← Chapters

ဝိညာဉ်လေ

Vol. 63 Ch. 875

ဝိညာဉ်လေ

Vol. 63 Ch. 875

နောက်နှစ်ရက်တွင် ကောင်းကင်ကံကြမ္မာသင်္ဘောက ချောချောမွေ့မွေ့ ပျံသန်းနေခဲ့သည်။ သို့သော် ဦးတည်ချက်ကိုတော့ မပြတ် ပြောင်းလဲနေရပေသည်။ သူတို့သည် အရှေ့မြောက်ဘက်သို့ ပျံသန်းနေပြီး တစ်ခါတရံတွင် အရှေ့တောင်ဘက်သို့ ပျံသန်းရ၏။ တစ်ခါတရံတွင် နောက်ပြန်လှည့်ကာ အပြစ်သားပင်လယ်ဘက်သို့ ပျံသန်းရ၏။ ထို့ကြောင့် စုန့်ကျုံးနှင့် အခြားသူများသည် လုံးဝ နားမလည်နိုင် ဖြစ်နေကြပေသည်။ ထိုနှစ်ရက်အတွင်း၌ ကောင်းကင်ကံကြမ္မာသင်္ဘောသည် မည်သည့် ဓားပြများနှင့်မှ မတွေ့ခဲ့ချေ။ သို့ဖြစ်၍ စုန့်ကျုံးနှင့် အခြားသူများက ကျန်းရီ၏ စွမ်းရည်ကို လေးစားလာက စိတ်အေးလာလေသည်။

ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းက မိုင်ဆယ်သန်းပတ်ပတ်လည်ကို ထောက်လှမ်းနိုင်၏။ သူသည် ထိုအဝန်းအဝိုင်းအတွင်းရှိ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း ထောက်လှမ်းနိုင်ပေသည်။ ဓားပြတပ်မဟာတစ်ခု ထွက်ပေါ်လာတိုင်း သူက ချက်ချင်း သိသဖြင့် သူတို့သည် ထိုဓားပြများကို အလွယ်တကူ ရှောင်သွားနိုင်ကြခြင်းပင်။

မီးတောက်နက်တပ်မဟာက သူတို့‌နောက်သို့ လိုက်ရန် ကြိုးစားခဲ့၏။ ထိုဓားပြများသည် သူတို့နောက်သို့ တစ်ရက်နှင့် နေ့တစ်ပိုင်း လိုက်ခဲ့သည်။ သို့သော် ကျန်းရီသည် သူတို့လက်မှ အောင်အောင်မြင်မြင်လွတ်အောင် လုပ်နိုင်ခဲ့၏။ ကျယ်ပြောသောပင်လယ်ထဲတွင် မီးတောက်နက်တပ်မဟာသည် အကြားအမြင်ပေါက်နေလျှင်ပင် သူတို့ကို ရှာတွေ့နိုင်မည် မဟုတ်ချေ။

ထိုနှစ်ရက်အတွင်း ကျန်းရီသည် ထောက်လှမ်းခြင်းအပြင် ရှောင်ယွီနှင့် ဆော့ကစားခြင်း၊ စုန့်ကျုံးကို အရှေ့ဘက် တော်ဝင်နယ်မြေနှင့် ပတ်သတ်သည့်ကိစ္စများ ‌မေးခြင်းတို့ လုပ်ခဲ့၏။ သူသည် ထန်ထိုက်ရှစ်နှင့်အတူ ညစားထပ်မစားတော့ပေ။ သူတို့သည် စကားငါးခွန်းထက်ပင် ပိုမပြောဖြစ်ကြတော့ချေ။ ထန်ထိုက်ရှစ်ကလည်း အကင်းပါးသူဖြစ်ရာ ယနေ့တစ်ရက်လုံး လူလုံးလာမပြသေးပေ။

