ဝမ်းနည်းဖွယ် ခွဲခွာမှု
Vol. 63 Ch. 866
“သခင်လေး... သတိထားနော်။ ရှောင်နူ မင်ရည်တောင်ပံကျင့်စဉ်ရဲ့ တတိယအဆင့်ကို ကျင့်ကြံနိုင်သွားရင် သခင်လေးကို သေချာပေါက် လာရှာမယ်”
“သခင်လေး... ရှောင်နူ အနားမှာမရှိတဲ့အခိုက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်နော်။ အဟင့်..အဟင့်...”
အောင်းလုက ချမ်ချမ်ကို မည်သို့ပြောခိုင်းလိုက်ကြောင်း မသိသော်လည်း ကျန်းရှောင်နူသည် ရွှမ်ဝူနန်းတော်တွင် နေခဲ့ရန် သဘောတူလိုက်၏။ ခွဲခွာရတော့မည့် အခိုက်တွင် ကျန်းရှောင်နူ၏ လှပသောမျက်နှာလေးတွင် မျက်ရည်စများ စွန်းထင်သွားလေသည်။ ထို့ကြောင့် ကျန်းရီ စိတ်မကောင်းဖြစ်သွား၏။ သူမကို ခေါ်သွားမိတော့မတတ် သူ စိတ်ပျော့သွားသည်။
သို့သော် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်ရန် မိုင်ပေါင်း သန်းချီ သွားရမည်ဖြစ်သည်။ သာမန် ကောင်းကင်ဧကရာဇ်တစ်ပါးသည် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်နိုင်ရန် နှစ်အနည်းငယ် သွားရ၏။ သာမန်ဗာဂျရာအဆင့် သိုင်းသမားဆိုလျှင် နှစ်ပေါင်းဒါဇင်အနည်းငယ်လောက် လိုပေလိမ့်မည်။
ထို့ပြင် အရှေ့ဘက် တော်ဝင်နယ်မြေသည် အကန့်အသတ်မရှိ ကျယ်ပြောပြီး ပညာရှင်များနှင့် ပြည့်နှက်နေသော နယ်မြေတစ်ခုဖြစ်ပေသည်။ ကျန်းရီတွင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်နှင့် ကောင်းကင်ရှောင်တိမ်းခြင်းရှိသော်လည်း ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ အင်အားအစစ်အမှန်က မည်မျှရှိသနည်း။ အောင်းလုပင် အတိအကျ မဖြေနိုင်ပေ။
အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုသာ ရှိသည် မဟုတ်ချေ။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဒေသ(၁၀၈)ခုရှိပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ဒေသ(၃၆)ခုကိုသာ သိမ်းပိုက်ထားခြင်းပင်။ ကျန်ဒေသ(၇၂)ခုကို ရှေးဟောင်းမျိုးနွယ်များ၊ ထူးခြားသော မျိုးနွယ်များနှင့် လျှို့ဝှက်ဂိုဏ်းများက သိမ်းပိုက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေတွင် ပညာရှင် မည်မျှရှိကြောင်း မည်သူမှ အတိအကျ မသိနိုင်ပေ။ ကြမ်းတမ်းသော ကုန်းမြေများနှင့် ကြောက်မက်ဖွယ် ဖြစ်တည်မှုများ မည်မျှရှိကြောင်းကိုလည်း မည်သူမှ အတိအကျ မသိချေ။
