ထန်ထိုက်ရှစ်
Vol. 63 Ch. 871
“စုန့်ဟယ်... လူဆယ်ယောက်ခေါ်ပြီး သခင်မနဲ့ သခင်လေးတွေ၊ သခင်မလေးတွေကို ခေါ်သွားကြ။ ငါတို့ ဓားပြတွေကို ကာကွယ်ထားမယ်”
ကျန်းရီသည် အနီးသို့ မရောက်သေးခင်တွင် တိုက်ပွဲနေရာမှ ထွက်ပေါ်လာသော အော်သံတစ်သံကို ကြားလိုက်ရလေသည်။ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ကျန်နေသေးသော သိုင်းသမားနှစ်ရာကျော်ကို ဦးဆောင်ကာ အရှေ့ရှိ ဓားပြတပ်မဟာထံ ပျံသန်းသွားလိုက်သည်။ သူတို့အားလုံးသည် သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို အသည်းအသန် ထုတ်လွှတ်နေကြပြီး ဓားပြများကို တားဆီးလိုက်ကြသည်။
“ဟားဟားဟား... ထွက်ပြေးဖို့ ကြိုးစားနေတာလား။ ဒီတပ်မှူးက လတ်ဆတ်တဲ့ အလှလေးတွေကို အရသာမခံရတာ သုံးလလောက်ရှိပြီ။ မင်းတို့ အေးအေးဆေးဆေး အညံ့ခံမယ်ဆိုရင် ငါ မင်းတို့ကို အသက်ချမ်းသာပေးနိုင်တယ်။ မဟုတ်ရင်တော့ မင်းတို့ကို အညှာအတာမရှိ သတ်ပစ်မယ်”
ဓားပြတပ်မဟာ၏ တပ်မှူးသည် ပိန်ပါး၊ ဖြူဖျော့သော လူတစ်ယောက်ပင်။ သူက အပြာရောင် စစ်သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူသည် ယုတ်မာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး လက်ထဲမှ အစိမ်းရောင် ဓားပျော့ကို လှုပ်ယမ်းလိုက်၏။ သူ ဓားလှုပ်ယမ်းလိုက်တိုင်း ဓားအလင်းများ ပျံထွက်သွားပြီး ထိုဓားအလင်းလှိုင်းများသည် ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကို သွားရောက်ထိမှန်လေသည်။
တပ်မှူးသည် လူဆယ်ယောက်က ကောင်းကင်ကံကြမ္မာသင်္ဘောဆီ အမြန်ပြန်သွား၍ အမျိုးသမီးများ၊ ကလေးများနှင့်အတူ ထွက်ပြေးရန် ဟန်ပြင်နေသည်ကို မြင်လိုက်သောအခါ လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ သူ၏ဓားပျော့ လင်းလက်လာပြီး ထက်ရှသော ဓားအလင်းများ ပျံထွက်သွားကာ ထိုလူဆယ်ယောက်ကို လွှမ်းခြုံသွားသည်။
“သတ်...သတ်...သတ်...”
ဓားပြများက အလွန် ရက်စက်၏။ သူတို့သည် ဓားပြများဖြစ်သဖြင့် တိုက်ပွဲများ မပြတ်ဆင်နွှဲနေရပေရာ သေရမည်ကို မကြောက်ကြပေ။ ယခုကဲ့သို့ တစ်ဖက်သတ်တိုက်ပွဲမျိုးက သူတို့၏ အကြိုက်ပင်။ ဓားပြအားလုံးသည် သက်တန့်တန်းများကဲ့သို့ ကောင်းကင်တစ်ခွင်တွင် ဖြန့်ကျက်လိုက်ပြီး စွမ်းအားအကြီးဆုံး စွမ်းရည်များကို ထုတ်ကာ သူတို့ထံ အသည်းအသန် ပျံဝင်လာသည့် သိုင်းသမားနှစ်ရာကျော်ကို သတ်လိုက်ကြ၏။
ဝုန်း...ဝုန်း...ဝုန်း...
