ဓားပြများနှင့် တွေ့ကြုံခြင်း
Vol. 63 Ch. 877
“အပိုတွေ ပြောမနေနဲ့တော့။ မင်း ပျံမတက်ဘူးဆိုရင် ငါ အခုပဲ မင်းအတွက် အသုဘပွဲ ကျင်းပပေးလိုက်မယ်”
ကျန်းရီက အေးစက်စက်လေသံဖြင့် အသံပို့လွှတ်လိုက်ပြီး ရှင်းပြလိုက်သည်။
“မင်း ဖြည်းဖြည်းပဲ ပျံရမှာပါ။ မင်းက ငါပျံခိုင်းတဲ့ ဦးတည်ချက်အတိုင်း ပျံရုံပါပဲ... မစိုးရိမ်ပါနဲ့။ မင်း တောင့်မခံနိုင်တော့ဘူးဆိုရင် ငါ မင်းကို ချက်ချင်း ပြန်ဆင်းလာခိုင်းမှာပါ”
စုန့်ကျုံးတစ်ယောက် မျက်နှာပျက်နေ၏။ သို့သော် ကျန်းရီတွင် အကြားအမြင်စွမ်းရည်ရှိကြောင်း သူ အမှတ်ရသွားသောအခါ အံကြိတ်၍ ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း ပျံတက်လိုက်လေသည်။ သို့သော် သူ၏ အမြန်နှုန်းက ယုန်တစ်ကောင်ထက်ပင် နှေးပေသည်။
“အစ်ကိုစုန့် ဘာတွေလုပ်နေတာလဲ”
“အစ်ကိုကြီး ရူးသွားတာလား။ မြန်မြန် ပြန်ဆင်းလာခဲ့... မဟုတ်ရင် သေသွားလိမ့်မယ်”
ကျန်အစောင့်များသည် စုန့်ကျုံးကြောင့် လန့်ဖြန့်သွားကြ၏။ သို့သော် စုန့်ကျုံးက အားတင်း၍ပြုံးကာ ပြောလိုက်သည်။
“မင်းတို့က ဘာလို့ အော်နေကြတာလဲ။ ဒါက အရှင်ရွှယ်ရဲ့ အမိန့်ပဲ။ မင်းတို့အကုန်လုံး ပါးစပ်ပိတ်ထားကြ”
“အရှင်ရွှယ်လား”
အစောင့်များအားလုံး ပါးစပ်ပိတ်သွားကြ၏။ ကျန်းရီ၏ လက်ရှိအမည်တုမှာ ရွှယ်ရီပင်။ သူတို့အားလုံးသည် ရွေးချယ်စရာမရှိတော့သဖြင့် စုန့်ကျုံးတစ်ယောက် ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားသည်ကိုသာ ကြည့်နေရလေတော့သည်။
သုံးမီတာ၊ ခြောက်မီတာ...ဆယ်မီတာ...
စုန့်ကျုံး၏ မျက်နှာထားက ပိုရှုံ့မဲ့သွားပြီး သူ၏အမြန်နှုန်းက ပို၍နှေးကွေးလာသည်။ စုန့်ကျုံးက ဆယ်မီတာအမြင့်သို့ ရောက်သောအခါ ကျန်းရီသည် စုန့်ကျုံးခန္ဓာကိုယ်ပတ်ပတ်လည် မီတာသုံးရာအတွင်းကို ပို၍အာရုံစိုက်လိုက်၏။ ကျန်းရီသည် စုန့်ကျုံးအန္တရာယ်ကင်းစေရန် အထူးသတိထားနေသည်။
ဟူး...ဟူး...
စုန့်ကျုံးကြောင့် အမျှင်တန်းသုံးမျှင် နိုးထလာပေပြီ။ ၎င်းတို့သည် ငှက်မွေးတစ်မွေးကဲ့သို့ ပေါ့ပါးစွာ ပျံသန်းလာ၏။ ကျန်းရီသည် စုန့်ကျုံးကို ရှောင်ရန် မပြောလိုက်ပေ။ စုန့်ကျုံး၏ နတ်ဘုရားဒိုင်းက ၎င်းကို ခံနိုင်လောက်မည်ဟု သူ ယုံကြည်ပေသည်။
ရွှီး...
