လိပ်ပြာသခင်မမျိုးနွယ်
Vol. 63 Ch. 873
ကောင်းကင်ကံကြမ္မာသင်္ဘောသည် ကောင်းကင်ကို ဖြတ်ကာ တောင်ဘက်သို့ လျင်မြန်စွာ ပျံသန်းနေ၏။ ပုံမှန်ဆိုလျှင် သူတို့သာ အရှေ့ဘက်သို့ တည့်တည့်သွားပါက အရှေ့ဘက် တော်ဝင်နယ်မြေသို့ရောက်ရန် သုံးရက်သာ ကြာပေလိမ့်မည်။ သို့သော် ယခုတွင် ကျန်းရီက အရှေ့တောင်ဘက်သို့ ဦးတည်ပျံသန်းရန် အမိန့်ပေးထားသဖြင့် သူတို့နှင့် အရှေ့ဘက် တော်ဝင်နယ်မြေအကြားမှ အကွာအဝေးက အချိန်ကြာလာသည်နှင့်အမျှ ပိုတိုးလာလေသည်။
တောင်ဘက်သို့ တစ်ရက်လုံးလုံး ပျံသန်းပြီးနောက် ကောင်းကင်က တဖြည်းဖြည်း မှောင်လာ၏။ ကျန်းရီသည် သူတို့ကို ပြန်လှည့်ရန် အမိန့်မပေးသေးသဖြင့် သူတို့အားလုံး အတန်ငယ် စိုးရိမ်လာကြ၏။ အဘယ်ကြောင့်ဆိုသော် အရှေ့တောင်ဘက်က အန္တရာယ်များ၍ပင်။ အပြစ်သားပင်လယ်ထဲတွင် ဓားပြများ များစွာ ရှိပေသည်။ ထို့ကြောင့် မည်သူမှ သေချာပေါက် လုံခြုံသည်ဟု မပြောနိုင်ပေ။
ဝှစ်...ဝှစ်...ဝှစ်...
ပြဿနာက သူတို့မျှော်လင့်ထားသည်ထက် ပိုစောစွာ ရောက်လာ၏။ သူတို့၏ ဘယ်ဘက် မိုင်တစ်ဒါဇင်အကွာတွင် ကျွန်းတစ်ကျွန်းရှိ၏။ ထိုကျွန်းမှနေ၍ ကောင်းကင်ဧကရာဇ်တစ်ထောင်နီးပါး ပျံထွက်လာပြီး သူတို့ဆီသို့ ပျံသန်းလာကြလေသည်။ စုန့်ကျုံးသည် ထိုလူများထဲတွင် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ် သုံးရာနီးပါးပါကြောင်း သူ၏ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံမိလိုက်သည်နှင့် ချက်ချင်း မျက်နှာပျက်သွား၏။
“ထွက်သွားစမ်း...”
သင်္ဘောမှနေ၍ ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်သွား၏။ ထိုအသံက မိုးချုန်းသံတစ်သံနှင့်ပင် ဆင်တူရာ ထန်ထိုက်ရှစ်၏ရင်ခွင်ထဲတွင် အိပ်မောကျနေသော ကောင်လေးပင် လန့်နိုးသွားလေသည်။ ထို့နောက်တွင် တောင်တစ်လုံးကဲ့သို့ အရှိန်အဝါတစ်ခု ထွက်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၏။ ၎င်းအရှိန်အဝါသည် အလွန်လျင်မြန်စွာပင် အဝေးရှိ ဓားပြများကို လွှမ်းခြုံသွား၏။
“အရှင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ အရှင့်ရဲ့ အစွမ်းကို မသိလို့ အပြစ်ပြုမိခဲ့တာပါ”
ဓားပြခေါင်းဆောင်သည် ကြောက်ရွံ့တကြီးဖြင့် လက်ဆုပ်ကာ ပြောလိုက်၏။ ထို့နောက်တွင် သူသည် သူ၏ဓားပြများကို ခေါ်၍ လျင်မြန်စွာ ပြန်ဆုတ်ခွာသွားပြီး ကျွန်းလေးပေါ်ရှိ ထူထပ်သောတောအုပ်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေတော့သည်။
ရွှီး...
