် မင်းခံနိုင်မလား”
“အစ်ကိုတော် ၆ အတွက်ဆိုရင်... ခံနိုင်ပါတယ်” မို့ယီရှန်းသည် အံကြိတ် ကာ ပြောလေသည်။
“ဒါဆို ငါ စတော့မယ် အဲဒီစွမ်းအားကို မခုခံနဲ့” ရှီမာယူယူသည် ပြောပြီး သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှစွမ်းအားကို စတင်ထိန်းချုပ်ပြီး တဖြည်းဖြည်းနှင့် အကြောဆီသို့ လမ်းပြလေသည်။ သူမသည် အကြောများကို ဖြတ်ကျော်ကာ အကြောများကို ဝိညာဉ်စွမ်းအားဖြင့် အားဖြည့းနေရသဖြင့် သူမ၏အရှိန်နှုန်းမှာ မမြန်လှပေ။
မို့ယီရှန်း၏ ခန္ဓာကိုယ်သည် အရင်ကဤကဲ့သို့မတွေ့ကြုံဖူးသဖြင့် သွေးကြောထဲသို့ ဝိညာဉ်စွမ်းအင်ဖြတ်သွားချိန်တွင် ပေါက်ကွဲမတတ်ခံစားရ လေသည်။ သူသည် နှုတ်ခမ်းကို အားပြင်းပြင်းကိုက်ထားပြီး မကြာမီတွင် နှုတ်ခမ်းမှသွေးများစီးကျလာသည်။
သူ့ခန္ဓာကိုယ်မှ နာကျင်မှုသည် လက်လျော့ချင်အောင်လုပ်နေသည်။ သို့သော် အစ်ကိုတော် ၆ မှသူ့ကိုကြည့်သည့်အကြည့်ကို ပြန်တွေးလိုက်ချိန်တွင် သည်းခံရမည်ဟု သူ့ကိုယ်သူပြန်ပြောနေသည်။
သည်းခံစမ်း သည်းခံစမ်း.. သူသည် နဖူးမှချွေးအေးများပျံနေကာ ရှေ့တည့်တည့်သို့စိုက်ကြည့်နေသည်ကို ကြည့်ပြီး ရှီမာယူယူစိတ်မချမ်းသာ တော့ပေ။ သို့သော် သူ လက်မလျော့ပေ။ မဟုတ်လျှင် သူအရင်ကခံစားခဲ့သမျှ သည် အလဟဿဖြစ်သွားလိမ့်မည်။
***