← Chapters

အပြစ်သားပင်လယ်

Vol. 63 Ch. 870

အပြစ်သားပင်လယ်

Vol. 63 Ch. 870

အရှေ့ဘက် တော်ဝင်နယ်မြေနှင့် ရှန်းစီမျိုးနွယ်စုကြားတွင် ဧရာမပင်လယ်ကြီးတစ်စင်းရှိ၏။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများသည် ထိုပင်လယ်ကို အပြစ်သားပင်လယ်ဟု ခေါ်ကြသည်။ ထိုပင်လယ်က အပြစ်သားကျွန်းဖြင့် နီးသဖြင့် အပြစ်သားပင်လယ်ဟု ခေါ်ခြင်းပင်။

ယခုတွင် အပြစ်သားပင်လယ်၏ မြောက်ဘက်တွင် အာကာပြင်လှိုင်းများ ရုတ်တရက် ဖြစ်ပေါ်လာပြီး အာကာပြင်အက်ကြောင်းထဲမှနေ၍ မိစ္ဆာအရှိန်အဝါရှိသည့် ရွှေရောင်ဝတ်ရုံဖြင့်လူတစ်ယောက် ထွက်လာလေသည်။ ထိုလူတွင် စွမ်းအားကြီးအရှိန်အဝါ ရှိပြီး အနည်းဆုံး မိစ္ဆာဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိပေလိမ့်မည်။ သူ ထွက်ပေါ်လာသောအခါ အနီးပတ်ဝန်းကျင်မှ ပင်လယ်မိစ္ဆာများသည် ကြောက်ရွံ့တကြားဖြင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားကြလေသည်။

ဝှစ်...

ထိုလူ၏ခေါင်းပေါ်တွင် ရွှေရောင်ဦးချိုနှစ်ချောင်းရှိနေသဖြင့် သူက မိစ္ဆာဧကရာဇ်တစ်ပါးနှင့် ဆင်တူနေပေသည်။ သူ၏ ရေခဲတမျှအေးစက်သော မျက်ဝန်းတစ်စုံက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက်တွင် သူသည် အနောက်မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။

“ချူး...ချူး...”

အနောက်မြောက်ဘက်တွင် ကျွန်းလေးတစ်ကျွန်းရှိပြီး ထိုကျွန်းအထက်တွင် သိမ်းငှက်နီနှစ်ကောင် လှည့်ပတ်ပျံသန်းနေသည်။ ရွှေရောင်ဝတ်ရုံနှင့်လူ ချဉ်းကပ်လာသော သိမ်းငှက်နီနှစ်ကောင်က ကြောက်ရွံ့စွာ ပျံတက်သွားသဖြင့် လေပွေတစ်ချက် တိုက်ခတ်သွားသည်။

ဝှစ်...

ရွှေရောင်ဝတ်ရုံနှင့်လူသည် ကျွန်းပေါ်သို့ ပျံသွားလိုက်ပြီး ပတ်ဝန်းကျင်တွင် စွမ်းအားကြီး မိစ္ဆာသားရဲများ ရှိ၊ မရှိ အတည်ပြုလိုက်၏။ ထို့နောက်တွင် သူသည် တင်ပျဉ်ခွေထိုင်ကာ လက်စွပ်အတွင်းမှ ဆေးလုံးတစ်လုံးထုတ်၍ သောက်လိုက်ပြီး မျက်လုံးမှိတ် တရားထိုင်လိုက်လေသည်။

“ဒီနေရာက အရှေ့ဘက် တော်ဝင်နယ်မြေနဲ့ သိပ်မဝေးလောက်ဘူး”

နေ့ဝက်ကြာပြီးနောက် ရွှေရောင်ဝတ်ရုံနှင့်လူက မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ထပ်လေ့လာစူးစမ်းလိုက်သည်။ ပြီးနောက်မှ သူ သက်ပြင်းရှည်တစ်ချက် ချလိုက်၏။ သူသည် ခေတ္တမျှ ထိုင်နေပြီးနောက်တွင် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ အထဲသို့ ဝင်သွားပြီး ကျွန်းပေါ်မှ ပျောက်ကွယ်သွားလေတော့သည်။