ကျန်းရီရှိနေသော အခန်းပေါ်ရှိ အကာအရံက လင်းလက်လာပြီး ပွင့်သွားလေသည်။ ထို့နောက် ကျန်းရီသည် ကုန်းပတ်ပေါ်သို့ လျှောက်လာ၏။ စုန့်ကျုံးနှင့် ကျန်သူများက သူ့နောက်မှ လိုက်သွားလိုက်ကြသည်။ သို့သော် သူတို့သည် မည်သည့်စကားမှ မပြောဘဲ ကျန်းရီ၏အနောက်တွင်သာ ရပ်နေကြ၏။
ကျန်းရီသည် မျက်မှောင်ကြုတ်လိုက်ပြီး အနောက်ဘက်မိုးကုပ်စက်ဝိုင်းတွင် ငုပ်ရှိုးနေပြီဖြစ်သော နေလုံးကို ကြည့်လိုက်၏။ မကြာခင်မှာပင် နေလုံးက လုံးလုံးပျောက်ကွယ်သွားလေတော့သည်။ ထိုအခါ သူ လက်ဝှေ့ယမ်း၍ ပြောလိုက်၏။
“လုံလောက်ပြီ။ နောက်ပြန်လှည့်ပြီး အရှေ့ဘက်ကို ပျံတော့။ မီးတောက်နက်တပ်မဟာက ငါတို့နောက်ကို ဆက်မလိုက်လောက်တော့ဘူး”
“နားလည်ပါပြီ”
စုန့်ကျုံး လက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကံကြမ္မာသင်္ဘောက လျင်မြန်စွာ နောက်ပြန်လှည့်လိုက်၏။ မီးတောက်နက်တပ်မဟာက သူတို့နောက်သို့ ဆက်မလိုက်လာတော့သည်ကို ကျန်းရီ မည်သို့ သေချာသိကြောင်း သူမသိသော်လည်း ပညာရှင်တစ်ယောက်၏စကားက အလွန်ယုံချင်စရာကောင်းပေသည်။
ရွှီး...
ထန်ထိုက်ရှစ်၏ အခန်းမှ အကာအရံက ပွင့်သွားပြီး အနီရောင်ဝတ်စုံဝတ်ဆင်ထားကာ ဆံပင်ကို ဆိတ်ချိုပုံစံ ကျစ်ထားသည့် ချစ်စဖွယ် ကလေးမလေးတစ်ယောက် ထွက်လာလေသည်။ သူမသည် ကြောက်ရွံ့သည့်ပုံ မပေါ်ဘဲ ထန်ထိုက်ရှစ်၏လက်ထဲမှနေ၍ ကျန်းရီ၏ဘေးသို့ ပြေးလာ၏။ သူမက ခေါင်းလေးစောင်းကာ မေးလိုက်သည်။
“ဦးဦး... သမီးတို့ လုံခြုံပြီလား”
ကျန်းရီက ခေါင်းငုံ့၍ ကလေးမလေး၏ အပြစ်ကင်းသော မျက်လုံးများကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“အင်း... ဦးဦးတို့ အချိန်တစ်ခုအထိတော့ လုံခြုံပြီ။ သမီး ကြောက်ဖို့မလိုပါဘူး။ ဦးဦးက သမီးကို ပေးထားတဲ့ကတိကို သေချာပေါက်တည်မှာပါ”
“ကျေးဇူးတင်ပါတယ် ဦးဦး...”
