ဦးဦးက လူကောင်းတစ်ယောက်ပဲ
Vol. 63 Ch. 872
“အန်...”
ကျန်းရီသည် လေထဲတွင် ရပ်လိုက်ပြီး ဒေါသမျက်ဝန်းများဖြင့် အေးစက်စက်ကြည့်လိုက်၏။ သူသည် ကြင်နာတတ်၍ သူတို့ကို ကယ်တင်ခဲ့ခြင်းပင်။ သို့သော် ထိုလူသည် သူ့ကို အပြစ်တင်လိုနေခြင်းလော။ သူက ထိုသို့သော စိတ်ဓာတ်မျိုးကို အမုန်းဆုံးပင်။
“ရှက်စရာကောင်းလိုက်တာ...”
ကျန်းရီ မပြောရသေးခင်မှာပင် သူမကိုယ်သူမ ထန်ထိုက်ရှစ်ဟု ခေါ်သည့် သခင်မက အေးစက်စက်မျက်နှာထားဖြင့် စုန့်ကျုံးကို အော်ပြောလိုက်သည်။
“စုန့်ကျုံး... ရှင်က ဘယ်လိုလုပ် အရှင့်ကို ရိုင်းရိုင်စိုင်းစိုင်းတွေ ပြောနေရတာလဲ။ အရှင်က ကျွန်မတို့အသက်ကို ကယ်လိုက်တာကိုက ကျွန်မတို့ရဲ့ကောင်းချီး ဖြစ်နေပြီ။ ကျွန်မတို့ ဘယ်လိုလုပ် အရှင့်ကို ထပ်ဒုက္ခပေးလို့ရမှာလဲ။ ကိုယ့်ကိုယ်ကိုယ် ပါးအချက်တစ်ရာ ရိုက်လိုက်ပါ”
စုန့်ကျုံးသည် စိတ်လှုပ်ရှားမှုကြောင့် စကားပြောမှားသွားကြောင်း သိ၏။ ထို့ကြောင့် သူ လက်မြှောက်ကာ ကိုယ့်ပါးကိုယ် မညှာဘဲ ရိုက်လိုက်လေသည်။ ထိုအခါမှ ထန်ထိုက်ရှစ်က အကြည့်လွှဲလိုက်ပြီး ကျန်းရီကို ဦးညွှတ်လိုက်သည်။
“အရှင်... သူ့ကို ခွင့်လွှတ်ပေးပါ။ စုန့်ကျုံးက ကျွန်မတို့ကို ကာကွယ်ချင်လို့ မဆင်မခြင် ပြောလိုက်မိတာပါ။ တကယ်လို့ အရှင် အပြစ်ပေးချင်တယ်ဆိုရင် အဲ့အပြစ်ကို ကျွန်မပဲ ခံယူပါမယ်”
ဖြန်း...ဖြန်း...
စုန့်ကျုံးက သူ့ကိုယ်သူ မညှာမတာ ရိုက်နေသည်။ သူ့နှုတ်ခမ်းစွန်းမှနေ၍ သွေးများပင် စီးကျလာလေသည်။ သို့သော် ကျန်းရီသည် အရေးမစိုက်ဟန်ဖြင့် အေးစက်စက် ကြည့်နေပေသေး၏။ ကျန်းရီသည် ထန်ထိုက်ရှစ်ကို စူးစိုက်ကြည့်လိုက်ပြီး ထိုမိန်းမပျိုက အလွန်လိမ္မာပါးနပ်သည်ဟု တွေးလိုက်လေသည်။ သူမ၏ သရုပ်ဆောင်မှုက ပီပြင်လှပေသည်။
ထန်ထိုက်ရှစ်သည် ကျန်းရီ၏ စူးစိုက်ကြည့်မှုကို ခံလိုက်ရသောအခါ ရှက်ရွံ့ဟန်ဖြင့် ခေါင်းငုံ့လိုက်၏။ သူမသည် လိပ်ပြာမလုံသူတစ်ယောက်ကဲ့သို့ပင်။ ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“တော်ပြီ... ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်။ မင်းတို့ကိစ္စကို မင်းတို့ဘာသာ ဆုတောင်းကြပေါ့”