ကျန်းရီသည် ကျားဂူထဲသို့ တစ်ကိုယ်တော် ဝင်သွားရမည်ဖြစ်သည်။ သူက ရှန်းစီမျိုးနွယ်စုသို့ ဝင်သွားခဲ့ပြီး အောင်းလုနှင့် ရင်းနှီးသောဆက်ဆံရေးရှိနေသဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေ၏ ကမ္ဘာ့ရန်သူ ဖြစ်သွားပေပြီ။ သူ မည်သူဖြစ်ကြောင်း ပေါ်သွားသည်နှင့် သူသည် နယ်မြေတစ်ခွင်လုံးရှိ ပညာရှင်များအားလုံး၏ လိုက်ဖမ်းခြင်းကို ခံရပေလိမ့်မည်။ သူက လူအားလုံး၏ ရန်သူ ဖြစ်လာမည်ဖြစ်သည်။
ကျန်းရီသည် ဗုဒ္ဓဧကရာဇ်မြို့တော်အနီးရှိ အပြစ်ဆေးကြောဒေသသို့ သွားရဦးပေမည်ဖြစ်ပြီး အရှေ့ဘက် တောင်ဝင်နယ်မြေမှ ပညာရှင်များအားလုံး၏ မျက်လုံးများအောက်တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ယူနိုင်ရန် နည်းလမ်းတစ်ခုလည်း ရှာရဦးမည်ဖြစ်သည်။ ထို့ပြင် အင်အားကြီးသော မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်ဆီမှနေ၍လည်း စုလောရွှယ်ကို ကယ်ရမည်။ ကျီထင်ယွီကိုလည်း သတ်ရမည်။ ရီဖျောင်ဖျောင်နှင့် ယွီဝမ်ကိုလည်း ရှာရဦးမည်ဖြစ်ကာ သိုင်းပညာခန်းမကိုလည်း ဖျက်ဆီးပစ်ရပေဦးမည်။
ထိုကိစ္စအားလုံးမှာ ခက်ခဲသော ကိစ္စများဖြစ်သည်။ သူသည် ထိုကိစ္စများကို တစ်ယောက်တည်း ပြီးမြောက်အောင် လုပ်ရပေမည်။
ကျန်းရီက အသက်(၂၃)နှစ်ပင် မပြည့်သေးပေ။ ကျန်းရီသည် သူ့ဘဝတစ်လျှောက်တွင် မည်သည့်ကိစ္စကိုမှ နောင်တမရခဲ့ချေ။ သူသည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်းမှာပင် ကိစ္စများစွာကို တွေ့ကြုံခဲ့ရ၏။ ထိုအတွေ့အကြုံများက အချို့သူများ၏ တစ်ဘဝစာအတွေ့အကြုံများထက်ပင် ပိုများနိုင်သည်။ သူ ယခုအထိ အသက်ရှင်နေနိုင်သည်ကပင် ဆန်းကြယ်မှုတစ်ခု ဖြစ်နေပေပြီ။ ထို့ကြောင့် သူ၏စိတ်ဓာတ်က အလွန်ခိုင်မာနေပြီဖြစ်သည်။ ထို့ပြင် ရွှေကျီးကန်းမျိုးနွယ်၏ ဆန်းကြယ်နယ်မြေတွင် သူ၏စိတ်က ပို၍ပင် တိုးတက်ခိုင်မာသွားခဲ့၏။ သူ့ရင်ထဲတွင် အကြောက်တရားအစား တက်ကြွမှုသာ ရှိနေပေသည်။
ဘဝတွင် ကိစ္စအချို့ကို ပြီးမြောက်အောင် ပြုလုပ်ရမည်ဖြစ်သည်။ လူတစ်ယောက်သည် ငယ်ရွယ်စဉ်တွင် မကြိုးစားလျှင် အသက်ကြီးသောအခါ နောင်တရနေမည် မဟုတ်ပါလား။ ကျန်းရီတွင် နတ်ဘုရားဖြစ်ရမည်ဟူသော လွန်ကဲသည့် ရည်မှန်းချက်ကြီးမျိုး မရှိပေ။ သူသည် သူ၏ခြေလှမ်းတိုင်း အရာထင်စေလိုခြင်းသာဖြစ်ပြီး ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော်လိုခြင်းသာ။
သိုင်းပညာတာအိုလမ်းစဉ်က ရှည်လျားပြီး ခက်ခဲကြမ်းတမ်းပေသည်။
ကျန်းရီသည် အခက်အခဲများအားလုံးက ကောင်းကင်၏ စမ်းသပ်ချက်များဟု ယုံကြည်၏။ သူ ကောင်းကင်ကို ဆန့်ကျင်လိုလျှင် ကောင်းကင်၏ စမ်းသပ်ချက် အခက်အခဲများကို ဖြတ်ကျော်နိုင်ရပေမည်။