ဓားပြအရေအတွက်က များပြား၏။ ထို့ပြင် သူတို့ဘက်တွင် အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ် ဒါဇင်ကျော် ရှိပေသည်။ ထို့ကြောင့် ထိုသိုင်းသမားနှစ်ရာကျော်က အသက်ကိုရင်း၍ တိုက်ခိုက်လျှင်လည်း အချည်းနှီးသာ။ နှစ်ချီ တိုက်ခိုက်ပြီးနောက်တွင် လူတစ်ရာ ထပ်သေသွားပြီး သူတို့၏ခန္ဓာကိုယ်များက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြလေသည်။
“ငါတို့တော့ သွားပြီ...”
အစောက အော်ကာအမိန့်ပေးခဲ့သော အသက်လတ်ပိုင်း အမျိုးသားက မျှော်လင့်ချက်မဲ့သွားဟန်ဖြင့် ရေရွတ်လိုက်သည်။ သူသည် ကောင်းကင်ကံကြမ္မာသင်္ဘောကို ကြည့်လိုက်ပြီး နာကျင်တကြီး အော်ပြောလိုက်၏။
“သခင်မ၊ သခင်လေး၊ သခင်မလေး... စုန့်ကျုံးက အရည်အချင်းမရှိလို့ သခင်မတို့ကို မကာကွယ်နိုင်ပါဘူး...”
ဝုန်း...ဝုန်း...
ကောင်းကင်ကံကြမ္မာသင်္ဘောသို့ သွားရန် ဟန်ပြင်နေသော လူဆယ်ယောက်ထဲမှ ကိုးယောက်၏ နတ်ဘုရားဒိုင်းများ ပျက်စီးသွားပြီး သူတို့သည် ဓားပြတပ်မှူး၏ သတ်ဖြတ်မှုကို ခံလိုက်ရလေသည်။ သူတို့၏ခန္ဓာကိုယ်များသည် ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။ ထိုမြင်ကွင်းက ဆိုးဝါးလွန်းပေသည်။ ကံကောင်းထောက်မစွာ ရှင်ကျန်ခဲ့သူတစ်ယောက်ကလည်း ကောင်းကင်ကံကြမ္မာသင်္ဘောအနားသို့ မသွားဝံ့တော့ပေ။
ဓားပြတပ်မှူး၏ မျက်လုံးများက အနီရောင်အလင်း လက်သွားသည်။ ထို့နောက် သူ စိတ်လှုပ်တရှား အော်ပြောလိုက်၏။
“သတ်ကြ... ယောက်ျားအကုန်လုံးကို သတ်ကြ။ ဒီတပ်မှူးက အလှဆုံး မိန်းမကိုပဲ လိုချင်တာ။ ကျန်တဲ့ကောင်မတွေကို မင်းတို့ ဝေစားလို့ရတယ်”
“ဝေး...ဝေး...ဝေး...”
ဓားပြများ ချက်ချင်း စိတ်တက်ကြွသွား၏။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် မိန်းမရှစ်ယောက် ပါလာရာ အိမ်ထောင်ရှိ မိန်းမပျိုက အလှပဆုံးဖြစ်သည်။ ကျန်းမိန်းမများမှာ အစေခံများဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် သူမတို့၏ ရုပ်ရည်များကလည်း မဆိုးလှပေ။ ထို့ကြောင့် ဓားပြများ အလွန်စိတ်လှုပ်ရှားနေကြလေသည်။
“ဟွန်း...”
ထိုအခိုက်တွင် အရှေ့ဘက်မှနေ၍ ကြောက်မက်ဖွယ် နှာမှုတ်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံထဲတွင် အတွင်းအားပါပေရာ အားလုံး၏ နားအတွင်းသို့ မိုးချုန်းသံအလား ဝင်သွားသည်။ အရှေ့ဘက်မှနေ၍ အလင်းတန်းတစ်ခုက လျင်မြန်စွာ ပျံသန်းလာ၏။ ထိုအလင်းတန်းတွင် တောင်တစ်လုံးကဲ့သို့သော ကြောက်မက်ဖွယ် အရှိန်အဝါ ရှိနေပေသည်။
“အန်...”