ကျန်းရီက နှလုံးသားကင်းမဲ့သူ မဟုတ်ချေ။ သို့သော် သူ့တွင် လုပ်စရာများစွာ ရှိနေပေသည်။ ထို့ကြောင့် သူ ပေါ်ပေါ်ထင်ထင်နေ၍ မဖြစ်ပေ။ အကယ်၍ သူ မည်သူဖြစ်ကြောင်းသာ ပေါ်သွားလျှင် ရက်ရက်စက်စက် စစ်ဆေးခံရမည်ဖြစ်ပြီး မျိုးနွယ်ကြီးများစွာ၏ လိုက်လံသတ်ဖြတ်မှုကို ခံရမည်ဖြစ်သည်။ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က အစွမ်းကြီးသော်လည်း အရှေ့ဘက် တော်ဝင်နယ်မြေ၏ ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို ဖျက်နိုင်သည့် အထူးစွမ်းရည်တစ်ခု ရှိမနေဟု မည်သူအာမခံနိုင်ပါမည်နည်း။

နှင်းဆီတစ်ပွင့်ကို လက်ဆောင်ပေးပြီးလျှင် လက်တွင် ရနံ့ဆွဲကျန်ခဲ့မည်သာ။

အခြားသူများကို ကူညီခြင်းက ကောင်းသောအရာဖြစ်သော်လည်း ထိုကိစ္စကြောင့် ဒုက္ခရောက်ရမည်ဆိုလျှင် ရူးမိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤလောကထဲတွင် ဝမ်းနည်းဖွယ်အဖြစ်များ များစွာရှိပေသည်။ ကျန်းရီက ကယ်တင်ရှင်တစ်ယောက် မဟုတ်ပေ။

ကောင်းကင်ကံကြမ္မာသင်္ဘောက ဆက်၍ ပျံသန်းနေ၏။ သူတို့ အရှေ့ဘက် တော်ဝင်နယ်မြေနှင့် နီးကပ်လာပေပြီ။ ကျန်းရီ ရင်ခုန်စိတ်လှုပ်ရှားလာ၏။ သူ အချစ်ဆုံးအမျိုးသမီးနှင့် သူ၏အမေက ထိုနယ်မြေတွင် ရှိနေနိုင်ပေသည်။

တစ်ရက်ကြာပြီးနောက် အရှေ့တွင် ကုန်းမြေကြီးတစ်ခု ထွက်ပေါ်လာ၏။ အားလုံး သူတို့၏ အခန်းများအတွင်းမှ ထွက်လာကြသည်။ ထန်ထိုက်ရှစ်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြဿနာများကို ရှောင်ရှားရန်အတွက် သူမ၏မျက်နှာကို အနက်ရောင်ပုဝါဖြင့် ကာထားပေသည်။ သူမ၏အလှက ပြဿနာများကို ဖိတ်ခေါ်သလို ဖြစ်နေသည် မဟုတ်ပါလား။

ကျန်းရီက ရှောင်ယွီ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး အခန်းထဲသို့ ဝင်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကို နောက်ဆုံးတစ်ခေါက်အနေဖြင့် ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်က လုံခြုံသလောဟု စစ်ဆေးလိုက်သည်။

ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းသည် အကန့်အသတ်မဲ့သော ကုန်းမြေကြီးကို ထောက်လှမ်းလိုက်၏။ ကုန်းမြေ၏ ပင်လယ်ဘက်ပိုင်းက သဲထူသော ကမ်းခြေမဟုတ်ဘဲ စိမ်းစိုသော တောင်တန်းကြီးများ ဖြစ်နေသည်။ သို့သော် တောင်တန်းများက မမြင့်ပေ။ ထိုတောင်တန်းများပေါ်တွင် အကာအရံလှိုင်းလေးများကို ခပ်ရေးရေး မြင်နေရ၏။ ထိုနေရာများက ဓားပြများ၏ စခန်းများဖြစ်ကြောင်း ထင်ရှားပေသည်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် မိုင်တစ်သန်းကျော် ထောက်လှမ်းပြီးသော်လည်း မည်သည့်မြို့ကိုမှ မတွေ့ရသေးပေ။

“အရှေ့ဘက် တော်ဝင်နယ်မြေက ဘယ်လောက်တောင်ကြီးတာလဲ”