မှန်၏။
ပါးလျသောအမျှင်တန်းလေး သုံးချောင်းက စုန့်ကျုံး၏ နတ်ဘုရားဒိုင်းကို ထိသွားသောအခါ နတ်ဘုရားဒိုင်းက တောက်ပလာ၏။ နတ်ဘုရားဒိုင်းသည် အတန်ငယ် လှုပ်ခါသွားသော်လည်း မပျက်စီးသွားချေ။
ရွှီး...
စုန့်ကျုံးသည် ကြောက်ရွံ့လွန်းသဖြင့် မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူသည် နတ်ဘုရားဒိုင်း၏ ခုခံစွမ်းအားကို အဆုံးစွန်ထိရောက်စေရန် အတွင်းအား ထပ်ထည့်လိုက်၏။ သူသည် အထက်သို့ ဆက်ပျံမတက်ဝံ့တော့ပေ။ အစောက သူ့အား မည်သည့်အရာက တိုက်ခိုက်သွားကြောင်းကိုပင် သူ မသိချေ။ အကယ်၍ သူသာ ဆက်ပျံတက်သွားလျှင် မိစ္ဆာသားရဲများကဲ့သို့ အဆုံးသတ်သွားက အလောင်းပင် မကျန်ခဲ့ဘဲ သွေးစသွေးနများအဖြစ် ပြောင်းလဲသွားမည်ကို သူ စိုးရိမ်နေလေသည်။
“နောက်ထပ် ဆယ်မီတာ ထပ်ပျံတက်လိုက်”
ကျန်းရီ၏ အသံပို့လွှတ်မှု ရောက်ရှိလာ၏။ စုန့်ကျုံးသည် သူ၏မွေးဖခင်သေဆုံးသွားသလိုမျိုး ငိုမဲ့မဲ့မျက်နှာထား ဖြစ်သွားလေသည်။ သူ ခေတ္တမျှရပ်နေပြီးမှ အံကြိတ်ကာ ဆက်ပျံတက်လိုက်သည်။ သူ ကျန်းရီ၏အမိန့်ကို မငြင်းဆန်ဝံ့ပေ။
ရွှီး...
စုန့်ကျုံး၏ နတ်ဘုရားဒိုင်းက ထပ်မံ တောက်ပလာပြီး လှုပ်ခါသွား၏။ ဤတစ်ကြိမ်တွင် နတ်ဘုရားဒိုင်းက ပျက်စီးသွားသဖြင့် စုန့်ကျုံးသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။ သို့သော် ကံကောင်းသည်မှာ အမျှင်တန်းများကလည်း နတ်ဘုရားဒိုင်းကြောင့် ပျောက်ကွယ်သွားသဖြင့် သူ့ခန္ဓာကိုယ်ကို မတိုက်ခိုက်လိုက်နိုင်ခြင်းပင်။
“အရှင်ရွှယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ”
စုန့်ကျုံးသည် လျင်မြန်စွာပင် နတ်ဘုရားဒိုင်းကို ပြန်ဖန်တီးလိုက်ပြီး ကျန်းရီထံ ချက်ချင်း အသံပို့လွှတ်လိုက်၏။ ကျန်းရီက မျက်လုံးများဖွင့်ကာ ပြန်ပြောလိုက်သည်။
“ငကြောက်... တော်ပြီ ပြန်ဆင်းလာခဲ့တော့။ အနားယူပြီး ဆက်ကင်းစောင့်နေ”
စုန့်ကျုံးသည် အမြန်ဆုံးအလျင်ဖြင့် ပျံဆင်းလာ၏။ သူသည် ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ ခံစားနေရပေသည်။ ကျန်းရီသည် ဝိညာဉ်လေများအကြောင်းကို အတန်ငယ်ပို၍ နားလည်သွားပေပြီ။ အမျှင်တန်းသုံးတန်းသည် စုန့်ကျုံး၏ နတ်ဘုရားဒိုင်းကို ဖျက်ဆီးရန် မလုံလောက်ခဲ့ပေ။ သို့သော် အမျှင်တန်းငါးတန်းကတော့ နတ်ဘုရားဒိုင်းကို ဖျက်ဆီးပစ်နိုင်ပေသည်။ စုန့်ကျုံးက အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သည်။ သူ အထက်သို့ ဆယ်မီတာ ဆက်ပျံတက်လိုက်လျှင် သေချာပေါက် သေသွားပေလိမ့်မည်။