ဓားပြတပ်မှူးသည် တိုက်ခိုက်နေခြင်းကို ရပ်လိုက်၏။ သူက အရှေ့ဘက်သို့ ကြောက်ရွံ့သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ကျန်ဓားပြများလည်း တိုက်ခိုက်နေသည်ကို ရပ်လိုက်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘောဘက်မှ သိုင်းသမားများကလည်း တစ်လက်မပင် မလှုပ်ကြပေ။ ရောက်ရှိလာသောလူတွင် ကြီးမားသော အရှိန်အဝါရှိသဖြင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်ကြောင်း ထင်ရှားပေသည်။
ရောက်ရှိလာသူမှာ ကျန်းရီပင်။ သူ၏အရှိန်အဝါက ပုံရိပ်ယောင်တစ်ခုဖြစ်သည်။ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က အလွန်အံ့အားသင့်စရာကောင်း၏။ ထိုစွမ်းရည်ဖြင့်ဆိုလျှင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ အရှိန်အဝါကို တုပရန် မဆိုထားနှင့် နတ်ဘုရားတစ်ပိုင်းများ၏ အရှိန်အဝါကိုပင် တုပနိုင်ပေသည်။ သူသည် အဆုံးမဲ့ပင်လယ်နက်တွင် အနက်ရောင်နတ်ဘုရားကဲ့သို့ပင် ဟန်ဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။ သူ၏ ရုပ်သွင်နှင့် အရှိန်အဝါသာမက သူ၏စွမ်းအားနှင့် ဖိအားတို့ကလည်း အနက်ရောင်နတ်ဘုရားနှင့် အတူတူဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် ကြိုက်ရာမိစ္ဆာအရှင်အဖြစ် ဟန်ဆောင်နိုင်ပေသည်။
ဤနေရာရှိ လူအားလုံးသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း သိကြ၏။ အကယ်၍ သူတို့သာ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ပညာရှင်ကို ဒေါသထွက်အောင် လုပ်မိလျှင် အားလုံး သေသွားရပေလိမ့်မည်။ ထို့ကြောင့် မည်သူမှ မလှုပ်ဝံ့ကြခြင်းပင်။
ကျန်းရီက အားလုံး၏ အထက်သို့ ပျံတက်သွားပြီး အေးစက်စက်မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်က ဓားပြတပ်မှူး၏ခေါင်းထက်တွင် ရပ်သွား၏။ သူ ပြုံးလိုက်ပြီး သတ်ဖြတ်အရှိန်အဝါကိုထုတ်ကာ အော်ပြောလိုက်သည်။
“ထွက်သွားစမ်း...”
ဝှစ်...ဝှစ်...ဝှစ်...
ဓားပြတပ်မှူးနှင့် ကျန်ဓားပြများအားလုံးသည် နောက်သို့ မီတာထောင်ကျော် ဆုတ်လိုက်ကြ၏။ သို့သော် ဓားပြတပ်မှူးက အမှန်တကယ် ထွက်ပြေးခြင်းမဟုတ်ပေ။ သူက လက်ဆုပ်လိုက်ပြီး တောင်းပန်ဟန်ပြုံးကာ ပြောလိုက်သည်။
“အရှင်... ကျွန်တော်က မီးတောက်နက်တပ်မဟာက လက်ထောက်တပ်မဟာမှူး ဟေးရှာရဲ့ ယောက်ဖပါ။ အရှင် ကျွန်တော့်ကို မျက်နှာသာနည်းနည်းပေးလို့ ရမလားခင်ဗျာ။ ဟီးဟီး... တကယ်လို့ အရှင်က အဲ့အိမ်ထောင်သည်မလေးကို သဘောကျနေတာဆိုရင်လည်း အရှင် သူ့ကို ခေါ်သွားလို့ရပါတယ်။ ကျန်တဲ့မိန်းမခုနစ်ယောက်နဲ့ဆို ကျွန်တော်တို့အတွက် လုံလောက်ပါပြီ”
“မီးတောက်နက်တပ်မဟာလား”
ကျန်းရီသည် ထိုတပ်မဟာကို တစ်ခါမှ မကြားခဲ့ဖူးချေ။ သို့သော် ထိုလူသည် ထိုအမည်ကို ထုတ်ပြောခဲ့သဖြင့် ယင်းတပ်မဟာသည် အနီးပတ်ဝန်းကျင်တွင် စွမ်းအားကြီးသော ဓားပြတပ်မဟာတစ်ခု ဖြစ်နိုင်ပေသည်။ သို့သော် သူသည် လူကယ်ရန် ဆုံးဖြတ်ပြီးသွားပြီဖြစ်သဖြင့် ထိုကိစ္စများကို စိုးရိမ်နေမည် မဟုတ်ပေ။ သူ၏လက်က အဖြူရောင်အလင်း လက်သွားပြီး အနက်ရောင်ဓားကြီးတစ်ကြောင်း ထွက်ပေါ်လာလေသည်။ သူ၏ကိုယ်ပေါ်တွင်လည်း အနက်ရောင်စစ်သံချပ်ကာတစ်ထည် ထွက်ပေါ်လာသည်။ ထို့နောက် သူ အတွင်းအား လှည့်ပတ်လိုက်ရာ ဓားကြီးနှင့် စစ်သံချပ်ကာတို့က တောက်ပလာပြီး ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လိုက်လေသည်။
ကျန်းရီ ထပ်အော်ပြောလိုက်၏။
“ငါ သုံးအထိပဲ ရေမယ်။ တစ်၊ နှစ်၊...”
