မင်း ဦးနှောက်ချောင်နေတာလား
Vol. 63 Ch. 867
ကျန်းရီသည် တစ်ရက်အနားယူပြီးနောက် ခရီးဆက်လိုက်၏။ သူ အနက်ရောင်နတ်ဘုရား၏ ပုံစံအတိုင်း ဆက်နေလိုက်သည်။ ယင်းပုံစံဖြင့်ဆိုလျှင် အဆုံးမဲ့ပင်လယ်နက်တွင် အလွန်လုံခြုံမှုရှိပေသည်။ သူသည် မလောသဖြင့် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ မိုင်သန်းတစ်ထောင် သွားပြီးတိုင်း တစ်ရက်အနားယူ၏။ ထိုသို့အနားယူခြင်းက သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားစေသည်။ ထို့ကြောင့် သူအန္တရာယ်နှင့် တွေ့ကြုံလာလျှင် ကောင်းကင်ရှောင်တိမ်းခြင်းကို အချိန်မရွေး အသုံးပြုနိုင်ပေသည်။
ကောင်းကင်ရှောင်တိမ်းခြင်းကို ငါးကြိမ်သုံးပြီး ခြောက်ရက်အနားယူပြီးနောက် ကျန်းရီ ကောင်းကင်မြေခွေးနယ်မြေသို့ ရောက်သွား၏။ သူသည် မူလပုံစံ ပြန်မပြောင်းဘဲ အနက်ရောင်နတ်ဘုရားပုံစံဖြင့်ပင် ကောင်းကင်မြေခွေးနယ်မြေအတွင်းသို့ ဝင်သွားလိုက်သည်။ ထို့နောက် သူက ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်သုံးလိုက်ရာ တော်ဝင်မြို့အနီးသို့ ရောက်သွားလေသည်။ အနီးရှိ ကောင်းကင်မြေခွေးမျိုးနွယ်၏ မျိုးရိုးစုတစ်ခုမှ ခေါင်းဆောင်သည် သူ့ကို တော်ဝင်မြို့အတွင်းသို့ ခေါ်သွားပေသည်။
ချမ်ချမ်က ကျန်းရီကို မလိမ်ခဲ့ပေ။ အဆုံးမဲ့ပင်လယ်နက်က ကောင်းကင်မြေခွေးနယ်မြေသို့ မိစ္ဆာအရှင်ငါးပါး ပို့ပေးခဲ့သည်။ လက်ရှိတွင် ထို့ပါချင်သည် ကောင်းကင်မြေခွေးနယ်မြေကို စုစည်းနေပေသည်။ မိစ္ဆာဧကရီနှင့် ရှောင်ဖေးတို့သည် တော်ဝင်မြို့ထဲတွင် လုံလုံခြုံခြုံနေထိုင်နေကြ၏။
“အရှင်အနက်ရောင်နတ်ဘုရားကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီသည် တော်ဝင်မြို့ထဲသို့ ဝင်ပြီးနောက် တော်ဝင်အကြီးအကဲနှစ်ယောက်က မိစ္ဆာဧကရီနှင့် ကောင်းကင်မြေခွေးပညာရှင်တစ်စုကို ခေါ်လာ၍ သူ့ကို ကြိုဆိုကြသည်ကို တွေ့လိုက်ရ၏။ ထို့ပါချင်က မြောက်ဘက်သို့ ရောက်နေကြောင်းလည်း ကျန်းရီ သိလိုက်ရသည်။ သူ ထိုကိစ္စကို မအံ့ဩပေ။ သူက မိစ္ဆာဧကရီကို ကြည့်ကာ ပြောလိုက်သည်။
“ရှောင်ဖေးရော...”
