← Chapters

ကျန့်ဝူရွှမ်း၏ တောင်းဆိုချက်

Vol. 63 Ch. 868

ကျန့်ဝူရွှမ်း၏ တောင်းဆိုချက်

Vol. 63 Ch. 868

“သခင်လေး...”

“ကျန်းရီ”

“စစ်သေနာပတိ”

“မောင်လေး...”

ဖုန်းလန်၊ ကျန့်ဝူရွှမ်း၊ ယွင်ဖေးနှင့် အစ်မကြီးဆည်းလည်းတို့ကို ချမ်ဝမ်ကွမ်း၏ လူများက ခေါ်လာ၏။ သူတို့အားလုံးသည် ကျန်းရီကို တွေ့သောအခါ ဝမ်းသာသွားကြ၏။ စစ်ထူခြံဝန်းသည် လုံးဝလုံခြုံမှုရှိပြီး စားကောင်းသောက်ဖွယ်များ ပြည့်စုံပေသည်။ သူတို့ တစ်ချက်တောင်းဆိုလိုက်လျှင် စစ်ထူမျိုးနွယ်က ချက်ချင်း ဖြည့်စည်းပေးမည်ဖြစ်သည်။ သို့သော် ကျန်းရီ မရှိသော နေ့ရက်များက အားလုံးကို တစ်ခုခု လိုနေသကဲ့သို့ ခံစားရစေလေသည်။ ဘဝကလည်း ပျင်းစရာ ကောင်းနေသည်။

“အားလုံးပဲ ထိုင်ကြပါ။ ကျွန်တော်က လျှို့ဝှက်ပြီး ပြန်လာတာပါ... ကျွန်တော့်ဆီမှာ အားလုံးကို ပြောစရာရှိတယ်”

ကျန်းရီသည် ထိုလူများကို အကြွင်းမဲ့ ယုံကြည်၏။ သူသည် သူတို့အား မည်သည့်ကိစ္စကိုမှ ဖုံးကွယ်မထားလိုပေ။ ဤခရီးက အန္တရာယ်များပြီး သူ အရှေ့ဘက် တော်ဝင်နယ်မြေတွင် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ဤခွဲခွာမှုက ထာဝရလည်း ဖြစ်သွားနိုင်ပေသည်။

ကျန်းရီသည် အဆုံးမဲ့ပင်လယ်နက်တွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်ပြောပြလိုက်၏။ ထိုထဲတွင် မိစ္ဆာဧကရီနှင့် ရှောင်ဖေးတို့၏ အကြောင်းလည်း ပါဝင်ပေသည်။ သို့သော် သူသည် အောင်းလုက သူ့ကို အကူအညီတောင်းခဲ့သော တာဝန်နှစ်ခုကိုမူ လျှို့ဝှက်ထားလိုက်၏။ ထိုတာဝန်နှစ်ခုထဲမှ တစ်ခုသည် ချမ်ချမ်၏ ဝမ်းနည်းဖွယ် ဇာတ်ကြောင်း ပါဝင်နေသဖြင့် သူ များစွာမပြောလိုပေ။ ထို့ကြောင့် သူသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သိမြင်နားလည်ခဲ့ပြီဖြစ်၍ အရှေ့ဘက် တော်ဝင်နယ်မြေသို့သွားကာ စုလောရွှယ်ကို ကယ်ကာ ရီဖျောင်ဖျောင်ကို ရှာမည်ဟုသာ ပြောလိုက်သည်။

“သခင်လေး... ကျွန်မတို့ သခင်လေးနဲ့အတူ လိုက်မယ်”

ဖုန်းလန်နှင့် ချင်းယွီတို့သည် တုံ့ဆိုင်းမှုမရှိဘဲ တစ်ပြိုင်တည်း ပြောလိုက်၏။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှုတ်ဆိတ်နေလေသည်။ သို့သော် သူတို့၏မျက်ဝန်းများထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေပေသည်။ အစ်မကြီးဆည်းလည်း၏ လှပေသာမျက်ဝန်းများထဲတွင်လည်း စိုးရိမ်မှုအရိပ်ယောင်များ ထွက်ပေါ်လာသည်။

“ဒီကိစ္စက ညှိနှိုင်းလို့ရမယ့်ကိစ္စ မဟုတ်ဘူး”