ကောင်းကင်သည် လူတစ်ယောက်ကို ကြီးလေးသော တာဝန်တစ်ခု မပေးခင်တွင် ထိုလူ၏ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုကို စစ်ဆေး၏။ လူတစ်ယောက်သည် အင်အားကြီးလာစေရန် နွမ်းနယ်မှုကို ခံစားဖြတ်ကျော်ရပေမည်။ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားလာစေရန် ဆာလောင်မှု၊ နာကျင်မှုနှင့် အခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်ရမည်။ ထိုအရာအားလုံးကို တောင့်ခံဖြတ်ကျော်နိုင်လျှင် သေချာပေါက် အကျိုးကျေးဇူးခံစားရမည်ဖြစ်သည်။
လူတစ်ယောက်သည် အခက်အခဲနှင့် မရင်ဆိုင်ရလျှင် မည်သည့်အခါတွင်မှ သန်မာလာမည် မဟုတ်ပေ။ ကျန်းရီသည် အမြဲ စိတ်ဓာတ်ခိုင်မာခဲ့ပြီး သူ၏အခက်အခဲများအတွက် ကောင်းကင်နှင့် အခြားသူများအပေါ် အပြစ်မတင်ခဲ့ပေ။ ယင်းက သူရဲဘောကြောင်သူများ၏ လုပ်ရပ်ပင်။ ပညာရှင်အစစ်အမှန်တစ်ယောက်သည် လောကဓံစိန်ခေါ်မှုများအားလုံးကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်ကျော်မည်ဖြစ်ပြီး သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ကိုလည်း ကြောက်မည်မဟုတ်ချေ။
***
“ရှောင်နူ... မင်း ငယ်ငယ်တုန်းက သခင်လေးက ကောင်းကင်က ကျလာတာလို့ ပြောခဲ့ဖူးတယ်မလား။ ငါက ကောင်းကင်ကိုးဘုံရဲ့ အထက်မှာ ဝံ့ဝံ့ကြွားကြွားရပ်နိုင်မယ့် ကံကြမ္မာပါလာတာ။ ပြီးတော့ ငါတို့ရဲ့ခရီးတစ်လျှောက်မှာ သခင်လေးကို ဘယ်သူကမှ မသတ်နိုင်ဘူးဆိုတာ မင်း မြင်ပြီးလောက်ပြီပဲ။ အဲ့တော့ မင်း ငါ့ကို စိုးရိမ်ဖို့ မလိုပါဘူး။ မင်း စိုးရိမ်ရမှာက အရှေ့ဘက် တော်ဝင်နယ်မြေက လူတွေကိုပဲ။ ဟားဟားဟား... မငိုပါနဲ့... သခင်လေးက ရန်သူတွေကိုသတ်၊ အမေ့ကိုရှာ၊ လော့ရွှယ်ကို ကယ်ပြီးရင် ငါတို့မိသားစု နောက်ဘယ်တော့မှ ထပ်မခွဲတော့ဘူး... ဟုတ်ပြီလား”
ကျန်းရီက ကျန်းရှောင်နူ၏ မျက်လုံးစွန်းမှ မျက်ရည်စများကို ညင်ညင်သာသာ သုတ်ပေးလိုက်သည်။ ကျန်းရီ၏ ယုံကြည်မှုရှိသော မျက်နှာထားနှင့် နူးညံ့သော မျက်ဝန်းများက ချမ်ချမ်ကိုပင် မှင်တက်သွားစေ၏။ ထိုစကားများသည် ပွေရှုပ်တတ်သော သခင်လေးများ ပြောလေ့ရှိသော စကားများကဲ့သို့ ချဲ့ကားပြောသော စကားများ မဟုတ်ချေ။ ကျန်းရီ ထိုသို့ပြောလိုက်သောအခါ ချမ်ချမ်သည် ကျန်းရီက အမှန်ပင် ပြောသည့်အတိုင်း လုပ်နိုင်လိမ့်မည်ဟု ခံစားလိုက်ရ၏။ ထို့ပြင် မကြာခင်တွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးသည် ကျန်းရီ၏ ခြေထောက်အောက်တွင် ဖိန့်ဖိန့်တုန်သွားနိုင်ပေသည်။
“သခင်လေး၊ သခင်လေး၊ သခင်လေး...”
