နည်းလမ်းသုံးခု
Vol. 64 Ch. 881
အဘယ်ကြောင့် ကျန်းရီသည် လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားကာ လူများကို ဆက်၍တည်နေရာမပြောင်းရွှေ့ရန် ပြောပြီး သူ့ကို မကြည့်ခိုင်းရသနည်း။
ထိုအဖြစ်အပျက်က အစောင့်အားလုံးကို အံ့အားသင့်သွားစေလေသည်။ သို့သော် မည်သူကမှ မမေးရဲပေ။ သူတို့သည် သံသယဖြစ်နေသော်လည်း မည်သူမှ သိသိသာသာ မပြုမူဝံ့ကြချေ။ သူတို့သည် ကျန်းရီနှင့် တစ်ဖွဲ့တည်း မဟုတ်ပါလား။ အကယ်၍ ကျန်းရီသာ တစ်ခုခု ဖြစ်သွားလျှင် သူတို့လည်း အကျိုးဆက်ကို ခံစားရပေလိမ့်မည်။ ထို့ပြင် သူတို့သည် ကျန်းရီကို အလွန်ကျေးဇူးတင်နေ၏။ ကျန်းရီသာ မရှိလျှင် သူတို့ ကောင်းကင်ဒေသသို့ ရောက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ထန်ထိုက်ရှစ်သည် စုန့်ကျုံးကို တည်းခိုခန်းကြီးတစ်ခု ရှာရန် ခိုင်းလိုက်၏။ အစောင့်များက အရှေ့ဘက် ဧည့်ဆောင်များတွင် နေရပြီး ထန်ထိုက်ရှစ်၊ ကျန်းရီနှင့် အစေခံမလေးအချို့က အနောက်ဘက်ရှိ ခြံဝန်းထဲတွင် နေကြသည်။
ခြံဝန်းထဲသို့ ရောက်သောအခါ ထန်ထိုက်ရှစ်က အစေခံမလေးများအား ကလေးများကိုခေါ်၍ အခန်းထဲသို့သွားရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမသည် ကျန်းရီကို ကြည့်၍ ရုတ်တရက် အသံပို့လွှတ်လိုက်၏။
“အရှင်... သူတို့အတွက် စိတ်မပူပါနဲ့။ သူတို့က ကျွန်မရဲ့ ဝိညာဉ်ကျွန်တွေပါ... အရှင့်ရဲ့ လျှို့ဝှက်ချက်ကို သူတို့ ဘယ်တော့မှ ဖော်မှာ မဟုတ်ပါဘူး”
“ငါလျှို့ဝှက်ချက်ကို ဖော်မှာလား”
ကျန်းရီသည် မျက်မှောင်ကြုတ်၍ ထန်ထိုက်ရှစ်ကို စိုက်ကြည့်လိုက်၏။ သို့သော် သူ စကားတစ်ခွန်းမှ မပြောလိုက်ပေ။ ထန်ထိုက်ရှစ်သည် ရှက်သွေးဖြာသွားပြီး ကျန်းရီ၏ အကြည့်ကြောင့် မသက်မသာ ဖြစ်လာလေသည်။ ခေတ္တကြာပြီးနောက် ကျန်းရီက အခန်းတစ်ခန်းထဲသို့ လျှောက်သွားလိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်သည်။
“အထဲကို ဝင်ခဲ့”
ထန်ထိုက်ရှစ်က ရှက်ရွံ့ဟန်ဖြင့် ကြည့်လိုက်၏။ သူမသည် အဝတ်အစားများကို လျင်မြန်စွာ သပ်သပ်ရပ်ရပ် လုပ်လိုက်ပြီး အခန်းထဲသို့ စိတ်လှုပ်တရှား ဝင်သွားလေသည်။ ကျန်းရီက ကုတင်ပေါ်တွင် ထိုင်ကာ လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်၏။
“အကာအရံတွေကို နှိုးလိုက်”
“နားလည်ပါပြီ...”