“အတုအယောင် နတ်ဘုရား အသုံးအဆောင်...”
ဓားပြတပ်မှူးနှင့် ကျန်ဓားပြများအားလုံး မျက်စိမျက်နှာပျက်သွားကြသည်။ ထိုအထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်သည် အတုအယောင် နတ်ဘုရား အသုံးအဆောင်ကိုပင် ပိုင်ဆိုင်ထားသဖြင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် အပိုစကားများ ပြောမနေတော့ဘဲ အလင်းတန်းများအဖြစ် ပြောင်းလဲကာ ချက်ချင်း အဝေးသို့ ထွက်ပြေးသွားကြလေသည်။
“ဟူး...”
ကျန်းရီသည် ရင်ထဲမှ သက်ပြင်းချလိုက်၏။ သူ သက်ပြင်းချလိုက်ခြင်းမှာ ထိုဓားပြများကို ကြောက်၍မဟုတ်ပေ။ သူသာ တိုက်ခိုက်လိုက်လျှင် ဓားပြရာကျော်ကို ချက်ချင်း သတ်ပစ်နိုင်ပေသည်။ သို့သော် ထိုသို့လုပ်ရန် သူ၏ တိုက်ခိုက်အင်အား အစစ်အမှန်ကို ထုတ်ပြရမည်ဖြစ်သည်။ သူသည် အင်အားကုန်မထုတ်ဘဲ အတုအယောင် နတ်ဘုရား အသုံးအဆောင်နှစ်ခုကိုသာသုံး၍ ထိုဓားပြများကို သတ်ပစ်နိုင်သော်လည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်အဖြစ် ဟန်ဆောင်ထားမှုတွင် ဟာကွက်များ ပေါ်သွားပေလိမ့်မည်။
ထိုအတုအယောင် နတ်ဘုရား အသုံးအဆောင်နှစ်ခုကို ချမ်ဝမ်ကွမ်းက ပေးထားခြင်းပင်။ ၎င်းတို့ကို သံနက်ဓားနှင့် သံနက်ချပ်ဝတ်ဟု ခေါ်ပေသည်။ ချမ်ဝမ်ကွမ်းသည် စစ်ထူမျိုးနွယ်၏ သားမက်တော် ဖြစ်နေပြီဖြစ်၍ ကောင်းကင်ကျောက်တုံးများစွာ ရှိရာ အတုအယောင် နတ်ဘုရား အသုံးအဆောင် နှစ်ခုကို ဝယ်ရန်မှာ အလွန်လွယ်ကူသော အလုပ်တစ်ခုပင်။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဓားပြများ အဝေးသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးသောအခါ အောက်သို့ ငုံ့ကြည့်လိုက်လေသည်။
စုန့်ကျုံးဟုခေါ်သူသည် သူ့လူများကို ဦးဆောင်၍ အလောင်းများအားလုံးကို ပြန်သယ်နေပေပြီ။ သူတို့ဘက်မှ လူများ၏ ခြေပြတ်၊ လက်ပြတ်များကိုလည်း လိုက်လဲ စုဆောင်း၍ နတ်ဘုရားလက်စွပ်ထဲတွင် သိမ်းဆည်းနေကြသည်။ ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကိုလည်း ပိတ်လိုက်ပြီဖြစ်သည်။ သင်္ဘောပေါ်မှ အမျိုးသမီးရှစ်ယောက်က ပျံထွက်လာကြသည်။ အစေခံမလေးနှစ်ယောက်သည် ကလေးတစ်ယောက်စီကို ချီလာကြ၏။ အစောင့်များက ထိုအမျိုးသမီးများထံ ပျံသန်းသွားကြပြီး သူမတို့အနောက်မှ ပျံသန်းလာ၏။ ထို့နောက်တွင် သူတို့သည် လေထဲမှာပင် ကျန်းရီ၏အရှေ့၌ ဒူးထောက်လိုက်ကြသည်။
အိမ်ထောင်ရှင် မိန်းမပျိုက အလယ်တွင်နေ၍ ဦးညွှတ်ကာ နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။
“ကျွန်မတို့ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ထန်ထိုက်ရှစ် အရှင့်ကို ကျေးဇူးအများကြီး တင်ပါတယ်”
ကလေးနှစ်ယောက်သည်ပင် ရှက်ရွံ့စွာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဦးဦး...”
