← Chapters

ဘေးအန္တရာယ်

Vol. 64 Ch. 880

ဘေးအန္တရာယ်

Vol. 64 Ch. 880

“တည်နေရာပြောင်းရွှေ့အစီအရင်ကို မတတ်နိုင်ဘူးလား”

ကျန်းရီက စုန့်ကျုံးကို မသင်္ကာဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးဖို့က အရမ်းဈေးကြီးလို့လား”

“အဲ့ဒါက ဈေးကြီးတယ်ဆိုတာထက်ကို ပိုပါတယ်။ လက်မခံနိုင်လောက်အောင် မတန်တဆဖြစ်နေတာပါ”

စုန့်ကျုံးက ခါးသက်သက် ပြုံးလိုက်ပြီး အသံပို့လွှတ်လိုက်လေသည်။

“ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ထုတ်ပေးထားတဲ့ အမိန့်ပြားရှိရင်တော့ သာမန်မျိုးနွယ်ခေါင်းဆောင်တွေက အဲ့ဒါကို တတ်နိုင်လောက်တယ်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ အမိန့်ပြားပါရင် ဒေသတော်တော်များများမှာ ငါးဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးကြတယ်။ တချို့နေရာတွေကျ ဆယ်ရာခိုင်နှုန်း၊ တချို့ကျတော့လည်း အလကားပါ ပေးတယ်။ သူတို့ရဲ့ အမိန့်ပြားက အတော်လေး အဖိုးတန်တယ်။ ကျွန်တော်တို့ ကောင်းကင်ဒေသက ဒေသအရှင်က အမိန့်ပြားတစ်ခု ပိုင်ဆိုင်ထားတယ်။ အဲ... ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ အမိန့်ပြား မရှိရင်လည်း ဒေသအရှင် ထုတ်ပေးထားတဲ့ အမိန့်ပြားပါရင် ဈေးတစ်ဝက်လောက် လျှော့ပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘာအမိန့်ပြားမှ မရှိဘူး။ ကျွန်တော်တို့ သခင်မရဲ့ အမိန့်ပြားနဲ့ဆိုရင် ကောင်းကင်ဒေသအပြင်ထိတောင် တည်နေရာပြောင်းရွှေ့လို့ ရမှာမဟုတ်ဘူး”

ကျန်းရီသည် စုန့်ကျုံး၏ စကားများကြောင့် ခေါင်းရှုပ်သွား၏။ သူ စိတ်မရှည်နိုင် ဖြစ်လာပြီး အသံပို့လွှတ်လိုက်သည်။

“အပိုတွေ ပြောမနေနဲ့တော့။ လိုရင်းကိုပြော။ တစ်ခါ တည်နေရာပြောင်းရွှေ့ဖို့ ကောင်းကင်ကျောက်တုံး ဘယ်လောက်လိုလဲ”

“ဟုတ်...ဟုတ်...”

စုန့်ကျုံးက လျင်မြန်စွာ ပြန်ပြောလိုက်သည်။

“ကောင်းကင်ဒေသမှာတော့ အနည်းဆုံး ကောင်းကင်ကျောက်တုံးတစ်သိန်း ပေးရပါတယ်”

ကျန်းရီ မျက်ခုံးပင့်လိုက်၏။ ကောင်းကင်ကျောက်တုံးတစ်သိန်းက သူ့အတွက် မပြောပလောက်ပေ။ သူ ဤသို့ မလာခင်က ချမ်ဝမ်ကွမ်းသည် သူ့ကို ကောင်းကင်ကျောက်တုံး သန်းတစ်သောင်း ပေးလိုက်ပေသည်။

စုန့်ကျုံးသည် ကျန်းရီက မအံ့ဩသွားကြောင်း မြင်လိုက်သောအခါ လျင်မြန်စွာ ရှင်းပြလိုက်၏။