မိစ္ဆာဧကရီက အတန်ငယ် အံ့အားသင့်သွားသည်။ သို့သော သူမ တရိုတသေဖြင့် ပြန်ဖြေလိုက်လေသည်။
“အရှင်အနက်ရောင်နတ်ဘုရား... ရှောင်ဖေးက အခန်းအောင်းပြီး ကောင်းကင်မြေခွေးမျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်တစ်ခုကို ကျင့်ကြံနေပါတယ်”
“အို့...”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အထဲကိုသွားပြီး စကားပြောကြတာပေါ့”
ရဲတိုက်ထဲသို့ ဝင်သွားပြီးနောက် ကျန်းရီသည် ကောင်းကင်မြေခွေးမျိုးနွယ်မှ ပညာရှင်များကို အပြင်သို့ ထွက်သွားစေလိုက်ပြီး အသံပို့လွှတ်လိုက်၏။
“မိစ္ဆာဧကရီ... ကျွန်တော်က ကျန်းရီပါ။ အခု နတ်ဘုရားစွမ်းရည်တစ်ခုကိုသုံးပြီး အနက်ရောင်နတ်ဘုရားအဖြစ် ဟန်ဆောင်ထားတာပါ။ ကျွန်တော် ရှိနေတဲ့နေရာ ပေါက်ကြားသွားလို့မရဘူး။ မိစ္ဆာဧကရီတို့ ဒီမှာနေရတာ အဆင်ပြေရဲ့လား”
“အာ...”
မိစ္ဆာဧကရီက ကျန်းရီကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် သူမအရှေ့မှ ပုဂ္ဂိုလ်က အနက်ရောင်နတ်ဘုရားပင်။ ထိုသူ့ထံတွင် ကျန်းရီ၏ အရှိန်အဝါအနည်းငယ်ပင် ရှိမနေချေ။
ကျန်းရီက ပြုံးကာ ထပ်မံအသံပို့လွှတ်လိုက်သည်။
“ဟဲဟဲ... မိစ္ဆာဧကရီ နတ်သမီးတောင်ထွတ်ကို မှတ်မိသေးလား။ မိစ္ဆာဘုရင်ရှောင်ဟုန်၊ ရှားယွိမြို့၊ တော်ဝင်မြို့တော်၊ ကောင်းကင်ကြယ်တာရာမြို့၊ တုကူးချိုး...တို့ကိုရော မှတ်မိသေးလား...”
မိစ္ဆာဧကရီက လျင်မြန်စွာခေါင်းညိတ်လိုက်ပြီး ထိုသူက ကျန်းရီဖြစ်ကြောင်း သေချာသွားလေတော့သည်။ သူမသည် အံ့ဩဟန်မပြဘဲ တလေးတစားသာ ဆက်ပြောလိုက်၏။
“အရှင်အနက်ရောင်နတ်ဘုရားရဲ့ စိတ်ပူပေးမှုအတွက် ကျွန်မကျေးဇူးတင်ပါတယ်။ ကျွန်မနဲ့ ရှောင်ဖေးတို့ ဒီမှာနေရတာ အဆင်ပြေပါတယ်။ ရှောင်ဖေးကလည်း ကောင်းကင်မြေခွေးမျိုးနွယ်က နတ်ဘုရားဘိုးဘေးတွေရဲ့ ဆန်းကြယ်နယ်မြေထဲမှာ ကျင့်ကြံပြီး မြန်မြန်ဆန်ဆန် တိုးတက်နေပါတယ်။ ဧကရီနဲ့ အကြီးအကဲတွေအကုန်လုံးကလည်း ကျွန်မတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ ကျွန်မတို့ ဒီမှာ သက်တောင့်သက်သာ နေရပါတယ်”
ကျန်းရီ စိတ်အေးသွားပြီး ထပ်မံ အသံပို့လွှတ်လိုက်သည်။
“မိစ္ဆာဧကရီ... ကျွန်တော် အဝေးတစ်နေရာကို ခရီးသွားရမယ်။ မိစ္ဆာဧကရီနဲ့ ရှောင်ဖေးကို ကျွန်တော် တော်တော်နဲ့ လာတွေ့နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ မိစ္ဆာဧကရီမှာ ပြဿနာတွေရှိရင် ချမ်ချမ်ဆီကို ချက်ချင်း သတင်းပို့လိုက်ပါ။ ဒီမှာနေရတာ အဆင်မပြေတော့ဘူးဆိုရင်လည်း ချမ်ချမ်ကိုလာခေါ်ခိုင်းပြီး အဆုံးမဲ့ပင်လယ်နက်က ရွှမ်ဝူနန်းတော် ဒါမှမဟုတ် ရှန်းစီမြို့မှာ သွားနေလို့ရပါတယ်”
“အင်း...”
