← Chapters

အားလုံး ထွက်သွားကြ

Vol. 63 Ch. 878

အားလုံး ထွက်သွားကြ

Vol. 63 Ch. 878

ဓားပြများသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် တဏှာရူးများအဖြစ် ကျော်ကြား၏။ ဓားပြများ၏ ဖမ်းဆီးမှုကို ခံရသော မိန်းကလေးများသည် ဆိုးဝါးသော အဆုံးသတ်နှင့် ကြုံတွေ့သွားရသည်ချည်းသာ။ မိန်းကလေးများသည် ဓားပြများ၏ ဆန္ဒကို ဖြေဖျောက်ရန် အသုံးချခံခဲ့ရသည်။ လိင်ကျွန်များ ဖြစ်လာရန် လေ့ကျင့်ပေးခံရသည်။ ဆေးခပ်ခံရသည်။ အဆုံးတွင် သူမတို့ကို စောင့်ကြိုနေသည်မှာ သေခြင်းတရားသာ။

“ဒီအမျိုးသမီးက စိတ်ဓာတ်ပြတ်သားတာပဲ”

ကျန်းရီသည် ထန်ထိုက်ရှစ်ကို မသိမသာ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။ ပြီးခဲ့သည့်အခေါက်က အပြစ်သားပင်လယ်တွင် ဓားပြများနှင့် ကြုံခဲ့စဉ်ကလည်း သူမသည် ဓားမြှောင်ကိုထုတ်ကာ သတ်သေရန် အဆင်သင့်ဖြစ်နေခဲ့သည်။ မိမိအရှက်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေဝံ့ခြင်းမှာ လေးစားစရာကောင်းနေပေပြီ။

ဝှစ်...ဝှစ်...

ဓားပြတပ်မဟာတစ်ဖွဲ့က တိုက်ပွဲတွင် ရှုံးနိမ့်သွားသဖြင့် အရပ်မျက်နှာအနှံ့သို့ ကြောက်လန့်တကြား ထွက်ပြေးကြ၏။ သူတို့အများစုသည် ထိုနေရာတွင် ဆက်မနေဝံ့ကြပေ။ ထို့ကြောင့် ပြန်တိုက်ခိုက်နေသည့်သူမှာ အနည်းငယ်သာ ရှိတော့သည်။ ဓားပြများသည် ထွက်ပြေးခြင်းရန်သာ အာရုံစိုက်နေကြသဖြင့် ပတ်ဝန်းကျင်ကို သတိမထားကြချေ။ ထိုဓားပြများက တောင်ကြားထဲရှိ လူတစ်စုကို သတိမပြုမိဘဲ ပျံသန်းသွားပြီးနောက် စုန့်ကျုံးနှင့် အခြားသူများသည် စိတ်အေးသွားဟန် သက်ပြင်းချလိုက်ကြလေသည်။

ကျန်းရီ၏အရှိန်အဝါက လုံးဝပျောက်ကွယ်နေသည်။ သူသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကိုသုံး၍ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ အရှိန်အဝါကို ထုတ်လွှတ်မနေတော့ပေ။ မဟုတ်လျှင် သန်မာသော သိုင်းသမားများက ချက်ချင်း အာရုံခံမိသွားနိုင်ပေသည်။ ကျန်လူများက စိတ်အေးပုံ ပေါ်သွားသော်လည်း ကျန်းရီ၏ မျက်နှာထားက မည်းမှောင်နေဆဲပင်။ ထွက်ပြေးသွားသော ဓားပြများက ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် မထောက်လှမ်းသော်လည်း လိုက်ဖမ်းသော ဓားပြများကမူ ချုံခိုတိုက်ခိုက်သူများ ရှိမည်စိုးသဖြင့် ပတ်ဝန်းကျင်ကို ထောက်လှမ်းနိုင်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

အနောက်မှ ကောင်းကင်ဧကရာဇ်များက ပြန်တိုက်ခိုက်နေကြသည်။ အဝေးမှနေ၍ မရေမတွက်နိုင်သော အလင်းတန်းများ ပျံသန်းလာပြီး ကောင်းကင်ကို လွှမ်းခြုံသွား၏။ ကောင်းကင်ထက်တွင် အက်ကြောင်းများ ထွက်ပေါ်လာလေသည်။ ပြင်းထန်သော လေထဲတွင် သစ်ရွက်များ လှုပ်ခတ်သွား၏။ အလင်းတန်းများစွာကလည်း တောင်များကို ထိမှန်သွားကြသည်။ ပေါက်ကွဲသံများ၊ တောင်ပြိုသံများနှင့် ကျောက်တုံးများလိမ့်ကျသံများကို အချိန်အတော်ကြာအောင် ကြားနေရပေသည်။