ထန်ထိုက်ရှစ်က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်ပြီး သူမ၏အတွင်းအားကို တံခါး၏ အစီအရင်အတွင်းသို့ ထည့်သွင်းလိုက်၏။ အကာအရံက ဖြည်းဖြည်းချင်း နိုးထလာလေသည်။ ကျန်းရီက လှည့်ပတ်ကြည့်လိုက်ပြီး အခန်းထဲတွင် မည်သည့်ကုလားထိုင်မှ မတွေ့သောအခါ ကုတင်ကိုပင် ညွှန်ပြ၍ ပြောလိုက်သည်။
“ထိုင်ပါ”
“အာ...”
ထန်ထိုက်ရှစ်၏ မျက်နှာလေးက ပို၍ပင် နီမြန်းလာသည်။ သူမသည် ဖြည်းဖြည်းချင်း လျှောက်သွားပြီး ကုတင်စောင်းတွင် ကျော့ရှင်းစွာ ထိုင်လိုက်၏။ သူမသည် ကုတင်ပေါ်တွင် ဖင်တစ်ခြမ်းသာ တင်ထားပြီး ခေါင်းငုံ့နေကာ မည်သည့်စကားမှ မပြောနိုင် ဖြစ်နေသည်။ သူမ၏ အသက်ရှူသံကလည်း အတန်ငယ် တိုနေ၏။
ကျန်းရီသည် ထန်ထိုက်ရှစ်၏ အမူအယာများကို မြင်သောအခါ သူမက သူ့ကို အထင်လွဲနေပြီဖြစ်ကြောင်း သိသွား၏။ ထို့ကြောင့် သူ မျက်လုံးပင့်ကာ ပြောလိုက်သည်။
“မင်း ငါ့ကို အထင်လွဲနေပြီထင်တယ်။ မင်း ငါ့ရဲ့လျှို့ဝှက်ချက်ကို ပြောပြလိုက်လည်း ငါမကြောက်ပါဘူး။ ငါ ရုပ်သွင်ပြောင်းထားရတာက အရင်က ငါ အရှေ့ဘက် တော်ဝင်နယ်မြေက မျိုးနွယ်လေးတစ်ခုရဲ့ သခင်လေးတစ်ယောက်ကို သတ်ခဲ့မိလို့ပဲ။ အဲ့သခင်လေးက ငါတို့နယ်မြေကိုလာပြီး မကောင်းတဲ့ကိစ္စတွေ အများကြီးလုပ်ခဲ့တယ်။ ဒီတစ်ခေါက် ငါ အရှေ့ဘက် တော်ဝင်နယ်မြေကို လာခဲ့တာ အဲ့မျိုးနွယ်လေးကို ဖျက်ဆီးပစ်ဖို့ပဲ။ ငါ ရုပ်သွင်ပြောင်းထားတာက သူတို့ ကြိုသတင်းရသွားပြီး ထွက်ပြေးသွားမှာစိုးလို့ပဲ”
“ဟုတ်...ဟုတ်ကဲ့...”