“ဘယ်လိုတောင် ကြောက်စရာကောင်းတာလဲ”
ကျန်းရီသည် တဲပြတင်းပေါက်မှနေ၍ အဝေးရှိကောင်းကင်ကို ကြည့်လိုက်၏။ သူ ထိတ်လန့်နေပေသည်။ သူ၏ နတ်ဘုရားဒိုင်းက အလွန်အားနည်း၏။ သူ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းက မဆိုးလှသော်လည်း သူ ထိုဒိုင်းကို အကြောင်းမရှိဘဲ ထုတ်သုံးဝံ့ပါမည်လော။ ထို့ကြောင့် သူ၏လက်ရှိ အင်အားနှင့်ဆိုလျှင် သူ ဆယ်မီတာအထက်သို့ ပျံတက်လိုက်ပါက သေချာပေါက် သေသွားမည်ဖြစ်သည်။
ဝိညာဉ်လေများက အရောင်မဲ့ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ သာမန်သိုင်းသမားများသည် ထိုလေကို သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် လုံးဝအာရုံခံနိုင်မည် မဟုတ်ချေ။ ကျန်းရီ၏ စိတ်ဝိညာဉ်ထက် သုံးဆပိုသန်မာသော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သူများသာ ထိုလေကို အာရုံခံနိုင်ပေလိမ့်မည်။ ကျန်းရီသည်လည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ခဲ့၍သာ အာရုံခံနိုင်ခဲ့ခြင်းပင်။ သို့သော် သူ ၎င်းတို့ကို အာရုံခံနိုင်လျှင်ပင် ရှောင်နိုင်ပါမည်လော။ ဝိညာဉ်လေများက အလွန်လျင်မြန်၏။ ၎င်းတို့သည် တစ်စုံတစ်ယောက် ကောင်းကင်ထက်သို့ ပျံတက်လာသည်နှင့် ချက်ချင်းနိုးထလာကြမည်ဖြစ်သည်။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးရန်ပင် အချိန်ရမည် မဟုတ်ပေ။
“ငါ ညအချိန်မှာ လုံးဝမပျံသန်းသင့်ဘူး”
ကျန်းရီ သူ့ကိုယ်သူ သတိပေးလိုက်၏။ သူ ဝိညာဉ်လေကို ဆက်မစူးစမ်းနေတော့ချေ။ သူသည် မျက်လုံးများမှိတ်လိုက်ပြီး ကျင့်ကြံလိုက်လေတော့သည်။ လက်ရှိတွင် သူသည် ဧကရာဇ်နန်းတော်ကို ထုတ်၍ မရသလို ရှန်းစီမြို့တွင်လည်း မဟုတ်ပေ။ ထို့ကြောင့် သူ၏ကျင့်ကြံနှုန်းက ဆယ်ဆသာ ပိုမြန်ပေသည်။ သို့သော် အင်အားအနည်းငယ် ထပ်ရခြင်းက ကောင်းသောကိစ္စသာ။