နောက်ဆုံးတွင် ထွက်ပြေးနေသော ကောင်းကင်ဧကရာဇ်များအားလုံး ကျန်းရီတို့အုပ်စုကို သတိမထားမိဘဲ ကျော်သွားကြ၏။ ကျန်းရီ စိတ်လှုပ်ရှားလာ၏။ စုန့်ကျုံးနှင့် ကျန်လူများသည်လည်း ကျန်းရီ၏ မျက်နှာထားကို တွေ့သောအခါ ကြောက်ရွံ့လာကြသည်။ သို့သော် သူတို့သည် ဆုတောင်းရုံမှလွဲ၍ အခြားဘာမှမလုပ်နိုင်ပေ။

မှန်၏။

လူများသည် သူတို့ကို ဆက်၍ ဖြတ်ကျော်ပျံသန်းသွား၏။ မကြာမကြာဆိုသလို သူတို့ဆီသို့ ကောင်းကင်စိတ်အာရုံများ ရောက်လာလေသည်။ နှစ်မိနစ်အတွင်းမှာပင် သူတို့ဆီသို့ ကောင်းကင်စိတ်အာရုံ တစ်ဒါဇင်ကျော် ရောက်လာပေပြီ။

“ဟူး...”

သို့သော် ဓားပြများသည် သူတို့ကို အရေးမစိုက်ဘဲ သူတို့၏ ပစ်မှတ်များနောက်သို့သာ ဆက်လိုက်သွားသဖြင့် စုန့်ကျုံး စိတ်သက်သာရာရသွား၏။ အရှေ့မှ ဖြတ်သွားဓားပြများက ပတ်ဝန်းကျင်ကို ထောက်လှမ်းပြီးသွားပြီဖြစ်၍ နောက်မှလိုက်လာသော ဓားပြများကို ထပ်မထောက်လှမ်းလောက်တော့သည် မဟုတ်လော။

နောက်မှလိုက်နေသော ဓားပြတော်တော်များများက အလွန်လျင်မြန်ကြ၏။ ဓားပြတန်းကြီးက အလွန်ရှည်လှပေသည်။ မဟုတ်လျှင် ကျန်းရီသည် သူ့အုပ်စုကို ပုန်းနေရာမှ ထွက်ခိုင်းလိုက်ပြီဖြစ်သည်။ တစ်ခဏအတွင်းမှာပင် ကောင်းကင်ဧကရာဇ် ရာကျော်က သူတို့အပေါ်မှ ဖြတ်၍ ပျံသန်းသွား၏။ စွမ်းအားကြီး ကောင်းကင်ဧကရာဇ်များက ဤနေရာကို ထောက်လှမ်းပြီးဖြစ်၍ နောက်မှလိုက်လာသူများသည် ထပ်၍ထောက်လှမ်းမနေတော့ဘဲ ရှေ့သို့သာ ပျံသန်းသွားကြသည်။

ကျန်းရီသည် ခေတ္တမျှ ဆက်စောင့်လိုက်ပြီး ဓားပြအများစုက သူတို့ကို ကျော်သွားလောက်ပြီဟု ခန့်မှန်းလိုက်၏။ နောက်ဆုံးတွင် သူ့ရင်ထဲမှ အလုံးကြီး ကျသွားပေပြီ။ သူတို့သာ ဓားပြများစွာနှင့် တိုက်ခိုက်ရလျှင် မိုးကြိုးအမျက်နှင့် နတ်ဘုရားအသံကောင်းကင်အတတ်တို့ကို ထုတ်မသုံးနိုင်သဖြင့် ကောင်းကင်ရှောင်တိမ်းခြင်းကိုသာသုံး၍ ထွက်ပြေးရမည်ဖြစ်သည်။ ထိုအတတ်များက သူမည်သူဖြစ်ကြောင်း ပေါ်သွားစေမည်ဖြစ်၍ သူသည် ပတ်ဝန်းကျင်ရှိ လူအားလုံးကို သတ်ပစ်ရပေလိမ့်မည်။

ကျန်းရီသည် ထိုလူအားလုံးကို မသတ်နိုင်လောက်ပေ။

“အန်...”