ကလေးမလေးသည် မျက်လုံးကလေးများ လခြမ်းကွေးပုံစံဖြစ်သွားသည်အထိ ချိုသာစွာ ပြုံးလိုက်လေသည်။ ထို့နောက် တစ်ပြိုင်တည်းပင် သူမက ခေါင်းစောင်း၍ ထပ်မေးလိုက်သည်။
“ဦးဦး... ဦးဦးရဲ့ နာမည်ကဘာလဲ။ သမီးက ထန်ထိုက်ယွီပါ။ မေမေပြောတာက သမီးက ပင်လယ်ထဲမှာ မွေးခဲ့တာတဲ့... သမီးမွေးတဲ့အချိန်မှာ ငါးကြီးတစ်ကောင်က အနားက ဖြတ်သွားလို့ သမီးကို ဒီနာမည်ပေးထားတာတဲ့။ ဦးဦးသမီးကို ရှောင်ယွီလို့ပဲ ခေါ်လို့ရပါတယ်။ အဲ... သမီးရဲ့ မောင်လေးကတော့ ထန်ထိုက်ထျန်းလို့ ခေါ်တယ်။ အားလုံးက သူ့ကို ရှောင်ထျန်းလို့ပဲ ခေါ်ကြပါတယ်။ သမီးတို့နှစ်ယောက်က အမွှာတွေလေ”
“အမွှာတွေလား...”
ကျန်းရီသည် ထန်ထိုက်ရှစ်၏ အနောက်တွင် ပုန်းနေသော ရှက်ရွံ့နေသည့် ကောင်လေးကို ကြည့်ကာ ပြုံးပြလိုက်သည်။ ထို့နောက် သူသည် အကြည့်လွှဲကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှောင်ယွီ၏လက်ကို ကိုင်၍ ပြောလိုက်၏။
“ရှောင်ယွီ... ဦးဦးရဲ့နာမည်က ရွှယ်ရီတဲ့”
ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားရမည်ဖြစ်၍ သူမည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရပေမည်။ အစက ကျန်းရီသည် သူ၏ အထီးကျန်ဝံပုလွေဟူသော အမည်ကို ဆက်၍ သုံးလိုခဲ့၏။ သို့သော် ထိုအမည်က အလွန်သံသယဖြစ်ဖွယ်ကောင်းသည်ဟု သူ ခံစားရပေသည်။ ထို့ကြောင့် သူ အမည်အသစ်တစ်ခုကို သုံးလိုက်ခြင်းပင်။
ရွှယ်ရီ။ ရွှယ်မှာ စုလောရွှယ်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ရီမှာ ရီဖျောင်ဖျောင်ကို ကိုယ်စားပြုခြင်းပင်။ ထိုအမည်က သူ အဆုံးမဲ့ လွမ်းဆွတ်နေရသည့် လူနှစ်ယောက်ကို ကိုယ်စားပြုပေသည်။
“ဦးဦးရဲ့ နာမည်က တကယ့်ကို ကောင်းတာပဲ”
ကလေးမလေးသည် ကျန်းရီ၏လက်ကို လွှတ်လိုက်ပြီး သင်္ဘောဘေးဘက်သို့ ပြေးသွားလိုက်၏။ သူမသည် သင်္ဘောဘောင်ကို ကိုင်ကာ အားယူခုန်၍ ဘောင်ပေါ်တွင် ထိုင်လိုက်လေသည်။ ထို့နောက် သူမ ပြုံးကာ ပြောလိုက်၏။
“ဦးဦး... သမီးရဲ့ ဘိုးဘိုးက ကောင်းကင်ဒေသမှာရှိတဲ့ ကောင်းကင်မီးတောက်မြို့ရဲ့ မြို့အရှင်ပဲ။ သမီးတို့ ကောင်းကင်မီးတောက်မြို့ကို ရောက်ရင် ဦးဦးကို မြို့အရာရှိခန့်ဖို့ ဘိုးဘိုးကို သေချာပေါက် ပြောပေးမယ်”
“ကောင်းကင်ဒေသလား”
ကျန်းရီသည် ထိုနေရာကို အတန်ငယ် သိ၏။ သူသည် ယခင်က အရှေ့ဘက် တော်ဝင်နယ်မြေ၏ မြေပုံကို ကြည့်ထားပေသည်။ ထိုဒေသသည် အနောက်မြောက်ဘက်ပိုင်းမှ ပင်လယ်၏ အနီးတွင်ရှိ၏။ ထိုဒေသကို အင်အားကြီးသော ထူးခြားမျိုးနွယ်တစ်ခုက သိမ်းပိုက်ထားပုံပင်။ ထိုထန်ထိုက်ရှစ်က ကျော်ကြားလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။