ရွှေရောင်ဝတ်ရုံနှင့်လူက ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အသုံးပြုထားခြင်းပင်။ သူက ကျန်းရီဖြစ်ပေသည်။ ကျန်းရီ ရှန်းစီမျိုးနွယ်စုမှ ထွက်လာခဲ့သည်မှာ ဆယ်ရက်ကျော်ပေပြီ။ လုံခြုံရေးကို ဦးစားပေးရမည်ဖြစ်၍ သူသည် ရှန်းစီမြို့မှ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်မလာခဲ့ချေ။ ထိုအစား သူသည် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို စီး၍ ရှန်းစီပင်လယ်အတွင်းသို့ သွားခဲ့၏။ ခရီးတစ်ဝက်ရောက်သောအခါမှ ကောင်းကင်‌ရှောင်တိမ်းခြင်းကိုသုံးကာ ရှန်းစီမျိုးနွယ်စုမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင်လည်း သူသည် အနောက်ဘက်သို့ ခရီးသွားရန် ကောင်းကင်ရှောင်တိမ်းခြင်းကို မဆင်မခြင် မသုံးခဲ့ပေ။ သူသည် လမ်းကြောင်းပြောင်း၍ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ အပြစ်သားပင်လယ်၏ မြောက်ဘက်သို့ သွားခဲ့၏။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေအတွင်းသို့ အနောက်မြောက်ဘက်မှဝင်ရန် ပြင်ဆင်ထားခြင်းပင်။ အနောက်မြောက်ဘက်တွင် လူသားနယ်မြေများစွာ ရှိရာ သူ ထိုဘက်မှ ဝင်လျှင် သံသယသိပ်ဝင်ခံရမည် မဟုတ်ချေ။

သို့သော် အရေးအကြီးဆုံး အချက်မှာ ဗုဒ္ဓဧကရာဇ်မြို့က အ‌ရှေ့ဘက် ‌တော်ဝင်နယ်မြေတွင် ရှိနေခြင်းပင်။

အရှင်အောင်းလု၏ အစီအရင်များကြောင့် ငါးနှစ်ကြာသည်အထိ မည်သူမှ ဆန်းကြယ်နတ်ဘုရားတောင်ပေါ်သို့ တက်နိုင်မည် မဟုတ်ပေ။ ကျန်းရီသည် စုလောရွှယ်နှင့် ကျီထင်ယွီတို့၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ရီဖျောင်ဖျောင်နှင့် ယွီဝမ်တို့ကိုလည်း မစုံစမ်းရသေးပေ။ သိုင်းပညာခန်းမကို ဖျက်ဆီးပစ်ရန်မှာလည်း လက်ရှိ သူ၏အင်အားနှင့်ဆိုလျှင် မဖြစ်နိုင်သေး။ ထို့ကြောင့် သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ ဗုဒ္ဓဧကရာဇ်မြို့သို့သွား၍ အပြစ်ဆေးကြောဒေသကိုရှာကာ ချမ်ချမ်ကို ကုသနိုင်မည့် မီးမြွေသစ်ခွကို ရနိုင်မည့်နည်လမ်းတစ်ခု စဉ်းစားရုံသာ ရှိတော့သည်။

ရွှီး...

ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကို တစ်ခါသုံးတိုင်း မိုင်သန်းထောင်ချီ ခရီးရောက်နေသဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေနှင့် မဝေးတော့ချေ။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးကြိမ်သုံးလိုက်ပြီးနောက် မဆင်မခြင် ဆက်မသုံးဝံ့တော့သဖြင့် ရပ်လိုက်လေသည်။

ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှာ အရှေ့ဘက် တော်ဝင်နယ်မြေ၏ အင်အားကြီးမျိုးနွယ်စုကြီးတစ်ခု ဖြစ်သဖြင့် ကျန်းရီအကြောင်း သတင်းအချက်အလက်များ အပြည့်အစုံ ရှိထားနိုင်ပေသည်။ အကယ်၍ ကျန်းရီသာ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ဝင်ဝင်ချင်း မပေါ်သွားလိုလျှင် သိုသိုသိပ်သိပ် သွားလာရပေလိမ့်မည်။ သူ ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်သုံးလိုက်၍ နယ်မြေရှိ မြို့တစ်မြို့အထက်တွင် ပြန်ပေါ်လာလျှင် သူ မည်သူဖြစ်ကြောင်း ချက်ချင်း ပေါ်သွားမည်ဖြစ်သည်။

ကောင်းကင်ရှောင်တိမ်းခြင်း၊ မီးတိမ်သံချပ်ကာ၊ မီးနဂါးဓား၊ မိုးကြိုးမီး၊ မိုးကြိုးအမျက်၊ နတ်ဘုရားအသံ ကောင်းကင်အတတ်၊ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး၊ သတ်ဖြတ်အရှိန်အဝါ... ယင်းတို့မှာ သူက ကျန်းရီဖြစ်ကြောင်း ပေါ်သွားစေနိုင်သည့် အရာများပင်။

ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေနှင့် နီးကပ်လာလျှင် လူသိများသည့် စွမ်းရည်များ၊ ရတနာများကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ သူသာ ၎င်းတို့ကို သုံးလိုက်လျှင် ချက်ချင်း စစ်ဆေးခံရပေလိမ့်မည်။ အကယ်၍ စွမ်းအားကြီး ရန်သူတစ်ယောက်ကသာ လိုက်ဖမ်းလျှင် သူ စွမ်းအားကြီးတိုက်ခိုက်မှုများကို ထုတ်ကာ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးရန် လိုအပ်လာမည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် သူက ကျန်းရီဖြစ်ကြောင်း ချက်ချင်း ပေါ်သွားမည်သာ။ ထိုအခါ ရှဲ့၊ ဝူ၊ ထူနှင့် ကျန့်မျိုးနွယ်တို့သည် သူ့ကို သတ်ရန် ချက်ချင်း သူတို့၏ပညာရှင်များကို စေလွှတ်လိုက်ပေလိမ့်မည်။

ထို့ကြောင့် ကျန်းရီသည် ထွက်မလာခင်ကတည်းက သေရေးရှင်ရေး အခြေအနေမှမလုပ်လျှင် လူသိများ‌သော စွမ်းရည်များ၊ ရတနာများကို မသုံးရန် ဆုံးဖြတ်လာခဲ့ပေသည်။ သူသည် တိုက်ခိုက်ရမည့်အရေးများကို တတ်နိုင်သမျှ ရှောင်မည်ဖြစ်ပြီး ဗုဒ္ဓဧကရာဇ်မြို့အတွင်းသို့ သိုသိုသိပ်သိပ် ခိုးဝင်မည်ဖြစ်သည်။

ကျန်းရီသည် မိုင်တစ်သောင်းကျော် ဆက်ပျံသန်းပြီးသွားလျှင် ရပ်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကိုသုံး၍ စူးစမ်းထောက်လှမ်းရန် ပြင်ဆင်ထား၏။ ဤနေရာသည် ပင်လယ်ရေတိမ်ပိုင်းဒေသ ဖြစ်သဖြင့် စွမ်းအားကြီး မိစ္ဆာသားရဲများ မရှိလောက်ပေ။ သို့သော် သူ သေချာမစူးစမ်းလျှင် အရှေ့ဘက် တော်ဝင်နယ်မြေမှ လူသားများနှင့် တွေ့ရနိုင်ပေသည်။

ယခုတွင် ကျန်းရီသည် မိစ္ဆာမျိုးနွယ်ပုံစံနှင့် မဟုတ်တော့ဘဲ အောက်သိုးသိုးမျက်နှာထားရှိသော အသက်လတ်ပိုင်းအရွယ် လူသားတစ်ယောက်ပုံစံ ဖြစ်နေပေပြီ။ အခြားလူများသည် သူက အဆင့်နိမ့် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ကြောင်း အာရုံခံနိုင်ပေလိမ့်မည်။ ထိုအင်အားအဆင့်ဖြင့်ဆိုလျှင် သာမန်လူများက သူ့ကို ရန်ရှာလိမ့်မည် မဟုတ်ချေ။