တစ်ချိန်တည်းမှာပင် ကျန်းရီသည် ကောင်းကင်ဖျက်မီးကိုလည်း ကျင့်ကြံလိုက်သည်။ ထိုမှော်အတတ်က ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း၌ အတော်လေး တိုးတက်လာခဲ့သည်။ ကျန်းရီသည် ကောင်းကင်ကိုးဘုံးနဂါးမီးတောက်များကို စုစည်းနိုင်ပြီဖြစ်သည်။ သူသာ ထပ်တိုးတက်လာလျှင် ကောင်းကင်မီးတောက်များကို စုစည်းနိုင်တော့မည် ဖြစ်သည်။ သူ၏ မီးဝိညာဉ်ပုလဲထဲတွင် မိုးကြိုးမီး(၅၀)ရာခိုင်နှုန်းသာ ကျန်တော့၏။ နောင်တွင် တိုက်ပွဲများကြောင့် မိုးကြိုးမီး ကုန်သွားလျှင် သူ့တွင် စွမ်းအားကြီးမီးတောက်များ ရှိတော့မည် မဟုတ်ပင်။ ထိုအခါ သူ၏ ခုခံစွမ်းရည်က များစွာကျဆင်းသွားပေလိမ့်မည်။
ကျန်းရီသည် ပုရွက်ဆိတ်လူသား၏ လမ်းကြောင်းမြေပုံကို လေ့လာခဲ့၏။ ၎င်းကို မီးကြိုးမီးနှင့် လေဓာတ်တာအိုပုံသဏ္ဌာန်တို့နှင့် ပေါင်းစည်းကာ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ဖန်တီးနိုင်၏။ သူသည် အခြားမီးတောက်များကို သုံး၍လည်း မီးတောက်နတ်ဘုရားဒိုင်းများကို ဖန်တီးနိုင်သည်။ သို့သော် ခုခံစွမ်းရည်က မီးကြိုးမီးနှင့်တော့ ယှဉ်နိုင်မည်မဟုတ်ပေ။ မိုးကြိုးမီးသည် လက်ရှိ သူ့တွင်ရှိသော မီးတောက်များထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။
ညအချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။
နေထွက်လာသောအခါ အားလုံးသည် အစားအသောက်များကို လျင်မြန်စွာ စား၍ ချက်ချင်း ထွက်ခွာလိုက်ကြ၏။ အရုဏ်တက်ချိန်တွင် ကျန်းရီသည် ထပ်မံ ထောက်လှမ်းလိုက်ပြီး ထူးဆန်းသော ဖြစ်ရပ်တစ်ခုကို သတိပြုမိလိုက်၏။ အရှေ့မှ နေထွက်လာသောအခါ ကောင်းကင်ထဲရှိ ဝိညာဉ်လေးများက ခြေရာလက်ရာပင် မကျန်ခဲ့ဘဲ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ မြေပြင်အထက် ကီလိုမီတာသုံးဆယ်အကွာမှာပင် မည်သည့်ဝိညာဉ်လေမှ မရှိတော့ပေ။
ထန်ထိုက်ရှစ်က အဖြူရောင်ဝတ်စုံတစ်ထည် ဝတ်ဆင်ထားပြီး မျက်နှာတွင် အဖြူရောင်ပုဝါစဖြင့် ကာထားလေသည်။ သူမ၏မျက်လုံးများက ကျန်းရီကို မကြည့်ဝံ့တော့ပေ။ ကျန်းရီက သူမကို ကြည့်လိုက်သောအခါ သူမ၏ ရှက်သွေးဖြာသွား၏။ ကျန်းရီ စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။ သူသည် ထိုမိန်းမ၏ မာယာများကို အတော်လေး ရွံရှာနေပေပြီ။
စစ်ရထားလုံးက ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ ကျန်းရီသည် လမ်းတစ်လျှောက်တွင် ဆက်၍ ထောက်လှမ်းလိုက်ပြီး ခရီးကို လုံခြုံမှုရှိအောင် လုပ်လိုက်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေတွင် အမှန်ပင် ဓားပြများ များစွာရှိပေသည်။ မိုင်တစ်သောင်းသွားပြီးတိုင်း ဓားပြစခန်းတစ်ခုကို တွေ့ရပေသည်။ အကယ်၍ ကျန်းရီသာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်၍ ကောင်းကင်နားလည်သိမြင်ခြင်းကို မထုတ်လွှတ်နေလျှင် သူ ထိုဓားပြများကို အာရုံခံနိုင်မည် မဟုတ်ချေ။