မိစ္ဆာဧကရီက ခေါင်းညိတ်လိုက်ပြီး ကျန်းရီကို စိုးရိမ်ဟန်ဖြင့် ပြောလိုက်သည်။
“အရှင်အနက်ရောင်နတ်ဘုရား... အရှင့်ရဲ့ လမ်းခရီးမှာ လုံခြုံပါစေ။ ရှောင်ဖေးက အရှင့်ကို အရမ်း သတိရနေမှာပါ”
ကျန်းရီသည် ရှောင်ဖေးကို တွေ့လိုက်၏။ သို့သော် သူမက အခန်းအောင်း ကျင့်ကြံနေသဖြင့် မတွေ့နိုင်တော့ပေ။ သူမသည် ကောင်းကင်မြေခွေးမျိုးနွယ်၏ ဆန်းကြယ်နယ်မြေထဲတွင် ရှိနေသည်ဖြစ်ရာ သူ ဤအတိုင်း ဝင်သွား၍ မရချေ။ ထို့ကြောင့် သူ ခေတ္တမျှ ထိုင်နေလိုက်ပြီးနောက် နှုတ်ဆက်စကား ပြောလိုက်လေသည်။ သူသည် ထွက်မသွားခင်တွင် ပန်းချီကားတစ်ချပ် ချန်ထားခဲ့၏။ ယင်းပန်းချီကားက သူနှင့် ရှောင်ဖေးတို့၏ ပုံတူပန်းချီကားပင်။ ယင်းမှာ ရှောင်ဖေး အခန်းအောင်းကျင့်ကြံရာမှ ထွက်လာလျှင် အမှတ်တရ ကြည့်ရန် ဖြစ်သည်။
“ကျွန်တော် သွားတော့မယ်။ မိစ္ဆာဧကရီ ဂရုစိုက်ပါ”
ကျန်းရီသည် တော်ဝင်မြို့၏ ကောင်းကင်ထက်သို့ ပျံတက်သွားပြီးနောက် နောက်လှည့်ကာ မိစ္ဆာဧကရီကို ကြည့်လိုက်၏။ မိစ္ဆာဧကရီက သူ့ကို ကြည့်ကာ ဦးညွှတ်နေပေသည်။ ထို့နောက် သူမက အလေးအနက် ပြောလိုက်၏။
“လမ်းခရီးမှာ ဂရုစိုက်ပါ”
ဝှစ်...
ကျန်းရီသည် ထို့ပါချင် ပြန်လာသည်ကို စောင့်မနေတော့ဘဲ ချက်ချင်း ပျံသန်းသွားလိုက်သည်။ သူသည် ကောင်းကင်မြေခွေးမျိုးနွယ်ကိုလည်း လိုက်ပို့ခိုင်းမနေတော့ဘဲ လူသူကင်းရှင်းသော နေရာတစ်ခုကိုရှာ၍ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်လေသည်။ ဤတစ်ကြိမ်တွင် သူ ရှန်းစီမြို့သို့ ဦးတည်သွားလိုက်၏။ သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ မထွက်ခွာခင်တွင် ချမ်ဝမ်ကွမ်း၊ ဖုန်းလန်နှင့် အခြားသူများကို နှုတ်ဆက်ကာ သူတို့အတွက် စီစဉ်စရာရှိသည်များ စီစဉ်ခဲ့ရမည်ဖြစ်သည်။
***
“သခင်ချမ်ကို သွားသတင်းပို့လိုက်။ ချမ်ခွမ်းက တွေ့ခွင့်တောင်းနေတယ်လို့”
နှစ်ဆယ့်ခြောက်ရက် ကြာပြီးနောက်တွင် ကျန်းရီသည် စစ်ထူခြံဝန်းအပြင်ဘက်သို့ ရောက်ရှိလာ၏။ သူ၏ လက်ရှိပုံစံက ကောင်းကင်ဧကရာဇ် ပထမအဆင့်ရှိသည့် အသက်လတ်ပိုင်းအရွယ် သာမန်သိုင်းသမားတစ်ယောက်၏ပုံစံဖြစ်သည်။ သူသည် လူအုပ်ထဲရောက်နေလျှင်ပင် နှစ်ခါပြန်မကြည့်ခံရမည့် ရုပ်သွင်ကို ယူထား၏။ ယခုတွင် သူသည် စစ်ထူခြံဝန်းအပြင်ဘက်ရှိ အစောင့်တစ်ယောက်နှင့် စကားပြောနေ၏။
ကျန်းရီ ပြောလိုက်သော ထိုသခင်ချန်ဆိုသည်မှာ ချမ်ဝမ်ကွမ်းကို ဆိုလိုခြင်းပင်။