“ဟိုဘက်မှာ လူတွေ ရှိနေတယ်”

တစ်ရက်နှင့်တစ်ည ပျံသန်းပြီးနောက် ကျန်းရီသည် လူသားများကို ရှာတွေ့လိုက်၏။ သို့သော် လူတစ်ယောက်တည်းကို တွေ့ခြင်းမဟုတ်ဘဲ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို တွေ့လိုက်ခြင်းပင်။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောသည် အရှေ့မြောက်ဘက်မှနေ၍ လျင်မြန်စွာ ပျံသန်းလာ၏။ ၎င်းပျံသန်းနေသော ဦးတည်ရာမှာလည်း အရှေ့ဘက် တော်ဝင်နယ်မြေဆီသို့ပင်။

“အန်... သူတို့နောက်ကို လိုက်ရမယ်”

ကောင်းကင်ကံကြမ္မာသင်္ဘောရှိလျှင် ကုန်သည်အဖွဲ့အစည်းလည်း ရှိရပေမည်။ ထိုကုန်သည်အဖွဲ့အစည်း၏ ဌာနချုပ်က သေချာပေါက် အရှေ့ဘက် တော်ဝင်နယ်မြေ၏ ပင်လယ်ပိုင်းတွင် ရှိလောက်၏။ ကျန်းရီသည် ထိုကောင်းကင်ကံကြမ္မာသင်္ဘောအနောက်သို့ လိုက်ကာ ဌာနချုပ်သို့ သွားရန် ကြံစည်းလိုက်၏။ ရှေးဦးစွာ သူသည် အနီးဝန်းကျင်မှ အခြေအနေကို စူးစမ်းရပေမည်။ သူ့တွင် အရှေ့ဘက် တော်ဝင်နယ်မြေ၏ မြေပုံမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေချေ။

ကောင်းကင်ကံကြမ္မာသင်္ဘောက အသေးစားလေးဖြစ်ပြီး ၎င်း၏အရှိန်က ကျန်းရီ၏အရှိန်နှင့် မကွာပေ။ ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘောအနီးသို့ မကပ်ရဲချေ။ သင်္ဘောပေါ်တွင် ပညာရှင်တစ်ယောက် ရှိနေလျှင် သူ အနီးသို့ကပ်သွားသည်နှင့် သူလျှိုတစ်ယောက်ဟု သတ်မှတ်ခံရကာ တိုက်ခိုက်ခံရမည်ဖြစ်သည်။

ထို့ကြောင့် ကျန်းရီသည် သင်္ဘောနှင့် မိုင်တစ်သောင်းအကွာမှနေ၍ လိုက်သွား၏။ အချိန်တစ်ခုကြာပြီးတိုင်း သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်ကာ သင်္ဘော၏လမ်းကြောင်းကို စူးစမ်းလေသည်။ သူသည် သူ မည်သည့်နေရာတွင် ရှိနေသည်၊ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်ရန် မည်မျှလိုသေးသည်ကို အတိအကျမသိချေ။ ထို့ကြောင့် သူ ရွေးချယ်စရာမရှိတော့ဘဲ ကောင်းကင်ကံကြမ္မာသင်္ဘောနောက်သို့သာ မျက်စိမှိတ်လိုက်သွားရလေသည်။

သုံးရက်...