ကျန်းရီ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ တက်ခဲ့ခြင်းမှာ အရှေ့ဘက် တော်ဝင်နယ်မြေအကြောင်းကို စုံစမ်းလို၍ဖြစ်သည်။ ထို့ပြင် သူတို့သည် ရက်ပိုင်းအတွင်းတွင် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ရောက်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူ ကျင့်ကြံချိန်ကို လျှော့၍ ရှောင်ယွီနှင့်အတူ ကုန်းပတ်ပေါ်တွင် လမ်းလျှောက်ကာ စကားစမြည်ပြောသင့်နေပြီဖြစ်သည်။
“ရှောင်ယွီ... ညမှောင်တော့မယ်။ အခန်းထဲကိုလာပြီး ညစာလာစား”
သို့သော် ခပ်လှမ်းလှမ်းရှိ ထန်ထိုက်ရှစ်က ရှောင်ယွီကို ရုတ်တရက် ပြန်ခေါ်လိုက်ပေသည်။ ကျန်းရီသည် မည်သို့မှ ဝင်မပြောနိုင်သဖြင့် ရှောင်ယွီအနားသို့ လျှောက်သွား၍သာ သူမ၏ခေါင်းကို ပွတ်သပ်ပေးလိုက်၏။ ရှောင်ယွီသည် ရယ်ရွှင်ဖွယ် မျက်နှာထားပြုကာ သူမ၏အခန်းဆီသို့ ပြေးသွားပြီး အစေခံမလေးတစ်ယောက်နှင့်အတူ အခန်းထဲသို့ ဝင်သွားလေသည်။
ထန်ထိုက်ရှစ်သည် အနက်ရောင်ဝတ်စုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသဖြင့် သူမ၏အသားအရေက ပို၍ဖြူဝင်းနေပေသည်။ သူမ၏ခါးတွင် အနက်ရောင် ဖဲကြိုးလေးကို ချည်နှောင်ထားသဖြင့် သူမ၏ခါးလေးက ပို၍ပင် သေးသွယ်နေလေသည်။
ထန်ထိုက်ရှစ်သည် ကျော့ရှင်းစွာ လျှောက်လာပြီး ကျန်းရီကို တရိုတသေ ဦးညွှတ်လိုက်၏။
“အရှင်... ကျွန်မ မီးပြတိုက်နယ်မြေကနေ စားကောင်းသောက်ဖွယ်တချို့ ယူလာပါတယ်။ ကျွန်မရဲ့ ကျေးဇူးတင်မှုကို ဖော်ပြချင်လို့ အရှင့်ကို ကျွန်မနဲ့အတူ ညစာလာစားဖို့ ဖိတ်ခေါ်ပါတယ်”
ကျန်းရီက ထန်ထိုက်ရှစ်ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ သူသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ သူသည် ထန်ထိုက်ရှစ်၏ ဦးဆောင်မှဖြင့် အခန်းတစ်ခန်းအတွင်းသို့ ရောက်သွား၏။
အခန်းက သိပ်မကြီးပေ။ အခန်းထဲတွင် စားပွဲခုံတစ်ခုံသာရှိ၏။ အခန်းထောင့်များတွင် ညလင်းပုလဲလေးလုံးကို ချိတ်ဆွဲထားပြီး စားပွဲပေါ်တွင် ထူးခြားသော သစ်သီးမျိုးစုံ၊ စားသောက်ဖွယ်မျိုးစုံတို့ကို တည်ခင်းထား၏။ အစေခံမလေးတစ်ယောက်ကလည်း ဘေးတွင်ရပ်နေပြီး အားလုံးကို တရိုတသေဖြင့် အစားအသောက်ပြင်ပေးနေလေသည်။
ကျန်းရီသည် စားပွဲတစ်ဘက်သို့ လျှောက်သွားလိုက်ပြီး လွတ်လွတ်လပ်လပ် ထိုင်လိုက်၏။ ထန်ထိုက်ရှစ်က သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ပေသည်။ အစေခံမလေးသည် သူတို့နှစ်ယောက်စလုံးအတွက် အစိမ်းနုရောင်အသီးဖျော်ရည် တစ်ခွက်စီ ငှဲ့ပေးလိုက်၏။ ကျန်းရီသည် ထိုဖျော်ရည်ကို သံသယကင်းဟန်ဖြင့် သောက်ချလိုက်ပြီး မည်သည့်အသားမှန်းမသိသော ဂုတ်သားတစ်ဖတ်ကို တူဖြင့် ကောက်ယူကာ စားလိုက်လေသည်။
“အာ...”