ထန်ထိုက်ရှစ် စိတ်ပျက်စွာ ပြန်ပြောလိုက်သည်။ သူမသည် လျှို့ဝှက်ချက်ကြီးတစ်ခုကို သိခဲ့ရပြီဟု ထင်ခဲ့မိ၏။ သူမ ခေတ္တမျှ နှုတ်ဆိတ်နေပြီး စိတ်ဝင်တစား မေးလိုက်သည်။
“အရှင်... အရှင့်ရဲ့ ရန်သူက ဘယ်ဒေသမှာပါလဲ”
ကျန်းရီ၏မျက်ဝန်းများထဲတွင် အေးစက်စက်အရိပ်အယောင်တစ်ခု လက်သွားလေသည်။ ထန်ထိုက်ရှစ် တုန်ယင်သွားပြီး လျင်မြန်စွာ တောင်းပန်လိုက်၏။
“ကျွန်မ မေးခွန်းတွေ အများကြီး မေးမိသွားပါတယ်။ နောက်မဖြစ်စေရပါဘူး”
“ဘာလို့ ဒီတည်နေရာပြောင်းရွှေ့အစီအရင်က ငါ့ရဲ့ ရုပ်ဖျက်အတတ်ကို အစွမ်းပျောက်သွားစေတာလဲ”
ကျန်းရီ၏ မျက်ဝန်းများထဲမှ အေးစက်မှုများ လွင့်ပျယ်သွားသည်။ သူသည် ထန်ထိုက်ရှစ်၏ အကင်းပါးမှုကြောင့် အတော်လေးကျေနပ်နေ၏။ ထို့ကြောင့် သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒီရုပ်ဖျက်အတတ်က အတော်လေး အဆင့်မြင့်ပါတယ်။ သာမန် တည်နေရာပြောင်းရွှေ့အစီအရင်ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်လောက်ဘူး”
“အရှေ့ဘက် တော်ဝင်နယ်မြေက တည်နေရာပြောင်းရွှေ့အစီအရင်တွေက သာမန်မဟုတ်ပါဘူး”
ထန်ထိုက်ရှစ်က ရှင်းပြလိုက်သည်။
“ဒီက တည်နေရာပြောင်းရွှေ့အစီအရင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သိန်းတုန်းက လျှို့ဝှက်တည်ဆောက်ထားတာပါ။ အပြစ်သားကျွန်းက သူလျှိုတွေ ခိုးဝင်မလာနိုင်အောင်လို့ပေါ့။ လွန်ခဲ့တဲ့ နှစ်နှစ်သိန်းတုန်းက ဆန်းကြယ်တဲ့ သိုင်းပညာရှင်တစ်ယောက်က အရှေ့ဘက် တော်ဝင်နယ်မြေထဲ ခိုးဝင်လာပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုက သခင်လေးတွေကို သတ်ဖြတ်ခဲ့တယ်။ အဲ့လူရဲ့ ရုပ်ဖျက်စွမ်းရည်က အတော်လေး အစွမ်းကြီးခဲ့တယ်။ အဲ့ဒါကြောင့် သူ့ကို ခြေရာမခံနိုင်ခဲ့ကြဘူး။ အဲ့တုန်းက အဲ့သိုင်းပညာရှင်ရဲ့ လက်ချက်နဲ့ ပါရမီရှင် သခင်လေး အယောက်ရာကျော် သေသွားခဲ့ရတယ်။ အဲ့ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ...”
“အဲ့ကတည်းကစပြီး ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးက တည်နေရာပြောင်းရွှေ့အစီအရင်တွေကို ပြန်တည်ဆောက်ဖို့ အမိန့်ပေးခဲ့တာပါ။ ဒီကတည်နေရာပြောင်းရွှေ့အစီအရင်တွေမှာ ရုပ်ဖျက်အတတ်တွေကို ပယ်ဖျက်ပေးတဲ့ အထူးအစီအရင်တချို့ ပါပါတယ်။ အဲ့တည်နေရာပြောင်းရွှေ့အစီအရင်နဲ့ဆို ဓားပြတွေကလည်း သိပ်ပြီးမသောင်းကျန်းနိုင်ဘူး။ ဓားပြခေါင်းဆောင်အများစုက အလိုရှိတဲ့အပြစ်သားတွေဆိုတော့ သူတို့ရဲ့ ပုံတူတွေ၊ သတင်းအချက်အလက်တွေက မြို့အနှံ့မှာ ရှိကြတယ်လေ”
“အဲ့လိုကိုး...”