ကျန်းရီ အံ့အားသင့်နေ၏။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် မရေမတွက်နိုင်သော မြို့များ ရှိရမည်ဖြစ်သော်လည်း သူသည် မိုင်တစ်သန်းအတွင်း မြို့တစ်မြို့ပင် ရှာမတွေ့ခဲ့ပေ။ ယင်းက အရှေ့ဘက် တော်ဝင်နယ်မြေက အလွန့်အလွန်ကြီးမားသည်ဟူသော အဓိပ္ပာယ်ပင်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြ်းကို ဆက်ဆန့်တန်း၍ ထောက်လှမ်းလိုက်ရာ မိုင်နှစ်သန်းအကျော်သို့ အ‌ရောက်တွင် မြို့ငယ်လေးတစ်မြို့ကို အာရုံခံမိလိုက်လေသည်။

“ဝံပုလွေအစွယ်မြို့”

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ၏လက်စွပ်အတွင်းမှ မြေပုံတစ်ချပ်ထုတ်ကာ ကြည့်လိုက်၏။ နောက်ဆုံးတွင် သူတို့လက်ရှိ‌ရောက်နေသော ဒေသကို အတည်ပြုလိုက်နိုင်ပေပြီ။ သူတို့သည် ကောင်းကင်ဒေသ၏ အနောက်အလယ်ပိုင်းသို့ ရောက်နေခြင်းပင်။ ကောင်းကင်ဒေသ၏ မြောက်ဘက်သို့ ဆက်သွားလျှင် ဗုဒ္ဓအလင်းဒေသရှိ၏။ ယင်းက ရီမျိုးနွယ်၏ ပိုင်နက်ရှိပေ။ သူသည် ဗုဒ္ဓဧကရာဇ်မြို့သို့ ရောက်နိုင်ရန် ဗုဒ္ဓအလင်းဒေသကို ဖြတ်ကာ အရှေ့ဘက်ရှိ ဗုဒ္ဓဒေသသို့ သွားရမည်ဖြစ်သည်။

“အရင်ဆုံး ဝံပုလွေအစွယ်မြို့ကို သွားတာပေါ့။ အဲ့ကနေမှ တည်နေရာပြောင်းရွှေ့အစီအရင်ကိုသုံးပြီး ဆက်သွားမယ်”

ကျန်းရီသည် ခရီးသွားလာနေခြင်းဖြင့် အချိန်မဖြုန်းလိုပေ။ ဤဒေသတစ်ခုသည်ပင် ရှန်းစီဒေသလောက် ကြီးမားနေပေပြီ။ ထို့ကြောင့် သူ ဒေသတစ်ခုကိုဖြတ်၍ ခရီးသွားလိုလျှင် အနည်းဆုံး ငါးလ၊ ခြောက်လလောက် သွားရပေလိမ့်မည်။ ယင်းအချိန်အတိုင်းအတာက လမ်းတွင် အန္တရာယ်မကြုံဟု သတ်မှတ်ကာ ခန့်မှန်းထားခြင်းပင်။ လမ်းတွင် အန္တရာယ်များနှင့် တွေ့ကြုံရလျှင် ထိုထက်ပိုကြာသွားနိုင်သည်။ သို့ဖြစ်၍ သူ ဒေသအနည်းငယ်ကို ဖြတ်သွားရန် လိုအပ်ပါက နှစ်အနည်းငယ်လောက် ကြာသွားပေလိမ့်မည်။

ကျန်းရီ အခန်းထဲမှ အပြင်သို့ ထွက်လိုက်ပြီး စုန့်ကျုံးကို ကြည့်လိုက်၏။

“ငါတို့ ကမ်းကို ရောက်တော့မယ်။ ဘယ်လိုဆက်သွားမှာလဲ။ ကောင်းကင်ကံကြမ္မာသင်္ဘောနဲ့ပဲ ဆက်သွားမှာလား”

“ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးဖို့လား...”