အစောင့်က ချီတုံချတုံဖြင့် ကျန်းရီကို ကြည့်လိုက်သည်။ ချမ်ဝမ်ကွမ်းမှာ စစ်ထူမျိုးနွယ်ခေါင်းဆောင်၏ သားမက်တော်ဖြစ်နေပြီဖြစ်သည်။ လူတိုင်း တွေ့ခွင့်တောင်းနိုင်သူ မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် ထိုအစောင့်က သူ့ကို မောင်းမထုတ်ခင်တွင် အေးစက်စက် ပြောလိုက်၏။
“သူ့ကိုသာ သွားသတင်းပို့လိုက်စမ်းပါ။ မင်း ‘ချမ်ခွမ်း’ဆိုတဲ့ နာမည်ကိုလည်း ပြောလိုက်။ သခင်ချမ်က ငါ့နဲ့ လက်ခံတွေ့ပါလိမ့်မယ်။ သူ ငါနဲ့မတွေ့ဘူးဆိုရင် မင်း ငါ့ကို သတ်ပစ်နိုင်တယ်”
အစောင့်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ကျန်းရီသည် အသက်ကို ဟာသအဖြစ် သဘောထားသူတစ်ယောက် မဟုတ်ကြောင်း အတည်ပြုလိုက်ကြ၏။ အစောင့်တစ်ယောက်သည် ချမ်ရဲတိုက်ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။
ကျန်းရီသည် အပြင်ဘက်တွင် အေးအေးဆေးဆေး ရပ်နေ၏။ သူသည် ရှန်းစီမြို့သို့ ရောက်ရန် (၂၆)ရက် လာခဲ့ရပြီး သူ မည်သူဖြစ်ကြောင်း ဖုံးကွယ်ရန် ဤပုံစံအဖြစ် ပြောင်းလဲခဲ့သည်။ ရှန်းစီမြို့တွင် အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများ သေချာပေါက် ရှိပေသည်။ စစ်ထူခြံဝန်းသည်ပင် အကြွင်းမဲ့ မလုံခြုံပေ။ ထို့ကြောင့် သူ ဂရုစိုက်ရပေမည်။
ကျန်းရီ အဆုံးမဲ့ပင်လယ်နက်သို့ ထွက်သွားသည်ကို လူတိုင်း တွေ့ခဲ့၏။ သူသာ ပြန်ရောက်လာလျှင် အာရုံစိုက်မှုများစွာ ခံရမည်ဖြစ်သည်။ ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများကို သူ အဆုံးမဲ့ပင်လယ်နက်မှ ပြန်မရောက်သေးဟူသော သတင်းအမှားကို ပေးလိုနေသည်။ ထိုမှ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေသို့ လျှို့ဝှက်ဝင်ကာ အမှောင်ထဲမှနေ၍ ကြံစည်နိုင်မည်ဖြစ်သည်။
“သခင်ချမ်က ခင်ဗျားကို ဝင်လာခဲ့ပါတဲ့”
အစောင့်သည် လျင်မြန်စွာ ပြန်ထွက်လာ၏။ သူ၏အမူအယာ၊ အပြောအဆိုကလည်း ပိုယဉ်ကျေးလာသည်။ အစောင့်နှစ်ယောက်သည် ကျန်းရီကို စစ်ထူခြံဝန်းထဲသို့ လိုက်ပို့၏။ အကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက်တွင် သူတို့သည် ချမ်ဝမ်ကွမ်း နေထိုင်ရာ ချမ်ရဲတိုက်သို့ ရောက်သွားလေသည်။