ကျန်းရှောင်နူသည် ကျန်းရီ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး သူ့ကို တင်းကြပ်စွာ ဖက်လိုက်ကာ ‘သခင်လေး’ဟူ၍ အဆက်မပြတ် အော်လိုက်လေသည်။ ထို့ကြောင့် ကျန်းရီပင် ရင်ကွဲသွားရသည်။
ကျန်းရီသည် မည်သို့မှ ပြန်မပြောဘဲ ကျန်းရှောင်နူကို ပြန်ဖက်လိုက်ကာ သူမ၏ချောမွေ့သည့် ကျောပြင်ကို ပွတ်သပ်ပေးလိုက်ပြီး သူမ၏ဆံပင်မှ သိမ်မွေ့သောမွှေးရနံ့ကို ရှူရှိုက်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်၍ နူးညံ့စွာ ပြောလိုက်၏။
“ရှောင်နူ... သခင်လေး ပြန်လာတာကို စောင့်နေပါ”
အချိန်အတော်ကြာပြီးမှ...
ကျန်းရှောင်နူသည် တင်းကြပ်စွာ ဖက်ထားသော သူမ၏လက်များကို ဖြေလျှော့ပေးလိုက်၏။ ကျန်းရီက အဝေးသို့ လေးလံသော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။ သူသည် ကျန်းရှောင်နူအား တစ်ချက်လည်ပြန်ကြည့်လိုက်ပြီးနောက် ဟင်းလင်းပြင်ကို သူ၏ အဖြူရောင်အလင်းတောက်ပနေသော လက်ဖြင့် စုတ်ဖြဲလိုက်ကာ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ခွာသွားလေတော့သည်။
“သခင်လေး...”
ကျန်းရှောင်နူသည် နောက်မှပြေးလိုက်သွားပြီး ကျန်းရီကို လှမ်း၍ဆုပ်ကိုင်လိုက်၏။ သို့သော် သူမ လေကိုသာ ဆုပ်ကိုင်မိလိုက်လေသည်။ သူမသည် မလှုပ်မယှက် ရပ်ကာ အသက်ကင်းမဲ့သော မျက်လုံးများဖြင့် အရှေ့ကို တွေတွေကြီး စိုက်ကြည့်နေ၏။ ထို့နောက်တွင် သူမ၏ပါးပြင်ထက်သို့ မျက်ရည်များစီးကျလာသည်။ မျက်ရည်များက သူမ၏အဝတ်အစားများကိုပင် စိုစွတ်သွားစေလေသည်။
ချမ်ချမ်က ကျန်းရှောင်နူထံသို့ လျှောက်သွားလိုက်ပြီး သူမ၏လက်ကို နူးညံ့စွာ ဆွဲကိုင်၍ ပြောလိုက်သည်။
“ညီမလေးရှောင်နူ... ညီမရဲ့ သခင်လေးကို ယုံကြည်ပါ။ တစ်နေ့ကျရင် ညီမရဲ့ သခင်လေးက ကောင်းကင်ကြယ်တာရာနယ်နမိတ်ရဲ့ ကောင်းကင်ကို ထိုးဖောက်သွားမှာပါ”
“အစ်မချမ်ချမ်...”
ကျန်းရှောင်နူသည် မျက်ရည်လည်ရွှဲဖြင့် နောက်လှည့်လာပြီး ရှိုက်ကြီးတငင်ပြောလိုက်၏။
“သခင်လေး ပြန်လာရင် ညီမကို လက်ထပ်ပါ့မလား”
“သူ လက်ထပ်မှာပါ။ ချမ်ချမ်ရဲ့ဘဝနဲ့ ကျိန်ဆိုပြီး ညီမကို ကတိပေးတယ်။ ညီမတို့ ပြန်တွေ့တဲ့အခါကကျရင် ညီမရဲ့ သခင်လေးက ညီမကို လက်ထပ်မှာပါ”
ချမ်ချမ်က ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ ကျန်းရှောင်နူ နေခဲ့ရန် ရွေးချယ်ခဲ့ခြင်းမှာ ကျန်းရီပြန်လာလျှင် သူမကို လက်ထပ်လိမ့်မည်ဟု ချမ်ချမ်က ပြောခဲ့၍ပင်။ ချမ်ချမ့်ကို ထိုသို့ပြောခိုင်းခဲ့သူမှာ အောင်းလုဖြစ်သည်။ ကျန်းရှောင်နူသည် အောင်းလုကို ယုံကြည်ရန် ရွေးချယ်ခဲ့၏။ အောင်းလုက မိစ္ဆာမျိုးနွယ်၏ အုပ်ချုပ်သူဧကရာဇ် မဟုတ်ပါလား။ အောင်းလုသည် ကျန်းရှောင်နူအား မင်ရည်တောင်ပံနတ်ဘုရားကျင့်စဉ်၏ တတိယအဆင့်ကို သိမြင်နားလည်သွားအောင် ကူညီပေးနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေမည်ဖြစ်သည်။