“အရှင်... ဘယ်မြို့ကိုမဆို အဲ့ဈေးမဟုတ်ပါဘူး။ အဲ့ဈေးနဲ့က အနီးနားက မြို့လေးတွေဆီပဲ တည်နေရာပြောင်းရွှေ့လို့ရပါတယ်။ အဲ့ဒါကြောင့် သွားချင်တဲ့မြို့ကို ရောက်ဖို့ တစ်မြို့ပြီးတစ်မြို့ တည်နေရာပြောင်းရွှေ့သွားရပါတယ်။ ဒီနေရာကနေပြီး ကောင်းကင်ဒေသအထိ တည်နေရာပြောင်းရွှေ့ချင်ရင် အနည်းဆုံး အကြိမ်တစ်ထောင်လောက် တည်နေရာပြောင်းရွှေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အမိန့်ပြားရှိရင်တော့ တစ်ခါတည်း အဝေးကြီးရောက်တဲ့အထိ တည်နေရာပြောင်းရွှေ့လို့ရပါတယ်”

“အကြိမ်တစ်ထောင်လား”

ကျန်းရီ မျက်လုံးပင့်လိုက်၏။ ယင်းက အလုပ်မများပေသလော။ သို့သော် သူ မစိုးရိမ်ပေ။ ဈေးက ကြီးသော်လည်း လက်ခံနိုင်သော အတိုင်းအတာအတွင်း၌ ရှိသေးပေသည်။ ကောင်းကင်ကျောက်တုံး သန်းထောင်ဂဏန်းလောက် လိုလျှင်ပင် သူ မျက်တောင်တစ်ချက် ခတ်မည် မဟုတ်ပေ။ သူ၏ပန်းချီကားတစ်ချပ်ကိုပင် ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းဖြင့် ရောင်းနိုင်ခဲ့သည် မဟုတ်ပါလား။

“ကောင်းပြီ... ငါ မင်းတို့ကို အဆုံးထိ ကူညီပေးမယ်။ ငါလည်း မြောက်ဘက်ကို သွားမှာပဲဆိုတော့ မင်းတို့ကို ကောင်းကင်ဒေသရောက်တဲ့အထိ ခေါ်သွားပေးမယ်”

ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ သူသည် ဗုဒ္ဓဧကရာဇ်မြို့သို့ သွားမည်ဖြစ်၍ ကောင်းကင်ဒေသကို ဖြတ်ကျော်ရမည်ဖြစ်သည်။ လူတစ်ယောက်ဖြစ်စေ၊ လူတစ်စုဖြစ်စေ တည်နေရာပြောင်းရွှေ့ခက အတူတူပင်ဖြစ်၍ သူသည် စုန့်ကျုံးတို့ကို ခေါ်သွားနိုင်ပေသည်။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်”

စုန့်ကျုံး အလွန်ပျော်သွား၏။ ကျန်းရီက ကတိပေးလိုက်ပြီဖြစ်၍ သူ့တွင် ကောင်းကင်ကျောက်တုံးများရှိကြောင်း သိသာပေသည်။ တစ်ချိန်တည်းမှာပင် စုန့်ကျုံး အတန်ငယ် အရှက်ရသွားသည်။ သူတို့သည် လမ်းတစ်လျှောက်တွင်လည်း ကျန်းရီ၏ ကာကွယ်မှုကို လိုအပ်ခဲ့၏။ ယခုတွင်လည်း တည်နေရာပြောင်းရွှေ့အစီအရင်ကို အသုံးပြုနိုင်ရန် ကျန်းရီ၏ ကောင်းကင်ကျောက်တုံးများကို အားကိုးနေရပေသည်။ သူတို့သည် ကျန်းရီအပေါ် အခွင့်အရေးများစွာ ယူမိနေပေပြီ။