စုန့်ကျုံးက ချက်ချင်း ခေါင်းခါကာ ပြောလိုက်သည်။

“ကုန်းမြေပေါ်မှာက ပင်လယ်ထဲမှာထက် ဓားပြတွေ အဆတစ်ရာ၊ အဆတစ်ထောင် ပိုများပါတယ်။ အလယ်အလတ်အရွယ်အစားရှိတဲ့ မျိုးနွယ်တစ်ခုတောင် ဓားပြတွေရဲ့ ပစ်မှတ်ထားခံရမှာစိုးလို့ ကောင်းကင်ကံကြမ္မာသင်္ဘော မစီးဝံ့ကြဘူး။ အ‌ရှေ့က တောင်တန်းတွေထဲမှာ မရေမတွက်နိုင်တဲ့ ဓားပြတွေ ပုန်းအောင်းနေနိုင်တယ်။ အခုကို ကမ်းမှာ ထောက်လှမ်းရေးတွေ ပုန်းအောင်းနေလောက်တယ်။ အဲ့ဒါကြောင့် မြို့ကို လုံလုံခြုံခြုံ ရောက်ချင်ရင် သိုသိုသိပ်သိပ် ပျံသန်းမှ ရပါမယ်”

“ကောင်းပြီ”

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကိုဆန့်တန်းကာ ကမ်းရှိ တောင်ထွတ်များကို စစ်ဆေးလိုက်သည်။ မကြာခင်မှာပင် သူ၏မျက်လုံးများ အေးစက်သွား၏။ သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ထင်ထားသလိုပဲ... အဲ့မှာ ထောက်လှမ်းရေးတွေ ပုန်းအောင်းနေကြတယ်။ ကောင်းကင်ကံကြမ္မာသင်္ဘောကို သိမ်းပြီး ဒီအတိုင်း ပျံသန်းရမှာပဲ”

ရွှီး...

စုန့်ကျုံးက ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကို ဖွင့်လိုက်ရာ ကျန်းရီတို့အားလုံးသည် သင်္ဘောဘေးသို့ ပျံထွက်သွားပြီး ရပ်နေလိုက်ကြ၏။ ထို့နောက်တွင် စုန့်ကျုံး၏ လက်စွပ်က အရောင်လက်လာပြီး ကောင်းကင်ကံကြမ္မာသင်္ဘော ပျောက်ကွယ်သွားလေသည်။ ပြီးနောက် သူ၏လက်စွပ်က ထပ်မံ လင်းလက်လာပြီး ခမ်းနားသော စစ်ရထားလုံးနှစ်စင်း ထွက်ပေါ်လာသည်။ စုန့်ကျုံးသည် လက်ဆုပ်ကာ လေးလေးစားစား ပြောလိုက်၏။

“သခင်မ၊ သခင်လေးနဲ့ သခင်မလေးတို့ စစ်ရထားလုံးပေါ် တက်ကြပါ”

ထန်ထိုက်ရှစ်သည် ရှောင်ယွီနှင့် ရှောင်ထျန်းတို့ကို ချီကာ စစ်ရထားလုံးတစ်စင်းပေါ်သို့ တက်လိုက်၏။ အစေခံမလေးများကလည်း လိုက်တက်သွားကြသည်။ ထို့နောက်တွင် စုန့်ကျုံးက အခြားစစ်ရထားလုံးကို ညွှန်ပြကာ ပြောလိုက်သည်။

“အရှင်... တက်ပါ”

ကျန်းရီသည် ငြင်းမနေတော့ဘဲ စစ်ရထားလုံးအပေါ် တက်လိုက်၏။ ရထားလုံးအတွင်းပိုင်းက အလွန်ကျယ်ဝန်းပေရာ လူဆယ်ယောက်ကျော် ဆန့်နိုင်ပေသည်။ သို့သော် စုန့်ကျုံးနှင့် အခြားသူများမှာ အယောက်(၅၀)ကျော် ဖြစ်သဖြင့် အထဲတွင် ဆန့်မည် မဟုတ်ချေ။