ဓားပြစခန်းတိုင်းတွင် ပုံရိပ်ယောင်နယ်မြေတစ်ခုစီရှိကြ၏။ ပုံရိပ်ယောင်နယ်မြေတိုင်းတွင်မူ အကာအရံလှိုင်းများ ရှိသည်။ ကျန်းရီသည် ထိုအကာအရံလှိုင်းများကို အာရုံခံ၍ ဓားပြများကို ရှာတွေ့ခဲ့ခြင်းပင်။
ကျန်းရီသည် လမ်းတစ်လျှောက်တွင် ဓားပြထောက်လှမ်းရေးများကို တွေ့ခဲ့၏။ ကောင်းကင်နားလည်သိမြင်ခြင်းနှင့်ဆိုလျှင် ကျန်းရီသည် နတ်မျက်စိပိုင်ဆိုင်ထားသကဲ့သို့ပင်။ ထောက်လှမ်းရေးများအားလုံးသည် သူ့မျက်စိအောက်မှ မလွတ်နိုင်ကြပေ။ သူသည် ထောက်လှမ်းရေးတစ်ယောက်ကို အာရုံခံမိတိုင်း စုန့်ကျုံးနှင့် သူ့လူများအား ထိုထောက်လှမ်းရေးကို သွားသတ်ခိုင်းလေသည်။ ထောက်လှမ်းရေးများက အားနည်းကြ၏။ မဟုတ်လျှင် သူတို့သည် အချိန်မရွေးသေသွားနိုင်သည့် ထောက်လှမ်းရေးတာဝန်ကို ယူရမည် မဟုတ်ချေ။
တစ်နံနက်ခင်းလုံး အေးချမ်းစွာ ပျံသန်းပြီးနောက် နေ့လယ်ခင်းသို့ ရောက်လာ၏။ ကျန်းရီ ရုတ်တရက် အော်ပြောလိုက်သည်။
“အောက်ကိုဆင်း... ချက်ချင်း ပုန်းဖို့နေရာတစ်ခုကိုရှာ”
ဝှစ်...ဝှစ်...ဝှစ်...
စုန့်ကျုံးနှင့် အခြားသူများသည် မည်သည့်ကိစ္စဖြစ်ပျက်သွားကြောင်း မသိပေ။ သို့သော် သူတို့သည် ချက်ချင်း အမိန့်နာခံလိုက်၏။ အစောင့်နှစ်ယောက်သည် စစ်ရထားလုံးများကို ချက်ချင်း အောက်သို့ မောင်းနှင်လိုက်ပြီး တောင်ကြားလေးတစ်ခုအတွင်းသို့ ဝင်လိုက်သည်။ သူတို့သည် စစ်ရထားလုံးများကို တောင်ကြားထဲတွင် ဖွက်ထားလိုက်ပြီး သူတို့၏ကောင်းကင်စိတ်အာရုံများကိုသုံးကာ ထောက်လှမ်းလိုက်၏။
ကျန်းရီကလည်း အားလုံးနှင့်အတူ ပုန်းအောင်းနေသည်။ ကျန်းရီသည် အားလုံးက သူတို့၏ ကောင်းကင်စိတ်အာရုံများကို ထုတ်၍ စူးစမ်းထောက်လှမ်းနေသည်ကို တွေ့လိုက်သောအခါ မှိုင်းညို့သောမျက်နှာထားဖြင့် အမိန့်ပေးလိုက်၏။
“ဘယ်သူမှ ကောင်းကင်စိတ်အာရုံကို မထုတ်ကြနဲ့။ အားလုံးပဲ အသက်အောင့်ထားကြပါ... အရှိန်အဝါတွေကိုလည်း ပြန်ရုတ်သိမ်းထားကြပါ။ ပြီးတော့ ဘယ်သူမှ အသံမထွက်ပါနဲ့။ ထန်ထိုက်ရှစ်... ကလေးနှစ်ယောက်ကို မေ့သွားအောင် လုပ်လိုက်ပါ”
ဒုတ်...ဒုတ်...