ကျန်းရီသည် သုံးရက်ကြာပျံသန်းပြီးနောက်တွင်ပင် အရှေ့ဘက် တော်ဝင်နယ်မြေသို့ မရောက်သေးသဖြင့် စိတ်ဓာတ်ကျလာ၏။ ဤမျှဝေးမည်မှန်းသာ သိခဲ့ပါလျှင် သူ တာတိုကောင်းကင်ရှောင်တိမ်းခြင်းကို ထုတ်သုံးခဲ့မိမည်ဖြစ်သည်။ အရှေ့တွင် ကျွန်းလေးတစ်ကျွန်း ထွက်ပေါ်လာ၏။ ကျန်းရီသည် ကျွန်းသို့ ပျံသွားလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကို လျင်မြန်စွာ ထုတ်လိုက်၏။ သူသည် တတ်နိုင်သမျှ ဝေးဝေးသို့ ထောက်လှမ်းရန် ပြင်ဆင်နေပြီး အ‌ရှေ့ဘက် တော်ဝင်နယ်မြေကို တွေ့နိုင်မည်လောကို သိလိုနေပေသည်။

“အာ... ဓားပြတွေ ရှိနေတာလား”

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ကောင်းကင်ကံကြမ္မာသင်္ဘော၏ ရှေ့ဘက် မိုင်တစ်သောင်းအကွာကို စူးစမ်းထောက်လှမ်းသောအခါ တိုက်ပွဲတစ်ပွဲဖြစ်နေသည်ကို သတိပြုမိလိုက်လေသည်။ ထိုနေရာတွင် ဓားပြတစ်ထောင်နီးပါး ရှိနေပြီး ခေါင်းဆောင်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်သည်။ ယင်းက ဓားပြတပ်မဟာအသေးလေးတစ်ခုဖြစ်ကြောင်း ထင်ရှား၏။

သို့သော် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ ခရီးသည်များသည် ဓားပြများကို မခုခံနိုင်လောက်ပေ။ ကောင်းကင်ကံကြမ္မာသင်္ဘောမှနေ၍ သိုင်းသမား ခြောက်ရာကျော်သာ ပျံထွက်သွား၏။ သူတို့ထဲတွင် အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ပါးမှ မပါသည့်အပြင် အယောက်တစ်ရာကျော်လောက်က ဗာဂျရာအဆင့် သိုင်းသမားများ ဖြစ်နေပေသည်။

“ဘာလဲဟ... ဒါက ကုန်သည်အဖွဲ့အစည်းတစ်ခုရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောမှ ဟုတ်ရဲ့လား။ ဘာလို့ ပညာရှင်တစ်ယောက်မှ ပါမလာရတာလဲ”

ကျန်းရီ အံ့အားသင့်သွား၏။ ပုံမှန်ဆိုလျှင် ကောင်းကင်ကံကြမ္မာသင်္ဘောကို စောင့်ကြပ်ရန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး ပါလာလေ့ရှိသည်။

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းနှင့် စူးစမ်းပြီးနောက် နားလည်သွား၏။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် ထိုပျံထွက်သွားသော လူခြောက်ရာအပြင် အမျိုးသမီးရှစ်ဦးနှင့် ကလေးနှစ်ဦးသာ ရှိပေသည်။

ထိုကောင်းကင်ကံကြမ္မာသင်္ဘောက ကုန်သည်အဖွဲ့အစည်းတစ်ခု၏ သင်္ဘောမဟုတ်ကြောင်း သေချာသွားပေပြီ။ ၎င်းသည် မျိုးနွယ်တစ်ခု၏ သင်္ဘောဖြစ်နိုင်ပေသည်။

ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းက ကလေးနှစ်ယောက်မှာ ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက်ဖြစ်ကြောင်း အာရုံခံမိလိုက်၏။ သူတို့၏အသက်မှာ သုံးနှစ်လောက်သာ ရှိ‌ပေလိမ့်ဦးမည်။ ယခုတွင် ကလေးနှစ်ယောက်သည် ငိုကြွေးနေကြပြီး အမျိုးသမီးများကလည်း ကြောက်ရွံ့တုန်လှုပ်နေကြလေသည်။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင် လက်သွား၏။ သူ စိတ်ထဲမှ ဆဲလိုက်သည်။

“ဒီစောက်ရူးတွေက ဒီလိုခရီးမှာ ကလေးတွေကိုပါ ခေါ်လာတာလား။ အဲ့စောက်မျိုးနွယ်က ရူးသွားတာလား”