ထို့ကြောင့် စုန့်ကျုံးနှင့် အခြားသူများသည် စစ်ရထားလုံးပေါ် မတက်လိုက်ကြပေ။ လူတစ်ယောက်သာ ရထားလုံး‌မောင်းသူနေရာသို့ တက်လိုက်ပြီး ရထားလုံးကို အရှေ့သို့ မောင်းနှင်လိုက်လေသည်။ ကျန်လူများကမူ ရထားလုံးနှစ်စီးကို ဝန်းရံပျံသန်းကြ၏။

“စုန့်ကျုံး... ဘယ်ဘက်က ကျောက်တောင်ကမ်းပါးမှာ ထောက်လှမ်းရေးနှစ်ယောက် ရှိနေတယ်။ သူတို့ကို သွားသတ်လိုက်”

ကျန်းရီသည် အေးစက်စက် မျက်လုံးများဖြင့် အော်ပြောလိုက်၏။ စုန့်ကျုံးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး ဘယ်ဘက်သို့ ပျံသန်းသွား၏။ သူသည် ပုန်းအောင်းနေသော ထောက်လှမ်းရေးနှစ်ယောက်ကို ချက်ချင်း ရှာတွေ့လိုက်၏။ သူ့လက်ထဲတွင် ရွှေရောင်လေးတစ်လက် ထွက်ပေါ်လာသည်။ သူသည် လေးကြိုးကုန်ဆွဲကာ သံမြားဖြင့် ကမ်းပါးရှိ ဂူတစ်ခုအတွင်းသို့ ပစ်လိုက်လေသည်။

ဝုန်း...

ကမ်းပါးရှိ ဂူအသေးလေး ပေါက်ကွဲပွင့်ထွက်သွား၏။ ကောင်းကင်ဧကရာဇ် ထောက်လှမ်းရေးနှစ်ယောက်သည် သူတို့၏ နတ်ဘုရားဒိုင်းများကို နှိုးလိုက်သောလည်း ၎င်းတို့က ချက်ချင်း ပျက်စီးသွား၏။ သူတို့၏ခန္ဓာကိုယ်များသည်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ ကျန်းရီ တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ထိုစုန့်ကျုံး၏ အင်အားသည် ရန်တုံနှင့် ယှဉ်နိုင်၏။ ရန်တုံထက်ပင် သာချင်သာနိုင်ပေသည်။

“သွားကြစို့...”

ကျန်းရီ အော်ပြောလိုက်ရာ စစ်ရထားလုံးနှစ်စင်းသည် ကောင်းကင်ကိုဖြတ်၍ ပျံသန်းသွားလေတော့သည်။ စုန့်ကျုံးနှင့် အခြားသူများက ရထားလုံးများကို ဝန်းရံထားသည်။ သူတို့သည် အလွန်မြင့်မြင့် မပျံသန်းဝံ့ကြသလို တောင်များအကြားမှလည်း ဖြတ်မပျံသန်းဝံ့ကြပေ။ အရှိန်နှုန်းက ကော်းကင်ကံကြမ္မာသင်္ဘောထက် နှေးသော်လည်း လုံခြုံမှုကတော့ ပိုကောင်းပေသည်။ ကောင်းကင်ကံကြမ္မာသင်္ဘော၏ မီတာ(၃၀၀)ရှည်သော ကိုယ်ထည်ကြီးက အလွန်သိသာလွန်းသည်။

“ဦးတည်ချက်ပြောင်းလိုက်... ညာဘက်ကိုပျံ...”