ကောင်းကင်က မှောင်လာပေပြီ။ ကျန်းရီတို့ မြို့သေးလေးသို့ ရောက်သွား၏။ စုန့်ကျုံးက မြို့ဂိတ်တံခါးတွင် ကောင်းကင်ကျောက်တုံးအနည်းငယ် ပေးလိုက်သောအခါ သူတို့ မြို့ထဲသို့ ဝင်ခွင့်ရခဲ့၏။

မြို့သေးလေးထဲတွင် လူသိပ်မရှိချေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူအများစုမှာ သာမန် မြို့သူ၊မြို့သားများဖြစ်ကြောင်း သိနိုင်လေသည်။ သို့သော် သိုင်းသမားများနှင့် ကောင်းကင်ဧကရာဇ်အချို့လည်း ရှိပေသည်။ စုန့်ကျုံးက သူတို့အုပ်စုကို အကောင်းဆုံး တည်ခိုခန်းသို့ ခေါ်သွား၏။ သူတို့၏ ရထားလုံးများကို အနောက်ဘက်ခြံဝန်းထဲတွင် ထားထားပြီး အစောင့်များအားလုံးက အခန်းများရှေ့တွင် စောင့်ကြပ်နေကြသည်။ ကျန်းရီ၊ ထန်ထိုက်ရှစ်နှင့် အခြားသူများမှာမူ ခြံဝန်းတစ်ခုစီဖြင့် နေရလေသည်။

ကျန်းရီသည် ဤမြို့ထဲရှိ အသန်မာဆုံး သိုင်းသမားမှာ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်သာ ဖြစ်ကြောင်း အာရုံခံမိထားပြီးပေပြီ။ ထိုအဆင့်သိုင်းသမားလောက်က အန္တရာယ်မဖြစ်နိုင်ပေ။ စုန့်ကျုံးနှင့် အခြားအစောင့်များလည်း ရှိနေ၍ သူ သိပ်၍ ဂရုထားမနေတော့ဘဲ အခန်းထဲသို့ တန်းသွားလိုက်ပြီး အိပ်လိုက်လေသည်။

မနက်လင်းသောအခါ စုန့်ကျုံးက အစေခံများအား ကျန်းရီထံ မနက်စာပို့ခိုင်းလိုက်၏။ သူတို့သည် စားသောက်ပြီးနောက် ဝံပုလွေအစွယ်မြို့သို့ သွားကြ၏။ သို့သော် သူတို့သည် သိုသိုသိပ်သိပ်သာ သွားလိုသဖြင့် စစ်ရထားလုံးများကို မစီးတော့ပေ။ ထိုအစား မြင်းလှည်းနှစ်စီးဖြင့်သာ သွားကြလေသည်။

“ရပ်လိုက်... ရှာကြ”

ကျန်းရီတို့ မြို့ဂိတ်တံခါးအတွင်း ဝင်သောအခါ ကိစ္စလေးတစ်ခု ဖြစ်ခဲ့၏။ စစ်သားတစ်စုက ရှာဖွေစစ်ဆေးရေး ပြုလုပ်နေသည်။ တပ်မှူးလေးတစ်ယောက်က ထန်ထိုက်ရှစ်ကို မျက်စိကျနေ၏။ သို့သော် ကျန်းရီက အရှိန်အဝါအနည်းငယ် ထုတ်လွှတ်လိုက်သဖြင့် တပ်မှူးလေး ရှိန်သွား၏။ မဟုတ်လျှင် သူသည် ထန်ထိုက်ရှစ်ကို မထီမရီ ပြုလောက်ပေသည်။

ကျန်းရီသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ခြင်းပင်။ ထို့ကြောင့် ထိုတပ်မှူးလေးသည် သူတို့ကို ရန်စဝံ့တော့မည် မဟုတ်ပေ။ ထိုတပ်မှူးလေး အသတ်ခံလိုက်ရလျှင်ပင် ဝံပုလွေအစွယ်မြို့သည် သူ့အတွက်ဖြင့် စွမ်းအားကြီးသိုင်းပညာရှင်တစ်ယောက်ကို အပြစ်ပြုမည် မဟုတ်ချေ။