ကျန်းရီက ဖုန်းလန်နှင့် ချင်းယွီတို့ကို ကြည့်ကာ ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်မှာ ရွေးစရာနှစ်ခုရှိတယ်။ ငါ မင်းတို့ကို ဖီးနစ်အော်သံနယ်မြေကို ပြန်ခေါ်သွားပေးနိုင်တယ် ဒါမှမဟုတ် မင်းတို့ ငါပြန်လာတာကို စောင့်နေလို့ရတယ်”

ဖုန်းလန်နှင့် ချင်းယွီတို့သည် ကျန်းရီ၏ ပြတ်သားသောမျက်နှာထားကို မြင်လိုက်သောအခါ မျက်ရည်ဝဲသွားကြ၏။ သို့သော် သူမတို့ မည်သို့မှ ဆက်မပြောတော့ပေ။ သူမတို့နှစ်ယောက် ခေတ္တမျှ ငြိမ်သွားပြီးနောက် ဖုန်းလန်က ပြောလိုက်၏။

“ကျွန်မတို့ သခင်လေး ပြန်လာတာကိုပဲ စောင့်နေပါမယ်။ ကျွန်မတို့ ဖီးနစ်အော်သံနယ်မြေကို ပြန်မှာမဟုတ်ဘူး။ သခင်လေး အောင်အောင်မြင်မြင်နဲ့ ပြန်လာပြီးမှ ကျွန်မတို့ကို တခမ်းတနား ပြန်ခေါ်သွားပေါ့”

“ကောင်းပြီ”

ကျန်းရီ သူမတို့နှစ်ယောက်ကို ဖက်လိုက်သည်။ သူမတို့နှစ်ယောက်သည် သူ၏လုံခြုံရေးအတွက် ယခုချက်ချင်း မပြန်ခြင်းဖြစ်ကြောင်း သူသိထားသဖြင့် မည်သည့်ကတိမှ မပေးလိုက်ခြင်းပင်။ ဖီးနစ်အော်သံနယ်မြေတွင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သူလျှိုများနှင့် ပြည့်နှက်နေပေသည်။ သူတို့သာ ပြန်သွားလျှင် ချက်ချင်း အဖမ်းခံလိုက်ရမည်ဖြစ်သည်။ သူမတို့၏ မျိုးနွယ်များတွင် စိတ်ဝိညာဉ်တာအိုပုံသဏ္ဌာန်များ ရှိနေသေးပြီး နောက်ထပ် ဧကရာဇ်တစ်ပါးလည်း နန်းတက်သွားပြီဖြစ်၍ သူမတို့ ပြန်သွားလျှင်လည်း မည်သည့်အဓိပ္ပာယ်မှ ရှိမည်မဟုတ်ပေ။

“ခေါင်းဆောင်...ကျုပ်...”

ချမ်ဝမ်ကွမ်းက တစ်စုံတစ်ခု ပြောလိုနေသော်လည်း မပြောနိုင်ဖြစ်နေသည်။ သူသာ အရှေ့ဘက် တော်ဝင်နယ်မြေသို့ လိုက်သွားလျှင် ကျန်းရီအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေမည်ဖြစ်ကြောင်း သူသိပေသည်။ ထို့ကြောင့် သူ နဂါးပျံကုန်သည်အဖွဲ့အစည်းကိုသာ ဆက်တိုးတက်လာအောင်လုပ်၍ ကျန်းရီ လိုအပ်သည်များကို ထောက်ပံ့ပေးရုံသာရှိလေသည်။

“ကောင်းပြီ... ငါ ဆုံးဖြတ်ပြီးသွားပြီ။ သုံးရက်နားပြီးရင် ထွက်ခွာမယ်။ ငါ့ရဲ့ တည်နေရာက ပေါက်ကြားသွားလို့မရဘူး။ ဝမ်ကွမ်း... ရီနျန်ကို ဒီအကြောင်း မပြောနဲ့”

ကျန်းရီက လက်ဝှေ့ယမ်းလိုက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်လေသည်။ ချမ်ဝမ်ကွမ်းသည်လည်း အခြေအနေ၏ အရေးကြီးမှုကို နားလည်ထားသဖြင့် ရီနျန်ကို မပြောပြရန် ကြံရွယ်ထားပြီးသားဖြစ်သည်။ ယင်းမှာ သူ သူမကို မယုံ၍ မဟုတ်ပေ။ ဤကိစ္စအကြောင်းကို သိထားသူနည်းလေလေ၊ ကျန်းရီ ပို၍လုံခြုံလေလေ ဖြစ်သောကြောင်းပင်။