ထန်ထိုက်ရှစ် အတန်ငယ် အံ့အားသင့်သွား၏။ သူမသည် ကျန်းရီက အရင်ဆုံး အစားအသောက်များကို အဆိပ်ရှိ၊ မရှိ စစ်ဆေးလိမ့်မည်ဟု တွေးထား၏။ သို့သော် ကျန်းရီသည် ထိုအကြောင်းကို စိုးရိမ်ပုံမပေါ်ချေ။ ကျန်းရီသည် နဂါးညှိုးရော်မြက်ပင်နှင့် ခန္ဓာကိုယ်ကို သန့်စင်ထားကြောင်း သူမ မသိပေ။ သူ့ကို အန္တရာယ်ပြုနိုင်သော အဆိပ်မရှိချေ။ ထို့ကြောင့် သူသည် အဆိပ်ခတ်ခံရမည်ကို စိုးရိမ်နေစရာမလိုပေ။
ထန်ထိုက်ရှစ်သည် မျိုးနွယ်ကြီးတစ်ခုတွင် မွေးဖွားလာခဲ့သူဖြစ်၍ ယဉ်ကျေးသိမ်မွေ့စွာ စားသောက်ပြီး အစားအသောက်ကိုလည်း နည်းနည်းသာ စားပေသည်။ သူမသည် ကျန်းရီကို မကြာခဏဆိုသလို ကြည့်ကာ ခပ်သဲ့သဲ့ ပြုံး၏။ သူမ၏အပြုံးက အခန်းကို ပို၍တောက်ပသွားစေလေသည်။
ကျန်းရီသည် ဗိုက်ဝအောင် စားပြီးသွားသောအခါ အသီးဖျော်ရည်တစ်ခွက် ထပ်သောက်လိုက်ပြီး လက်သုတ်ပုဝါတစ်ထည်ဖြင့် သူ၏လက်များကို သုတ်လိုက်၏။ ထန်ထိုက်ရှစ် စားပြီးသွားသည်မှာ ကြာပြီဖြစ်သည်။ သူမသည် ကျန်းရီ စားပြီးသည်အထိ စောင့်နေပြီးမှ စကားစပြောလိုက်၏။
“အရှင်... ကျွန်မရဲ့ ရဲတင်းမှုကို ခွင့်လွှတ်ပေးပါ။ အရှင်က အရှေ့ဘက် တော်ဝင်နယ်မြေကပါလား”
“မဟုတ်ဘူး...”
ကျန်းရီသည်လည်း ထန်ထိုက်ရှစ် စကားစပြောမည့်အချိန်ကို စောင့်နေခြင်းပင်။ ထိုမှ သူ သတင်းအချက်အလက်အချို့ကို နှိုက်ထုတ်နိုင်ပေလိမ့်မည်။ သူက စိတ်မပါဟန်ဖြင့် ဆက်ပြောလိုက်၏။
“ငါက ဂူစူနယ်မြေက လာခဲ့တာပဲ။ အရှေ့ဘက် တော်ဝင်နယ်မြေကို အခုမှ ပထမဆုံးအကြိမ် သွားမှာ။ ငါက လောကထဲမှာ စွန့်စားသွားလာမလို့...”
“ဂူစူနယ်မြေလား...”