ကျန်းရီတို့အုပ်စုသည် မြို့ထဲသို့ အောင်အောင်မြင်မြင် ဝင်နိုင်ခဲ့၏။ ကျန်းရီသည် မည်သည့်ပြဿနာမှ မဖြစ်လို၍ စုန့်ကျုံးကို မြို့ရင်ပြင်သို့ တန်းတန်းမတ်မတ်သွားရန် ပြောလိုက်လေသည်။ သူသည် အားလုံးကို တည်နေရာပြောင်းရွှေ့အစီအရင်ဖြင့် ခေါ်သွားမည်ဖြစ်သည်။

စုန့်ကျုံးသည် ထန်ထိုက်ရှစ်ထံ အသံပို့လွှတ်၍ ကျန်းရီက သူတို့ကို ကောင်းကင်ဒေသရောက်သည်အထိ တည်နေရာပြောင်းရွှေ့အစီအရင်ဖြင့် ခေါ်သွားမည်ဖြစ်ကြောင်း ပြောထားပြီးပေပြီ။ ထန်ထိုက်ရှစ်သည် မည်သို့ပြုမူရမည်ကို ကောင်းစွာသိ၏။ သူမသည် သူမ၏ ကောင်းကင်ကျောက်တုံး ဆယ်သန်းလုံးကို စုန့်ကျုံးအားပေးလိုက်ပြီး ထိုကောင်းကင်ကျောက်တုံးများကို အရင်သုံးရန် ပြောလိုက်လေသည်။

မြို့ရင်ပြင်သို့ ရောက်သောအခါ စုန့်ကျုံးသည် တည်နေရာပြောင်းရွှေ့အစီအရင်ဘေးရှိ အစောင့်များနှင့် ချက်ချင်း စကားပြောလိုက်၏။ သူသည် ကောင်းကင်ကျောက်တုံးများ ပေးလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် တင်ပြလိုက်လေသည်။

“အရှင်ရွှယ်၊ သခင်မ... တည်နေရာပြောင်းရွှေ့အစီအရင် အဆင့်သင့်ဖြစ်ပါပြီ”

ကျန်းရီတို့ မြင်းလှည်းပေါ်မှ ဆင်းလိုက်ကြ၏။ ထန်ထိုက်ရှစ်က မျက်နှာကို ပုဝါနက်ဖြင့် ကာထားသည်။ သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က အာရုံစိုက်မှုများစွာ ခံရပေသည်။ ကျန်းရီ၊ စုန့်ကျုံးနှင့် အခြားသူများတွင် အတော်လေးသန်မာသော အရှိန်အဝါများရှိ၍သာ တော်သေး၏။ မဟုတ်လျှင် လူအချို့တွင် မကောင်းသောအတွေးများ ဝင်လာနိုင်ပေသည်။

တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းသို့ ဝင်ပြီးနောက်တွင် စုန့်ကျုံးက အစီအရင်ဘေးမှ တပ်မှူးကို ကြည့်ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖွင့်လိုက်ပါတော့”

ရွှီး...

ကောင်းကင်ဧကရာဇ် ဒါဇင်ကျော်သည် အတွင်းအားများကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖွင့်လိုက်လေသည်။ အလင်းရောက်တောက်ပလာပြီး ကျန်းရီပတ်ပတ်လည်ရှိ လေထုက ယိမ်းယိုင်လာလေတော့သည်။ ကောင်းကင်ထက်သို့ အလင်းတစ်တန်း ထိုးတက်သွား၏။ တည်နေရာပြောင်းရွှေ့ခြင်း စတင်ပေပြီ။

“မဟုတ်သေးပါဘူး...”