မီးတောက်နက်တပ်မဟာသည် အနီးပတ်ဝန်းကျင်မှ အင်အားကြီးတပ်မဟာတစ်ခုဖြစ်သဖြင့် သူတို့ထံတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ပညာရှင်တစ်ယောက် သေချာပေါက် ရှိရပေမည်။ ကျန်းရီသည် လောကထဲလှည့်လည်သွားလာကာ ဒုက္ခရောက်နေသူများကို ကယ်တင်မည့် ဘုရားလောင်းမဟုတ်ပေ။ ဤလောကထဲတွင် အချိန်တိုင်း လူများ မရေမတွက်နိုင်အောင် အသတ်ခံနေရပေသည်။ သူ လူတိုင်းကို လိုက်ကယ်နေရမည်လော။ သူ လိုက်လံသတ်ဖြတ်ခံနေရစဉ်ကလည်း မည်သည့်ပညာရှင်က သူ့ကို ကယ်ခဲ့ပါသနည်း။ သူသည် ကြုံကြိုက်လျှင် ဝင်ကယ်ရန် ဝန်မလေးပေ။ ယင်းက သူ လုပ်သင့်သော အရာပင်။ သို့သော် သူသည် အခြားသူများကို ကယ်ရန်အတွက်နှင့် ဒုက္ခတွင်းထဲဆင်းမိလျှင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
“အရှင်...”
ထန်ထိုက်ရှစ်သည် ကျန်းရီ ထွက်သွားတော့မည်ကို မြင်လိုက်သောအခါ စိတ်လှုပ်ရှားသွားပြီး နှုတ်ခမ်းကိုက်ကာ ပြောလိုက်၏။
“ဒီနေရာက အရှေ့ဘက် တော်ဝင်နယ်မြေနဲ့ မိုင်သန်းအနည်းငယ်ပဲ ဝေးပါတော့တယ်။ ကျွန်မတို့ မီးတောက်နက်တပ်မဟာရဲ့ ပိုက်နက်ကိုသာ ကျောက်သွားနိုင်ရင် ကမ်းကို ရောက်နိုင်ပါလိမ့်မယ်။ ကျွန်မက မီးပြတိုက်နယ်မြေကနေပြီး မျိုးနွယ်သူရဲကောင်း ထောင်ကျော် ခေါ်လာခဲ့ပေမယ့် လမ်းတစ်လျှောက်မှာ ဓားပြတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရလို့ အခု လူနည်းနည်းပဲ ကျန်ပါတော့တယ်။ မီးတောက်နက်တပ်မဟာက အင်အားကြီးပါတယ်။ ကျွန်မတို့တွေ ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ အရှင်သာ ကျွန်မတို့ကို အရှေ့ဘက် တော်ဝင်နယ်မြေရောက်တဲ့အထိ ကူညီပေးနိုင်မယ်ဆိုရင်... ကျွန်မ အရှင့်ကို ဆုလာဘ်ကြီးကြီး ချီးမြှင့်မှာပါ”
ထန်ထိုက်ရှစ်သည် သူမ၏သရုပ်ဆောင်မှုက ကျရှုံးသွားပြီဖြစ်၍ ယခုတွင် သူ့ကို ဆုလာဘ်ဖြင့် ဆွဲဆောင်ရန် ကြိုးစားနေပေသည်။ ကျန်းရီက လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
“ဆုလာဘ်ကြီးကြီးဟုတ်လား... ဘယ်လောက်ကြီးလဲ”
“ကျွန်မ...”