ထို့နောက်တွင် ချမ်ဝမ်ကွမ်းသည် ကျန်းရီကို နဂါးပျံကုန်သည်အဖွဲ့အစည်းနှင့် ရှန်းစီမျိုးနွယ်စုတို့၏ လက်ရှိအခြေအနေများကို ရှင်းပြလိုက်၏။ မျိုးနွယ်စုက အလွန်ငြိမ်းချမ်းနေပြီး အောင်းလု ရှိနေသ၍ သူတို့ကို မည်သူမှ ထိဝံ့မည် မဟုတ်ချေ။ စစ်ထူမျိုးနွယ်က လျင်မြန်စွာ တိုးတက်လာနေသော်လည်း စစ်ထူ‌အောင်းသည် အပင်မြင့်လျှင် လေတိုက်ခံရမည်ဟူသော သဘောတရားကို နားလည်ထားပေသည်။ ထို့ကြောင့် စစ်ထူအောင်းက ပေါ်ပေါ်ထင်ထင် မလုပ်လိုဘဲ သိုသိုသိပ်သိပ်ဖြင့်သာ ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေသည်။

နဂါးပျံကုန်သည်အဖွဲ့အစည်းသည်လည်း တိုးတက်နေ၏။ စစ်ထူမျိုးနွယ်သည် အခြားမျိုးနွယ်များနှင့် ပူးပေါင်း၍ အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများ၏ အာရုံကို လွှဲနိုင်မည့် အာရုံလွှဲအုပ်စုတစ်စု ဖွဲ့စည်းထားသည်။ ယင်းက အလွန်အကျိုးရှိပေသည်။

တစ်ချိန်တည်းမှာပင် စစ်ထူမျိုးနွယ်သည် အရှေ့ဘက် တော်ဝင်နယ်မြေ၏ မြောက်ဘက်ရှိ နယ်မြေအသေးလေးတစ်ခုကို ထိန်းချုပ်ရန် လျှို့ဝှက်အင်အားစုတစ်ခုကို လျှို့ဝှက်စေလွှတ်ထား၏။ ရှေးဦးစွာ သူတို့သည် ထိုနယ်မြေမှ မျိုးနွယ်တစ်ခုကို ပျိုးထောင်ပေး၍ အင်အားကြီးလာအောင် လုပ်ပေးမည်ဖြစ်သည်။ နောက်မှ သူတို့သည် ထိုမျိုးနွယ်ကို အသုံးချကာ အရှေ့ဘက် တော်ဝင်နယ်မြေအတွင်းသို့ တဖြည်းဖြည်း ဖောက်ဝင်၍ အင်အားမွေးမည်ဖြစ်သည်။ ချမ်ဝမ်ကွမ်းသည် အရှေ့ဘက် တော်ဝင်နယ်မြေမှ ဒေသတစ်ခုကို ထိန်းချုပ်နိုင်ရန် ငါးနှစ်မှ ဆယ်နှစ်အထိ ကြာနိုင်သော ရေရှည်စီမံကိန်းတစ်ခုကို ရေးဆွဲထားပေသည်။ သူသည် ထိုဒေသကို အင်အားဖြည့်၍ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးကို တစ်စတစ်စ ဖြည်းဖြည်းချင်း ဝါးမျိုပစ်ရန် ကြံစည်းထားခြင်းပင်။

အစီအစဉ်က မဆိုးလှသလို အကြံကလည်း ကောင်းမွန်ပေသည်။

ထိုအစီအစဉ် အောင်မြင်မည်၊ မအောင်မြင်မည်က အရေးမပါပေ။ ချမ်ဝမ်ကွမ်းသည် သူ့တစ်ဘဝလုံး ကြိုးကြိုးစားစား ဆောင်ရွက်မည်သာ။