ထိုအခိုက်တွင် ကျန်းရီ မျက်နှာထားပြောင်းသွားသည်။ ဤနေရာမှ တည်နေရာပြောင်းရွှေ့အစီအရင်က အပြစ်သားကျွန်းမှ တည်နေရာပြောင်းရွှေ့အစီအရင်နှင့် ကွာခြားပေသည်။ လေထုသာမက သူ၏စိတ်ဝိညာဉ်လည်း ယိမ်းယိုင်နေ၏။ သူ၏ စိတ်ဝိညာဉ်သာ တုန်ခါခြင်းက ပြဿနာမဟုတ်ပေ။ သို့သော် သူ၏ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကပါ အလိုလို လွင့်ပြယ်လာကြောင်း သူသတိပြုမိလိုက်ပေသည်။

တစ်နည်းဆိုရလျှင် တည်နေရာပြောင်းရွှေ့နေစဉ်အတွင်း၌ ကျန်းရီက မူလပုံစံ ပြန်ဖြစ်သွားမည်ဖြစ်သည်။ သူ၏စိတ်ဝိညာဉ်အရှိန်အဝါကလည်း ထို့အတူပင်။

ရွှီး...

တည်နေရာပြောင်းရွှေ့အစီအရင်က အဖြူရောင်အလင်းဖြင့် တောက်ပလာ၏။ ကျန်းရီနှင့် အခြားသူများသည် အစီအရင်အတွင်းမှ ပျောက်ကွယ်သွားကြသည်။ တည်နေရာပြောင်းရွှေ့မှုကြောင့် ဖြစ်ပေါ်လာသော လေထုယိမ်းယိုင်မှုက ကျန်းရီကို ခေတ္တမျှ ခေါင်းမူးနေစေ၏။

ကျန်းရီသည် သူ၏ခြေထောက်များက မြေပြင်ကို ထိသွားကြောင်း ခံစားလိုက်ရသည်နှင့် သူ၏ စိတ်ဝိညာဉ်အရှိန်အဝါကို ချက်ချင်း ပြန်ပြောင်းလိုက်လေသည်။ သို့သော် သူသည် ရုပ်သွင်ကိုမူ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ဖြင့် မပြောင်းဝံ့သေး၍ ခေါင်းသာငုံ့ထားလိုက်ရသည်။

ကျန်းရီ စိုးရိမ်နေသောကိစ္စ ဖြစ်လာ၏။ သူတို့ တည်နေရာပြောင်းရွှေ့ပြီးနောက် ကောင်းကင်စိတ်အာရုံအချို့က သူတို့ထံသို့ ချက်ချင်း ရောက်ရှိလာ၏။ ၎င်းတို့သည် တစ်ခဏမျှ အာရုံခံပြီးနောက်တွင် ထန်ထိုက်ရှစ်နေရာတွင် ရပ်သွားကြ၏။

ကျန်းရီသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး ရုပ်သွင်ကို ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ဖြင့် အနည်းငယ် ပြောင်းလဲလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဘေးမှလူများကို အသံပို့လွှတ်လိုက်၏။

“အပြင်ကို အရင်ထွက်ကြ။ တည်နေရာမပြောင်းရွှေ့ကြနဲ့ဦး။ ပြီးတော့ ငါ့ကိုလည်း မကြည့်ကြနဲ့”

စုန့်ကျုံးနှင့် သူ့အုပ်စုသည် ကျန်းရီ၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် တည်နေရာပြောင်းရွှေ့အစီအရင်မှနေ၍ မြို့ရင်ပြင်သို့ ထွက်လိုက်ကြသည်။ ကလေးနှစ်ယောက်ကိုမူ အစေခံမလေးများက ချီထား၏။ သူတို့သည် တည်နေရာပြောင်းရွှေ့မှုကြောင့် မူးဝေနေကြပြီး အတန်ကြာမှ အမူးပြေကြလေသည်။ ရှောင်ယွီက ကျန်းရီကို ကြည့်လိုက်ပြီး အံ့ဩတကြီး အော်ပြောလိုက်၏။