ကျန်းရှောင်နူသည် စိတ်ထားဖြူစင်သော်လည်း အရူးတစ်ယောက် မဟုတ်ပေ။
နတ်ရွာလားတောင်ထွတ်မှတိုက်ပွဲ ပြီးသွားပြီးနောက်တွင် သူမက ပညာရှင်အစစ်အမှန်များနှင့် ယှဉ်လျှင် အလွန်အားနည်းနေသေးကြောင်း ကျန်းရှောင်နူ သဘောပေါက်သွားခဲ့သည်။ အကယ်၍ သူမသာ ကျန်းရီနှင့်အတူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ လိုက်သွားလျှင် ကျန်းရီအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေမည်ဖြစ်ကြောင်း သူမ သိသည်။ ထို့ကြောင့် သူမ နေခဲ့ရန် ရွေးချယ်ခဲ့ခြင်းပင်။
ကျန်းရှောင်နူသည် ထိုအကြောင်းများကို သဘောပေါက်ပြီး ဖြစ်သော်လည်း ကျန်းရီ အမှန်တကယ် ထွက်သွားသောအခါ လောကကြီးက အရောင်ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုသို့ခံစားရသူမှာ သူမတစ်ယောက်တည်း မဟုတ်ပေ။ ထိုအခိုက်တွင် ချမ်ချမ်၊ အနက်ရောင်နတ်ဘုရားနှင့် အောင်းလုတို့သည် ကျန်းရှောင်နူကို ကြည့်မိသောအခါ ထိုမိန်းမပျိုလေးသည် ဤလောကကြီး၏ စွန့်ပစ်မှုကို ခံခဲ့ရသူတစ်ယောက်ဟု ခံစားသွားကြရလေသည်။
***
အနက်ရောင်နတ်ဘုရားသည် ကျန်းရီကို ကောင်းကင်မြေခွေးနယ်မြေသို့ ခေါ်သွားပေးလိုခဲ့၏။ သို့သော် ကျန်းရီက ငြင်းခဲ့သည်။ အနက်ရောင်နတ်ဘုရား၏ အမြန်နှုန်းက အမှန်ပင် လျင်မြန်ပြီး သူ ရှိနေလျှင် ဘေးကင်းပေလိမ့်မည်။ သို့သော် ကျန်းရီ၏ ကောင်းကင်ရှောင်တိမ်းခြင်းက ပိုမြန်ပေသည်။ ထို့ပြင် သူ့တွင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည် ရှိနေပြီဖြစ်၍ ဤအဆုံးမဲ့ပင်လယ်နက်က သူ့အတွက် လုံခြုံသောနေရာတစ်ခု ဖြစ်နေပြီဖြစ်သည်။
ကျန်းရီ၏ စိတ်ဝိညာဉ်က ဆင့်ကဲတိုးတက်သွားပြီဖြစ်ပြီး သူ၏ရုပ်ခန္ဓာကိုယည်း နဂါးညှိုးရော်မြက်ပင်ကြောင့် သန့်စင်နေပြီဖြစ်သည်။ ရှန်းစီမြို့တွင် အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့ခြင်းကလည်း သူ့ခန္ဓာကိုယ်အပေါ် များစွာကောင်းကျိုးဖြစ်စေပေသည်။ ထို့ကြောင့် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ခရီးရှည်ရှည် သွားနိုင်နေပေပြီ။ လက်ရှိတွင် သူ ကောင်းကင်ရှောင်တိမ်းခြင်း တစ်ခါသုံးသည်နှင့် အနည်းဆုံး မိုင်သန်းထောင်ချီ သွားနိုင်ပေသည်။ သူ အတန်ငယ် မသက်မသာဖြစ်လာလျှင် ဟင်းလင်းပြင် အပြင်ဘက်သို့ ပြန်ထွက်လိုက်ရုံသာ။
ကျန်းရီသည် ပင်လယ်ရေအောက်ထဲက မသွားဘဲ ကောင်းကင်ကသာ သွားလိုက်၏။ အချိန်က နေ့အချိန်ပင်။ ကောင်းကင်က အလွန်ကြည်လင်နေပြီး ပင်လယ်ရေမျက်နှာပြင်ကလည်း ရောင်ပြန်တလက်လက်ဖြင့် လှပနေသည်။ မကြခဏဆိုသလို ငှက်ကလေးများ ဖြတ်ပျံသွားပြီး ပင်လယ်လေညင်းကလေးများ တိုက်ခတ်သွားသည်။ ယင်းတို့က အလွန်စိတ်ကျေနပ်မှု ဖြစ်စေပေသည်။
ဝုန်း...