ကျန်းရီက ထိုကိစ္စများကို နားမလည်ပေ။ သို့သော် ချမ်ဝမ်ကွမ်းမှဦမူ ကိစ္စများကို ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် အလွန်ရင့်ကျက်ပေသည်။ သူသည် ကျန်းရီ၏ လမ်းညွှန်ပြုသမှုကို မလိုအပ်ချေ။ ကျန်းရီကလည်း သူ့ကို လမ်းညွှန်ပြသ မပေးနိုင်ပေ။ ကျန်းရီသည် ချမ်ဝမ်ကွမ်းကို ပခုံးပုတ်၍ သူ့အနောက်တွင် အမြဲရှိနေမည်ဟူ၍သာ အားပေးစကားပြောနိုင်ပေသည်။ ထိုသို့ပြောပြီးလျှင် ချမ်ဝမ်ကွမ်းကို သဘောရှိ လုပ်စေလိုက်ရုံသာ။ အကယ်၍ မိုးပြိုလျှင်ပင် သူတို့ အတူတကွ တောင့်ခံနိုင်ပေသည်။

“ကျန်းရီ... ငါ မင်းနဲ့ စကားနည်းလည်းလောက် ပြောချင်တယ်”

ကျန့်ဝူရွှမ်းသည် ကျန်းရီက ချမ်ဝမ်ကွမ်းနှင့် စကားပြောပြီးသွားပြီဖြစ်ကြောင်း မြင်လိုက်သောအခါ ရုတ်တရက် ပြောလိုက်လေသည်။ ကျန်းရီက ကျန့်ဝူရွှမ်းကို အံ့အားသင့်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ဤနေရာရှိ လူအားလုံးက မိသားစုပင်။ ဤနေရာတွင် မပြောနိုင်သော စကားများ ရှိပါသလော။

သို့‌သော် ကျန့်ဝူရွှမ်းက ဖိတ်ခေါ်နေသဖြင့် ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး အခန်းတစ်ခန်းအတွင်းသို့ ဝင်သွားကာ အကာအရံကို နှိုးလိုက်လေသည်။ ကျန့်ဝူရွှမ်းက လိုရင်းကို တန်းပြောလိုက်သည်။

“ကျန်းရီ... ငါ မင်းနဲ့အတူ အရှေ့ဘက် တော်ဝင်နယ်မြေကို လိုက်ခဲ့ချင်တယ်...”

“ကျန်းရီ မလောပါနဲ့။ ငါ ပြောတာကို အရင်နားထောင်ပါ”

ကျန့်ဝူရွှမ်းသည် ကျန်းရီက ငြင်းတော့မည်ကို မြင်လိုက်သဖြင့် ခပ်သွက်သွက် ဆက်ပြောလိုက်သည်။

“ငါက အရှေ့ဘက် တော်ဝင်နယ်မြေကိုသွားပြီး ကိုယ့်သေတွင်းကိုယ်တူးဖို့ မဟုတ်ပါဘူး။ ငါက ကလေးမဟုတ်တော့ပါဘူး... အရူးတစ်ယောက်လို မဆင်မခြင် လုပ်မှာ မဟုတ်ပါဘူး။ ငါသွားချင်တာက ငါ့အဖေရဲ့ ဆန္ဒကြောင့်ပါ။ ငါတို့မျိုးနွယ်ရဲ့ဆန္ဒလို့လည်း ပြောလို့ရတယ်”

“အန်...”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်၏။

“အခြေအနေကဘာလဲ... ကျွန်တော့်ကို ပြောပြပါ”

ကျန့်ဝူရွှမ်းက ရှင်းပြလိုက်သည်။

“တကယ်တော့ ငါတို့မျိုးနွယ်က ကောင်းကင်ကြယ်တာရာနယ်မြေမှာ စတင်ခဲ့တာ မဟုတ်ဘူး။ ငါတို့မျိုးနွယ်ရဲ့ တည်ထောင်သူက လွန်ခဲ့တဲ့ နှစ်သောင်းကျော်လောက်က အရှေ့ဘက် တော်ဝင်နယ်မြေက ပြောင်းရွှေ့လာခဲ့တာပဲ။ သူက ကောင်းကင်ကြယ်တာရာနယ်မြေကို တစ်ယောက်တည်း လာခဲ့တာ။ သူရဲ့ မူလမျိုးနွယ်က ဘာမျိုးနွယ်လည်းဆိုတာကို သူ မပြောပြခဲ့ဘူး။ ဒါပေမဲ့ သူမသေခင်မှာ စကားနည်းနည်း ချန်သွားခဲ့တယ်။ ငါတို့ရဲ့ မျိုးဆက်တွေမှာ စစ်နတ်ဘုရားသွေးဆက် နိုးထလာခဲ့ရင် အရှေ့ဘက် တော်ဝင်နယ်မြေက မူလမျိုးနွယ်ကို သွားရှာပြီး မူလမျိုးနွယ်ကို ပြန်သွားဖို့ မှာခဲ့တယ်။ သူက တံဆိပ်ပြားတစ်ပြားလည်း ချန်သွားခဲ့တယ်...”