ချမ်ရဲတိုက်ထဲသို့ ဝင်သွားပြီးနောက် ကျန်းရီသည် စွမ်းအားကြီး အရှိန်အဝါ ရှစ်ခုလောက် သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရ၏။ ထိုအရှိန်အဝါများထဲမှ တစ်ခုသည် နတ်ဘုရားတစ်ပိုင်းအဆင့်ပင် ရှိပေသည်။ ၎င်းတို့သည် ကျန်းရီကို ခေတ္တမျှ စူးစမ်းပြီးနောက် ပျောက်ကွယ်သွားကြ၏။ ကျန်းရီသည် ချမ်ရဲတိုက်မှ အစောင့်အကြပ်များ၏ စစ်ဆေးမှုကို ခံလိုက်ရခြင်းပင်။
“ခင်ဗျားက ဘယ်သူလဲ”
ပင်မခန်းမထဲမှနေ၍ အံ့အားသင့်ဖွယ် လူငယ်တစ်ယောက် လျှောက်ထွက်လာ၏။ လအနည်းငယ်အတွင်းမှာပင် ချမ်ဝမ်ကွမ်းတစ်ယောက် ပို၍ပိန်သွားပေပြီ။ ထို့ကြောင့် သူ၏ ရုပ်သွင်အရှိန်အဝါက ပို၍ပင် ထူးကဲလာလေသည်။ ကျန်းရီသည် သူ၏စကားတစ်ခွန်းမှနေ၍ပင် ဖိအားသဲ့သဲ့ကို ခံစားလိုက်ရသည်။
ကျန်းရီသည် သံသယဖြစ်နေသော ချမ်ဝမ်ကွမ်းကို ကြည့်လိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်၏။
“သခင်ချမ်... ကျုပ်က ဝိညာဉ်သားရဲကျောင်းက ချမ်ခွမ်းလေ။ အရင်တုန်းက ကျုပ်က ကံကောင်းလို့ သခင်ချမ်နဲ့အတူ လောကတစ်ခွင် လှည့်လည် သွားလာနိုင်ခဲ့တယ်။ ဝိညာဉ်ပျက်သုဉ်းတောင်ကြား၊ ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်း၊ နတ်သမီးတောင်ထွတ်၊ ကြယ်တံခွန်ကျွန်း... သခင်ချမ် မှတ်မိပါပြီလား”
ချမ်ဝမ်ကွမ်း၏ မျက်လုံးများ တောက်ပလာသည်။ ထို့နောက် သူပြုံးကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“ကျုပ် မှတ်မိပါတယ်။ လာပါ အထဲကို အရင်ကြွပါ။ ပြီးမှ စကားပြောကြတာပေါ့”
ကျန်းရီသည် ချမ်ဝမ်ကွမ်း၏ အကင်းပါးမှုကို စိတ်ထဲမှ ချီးကျူးလိုက်ပြီး ပင်မခန်းမထဲသို့ ဝင်သွားလိုက်လေသည်။ ချမ်ဝမ်ကွမ်းသည် အထဲသို့ ရောက်သည်နှင့် ချက်ချင်း လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“အားလုံး ထွက်သွားကြ။ အကာအရံကိုလည်း နှိုးလိုက်။ ငါ ငါ့ရဲ့ဧည့်သည်နဲ့ နှစ်ယောက်တည်းသီးသန့် စကားပြောချင်တယ်။ ဒီနေ့ ငါ နောက်ထပ် ဘယ်ဧည့်သည်နဲ့မှ ထပ်မတွေ့တော့ဘူး...”
“ခေါင်းဆောင်... ခေါင်းဆောင်လား...”
အကာအရံကို နှိုးပြီးနောက် ချမ်ဝမ်ကွမ်းက ချက်ချင်း ထခုန်၍ အံ့ဩတကြီး မေးလိုက်၏။ အစောမှ သူ၏ အံ့အားသင်ဖွယ် အရှိန်အဝါလည်း ပျောက်ကွယ်သွားပေပြီ။
ကျန်းရီက ပြုံးလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပုံစံပြန်ပြောင်းသွားပြီး သူ၏အရှိန်အဝါကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
“ဝမ်ကွမ်း... မတွေ့ရတာ ကြာပြီပဲ။ ကောင်စုတ်က ဝိတ်တွေဘာတွေ ထပ်ကျသွားပါလားကွ..ဟေ...။ မင်းက ဒီလိုပုံစံနဲ့ ပိုကြည့်ကောင်းတယ်”
“ဟားဟားဟား...”