ရုတ်တရက် ကောင်းကင်စိတ်အာရုံတစ်ခုက သူ့ကို ဖြတ်သန်းသွားသဖြင့် ကျန်းရီ တုန်လှုပ်သွားသည်။ ထို့နောက်တွင် သူ မဖြစ်စေလိုသော ကိစ္စများ ဖြစ်လာလေသည်။ ကောင်းကင်ထက်ရှိ ဓားပြတစ်ယောက်က ရုတ်တရက် အော်ပြောလိုက်၏။

“ဝိုး... အောက်မှ အလှပဂေးလေးတစ်ယောက် ရှိနေတာပဲ”

ဝှစ်...ဝှစ်...ဝှစ်...

ရုတ်ခြည်းပင် ကောင်းကင်စိတ်အာရုံ ဒါဇင်ကျော် ရောက်ရှိလာ၏။ ၎င်းတို့အားလုံးက ထန်ထိုက်ရှစ်ကိုသာ အာရုံခံနေကြသည်။ သူတို့ဆီသို့ လေခွင်းသံများ လျင်မြန်စွာ ချဉ်းကပ်လာ၏။ ကျန်းရီတစ်ယောက် စိတ်ထဲမှ အဆက်မပြတ်ဆဲလိုက်သည်။ မိန်းမလှများမှာ ပြဿနာအရင်းအမြစ်များပင်။ ထန်ထိုက်ရှစ်၏ အလှက ပြဿနာတစ်ခု ဖြစ်စေခဲ့ပေပြီ။ သူတို့ဆီသို့ ကောင်းကင်ဧကရာဇ်(၄၀၀)ကျော် ပျံသန်းလာ၏။ ထိုကောင်းကင်ဧကရာဇ်များထဲတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် နှစ်ပါး ပါပေသည်။ တပ်သားအများစုက ဖြတ်ကျော်သွားပြီဖြစ်သော်လည်း ဤနေရာတွင် တိုက်ပွဲတစ်ပွဲ ဖြစ်လာလျှင် ထိုသူများ သေချာပေါက် သတိပြုမိသွားပေလိမ့်မည်။

ရွှီး...

စုန့်ကျုံးနှင့် အခြားသူများသည် နတ်ဘုရားဒိုင်းများ ဖွင့်လိုက်ကြ၏။ သူတို့၏လက်များထဲတွင်လည်း လက်နက်များ ထွက်ပေါ်လာသည်။ သူတို့သည် အသေခံတိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပေပြီ။ ထန်ထိုက်ရှစ်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်တစ်ခု လက်သွား၏။ သူမသည် ဓားမြှောင်ကို ရင်ဘတ်သို့ ထိုးစိုက်လိုက်၏။ ဓားမြှောင်က သူမ၏အဝတ်များကို ဖောက်သွားပေပြီ။ သူမသည် အချိန်မရွေး သတ်သေရန် အဆင့်သင့် ဖြစ်နေပြီဖြစ်သည်။

ထို့နောက် ထန်ထိုက်ရှစ်သည် သူမ၏ ကလေးနှစ်ယောက်ကို ကြည့်လိုက်ကာ ကျန်းရီဘက်လှည့်၍ ဒူးထောက်ကာ ‌တောင်းဆိုလိုက်၏။

“အရှင်ရွှယ်... ကျွန်မရဲ့ ကလေးနှစ်ယောက်ကိုခေါ်ပြီး ထွက်သွားပါ။ နောက်ဘဝဆိုတာရှိရင် ကျွန်မ ဒီကျေးဇူးအတွက် ကျွန်အဖြစ်နဲ့ ပြန်ပေးဆပ်ပါမယ်”

ကျန်းရီသည် ထန်ထိုက်ရှစ်ကို လျစ်လျူရှုလိုက်ပြီး အတန်ငယ် ဒွိဟဖြစ်နေပေသည်။ သူတိုက်ခိုက်ရမည်လော၊ ထွက်ပြေးရမည်လော။

တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ ကျန်းရီသည် ဤနေရာရှိ လူအားလုံးကို သတ်နိုင်သည်အထိ အင်အားမကြီးပေ။ သူသာ တိုက်ခိုက်လိုက်လျှင် သူ မည်သူဖြစ်ကြောင်း ပေါ်သွားမည်သာ။ သူ ထွက်ပြေးလျှင် စုန့်ကျုံးနှင့် ကျန်သူများက အချိန်တစ်ခဏလောက် ခုခံ‌ပေးထားနိုင်လောက်၏။ ဓားပြများ၏ ပစ်မှတ်က ထန်ထိုက်ရှစ်ဖြစ်သည်။ သူသည် ရှေးဦးစွာ အနီးနားသို့ ထွက်ပြေး၍ အနီးတစ်နေရာသို့ ရောက်မှ ကောင်းကင်ရှောင်တိမ်းခြင်းကို ထုတ်သုံးနိုင်သည်။ သို့ဆိုလျှင် သူ မည်သူဖြစ်ကြောင်း ပေါ်မည် မဟုတ်ပေ။