ထန်ထိုက်ရှစ်သည် ကျန်းရီကို သံသယဝင်ပုံ မပေါ်ပေ။ ထိုအစား သူမ၏ မျက်လုံးများက တောက်ပလာသည်။ ဂူစူနယ်မြေကလည်း အရှေ့ဘက် တော်ဝင်နယ်မြေ၏ အနောက်မြောက်ဘက်တွင် တည်ရှိပေသည်။ ထိုဘက်တွင် နယ်မြေအသေးလေးများ ဒါဇင်နှင့်ချီအောင်ရှိ၏။ ထန်ထိုက်ရှစ်သည် အနောက်မြောက်ဘက်ရှိ မီးပြတိုက်နယ်မြေမှ လာခဲ့ခြင်းဖြစ်ရာ ဂူစူနယ်မြေအကြောင်းကို ကြားဖူးပေသည်။
ထန်ထိုက်ရှစ် တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“ကျွန်မ အရှင့်ကို ဖုံးကွယ်မနေတော့ပါဘူး။ ကျွန်မယောက်ျားရဲ့ မျိုးနွယ်က အရှေ့ဘက် တော်ဝင်နယ်မြေမှာရှိတဲ့ ကောင်းကင်ဒေသက ကောင်းကင်မီးတောက်မြို့ရဲ့ အာဏာရှင်မျိုးနွယ်ပါ။ ကျွန်မရဲ့ ယောက္ခမက ကောင်းကင်မီးတောက်မြို့ရဲ့ မြို့အရှင်ပါ။ တကယ်လို့ အရှင်သာ ကျွန်မတို့ ထန်ထိုက်မျိုးနွယ်ထဲ ဝင်ချင်တယ်ဆိုရင် ကျွန်မတို့မျိုးနွယ်က အရှင့်ရဲ့ လိုအင်ဆန္ဒတွေကို ပြည့်အောင်ဖြည့်ဆည်းပေးမယ်ဆိုတာ ကျွန်မ အာမခံနိုင်ပါတယ်”
“ဟားဟား...”
ကျန်းရီက စနောက်ဟန်ဖြင့် ရယ်လိုက်သည်။
“မင်းက ဘာနဲ့ အာမခံမှာလဲ။ မင်းက ထန်ထိုက်မျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်မို့လို့လား။ ပြီးတော့... မင်းတို့ထန်ထိုက်မျိုးနွယ်မှာ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တွေတောင် သိပ်မရှိဘူးမလား”
ကျန်းရီသည် ကောင်းကင်မီးတောက်မြို့ကို တစ်ခါမှ မကြားခဲ့ဖူးချေ။ ကောင်းကင်ဒေသမြို့တွင် မြို့ကြီးဆယ်မြို့ရှိ၏။ ထိုမြို့အားလုံးကို ထူးခြားမျိုးနွယ်များက ထိန်းချုပ်ထားခြင်းပင်။ သို့သော် ကောင်းကင်မီးတောက်မြို့သည် ထိုဆယ်မြို့ထဲတွင် မပါသဖြင့် မြို့သေးလေးတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ကျန်းရီသည် မြို့သေးလေးတစ်ခုမှ မျိုးနွယ်တစ်ခုကို အထင်မကြီးချေ။ သူ အထင်ကြီးလျှင်လည်း မည်သည့်မျိုးနွယ်ကိုမှ ဝင်မည် မဟုတ်ပေ။
ထန်ထိုက်ရှစ်သည် ကျန်းရီ၏ ခနဲ့စကားကြောင့် ရှက်သွေးဖြာသွား၏။ သူမ ခေါင်းငုံ့လိုက်ပြီး ခေတ္တမျှ တွေးလိုက်သည်။ တစ်ခဏကြာမှ သူမ ခေါင်းပြန်မော့လိုက်ပြီး နှုတ်ခမ်းကိုက်ကာ ပြောလိုက်လေသည်။
“အရှင်... အရှင် တကယ်ပဲ လိပ်ပြာသခင်မမျိုးနွယ်ကို မကြားဖူးတာလား”
***