သိုင်းသမားများ အချင်းချင်း သတ်ဖြတ်ကြခြင်းမှာ သာမန်သာဖြစ်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေက ကြမ်းတမ်းသော ဂုဏ်သတင်းရှိပေသည်။ နယ်မြေထဲတွင် လှည့်လည်သွားဝံ့သူများသည် သေရန် ပြင်ဆင်ထားရ၏။ သို့ပင်လျှင် အဘယ်ကြောင့် မိန်းမနှင့် ကလေးများကို အန္တရာယ်တောထဲသို့ ခေါ်လာခဲ့ရသနည်း။ ကလေးများက အပြစ်ကင်း၏။ သို့သော် ထိုဓားပြများသည် ကလေးများကိုလည်း အလွတ်ပေးမည် မဟုတ်ချေ။

ဝုန်း...ဝုန်း...ဝုန်း...

ထိုဓားပြတပ်မဟာက အသေးစားလေးသာ ဖြစ်သော်လည်း ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ သိုင်းသမားများက အားနည်းလွန်းနေပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သိုင်းသမားခြောက်ရာထဲမှ တစ်ဝက်နီးပါး အသတ်ခံလိုက်ရပေပြီ။ ကျန်လူများ၏ မျက်နှာထားများကလည်း မျှော်လင့်ချက်ကင်းမဲ့နေပေသည်။ သို့သော် သူတို့သည် သူတို့၏အသက်အတွက် တိုက်ခိုက်နေကြဆဲပင်။

ဝုန်း...ဝုန်း...ဝုန်း...

ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကို အလင်းတန်းများ ထိမှန်သွား၏။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောမှာ အသေးစားလေးဖြစ်သဖြင့် အကာအရံကလည်း အားနည်းပေသည်။ ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းက အကာအရံကိုဖောက်၍ သင်္ဘောအတွင်းရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပေသည်။

မကြာခင်မှာပင် ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံက မှိန်သွားပြီး ပျက်စီးလုနီးပါး ဖြစ်လာ၏။ အမျိုးသမီးများက အလွန်ကြောက်ရွံ့တုန်လှုပ်နေကြသည်။ အိပ်ထောင်သည် မိန်းမပျိုတစ်ယောက်သည် ဓားမြှောင်တစ်ချောင်း ထုတ်လိုက်ပြီး သူမ၏လည်ပင်းကို ထိုဓားမြှောင်ဖြင့် ထောက်လိုက်၏။ သူမသည် ဓားပြများ၏လက်ထဲသို့ ‌မရောက်သွားရန် သူမကိုယ်သူမ သတ်သေဖို့ လုပ်နေခြင်းပင်။ ကလေးနှစ်ယောက်ကလည်း အလွန်ကြောက်ရွံ့နေကြ၏။ သူတို့၏ မျက်လုံးဝိုင်းကြီးများထဲတွင် အကြောက်တရားများ၊ ကူကယ်ရာမဲ့မှုများနှင့် ပြည့်နှက်နေပေသည်။

“ဟူး...”

ကျန်းရီသည် ထိုကိစ္စထဲ ဝင်မပါလိုသော်လည်း ကလေးနှစ်ယောက်ကို တွေ့လိုက်သောအခါ စိတ်ပျော့သွားပေသည်။ ထိုကလေးများသည် လောကထဲသို့ မကြာသေးခင်ကမှ ရောက်လာခြင်းပင်။ သူတို့သာ ဤကဲ့သို့ သေသွားလျှင် သူတို့အတွက် အမှန်ပင် မတရားရာကျပေလိမ့်မည်။

ရွှီး...

ကျန်းရီ၏ အရှိန်အဝါသည် တောင်တစ်လုံးကဲ့သို့ ရုတ်တရက် ထိုးထွက်လာ၏။ ထို့နောက်တွင် သူသည် သက်တန့်တစ်စင်းအလား အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်လေတော့သည်။

***

All Chapters