ချမ်ဝမ်ကွမ်းသည် ကျန်းရီအနားသို့ လျှောက်သွားပြီး ကျန်းရီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်၏။ ထို့နောက် သူသည် စိတ်လှုပ်ရှားသော မျက်နှာထားဖြင့် မေးလိုက်၏။
“ခေါင်းဆောင်... အစောက ခေါင်းဆောင်သုံးထားတဲ့ စွမ်းရည်က ဘာလဲ။ ခေါင်းဆောင်က တကယ်ပဲ တခြားလူတစ်ယောက်လိုဖြစ်သွားအောင် ပြောင်းလို့ရတာလား။ တကယ်လို့ ခေါင်းဆောင်သာ အရင်ကအကြောင်းတွေ ပြန်မပြောပြဘူးဆိုရင် ကျုပ် ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ဟုတ်သား...ခေါင်းဆောင်က ဘာလို့ ရုပ်ဖျက်ပြီး ပြန်လာရတာလဲ။ ရှောင်နူရော ပြန်ပါလာလား”
“ဟီးဟီး...”
ကျန်းရီက သူ၏နှာခေါင်းကို ပွတ်၍ ရယ်လိုက်သည်။
“အဲ့ဒါက ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်တဲ့။ မင်း မပြောနဲ့ ငါ မင်းယောက္ခမရဲ့ အရှေ့မှာ ရပ်နေရင်တောင် သူ ငါ့ကို မှတ်မိမှာ မဟုတ်ဘူး။ အင်း... အကြီးအကဲအိုကြီးတွေလည်း ထူးခြားတဲ့စွမ်းရည် မရှိဘူးဆိုရင် ငါ့ကို မှတ်မိနိုင်ဖို့ အိပ်မက်ပဲ မက်လို့ရမယ်။ ရှောင်နူက ရွှမ်ဝူနန်းတော်မှာ နေနေတယ်။ အောင်းလုက သူ့ကို မင်ရည်တောင်ပံနတ်ဘုရားကျင့်စဉ်ရဲ့ တတိယအဆင့်ကို သိမြင်နားလည်နိုင်အောင် ကူညီပေးမယ်လို့ ပြောတယ်။ ငါ ရုပ်ဖျက်ထားရတာကတော့... ငါ အရှေ့ဘက် တော်ဝင်နယ်မြေကို သွားမလို့ပဲ”
“အရှေ့ဘက် တော်ဝင်နယ်မြေလား”
ချမ်ဝမ်ကွမ်း မျက်မှောင်ကြုတ်သွားပြီး အံ့အားသင့်သွား၏။ ထို့နောက် သူသည် သူ၏ရင်ဘတ်ကိုပုတ်၍ ပြောလိုက်၏။
“ခေါင်းဆောင်... ကျုပ် ခေါင်းဆောင်နဲ့အတူ လိုက်ခဲ့မယ်။ ဓားတောင်ကိုပဲကျော်ရကျော်ရ၊ မီးပင်လယ်ပဲဖြတ်ရဖြတ်ရ ကျုပ်တို့ ညီနောင်က အတူတူဖြတ်ကျော်မယ်။ ကျုပ်တို့ အရှေ့ဘက် တော်ဝင်နယ်မြေကို ကျွမ်းထိုးမှောက်ခုန်ဖြစ်သွားအောင် လုပ်ပစ်မယ်”
“မင်း ဦးနှောက်ချောင်နေတာလား”
ကျန်းရီက ချမ်ဝမ်ကွမ်း၏ နောက်စေ့ကို ရိုက်လိုက်ပြီး ရယ်ကာ ပြောလိုက်သည်။
“အားလုံးကို ဒီကို ခေါ်ခဲ့လိုက်။ ငါ အစီအစဉ်တချို့ ဆွဲပြီး ရက်နည်းနည်းလောက် အနားယူပြီးရင် ထွက်ခွာတော့မယ်”
***