ထန်ထိုက်ရှစ်သည် ကျန်းရီက မည်သို့မှ မလုပ်သည်ကို မြင်သောအခါ စိတ်လှုပ်ရှားလာ၏။ သူမသည် သူ့ကို နဖူးနှင့်မြေကြီးထိသည်အထိ ဦးညွှတ်လိုက်၏။ စုန့်ကျုံး၏လူများအားလုံး အရှေ့သို့ ပျံထွက်သွားကြသည်။ နောက်တွင် သုံးယောက်သာ ကျန်နေခဲ့၏။ ပျံထွက်သွားသူများ၏ မျက်နှာထားများက သေရန်အဆင်သင့်ဖြစ်နေသော မျက်နှာထားများပင်။

ဝှစ်...ဝှစ်...

အစေခံမလေးများကလည်း လက်နက်များထုတ်လိုက်၏။ သူမတို့သည် တိုက်ခိုက်ရန် လက်နက် ထုတ်လိုက်ခြင်း မဟုတ်ပေ။ သတ်သေရန်သာဖြစ်သည်။ သူမတို့ထဲတွင် ကောင်းကင်ဧကရာဇ်အဆင့်ရှိသူ နှစ်ယောက်ပါပြီး အားအနည်းဆုံးသူပင် ဗာဂျရာအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူမတို့သည် အစေခံများသာဖြစ်၍ တိုက်ခိုက်အင်အား မကြီးကြပေ။ သူမတို့သာ အရှေ့သို့ ပျံထွက်သွားလျှင် ချက်ချင်း အသတ်ခံလိုက်ရပေလိမ့်မည်။

ဝုန်း...ဝုန်း...ဝုန်း...

ထန်ထိုက်ရှစ်သည် သူမ၏ခေါင်းကို မြေကြီးဖြင့် အဆက်မပြတ် ဆောင့်နေ၏။ ကျန်းရီသည် သူမ၏ဖြူဝင်းသော နဖူးလေးမှ စီးကျလာသော သွေးများနှင့် သတိမေ့နေသော ကလေးနှစ်ယောက်ကို ကြည့်ရင်း စိတ်ပျော့လာလေတော့သည်။ သူ၏နှလုံးသားက သူမကို မငြင်းနိုင်တော့ပေ။ ထို့ကြောင့် သူ အကြည့်လွှဲကာ ရုတ်တရက် ‌အော်ပြောလိုက်၏။

“စုန့်ကျန်းနဲ့ တခြားသူတွေ ပြန်လာခဲ့ကြ”

ဝှစ်...

ကျန်းရီ ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်သည်။ သူ၏အရှိန်အဝါကလည်း တဖြည်းဖြည်း ပြန်ထွက်လာသည်။ သူသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးနှင့် ကျန်ဓားပြများကို ကြည့်ကာ အော်လိုက်သည်။

“ထွက်သွားကြစမ်း...”

“ပြန်ဆုတ်...”

စုန့်ကျုံးနှင့် သူ၏အုပ်စုသည် ကျန်းရီ၏ အမိန့်များအား နာခံရသည်ကို အသားကျနေပြီဖြစ်၍ ကျန်းရီ အမိန့်ပေးလိုက်သည်နှင့် တောင်ကြားဆီသို့ ချက်ချင်း ပြန်ဆုတ်သွားလိုက်ကြ၏။ သို့သော် သူတို့သည် တောင်ကြားထဲ မဝင်လိုက်ကြပေ။ ထိုအစား သူတို့သည် တောင်ကြားအထက်ရှိ ဧရာမကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်နေလိုက်ကြသည်။ သူတို့သည် ကျန်းရီကို မျှော်လင့်ချက်များနှင့် ငေးကြည့်နေကြ၏။

“အန်...”

ကောင်းကင်ထက်မှ ပျံဆင်းလာသော ဓားပြများသည် လေထဲတွင် ရပ်တန့်လိုက်ကြ၏။ အဝေးရှိ ဓားပြများကလည်း ကျန်းရီ၏ အရှိန်အဝါကို သတိပြုမိလိုက်ကြသည်။ လူရာကျော်သည် ဤဘက်သို့ ပျံသန်းလာလေသည်။

“သတ်ကြ...”