ထန်ထိုက်ရှစ် ပြန်မပြောနိုင်ဘဲ ဆွံ့အသွား၏။ ကျန်းရီသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်ရာ ကောင်းကင်ကျောက်တုံးများ ရှားပါးပါမည်လော။ သူမတွင် ကောင်းကင်ကျောက်တုံး သန်းဆယ်ချီရှိ၏။ သို့သော် သူမသာ ထိုကျောက်တုံးများကို ပေးလိုက်လျှင် ကျန်းရီက ၎င်းတို့ကို ကြည့်ပင်ကြည့်မည် မဟုတ်ချေ။ ရတနာများမှာ ပို၍ပင် ဟာသဆန်ပေသည်။ ကျန်းရီတွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်နှစ်ခု ရှိနေသည် မဟုတ်ပါလား။
စုန့်ကျုံးနှင့် ကျန်လူများသည်လည်း မျှော်လင့်ချက်ကင်းမဲ့ဟန် မျက်နှာထားများ ပြုလိုက်ကြ၏။ ကျန်းရီသည် အရေးမစိုက်သည့်၊ ခံစားချက်ကင်းမဲ့သည့် အငွေ့အသက်များကို ပေးနေ၏။ ထိုကဲ့သို့သော လူတစ်ယောက်သည် သူတို့အတွက်နှင့် မီးတောက်နက်တပ်မဟာဖြင့် စစ်ဖြစ်မည် မဟုတ်ပေ။ သူတို့သည် အစောမှ ဓားပြတပ်မှူးက မီးတောက်နက်တပ်မဟာ၏ လက်ထောက်တပ်မဟာမှူးဟေးရှာ၏ ယောက်ဖဖြစ်ကြောင်း အမှတ်ရသွားသောအခါ ပို၍တုန်လှုပ်သွားကြ၏။
ထန်ထိုက်ရှစ်က နှုတ်ခမ်းကိုက်ကာ အစေခံမလေးများ ချီထားသော ကလေးနှစ်ယောက်ကို ကြည့်လိုက်လေသည်။ သူမ၏မျက်ဝန်းများထဲတွင် ပြတ်သားမှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် ကျန်းရီထံ အသံပို့လွှတ်လိုက်၏။
“အရှင်... တကယ်လို့ အရှင်သာ ကျွန်မတို့ကို အရှေ့ဘက် တော်ဝင်နယ်မြေအထိ လိုက်ပို့ပေးနိုင်မယ်ဆိုရင် ကျွန်မ အရှင့်ကို အလုပ်အကြွေးပြုပါမယ်။ ကျွန်မက လိပ်ပြာသခင်မမျိုးနွယ်ကပါ”
“လိပ်ပြာသခင်မမျိုးနွယ်လား...”
ကျန်းရီသည် ထိုမျိုးနွယ်က တစ်ခါမှ မကြားခဲ့ဖူးပေ။ သူ ရင်လည်းမခုန်ပေ။ သူသည် ထိုကဲ့သို့သော အပေးအယူများကို မုန်း၏။ သူ နှာမှုတ်လိုက်ပြီး အတွင်းအား ထုတ်ကာ ပျံသန်းသွားရန် လုပ်လိုက်သည်။
“ဦးဦး...”
ရုတ်တရက် အသံလေးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ကလေးမလေး၏ အသံပင်။ ထိုအသံလေးထဲတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေရာ ကျန်းရီ စိတ်ပျော့သွားပြီး ရပ်တန့်လိုက်လေသည်။ သို့သော် သူ ခေါင်းငဲ့၍ အားတင်းကာ အေးစက်စက် ပြောလိုက်သည်။
“ဘာကိစ္စရှိသေးလို့လဲ...”
“ဦးဦး... သမီးတို့ကို ကူညီပေးလို့မရဘူးလားဟင်...”