“ကျန့်မျိုးနွယ်မှာ စစ်နတ်ဘုရားသွေးဆက် နိုးထလာတဲ့ မျိုးဆက်တွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ဘယ်သူ့မှာမှ အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်သွားနိုင်မယ့် အင်အားမရှိခဲ့ဘူး... ငါကလွဲလို့ပေါ့။ ငါ ထွက်မလာခင်တုန်းက ငါ့အဖေက ငါ့ကို အခွင့်အရေးရရင် အရှေ့ဘက် ‌တော်ဝင်နယ်မြေကိုသွားပြီး ငါတို့ရဲ့ မူလမျိုးနွယ်ကို ရှာဖို့ ပြောခဲ့တယ်...”

“ကျန့်မျိုးနွယ်လား”

ကျန်းရီ၏မျက်လုံးများ သံသယအရိပ်အယောင် လင်းလက်သွား၏။ သူ ကျန့်ဝူရွှမ်းကိုကြည့်ကာ မေးလိုက်သည်။

“အစ်ကို့ရဲ့ မူလမျိုးနွယ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုကတော့ မဟုတ်လောက်ဘူးမလား”

“မဟုတ်လောက်ပါဘူး။ ငါတို့ စစ်နတ်ဘုရားမျိုးနွယ်ရဲ့ ကျင့်စဉ်တွေက ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲက ကျန့်မျိုးနွယ်ရဲ့ ကျင့်စဉ်တွေနဲ့ မတူပါဘူး။ အရှေ့ဘက် တော်ဝင်နယ်မြေက အကြီးကြီးဆိုတော့ ကျန့်မျိုးနွယ်တွေကလည်း တစ်ခုထက်မက ရှိမှာပဲ”

ကျန့်ဝူရွှမ်းက ခေါင်းခါ၍ ဆက်ပြောလိုက်သည်။

“ဒီတော့... ငါ အရှေ့ဘက် တော်ဝင်နယ်မြေကို သွားရမယ်။ ဘိုးဘေးချန်ထားခဲ့တဲ့ တံဆိပ်ပြားနဲ့ဆိုရင် ငါတို့ရဲ့ မူလမျိုးနွယ်ကို ရှာတွေ့မှာပါ”

ကျန်းရီ နှုတ်ဆိတ်သွားသည်။ ဤကိစ္စက ကျန့်ဝူရွှမ်း၏ မူလမျိုးနွယ်နှင့် သက်ဆိုင်နေပေသည်။ ထို့ကြောင့် သူ ငြင်းရခက်နေ၏။ မူလမျိုးနွယ်သို့ ပြန်လိုခြင်းမှာ ကျန့်မျိုးနွယ်မှ မျိုးဆက်အားလုံး၏ ဆန္ဒတစ်ခု မဟုတ်ပါလား။ ကျန်းရီသည် ကျန့်ဝူရွှမ်း၏ကိစ္စတွင် ဝင်မနှောင့်ယှက်သင့်ပေ။ ထိုအစား သူ့ကို ကူညီနိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။

ကျန်းရီသည် အတော်ကြာစဉ်းစားပြီးနောက် ပြောလိုက်၏။

“အစ်ကို ကျွန်‌တော်နဲ့ လိုက်ခဲ့လို့တော့ မရဘူး။ အစ်ကို အရှေ့ဘက် တော်ဝင်နယ်မြေကို သွားချင်ရင် ကျွန်တော် အစ်ကို့ကို တားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အစ်ကို ကျွန်တော်နဲ့လိုက်ခဲ့လို့ မရဘူး။  အစ်ကိုဝူရွှမ်း... အရင်ဆုံး ရှန်းစီမြို့မှာ ဆက်ကျင်ကြံပြီး အင်အားကို မြှင့်တင်ပါ။ အရှေ့ဘက် တော်ဝင်နယ်မြေမှ ကျွန်တော် ဘယ်သူဆိုတာ ပေါ်သွားရင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အစ်ကိုတို့အားလုံးကို အာရုံစိုက်တော့မှာ မဟုတ်ပါဘူး။ အဲ့ကျမှ အရှေ့ဘက် တော်ဝင်မြေကို လျှို့ဝှက်ပို့ပေးဖို့ ဝမ်ကွမ်းကို ပြောလိုက်ပေါ့။ ကြားထဲမှာလည်း အစ်ကို့ရဲ့ မူလမျိုးနွယ်အကြောင်းကို ဝမ်ကွမ်းကို စုံစမ်းခိုင်းထားလို့ရတာပဲ”