“ဦးတည်ရာပြောင်း... ဘယ်ဘက်ကိုပျံ”

ကျန်းရီသည် လမ်းတစ်လျှောက်တွင် အမိန့်များ အဆက်မပြတ်ပေးနေ၏။ စုန့်ကျုံးတို့သည်လည်း တုံ့ဆိုင်းမှုမရှိဘဲ အမိန့်များအတိုင်း ချက်ချင်း လုပ်ဆောင်ကြလေသည်။ တစ်ရက်လုံး ပျံသန်းပြီးနောက် စုန့်ကျုံးနှင့် ကျန်လူများသည် လမ်းတစ်လျှောက် မည်သည့် ဓားပြနှင့်မှ မတွေ့ခဲ့သဖြင့် အံ့အားသင့်နေကြသည်။ အားလုံးသည် ဤနေရာက အရှေ့ဘက် တော်ဝင်နယ်မြေမှ ဟုတ်ပါလေသလောဟု စတင်သံသယဖြစ်လာကြသည်။

ဤနေရာသည် သေချာပေါက် အရှေ့ဘက် တော်ဝင်နယ်မြေပင်။ သို့သော် အဘယ်ကြောင့် သူတို့သည် တစ်ရက်လုံး ပျံသန်းပြီးနောက်တွင်ပင် မည်သည့်ဓားပြနှင့်မှ မတွေ့ကြုံရသေးသနည်း။ ယင်းကို ကျန်းရီ၏ နတ်မျက်စိကြောင့်ဟူ၍သာ ရှင်းပြနိုင်ပေလိမ့်မည်။ သို့မဟုတ် သူ၏ကောင်းကင်စိတ်အာရုံက မိုင်သန်းချီအကွာအဝေးအထိ ထောက်လှမ်းနိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ လုံခြုံခြင်းက ကိစ္စကောင်းတစ်ခုပင်။ မှောင်လာသောအခါ စုန့်ကျုံးသူသည် ကျန်းရီ၏စစ်ရထားလုံးဘေးသို့ ပျံသွားလိုက်ပြီး မေးလိုက်၏။

“အရှင်... ကျွန်တော်တို့ ဒီည စခန်းချဖို့ နေရာတစ်ခု ရှာရပါမယ်။ အရှေ့ဘက် တော်ဝင်နယ်မြေမှာ ညဘက်ကြီး ခရီးသွားရင် ဝိညာဉ်လေကြောင့် အခက်ကြုံရပါလိမ့်မယ်”

“ဝိညာဉ်လေလား”

ကျန်းရီသည် ထိုအကြောင်းကို ယခုမှ ကြားဖူးခြင်းပင်။ ထို့ကြောင့် သူ စိတ်ဝင်တစား မေးလိုက်သည်။

“ဝိညာဉ်လေဆိုတာ ဘာလဲ။ ငါတို့ နှိမ့်ပြီးပျံရင်၊ နှေးနှေးပျံရင် မရဘူးလား”

“မရပါဘူး...”

စုန့်ကျုံးက အားတင်းပြုံး၍ ရှင်းပြလိုက်သည်။

“ဝိညာဉ်‌လေက အသံလည်းမထွက်၊ အရှိန်အဝါလည်း မရှိပါဘူး။ ပြီးတော့ အလွန်မြန်ပြီး ပြင်းထန်တဲ့ တိုက်ခိုက်စွမ်းအား ရှိပါတယ်။ ကျွန်တော်တို့ လမ်းလျှောက်သွားမှာပဲ ရပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သွားနှုန်းက တော်တော်နှေးသွားမှာပဲ။ ကောင်းကင်စိတ်အာရုံနဲ့ အာရုံခံရင်တော့ ဝိညာဉ်လေကို ခပ်ရေးရေး ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက အန္တရာယ်များလွန်းတယ်။ ကျွန်တော်တို့ ညအချိန်မှာ နားပြီး မနက်မှ ဆက်သွားတာက အ‌ကောင်းဆုံးပါပဲ”

“သိပြီ... အဲ့ဒါဆိုလည်း စခန်းချဖို့နေရာတစ်ခု သွားရှာလိုက်ပါ”

ကျန်းရီသည် အရေးမစိုက်ဟန် ပြန်ပြောလိုက်သော်လည်း စိတ်ထဲတွင် အလွန်စိတ်ဝင်စားနေ၏။ အဘယ်ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေတွင် ထူးဆန်းသော ဝိညာဉ်လေရှိနေရသနည်း။ ထိုဝိညာဉ်လေက မည်သို့ ဖြစ်ပေါ်လာခြင်းနည်း။

***

All Chapters