အစေခံများက မလုပ်ဝံ့သော်လည်း ထန်ထိုက်ရှစ်သည် သူမ၏ ဓားအိမ်ဖြင့် ကလေးနှစ်ယောက်၏ ခေါင်းကို ခေါက်လိုက်ရာ ကလေးနှစ်ယောက် မေ့သွားလေသည်။ စုန့်ကျုံးတို့သည်လည်း ကိစ္စကြီးတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း သဘောပေါက်သွား၍ သူတို့၏ ကောင်းကင်စိတ်အာရုံများကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး မြေပြင်ပေါ်တွင် ဝပ်ကာ အသက်အောင့်ထားလိုက်ကြသည်။
ကျန်းရီသည်လည်း သူ၏ကောင်းကင်စိတ်အာရုံကို မထုတ်လွှတ်ပေ။ သူ ရှောင်ထျန်းနှင့် ရှောင်ယွီကို ကြည့်လိုက်၏။ အကယ်၍ တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့လျှင် သူသည် ကလေးနှစ်ယောက်ကို ဧကရာဇ်နန်းတော်အတွင်းထည့်၍ အခြားသူများကို အရေးမစိုက်တော့ဘဲ ချက်ချင်းထွက်ပြေးရမည်ဟု သူ့ဘာသာတွေးလိုက်လေသည်။
ဝှစ်...ဝှစ်...
ဆယ့်ငါးမိနစ်ကြာပြီးနောက် အရှေ့ဘက်မှနေ၍ လေခွင်းသံများ ပဲ့တင်ထပ်လာ၏။ ထို့နောက်တွင် စွမ်းအားကြီးအရှိန်အဝါများလည်း ရောက်ရှိလာသည်။ အဝေးရှိ ပေါက်ကွဲသံများ၊ သိုင်းသမားများ၏ ဒေါသတကြီးအော်ဟစ်သံများနှင့် သွေးပျက်ဖွယ်အသံများကို ခပ်သဲ့သဲ့ကြားလိုက်ရ၏။
ဝုန်း...ဝုန်း...ဝုန်း...
ပေါက်ကွဲသံများက ပိုစိပ်လာပြီး တောင်တန်းကြီးလည်း အဆက်မပြတ် တုန်ခါနေလေသည်။ စုန့်ကျုံးနှင့် ကျန်သူများသည် တောင်ထွတ်တစ်ခုကို လှမ်းကြည့်လိုက်ကြ၏။ သူတို့ ချက်ချင်း မျက်စိမျက်နှာပျက်သွားကြသည်။
ကောင်းကင်ထဲတွင် တပ်မဟာနှစ်ခု တိုက်ပွဲဖြစ်နေ၏။ မဟုတ်သေး။ တပ်မဟာတစ်ခုက အခြားတပ်မဟာတစ်ခုကို လိုက်လံသတ်ဖြတ်နေခြင်းပင်။ နှစ်ဘက်စလုံးတွင် လူတစ်သောင်းကျော်ပါ၏။ ထို့ပြင် ခံစားနေရသည့် အရှိန်အဝါများကြောင့် နှစ်ဘက်စလုံးတွင် အနည်းဆုံး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် အပါးတစ်ရာစီပါကြောင်း သိနိုင်လေသည်။ သာမန်ကောင်းကင်ဧကရာဇ်များကလည်း ထောင်ချီပေသည်။
“ကျွန်မတို့ကို ဆန်းကြယ်ဧကရာဇ် ကောင်းချီးပေးပါစေ”
ထန်ထိုက်ရှစ်က မြေပြင်တွင် ဝပ်ကာ သူမ၏လည်ပင်းကို ဓားမြှောင်တစ်ချောင်းဖြင့် ဖိထားလေသည်။ တပ်မဟာနှစ်ခုစလုံးက ဓားပြတပ်မဟာများဖြစ်ကြောင်း ထင်ရှားပေသည်။ သူမ မည်သည့်တပ်မဟာ၏ လက်ထဲသို့ ရောက်သွားသည်ဖြစ်စေ ဓားပြများ၏ အပန်းဖြေစရာ အရုပ်တစ်ခုဖြစ်သွားမည်ဖြစ်သည်။ သူမသည် ထိုသို့အဖြစ်ခံမည့်အစား အသေသာခံပေမည်။
***