အဝေးရှိ ပင်လယ်ရေမျက်နှာပြင်က ရုတ်တရက် ထိုးတက်သွားပြီး ဧရာမမိစ္ဆာတစ်ကောင်၏ မနှစ်မြို့ဖွယ် မျက်နှာကြီး ထွက်ပေါ်လာလေသည်။ ရေခဲလက်မကြီးနှစ်ခုသည် ကောင်းကင်ထက်သို့ တက်လာကာ ကျန်းရီကို ညှပ်ရန် လုပ်လိုက်၏။
“ဟွန်း...”
မိစ္ဆာဘုရင်များက ကျန်းရီအတွက် အန္တရာယ်မရှိပေ။ သူသည် မိစ္ဆာဘုရင်များကို လက်ဖျောက်တစ်ချက်ဖြင့်ပင် ဖျက်ဆီးပစ်နိုင်ပေသည်။ သို့သော် သူသည် အနီးမှ မိစ္ဆာဧကရာဇ်များ၊ မိစ္ဆာအရှင်များကို ဆွဲဆောင်မိမည်စိုးသဖြင့် မတိုက်ခိုက်လိုချေ။
ကျန်းရီ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လက်သွား၏။ ထို့နောက် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း အနက်ရောင်နတ်ဘုရား၏ပုံစံအဖြစ် ပြောင်းလဲသွားသည်။ သူ၏အရှိန်အဝါကလည်း အနက်ရောင်နတ်ဘုရားနှင့် တစ်ပုံစံတည်းပင်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော စွမ်းအားကပင် အနက်ရောင်နတ်ဘုရား၏ စွမ်းအားထက် မနိမ့်ပေ။ ထိုအရှိန်အဝါစွမ်းအားက အတုအယောင်သာ ဖြစ်သော်လည်း သာမန်မိစ္ဆာဘုရင်လေးသည် အဘယ်သို့ ခွဲခြားနိုင်ပါမည်နည်း။ မိစ္ဆာဧကရာဇ်နှင့် သာမန်မိစ္ဆာအရှင်များပင် ခွဲခြားနိုင်လိမ့်မည် မဟုတ်ပေ။ မိစ္ဆာဘုရင်၏ လက်မကြီးက ကျန်းရီကို ညှပ်မိပေတော့မည်။ ထိုအချိန်တွင် ကျန်းရီက ထိုမိစ္ဆာဘုရင်ကို အေးစက်စက် ကြည့်လိုက်ရာ မိစ္ဆာဘုရင်သည် ကြောက်ရွံ့တကြီးဖြင့် ပင်လဲထဲသို့ ငုပ်ဝင်၍ ထွက်ပြေးသွားလေတော့သည်။
“ဒီပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က တကယ့်ကို အစွမ်းထက်တာပဲ”
ကျန်းရီ သက်ပြင်းချလိုက်ပြီး ဆက်ပျံသန်းသွားလိုက်သည်။ သူ၏စိတ်အာရုံသည် သူ အနားယူကာ အားပြန်ဖြည့်နိုင်မည့် ကျွန်းလေးတစ်ကျွန်းကို အာရုံခံမိလိုက်၏။ သူ၏ခန္ဓာကိုယ် အပြည့်အဝ အားပြန်ပြည့်သွားလျှင် သူ ကောင်းကင်မြေခွေးနယ်မြေသို့ ဆက်သွားမည်ဖြစ်သည်။
***