ကျန်းရီသည် နောက်ကွယ်မှအကြောင်းများကို သိရှိသွားပြီး အတန်ငယ် ဝမ်းမြောက်သွား၏။ သူ မြို့ကြီးတစ်မြို့သို့ တည်နေရာ မပြောင်းရွှေ့လိုက်၍ တော်သေးပေသည်။ ယခု သူရောက်နေသော မြို့ငယ်လေးတွင် သူ၏ ပုံတူနှင့် သတင်းအချက်အလက်များ မရှိချေ။ သူသည် သူ၏စိတ်ဝိညာဉ်အရှိန်အဝါကိုလည်း ချက်ချင်း ပြန်ပြောင်းလဲခဲ့သည်။ ထန်ထိုက်ရှစ်ကလည်း သူ့အတွက် ကာပြောပေးခဲ့သည်။ မဟုတ်လျှင် ယခု သူ မည်သူဖြစ်ကြောင်း ပေါ်သွားလောက်ပေပြီ။
‘နောက်ကျရင် ငါ တည်နေရာပြောင်းရွှေ့အစီအရင်ကို ထပ်သုံးလို့မရတော့ဘူး။ မဟုတ်ရင် ငါ ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး’
ကျန်းရီ စိတ်ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူ မည်သူဖြစ်ကြောင်း ပေါ်သွားလျှင် အင်အားကြီး မျိုးနွယ်အချို့သည် မြို့ထဲတွင် ချက်ချင်း ထောင်ချောက်တစ်ခု ဆင်နိုင်၏။ သူ ဦးတည်ရာသို့ ရောက်သွားချိန်တွင် ရုတ်ခြည်း အသတ်ခံရမည်ဖြစ်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးရန်ပင် အခွင့်အရေးရမည် မဟုတ်ချေ။
‘တည်နေရာပြောင်းရွှေ့အစီအရင်ကို မသုံးနိုင်ရင် ငါ တကယ်ပဲ ဗုဒ္ဓဧကရာဇ်မြို့ကို ပျံပြီးသွားရတော့မှာလား’
ကျန်းရီ စိတ်ပျက်သွား၏။ ယင်းက ပိုလုံခြုံမည် ဖြစ်သော်လည်း ဗုဒ္ဓဧကရာဇ်မြို့သို့ရောက်ရန် အနည်းဆုံး နှစ်အနည်းငယ် ပျံသန်းရပေလိမ့်မည်။ လမ်းခရီးတွင် နှစ်အနည်းငယ် ကုန်ဆုံးရမည်လော။ ယင်းကို သူ လက်မခံနိုင်ပေ။
ဆန်းကြယ်နတ်ဘုရားတောင်သည် ငါးနှစ်ကြာပြီးနောက်တွင် ပြောင်းလဲသွားမည်ဖြစ်၍ လူတိုင်း တောင်ပေါ်သို့ တက်နိုင်ကြတော့မည်ဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားတောင် ပြောင်းလဲသွားလျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်အတွင်းသို့ ပထမဆုံးဝင်သည့်လူမှ သူဖြစ်ရပေမည်။ ထိုမှသာ သူ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူနိုင်ရန် အခွင့်အရေး ရပေလိမ့်မည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်သည် ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် နံပါတ်(၁) မူလရတနာဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရရှိခြင်းက ဆန်းကြယ်ဧကရာဇ်၏ အမွေအနှစ်များကို ရရှိသကဲ့သို့ပင်။ သူသည် ဒဏ္ဍာရီလာ ဆန်းကြယ်နတ်ဘုရားဓားနှင့် ဆန်းကြယ်နတ်ဘုရားသံချပ်ကာတို့ကိုလည်း ရရှိနိုင်လောက်သည်။ သူ သိုင်းပညာခန်းမကို မြေလှန်ပစ်လိုလျှင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရရှိရန် လိုအပ်ပေသည်။