ကလေးမလေးက အလွန်ချစ်စဖွယ်ကောင်း၏။ သူမက မျက်လုံးဝိုင်းကြီးများဖြင့် ဆက်ပြောလိုက်သည်။
“ဦးဦး... ဦးဦးသာ သမီးတို့ကို ဘိုးဘိုးကို သွားရှာနိုင်ဖို့ လိုက်ပို့ပေးရင် ဦးဦးအတွက် သကြားလုံးတွေ အများကြီး ဝယ်ပေးဖို့ သမီး ဘိုးဘိုးကို ပြောပေးနိုင်ပါတယ်။ ရှောင်ယွီကလည်း ဦးဦးကို တစ်ဘဝလုံး ကျေးဇူးတင်နေမှာပါ”
“သကြားလုံးလား”
ကျန်းရီသည် မျက်လုံးစွန်းမှနေ၍ ကလေးမလေး၏ ဖြူစင်၍ မျှော်လင့်ချက်များ ပြည့်နေသော မျက်လုံးလေးများကို မြင်လိုက်ရ၏။ သူ၏နှလုံးသားက ဖော်ပြ၍မရနိုင်လောက်အောင် နူးညံ့သွားလေသည်။
ကလေးတစ်ယောက်၏ လောက,က အလွန်ရိုးရှင်း၏။ သူတို့၏လောကတွင် သူတို့ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်လျှင် သကြားလုံးများ ပေးမည်ဖြစ်သည်။ သူတို့သည် လှည့်ဖြားမှုနှင့် ဤလောက၏ ရက်စက်မှုကို နားလည်မည် မဟုတ်ပေ။ သူတို့သည် ကျေးဇူးတရားကိုသာ နားလည်ကြပြီး သူတို့၏ ကျေးဇူးရှင်ကို သူတို့၏ အကြိုက်ဆုံးအရာများကို ပြန်ပေးရမည်ဆိုသည်ကိုသာ နားလည်ကြပေသည်။
“ဟူး...”
ကျန်းရီသည် သူငယ်စဉ်က အချိန်များကို ပြန်တွေးမိသွား၏။ သူသည် ကောင်းကင်တောင်ပံမြို့ရှိ ကျန်းမျိုးနွယ်တွင် ခက်ခဲသောအချိန်များ ရှိခဲ့သော်လည်း အမြဲ ကြင်နာတတ်ခဲ့ကာ ဖြောင့်မှန်ခဲ့၏။ သူသည် လမ်းပေါ်တွင် သူတောင်းစားများကို တွေ့ခဲ့လျှင် သူ၏ မလောက်မငှသော ပိုက်ဆံထဲမှပင် ခွဲဝေပေးခဲ့၏။ အရိုင်းအစိုင်းများက အသက်ကြီးသူများကို အနိုင်ကျင့်နေခြင်းများကို တွေ့လျှင်လည်း သူ ဒေါသထွက်လေ့ရှိခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျန်းရီ၏ နှလုံးသားက တဖြည်းဖြည်း မာကြောလာခဲ့လေသည်။ ယခုတွင် သူသည် လူတစ်ယောက်ကို သတ်လိုက်လျှင်ပင် အပြစ်ရှိစိတ် ခံစားရတော့မည် မဟုတ်ပေ။ သို့သော် သူ့တွင် စည်းတစ်ခု ရှိနေသေးသဖြင့် သာမန်လူများကိုတော့ သူ သတ်မည်မဟုတ်ချေ။ သို့သော် သူသည် ရန်သူသိုင်းသမားများကိုမူ မျက်တောင်တစ်ချက်မခတ်ဘဲ သတ်နိုင်ပေသည်။
‘ငါတို့ရဲ့ မူလစိတ်ကောင်းကို ဘယ်အရာက ဖျောက်ဖျက်ပစ်တာလဲ။ ဘယ်အရာက ငါတို့ကို သွေးအေးသွားစေပြီး နှလုံးသားမဲ့သွားစေတာလဲ။ ဘယ်အရာက လူတွေကို အချင်းချင်း ပြန်သတ်ဖြတ်စေနေတာလဲ။ ဒီ ပုတ်သိုးနေတဲ့ လောကကြီး...’
ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး ခေတ္တမျှ တွေဝေနေပြီးနောက် ရူးမိုက်သောဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။ သူ နောက်ပြန်လှည့်လိုက်ပြီး ကလေးမလေးကို ပြုံးကာ မေးလိုက်သည်။
“သမီးက တကယ်ပဲ သမီးရဲ့ဘိုးဘိုးကို ဦးဦးအတွက် သကြားလုံးတွေအများကြီး ဝယ်ပေးခိုင်းမှာလား”
“...”