“ဦးဦး... ဘာလို့ ဦးဦးက ဒီလောက် ခံ့ညားလာရတာလဲ”

ထန်ထိုက်ရှစ်သည် ကျန်းရီက အမိန့်ပေးထား၍ မကြည့်ဝံ့သော်လည်း ရှောင်ယွီ၏အသံကို ကြားသောအခါ အလိုလို ငဲ့ကြည့်မိသွားသည်။ ကျန်းရီသည် အသားမည်းကာ တုတ်ခိုင်သော ယောက်ျားတစ်ယောက်အဖြစ်မှ ချောမောခံ့ညားသော လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲနေသည်ကို မြင်လိုက်ရသဖြင့် သူမ အံ့အားသင့်သွားသည်။

ကျန်းရီသည် လူများစွာက သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွား၏။ တပ်မှူးနှစ်ယောက်၏ မျက်နှာထားက အေးစက်နေသည်။ သို့သော် ကျန်းရီသည် ချက်ချင်းပြုံးလိုက်ပြီး ရှောင်ယွီ၏ ပါးလေးကို ညှစ်ကာ ပြောလိုက်၏။

“ဟေး..ရှောင်ယွီ.. ဦးဦးက မနေ့ညက ရေချိုးခဲ့လိုလေ။ အခု ဦးဦးမျက်နှာက မညစ်ပတ်နေတော့ဘူးဆိုတော့ ပိုပြီး ခံ့ညားလာတာပေါ့”

ထန်ထိုက်ရှစ်က အကြည့်လွှဲကာ ပြုံး၍ ဝင်ပြောလိုက်၏။

“ရှောင်ယွီ... ဦးဦး ပိုပြီးခံ့ညားလာအောင် အဝတ်အစားကောင်းကောင်း ဝယ်ပေးကြမယ်”

ကျန်းရီသည် အနီးရှိ တပ်မှူးများ၏ မျက်နှာရှိ သံသယများ ပျောက်သွားသည်ကို မြင်လိုက်မှ အတန်ငယ် စိတ်အေးသွားလေသည်။ ထန်ထိုက်ရှစ်က အမိန့်ပေးလိုက်၏။

“သွားကြစို့... စားသောက်ဆိုင်တစ်ဆိုင် အရင်ရှာရမယ်။ ဗိုက်ဆာနေပြီ...”

ကျန်းရီတို့အုပ်စု လျင်မြန်စွာ ထွက်သွားလေသည်။ ကျန်းရီ၏ကျောပြင်သည် ဇောချွေးများဖြင့် စိုရွှဲနေ၏။ ဤမြို့က မြို့သေးလေးဖြစ်၍ တော်သေးပေသည်။ သူ့ကို မည်သူမှ မမှတ်မိပေ။ အကယ်၍ သူသာ မြို့ကြီးတစ်မြို့သို့ တည်နေရာပြောင်းရွှေ့လိုက်လျှင် သူ၏သတင်းအချက်အလင်းများကို ရရှိထားသော မျိုးနွယ်ကြီးများမှ မျိုးနွယ်ဝင်များသည် သူ့ကို ချက်ချင်း မှတ်မိသွားပေလိမ့်မည်။

လမ်းတွင် ကျန်းရီ၏အတွေးထဲ၌ သံသယများ၊ အံ့အားသင့်မှုများနှင့် ပြည့်နှက်နေလေသည်။ အဘယ်ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေမှ တည်နေရာပြောင်းရွှေ့အစီအရင်က ထိုသို့ဖြစ်နေရသနည်း။ ၎င်းက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကိုပင် တုန်ခါသွားစေပေသည်။ အကယ်၍ တည်နေရာပြောင်းရွှေ့အစီအရင်တိုင်းက ထိုသို့ဆိုလျှင် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ ဗုဒ္ဓဧကရာဇ်မြို့သို့ ပျံသန်း၍သာ သွားရတော့မည်ဖြစ်သည်။

***

All Chapters