“တကယ်တော့ အရှင် စိုးရိမ်စရာမလိုပါဘူး”
ထန်ထိုက်ရှစ်သည် ကျန်းရီတစ်ယောက် တိတ်ဆိတ်သွားသည်ကို တွေ့လိုက်သောအခါ အတန်ငယ်ပြုံး၍ ပြောလိုက်၏။
“အရှင်... အရှင့်ရဲ့ ရန်သူက မျိုးနွယ်အသေးလေးတစ်ခုပဲဆိုတော့ အလိုရှိပုံတူတွေ ဖြန့်ဝေနိုင်လောက်မှာ မဟုတ်ပါဘူး။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့ ဒေသအရှင်တွေကပဲ အလိုရှိပုံတူတွေကို ဖြန့်ဝေနိုင်တာပါ။ သာမန်မျိုးနွယ်လေးတွေက ဒေသအရှင်တွေနဲ့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို အနှောင့်အယှက် မပေးဝံ့ပါဘူး။ အစောက မြို့စောင့်တပ်ကလည်း အရှင့်ကို သံသယမဝင်ခဲ့ဘူးမလား။ အရှင့်ရဲ့ အကြောင်းကို ဘယ်သူမှ မသိဘူးဆိုတာ သိသာပါတယ်။ အဲ့တော့ အရှင် တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးမယ်ဆိုလည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး”
“မင်းက ဘာသိလို့လဲ”
ကျန်းရီ ဆဲမိမလိုပင် ဖြစ်သွားသည်။ မြို့အသေးလေးများတွင် သူ၏ အလိုရှိပုံတူများ မရှိသော်လည်း မြို့ကြီးများတွင် သေချာပေါက် သူ၏ပုံတူများ ရှိနိုင်ပေသည်။ ထို့ကြောင့် သူ အကြည့်လွှဲကာ ပြောလိုက်၏။
“မဟုတ်ဘူး... အဲ့သခင်လေးက ငါ့ရဲ့ မိသားစုတစ်စုလုံးကို သတ်သွားတာ။ အဲ့ဒါကြောင့် ငါ ဘာပေါက်ကြားမှုမှ မရှိစေချင်ဘူး။ ငါတို့ တည်နေရာပြောင်းရွှေ့အစီအရင်ကို မသုံးတော့ဘူး။ ခရီးကို အရှိန်မြှင့်ဖို့ တခြားနည်းတွေ ရှိသေးလား”
“ရှိပါတယ်”
ထန်ထိုက်ရှစ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အမှန်တော့ တည်နေရာပြောင်းရွှေ့အစီအရင်က ဈေးကြီးလွန်းပါတယ်။ ဒီနယ်မြေမှာ မျိုးနွယ်ခေါင်းဆောင်တွေနဲ့ မျိုးနွယ်အကြီးအကဲတွေကလွဲရင် သာမန်သခင်လေးတွေတောင် တည်နေရာပြောင်းရွှေ့အစီအရင်ကို မသုံးနိုင်ကြပါဘူး။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ အမိန့်ပြား ဒါမှမဟုတ် ဒေသအရှင်ရဲ့ အမိန့်ပြား ရှိရင်တော့ တစ်မျိုးပေါ့လေ။ သာမန်လူတွေကတော့ နည်းလမ်းသုံးမျိုးနဲ့ ခရီးသွားလာကြပါတယ်”
ကျန်းရီ၏ မျက်လုံးများ တောက်ပသွား၏။ သူ အသံလေးလေးဖြင့် ပြန်ပြောလိုက်သည်။
“ပြောပါ”
“ပထမတစ်နည်းက ပျံသွားဖို့ပါပဲ။ ဒါပေမဲ့ အဲ့ဒါက နှေးပြီးတော့ အန္တရာယ်များပါတယ်...”