ကျန်းရီသည် အလယ်ရှိ အိမ်ထောင်ရှင်မိန်းမပျိုကို ကြည့်လိုက်၏။ သူမသည် ဤလူများ၏ သခင်မဖြစ်ပုံပေါ်လေသည်။ ထိုစဉ် ထိုမိန်းမပျိုက ခေါင်းပြန်မော့လိုက်၍ ကျန်းရီနှင့် အကြည့်ဆုံသွား၏။ ကျန်းရီ၏ မျက်လုံးများ အရောင်တောက်သွား၏။ သူ ထိုမိန်းမပျို၏အလှကို စိတ်ထဲမှ ချီးမွမ်းလိုက်သည်။
ထိုမိန်းမပျိုသည် အသက်နှစ်ဆယ်ကျော်လောက်သာ ရှိသေးပုံရပြီး မြစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပေသည်။ သူမသည် ဆံထုံး ထုံးထားပြီး နားတွင် အစိမ်းရောင်ကျောက်နှစ်ခုကို ဝတ်ဆင်ထား၏။ သူမက ရုပ်ရည်ချောမောကာ ကိုယ်လုံးကိုယ်ပေါက်လည်း လှပလေသည်။ သူမခန္ဓာကိုယ်၏ ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းမှာ သွယ်လျသော ခါးကလေးဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားက ခါးသေးရင်ချီဖြစ်ရာ အလွန်ကြည့်၍ လှ၏။ သူမ၏ အငွေ့အသက်ကလည်း ထူးကဲရာ သူမသည် အလွန်ချစ်စဖွယ်ဖြစ်နေပြီး ဆွဲဆောင်မှု ရှိနေပေသည်။
ကျန်းရီသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်၏။ သူ့တွင် လုပ်စရာများစွာ ရှိနေသဖြင့် မိန်းမများကို စိတ်မဝင်စားနိုင်သေးပေ။ ထို့ကြောင့် သူ အရေးမစိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“ငါက ဖြတ်သွားရင်း လမ်းကြုံလို့ ကူညီလိုက်တာပါ။ နောက်ကျရင် မင်းတို့ အကောင်းဆုံးကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြရမယ်...”
ကျန်းရီ ပျံသန်းသွားရန် ဟန်ပြင်လိုက်သောအခါ အစောင့်များက စိတ်လှုပ်ရှားသွား၏။ စုန့်ကျုံးက အံ့ကြိတ်ကာ အော်ပြောလိုက်သည်။
“အရှင်... ဒီပတ်ဝန်းကျင်မှာ မီးတောက်နက်တပ်မဟာက အင်အားအကြီးဆုံး ဓားပြတပ်မဟာပါ။ တကယ်လို့ အရှင်သာ ကျွန်တော်တို့ကို မကူညီဘူးဆိုရင် ကျွန်တော်တို့ နောက်သုံးရက်မပြည့်ခင်မှာပဲ သေချာပေါက် သေသွားပါလိမ့်မယ်”
***