ဓားပြများသည် ကျန်းရီ၏ အရှိန်အဝါကြောင့် ခေတ္တမျှ မှင်တက်သွားကြသော်လည်း ချက်ချင်း အသိပြန်ဝင်လာကြသည်။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါးက တစ်ပြိုင်တည်း အော်ပြောလိုက်၏။ သူတို့၏လက်များထဲရှိ လက်နက်များက အဖြူရောင်အလင်း တောက်ပလာသည်။ သူတို့ တိုက်ခိုက်တော့ပေမည်။

“ငါ နောက်တစ်ခေါက် ထပ်ပြောမယ်... ထွက်သွားကြ”

ကျန်းရီက စတင် မသတ်ဖြတ်လိုက်ဘဲ အရေးမစိုက်ဟန်ဖြင့် ထပ်မံအော်ပြောလိုက်သည်။

“တစ်မိနစ်အတွင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားကြ။ မဟုတ်ရင် ငါ မင်းတို့အကုန်လုံးကို ထပ်မပြောတော့ဘဲ သတ်ပစ်မယ်”

ရွှီး...

ကျန်းရီသည် စကားပြောရင်း အထက်သို့ ဆက်ပျံတက်သွား၏။ သူသည် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိနေပြီဖြစ်၍ ဆက်ပျံတက်သွားလျှင် မည်သို့ဖြစ်မည်နည်း။

တိုက်ခိုက်ရန် ဟန်ပြင်နေသော ဓားပြများအားလုံး ရပ်တန့်လိုက်ကြ၏။ အဝေးမှ ပျံလာသူများကလည်း ချက်ချင်း ရပ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အကြောက်တရားများ၊ မယုံနိုင်မှုများနှင့် ပြည့်နှက်နေလေသည်။ သူတို့သည် ကျန်းရီကို ငရဲမှတက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်နေကြ၏။

ဟုတ်၏။

ကျန်းရီသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကိုသုံး၍ လဲ့ကူး၏အရှိန်အဝါကို တုပကာ သူ့ကိုယ်သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်နေသူဟုထင်ရအောင် လုပ်လိုက်ခြင်းပင်။ နတ်ဘုရးတစ်ပိုင်း၏ အရှိန်အဝါက အလွန်စွမ်းအားကြီး၏။ သူ၏အရှိန်အဝါက အခက်ထန်ဆုံးသားရဲများကဲ့သို့ လူများကို မွန်းကြပ်သွားစေပေသည်။ ယခုတွင် ထိုဓားပြများသည် ရွှေကျီးကန်းမျိုးနွယ်၏ ဆန်းကြယ်နယ်မြေထဲတွင် ကျန်းရီ ခံစားခဲ့ရသလိုမျိုး ခံစားနေရပေပြီ။ သူတို့၏ ရင်ထဲတွင် သေရမည်ကို ကြောက်ရွံ့သော အကြောက်တရားက လွှမ်းမိုးနေပေသည်။

ဝှစ်...

အဝေးမှ ဓားပြများက ကြောက်ရွံ့တကြီး ထွက်ပြေးကြ၏။ အနီးမှ ဓားပြများကလည်း မည်သည့်ကိစ္စဖြစ်ပျက်နေကြောင်း သဘောပေါက်သွားကာ မြန်နိုင်သမျှမြန်မြန် ထွက်ပြေးကြလေသည်။ သူတို့တွင် တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ ဤလောကထဲတွင် နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်များက စွမ်းအားအကြီးဆုံး ဖြစ်သည်။ သူတို့သည် အဘယ်ကြောင့် နတ်ဘုရားတစ်ပိုင်းတစ်ယောက်က ဤနေရာတွင် ထွက်ပေါ်လာကြောင်း နားမလည်ကြသော်လည်း ယခုချက်ချင်း ထွက်မပြေးလျှင် သူတို့ သေချာပေါက် သေသွားမည်ဖြစ်ကြောင်း သဘောပေါက်ကြပေသည်။

“ဒါက...”

စုန့်ကျုံးနှင့် သူ့အုပ်စုသည် အလွန်အံ့အားသင့်သွားသဖြင့် ပါးစပ်အဟောင်းသာ ဖြစ်နေကြ၏။ အောက်ဘက်မှ ထန်ထိုက်ရှစ်ကလည်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေး နီရဲနေသည်။ သူမ၏သေးသွယ်သောခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်ယင်နေပေသည်။ သူမသည် ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်တောင်ကဲ့သို့ပင်။

***

All Chapters