ထန်ထိုက်ရှစ်၏ ပထမဆုံးနည်းလမ်းမှာ ပေါက်ကရပင်။ ကျန်းရီသည် သူမကို ပါးပိတ်ရိုက်ချင်စိတ်ပင် ပေါက်သွား၏။ ထန်ထိုက်ရှစ်က ကျန်းရီ၏ မျက်နှာထား မည်းသွားသည်ကို တွေ့လိုက်သောအခါ လျင်မြန်စွာ ဆက်ပြောလိုက်သည်။
“ဒုတိယနည်းက ကုန်သည်အဖွဲ့အစည်းကြီးတစ်ခုရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးတာပါ။ ဥပမာအနေနဲ့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မျိုးနွယ်တိုင်းမှာ ဧရာမ ကောင်းကင်ကံကြမ္မာသင်္ဘောကြီးတွေ ရှိပါတယ်။ အဲ့ဒါက လုံလည်းလုံခြုံသလို အမြန်နှုန်းကလည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ရဲ့ အမြန်နှုန်းနဲ့ ယှဉ်နိုင်ပါတယ်”
ကျန်းရီ အတန်ငယ် ခေါင်းညိတ်လိုက်၏။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များက အလွန်လျင်မြန်ပေသည်။ ဗုဒ္ဓဧကရာဇ်မြို့သို့ရောက်ရန် အများဆုံးမှ တစ်နှစ်သာ လိုပေလိမ့်မည်။
သို့သော် ထန်ထိုက်ရှစ် ဆက်ပြောသောစကားကြောင့် ကျန်းရီ ထိုနည်းလမ်းကို ဖယ်လိုက်လေသည်။
“ဒါပေမဲ့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောအပေါ် တက်ဖို့ကလည်း တည်နေရာပြောင်းရွှေ့ပြီး တက်ရမှာပါ။ အဲ့တည်နေရာပြောင်းရွှေ့အစီအရင်ကလည်း မြို့ထဲက အစီအရင်နဲ့အတူတူပါပဲ။ သူလျှိုတွေ ခိုးဝင်မလာနိုင်အောင် လုပ်ထားတာပါ။ အရှင်က တည်နေရာပြောင်းရွှေ့အစီအရင်ကို မသုံးချင်ဘူးဆိုတော့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောတွေကိုလည်း သုံးလို့မရလောက်ပါဘူး”
“ဒါပေါ့...”
ထန်ထိုက်ရှစ်က ခေတ္တ စကားဖြတ်လိုက်ပြီးမှ ဆက်ပြော၏။
“အရှေ့ဘက် တော်ဝင်နယ်မြေမှာ အမြတ်ကိုပဲကြည့်တဲ့ ကုန်သည်အဖွဲ့အစည်းကြီးတွေ အများကြီးပဲရှိပါတယ်... ကောင်းကင်ဒေသကို တည်ထောင်ခဲ့တဲ့ ထန်မျိုးနွယ်လိုပေါ့။ သူတို့က သူလျှိုတွေကို ဂရုမစိုက်ကြဘူး။ သူတို့ ဂရုစိုက်တာက ကောင်းကင်ကျောက်တုံးတွေပဲ။ အဲ့ဒါကြောင့် ကျွန်မတို့ ကောင်းကင်ဒေသကိုသွားဖို့ ထန်မျိုးနွယ်ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက နည်းနည်းဈေးကြီးတယ်။ ကောင်းကင်ဒေသကို ရောက်ဖို့ လူတစ်ယောက်ကို ကောင်းကင်ကျောက်တုံး သန်းတစ်ရာ ပေးရပါတယ်”
“သန်းတစ်ရာလား”
ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ စုန့်ကျုံးနှင့် သူ့အုပ်စုအပါအဝင် သူတို့ဘက်တွင် လူခြောက်ဆယ်ကျော်ရှိပေသည်။ သူ သန်းခြောက်ထောင်ကျော် သုံးရမည်လော။
ထန်ထိုက်ရှစ်သည် ကျန်းရီ မျက်နှာပျက်သွားသည်ကို တွေ့လိုက်သောအခါ လျင်မြန်စွာ ရှင်းပြလိုက်၏။
“တကယ်လို့ အရှင်က ထန်မျိုးနွယ်ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးချင်တယ်ဆိုရင် စုန့်ကျုံးတို့အုပ်စုကို ချန်ခဲ့လို့ရပါတယ်။ ရှောင်ယွီ၊ ရှောင်ထျန်းနဲ့ ကျွန်မကိုပဲ ခေါ်သွားရင် ရပါပြီ။ ကျွန်မ မျိုးနွယ်ကို ပြန်ရောက်ရင် အရှင့်ကို ကောင်းကင်ကျောက်တုံး သန်းသုံးရာ ပြန်ပေးပါမယ်”