အားလုံး အံ့အားသင့်သွားကြ၏။ ကျန်းရီသည် တစ်ချိန်လုံး ထီမထင်ဟန်ဖြင့် ရှိနေခဲ့သည်။ သူ၏ရုပ်သွင်က မျက်နှာထားတင်းမာသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်ပုံ ဖြစ်နေခြင်းပင်။ ယခုတွင်မူ သူသည် ရုတ်တရက် ပြုံးကာ ကလေးဆန်သော စကားလုံးများကို ပြောနေလေ၏။ ထို့ကြောင့် အားလုံးသည် ထိုအခြေအနေကို လက်ခံရန် ခက်ခဲနေခြင်းပင်။
ကလေးမလေးက ချိုသာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒါပေါ့... တကယ်ပြောတာပါ။ သမီးတို့ လက်သန်းချင်းချိတ်ပြီး ကတိပေးလို့ရတယ်”
“ကောင်းပြီ...”
ကျန်းရီ ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
“အဲ့ဒါဆိုရင် ဦးဦးက သမီးတို့ကို အရှေ့ဘက် တော်ဝင်နယ်မြေကို ခေါ်သွားပေးရမှာပေါ့”
“ဝေး...”
အားလုံး ဝမ်းသာအားရ အော်လိုက်ကြသည်။ ထန်ထိုက်ရှစ်က အံ့အားသင့်ကာ မှင်တက်နေ၏။ အစောတွင် သူမသည် သူမ၏ခန္ဓာကိုယ်ကို ဆုလာဘ်အဖြစ်ပေးရန် သဘောတူခဲ့၏။ သို့သော် ကျန်းရီက ရွံရှာဟန်ဖြင့် ဆက်ဆံခဲ့သည်။ ယခုတွင်မူ သူသည် သူမ၏သမီးက တောင်းဆိုသဖြင့် အမှန်ပင် သဘောတူတော့မည်လော။
ကလေးမလေးက ခေါင်းစောင်းကာ ဝမ်းသာအားရပြုံး၍ ပြောလိုက်သည်။
“ဦးဦးက လူကောင်းတစ်ယောက်ပဲ။ မေမေကပြောတယ်... လူကောင်းတွေက ကံကောင်းလိမ့်မယ်တဲ့”
ကျန်းရီ ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူသည် အားလုံးက မှင်တက်နေသဖြင့် ပြန်မတုံ့ပြန်နိုင်ကြဘဲ ကြောင်တောင်တောင်ရပ်နေကြသည်ကို တွေ့လိုက်သောအခါ နဂိုပုံစံအတိုင်း ခပ်တည်တည်ပြန်ဖြစ်သွားပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
“မင်းတို့က ဘာတွေ ရပ်စောင့်နေကြတာလဲ။ ကောင်းကင်ကံကြမ္မာသင်္ဘောကို သွားစက်နှိုးလိုက်ကြတော့လေ”
“အို့... ဟုတ်ကဲ့ပါ”
စုန့်ကျုံးနှင့် အခြားသူများသည် ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ အလောတကြီး ပျံသန်းသွားလိုက်ကြ၏။ ထန်ထိုက်ရှစ်ကလည်း ဣန္ဒြေပြန်ဆည်ကာ ကျေးဇူးတင်သော မျက်နှာထားဖြင့် ဦးညွှတ်လိုက်လေသည်။
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်။ ကျွန်မ တကယ်ကို ကျေးဇူးအများကြီး တင်ပါတယ်”
ကျန်းရီက အရေးမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ပျံသန်းသွားလေသည်။ ထန်ထိုက်ရှစ်နှင့် အခြားသူများသည် သူ့နောက်မှ လျင်မြန်စွာ လိုက်လာ၏။ ကလေးမလေးသည် သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်သောအခါ သူမနှင့် အသက်ရွယ်တူလောက်ရှိမည့် ထန်ထိုက်ရှစ်၏အနောက်တွင် ရှက်ရွံ့စွာ ရှိနေသော ကောင်လေးနှင့်အတူ ပျော်ရွှင်စွာ လှည့်ပတ်ပြေးလွှားလိုက်၏။