“မင်း ဘယ်သူဆိုတာ ပေါ်သွားမှာလား”

ကျန့်ဝူရွှမ်း စိုးရိမ်သွား၏။ အကယ်၍ ကျန်းရီ မည်သူဖြစ်ကြောင်း ပေါ်သွားလျှင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် ကျန်းရီကိုသာ အာရုံစိုက်နေမည်ဖြစ်သည်။ သို့ဆိုလျှင် ကျန့်ဝူရွှမ်းသည် အရှေ့ဘက် တော်ဝင်နယ်မြေထဲသို့ ပို၍လုံခြုံစွာ ဝင်နိုင်ပေလိမ့်မည်။ သို့သော် ကျန်းရီ မည်သူဖြစ်ကြောင်း ပေါ်သွားလျှင် ကျန်းရီ ရှင်သန်နိုင်ပါမည်လော။ ကျန့်ဝူရွှမ်း လျင်မြန်စွာ မေးလိုက်သည်။

“ကျန်းရီ... မင်းမှာ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ရှိတယ်မလား။ ဘာလို့ မင်းဘယ်သူဆိုတာ ပေါ်ရမှာလဲ။ ငါကြောင့်ဆိုရင်တော့ မင်းအဲ့လိုလုပ်ဖို့ မလိုပါဘူး...”

“အစ်ကို့ကြောင့် မဟုတ်ပါဘူး”

ကျန်းရီက ကျန့်ဝူရွှမ်း၏ပခုံးကို ပုတ်လိုက်ပြီး ထရပ်ကာ ပြောလိုက်သည်။

“ကျွန်တော့်မှာလည်း အရှေ့ဘက် တော်ဝင်နယ်မြေမှာ လုပ်စရာကိစ္စတွေ အများကြီးရှိပါတယ်... စုလောရွှယ်ကို ကယ်ရမှာလိုမျိုးပေါ့။ အဲ့တော့ သေချာပေါက် တိုက်ပွဲတစ်ပွဲ ရှိလာမှာမလား။ ကျွန်တော် တိုက်ပွဲထဲရောက်သွားတာနဲ့ ကျွန်တော် ဘယ်သူဆိုတာ ချက်ချင်းပေါ်သွားမှာပဲလေ။ မစိုးရိမ်ပါနဲ့။ ကျွန်တော့်မှာ ကောင်းကင်ရှောင်တိမ်းခြင်းနဲ့ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည် ရှိပါတယ်။ ကျွန်တော် ဘယ်သူဆိုတာ ပေါ်သွားရင်တောင် ဧကရာဇ်ကိုးပါးကိုယ်တိုင် မလှုပ်ရှားသ၍... ဘယ်သူမှ ကျွန်တော့်ကို မသတ်နိုင်ပါဘူး။ ကျွန်တော် အရှေ့ဘက် တော်ဝင်နယ်မြေကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ပြီးသွားရင် အစ်ကို လှုပ်ရှားလို့ရပါပြီ”

“အန်...”

ကျန်းရီ၏ ယုံကြည်မှုရှိသော မျက်နှာထားနှင့် ရဲတင်းသော စကားများကြောင့် ကျန့်ဝူရွှမ်း သွေးဆူပွက်လာသည်။

သို့သော် ကျန့်ဝူရွှမ်း၏ မျက်လုံးများက ချက်ချင်း ပြန်မှိတ်သွားသည်။ ထို့နောက် သူ စိတ်ထဲမှ ရေရွတ်လိုက်လေသည်။

“ငါ ကျန့်ဝူရွှမ်း အရှေ့ဘက် ‌တော်ဝင်နယ်မြေကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားအောင် လုပ်နိုင်မယ့်နေရက်မျိုး ရှိလာပါ့မလား။ အဲ့လို့နေရက်မျိုးသာ ရှိလာမယ်ဆိုရင် ငါ နောင်တမရှိဘဲ သေနိုင်ပါပြီ...”

***

All Chapters