“ငါ့ကို တစ်ယောက်ခန်းတစ်ခန်းပေးပါ”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ စုန်းကျုံးသည် ကျန်းရီကို အခန်းတစ်ခန်းသို့ လျင်မြန်စွာ ခေါ်ဆောင်သွား၏။ ကျန်းရီသည် အခန်းထဲသို့ ရောက်သည်နှင့် တင်ပျဉ်ခွေထိုင်လိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
“ခဏနေကျရင် ငါ မင်းဆီ အသံပို့လွှတ်လိုက်မယ်။ မင်း ငါပြောတဲ့လမ်းကြောင်းအတိုင်း ပျံသန်းရမယ်။ တကယ်လို့ မင်းတို့ ငါ့အမိန့်ကို မနာခံဘူးဆိုရင် မီးတောက်နက်တပ်မဟာကိုတောင် စောင့်နေစရာလိုမှာမဟုတ်ဘူး... ငါကိုယ်တိုင် မင်းတို့အကုန်လုံးကို သတ်ပစ်မယ်”
“နားလည်ပါပြီ”
စုန့်ကျုံးနှင့် အခြားသူများက ဦးညွှတ်လိုက်ပြီး အမိန့်ကို ရိုရိုကျိုးကျိုး နာခံလိုက်ကြလေသည်။ သူတို့နှင့်အတူ ဤဆန်းကြယ်သောပညာရှင် ရှိနေလျှင် သူတို့ အပြည့်အဝ လုံခြုံလိမ့်မည် မဟုတ်သော်လည်း အရှေ့ဘက် ကောင်းကင်နယ်မြေသို့ ရောက်နိုင်ရန် အခွင့်အရေးပိုရပေလိမ့်မည်။
အားလုံး ထွက်သွားပြီးနောက်တွင် ကျန်းရီသည် အခန်း၏အကာအရံကို ဖွင့်လိုက်ပြီး ချက်ချင်း ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ကာ မိုင်ဆယ်သန်းပတ်လည်အတွင်း ထောက်လှမ်းလိုက်လေသည်။ သူသည် တစ်စုံတစ်ခုကို ချက်ချင်း ထောက်လှမ်းမိလိုက်၍ စုန့်ကျုံးထံ အသံပို့လွှတ်လိုက်၏။
“နောက်ပြန်လှည့်ပြီး တောင်ဘက်ကို အမြန်ဆုံးနှုန်းနဲ့ ပျံသန်းပါ”
“နားလည်ပါပြီ”
စုန့်ကျုံးသည် အဘယ်ကြောင့် တောင်ဘက်သို့ ပျံသန်းရမည်ဖြစ်ကြောင်း နားမလည်သော်လည်း ကျန်းရီ၏ အမိန့်ကို မလွန်ဆန်ဝံ့ချေ။ ကောင်းကင်ကံကြမ္မာသင်္ဘောက နောက်လှည့်ကာ ကောင်းကင်ကို ဖြတ်သန်း၍ တောင်ဘက်သို့ အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းသွားလေသည်။
‘အဲ့ဓားပြတပ်မဟာလေးက မီးတောက်နက်ကျွန်းကို နေ့တစ်ဝက်လောက်နေမှ ရောက်မှာ။ ငါတို့ သူတို့ကို မျက်ခြေဖြတ်ထားခဲ့နိုင်ဖို့ မျှော်လင့်ပါတယ်’
ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူ ဤလူစုနှင့် အတူသွားရန် ဆုံးဖြတ်လိုက်ခြင်းမှာ ကလေးမလေးကြောင့်သာ မဟုတ်ပေ။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင်ဆိုလျှင် သူ ကောင်းကင်နားလည်သိမြင်ခြင်းကို အချိန်မရွေး ထုတ်လွှတ်နိုင်သဖြင့် ဓားပြများကို ပို၍အလွယ်တကူ ရှောင်နိုင်မည်ဖြစ်၍လည်း ဖြစ်ပေသည်။
သို့သော် အရေးအကြီးဆုံး အကြောင်းမှာ ကျန်းရီသည် ထိုလူများထံမှနေ၍ အရှေ့ဘက် တော်ဝင်နယ်မြေနှင့် ပတ်သတ်သည့်အကြောင်းများကို စုံးစမ်းလို၍ပင်။ ထို့ပြင် သူသာ ထိုလူစုနှင့်အတူ အရှေ့ဘက် တော်ဝင်နယ်မြေအတွင်းသို့ ဝင်သွားလျှင် သံသယအဝင်ခံရမည် မဟုတ်ပေ။
***