ထန်မျိုးနွယ်
Vol. 64 Ch. 882
ကျန်းရီ၏ မျက်နှာထားက ပြန်ဝင်းပလာသည်။ သူက ကပ်စေးမနည်းသော်လည်း လူများကို ကူညီရာတွင် အကန့်အသတ်တော့ ရှိရပေမည်။ အကယ်၍ သူသာ ယခုတွင် ကောင်းကင်ကျောက်တုံး သန်းခြောက်ထောင် သုံးလိုက်ရလျှင် နောက်တွင် သူ ကောင်းကင်ကျောက်တုံးများ လိုအပ်လာလျှင် မည်သို့ လုပ်မည်နည်း။ သူ ဓားပြတိုက်ရမည်လော။
ထန်ထိုက်ရှစ်က ဆက်ပြောလိုက်သည်။
“တကယ်တော့... မှောင်ခိုဈေးမှာ ကုန်သည်အဖွဲ့အစည်းတချို့ရှိပါတယ်။ သူတို့က ဈေးသက်သာတယ်။ တစ်ယောက်မှ ဆယ်သန်း ဒါမှမဟုတ် တစ်သန်းလောက်ပဲ ကျတယ်။ ဒါပေမဲ့ သိပ်မလုံခြုံဘူး... အမြန်နှုန်းကလည်း နှေးတယ်”
ကျန်းရီ အလေးအနက် မေးလိုက်သည်။
“တတိယနည်းလမ်းက ဘာလဲ”
ထန်ထိုက်ရှစ်သည် ခေတ္တ နှုတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်၏။
“တတိယနည်းလမ်းက ပိုလည်းမြန်သလို ပိုလည်းလုံခြုံမှုရှိပါတယ်။ ကောင်းကင်ဒေသကို ရောက်ဖို့ ရက်နည်းနည်းလောက်ပဲ လိုပါလိမ့်မယ်။ ကျွန်မတို့ ကုန်သည်အဖွဲ့အစည်းကြီးတွေက ရှန်းဝမ်တာ့ရှီးတွေကို သွားရှာပြီး ကျွန်မတို့ကို လေဟာနယ်ရှေးဟောင်းလမ်းကြောင်းကို ဖြတ်ပြီး ပို့ပေးဖို့ တောင်းဆိုရမှာပါ။ ကျွန်မတို့ ရှေးဟောင်းလမ်းကြောင်းကို တစ်ကြိမ်ဖြတ်တိုင်း ကီလိုမီတာ သန်းရာချီပြီး ရောက်သွားမှာပါ။ ပြီးတော့ ရှန်းဝမ်တာ့ရှီးတွေက ကျွန်မတို့က ဘယ်သူဘယ်ဝါဆိုတာ ဂရုမစိုက်ပါဘူး။ ကောင်းကင်ကျောက်တုံးတွေသာ ပေးနိုင်ရင် သူတို့က ပို့ပေးမှာပါ။ ဈေးကတော့ နည်းနည်းများတယ်... တစ်ကြိမ်ဖြတ်ဖို့ ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းပေးရပါတယ်”
ကျန်းရီ မျက်လုံးပင့်လိုက်၏။ သူ၏ ကောင်းကင်ကျောက်တုံးအားလုံး ကုန်သွားလျှင် နောက်ကျ သူ မည်သည်နှင့် သွားသုံးရပါမည်နည်း။ သူသည် ရှန်းဝမ်တာ့ရှီးများကို မြင်ခဲ့ဖူး၏။ သွေးညအကြောက်တရားပင်လယ်ထဲတွင် သူသည် ရှီးဖေးနှင့် ကျန့်ဝူယင်းတို့၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရ၏။ သူတို့သည် နက္ခတ်ပညာရှင်(ကျန်းရှင်းကျား)များနှင့် ရှန်းဝမ်တာ့ရှီးများအပေါ် မှီခိုခဲ့ခြင်းပင်။
“ကီလိုမီတာ သန်းရာချီလား”
ကျန်းရီ လှောင်ပြုံး ပြုံးလိုက်သည်။ သူ၏ ကောင်းကင်ရှောင်တိမ်းခြင်းကလည်း ကီလိုမီတာ သန်းရာချီ သွားနိုင်ပေသည်။ သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို အချိန်မရွေး ထုတ်သုံးနိုင်၏။ သူ မည်သူဖြစ်ကြောင်း ပေါ်သွားမည်ကို မစိုးရိမ်ရလျှင် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းဖြင့် သွားပြီးလောက်ပေပြီ။ သို့သော် ကောင်းကင်ရှောင်တိမ်းခြင်း၏ မကောင်းကွက်တစ်ခုမှာ သူ မည်သည့်နေရာတွင် ပြန်ထွက်ပေါ်လာမည်ဖြစ်ကြောင်း မသိရခြင်းပင်။ အကယ်၍ သူသာ မြို့ကြီးတစ်မြို့သို့ တန်းရောက်သွားပါက ဒုက္ခလှလှ တွေ့သွားပေလိမ့်မည်။
“ကြည့်ရတာ ငါတို့ ကောင်းကင်ကံကြမ္မာသင်္ဘောကိုပဲ သုံးရမယ့်ပုံပဲ”
ကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောက လုံခြုံမှုရှိပေသည်။ ထို့ပြင် အချိန်လည်း သိပ်ကြာမည် မဟုတ်ချေ။ ဗုဒ္ဓဧကရာဇ်မြို့သို့ ရောက်ရန် အချိန်တစ်နှစ်သာ လိုပေလိမ့်မည်။ ထိုတစ်နှစ်အတွင်း သူ အတွင်းအား ကျင့်ကြံကာ တာအိုပုံသဏ္ဌာန်များကို လေ့လာ၍ သူ၏အင်အားကို မြှင့်တင်နိုင်ပေသည်။
မကြာခင်မှာပင် ကျန်းရီ ဆုံးဖြတ်ချက်ချလိုက်ပြီး အသံဩဩဖြင့် ပြောလိုက်သည်။
“စုန့်ကျုံးကို ထန်မျိုးနွယ်နဲ့ ဆက်သွယ်ဖို့ ပြောလိုက်ပါ။ သူတို့အတွက် ကောင်းကင်ကံကြမ္မာသင်္ဘော လက်မှတ်တွေ ဝယ်ဖို့ အမိန့်ပေးလိုက်... အာ... ငါက မင်းနဲ့ မင်းရဲ့ကလေးနှစ်ယောက်ကိုပဲ ခေါ်သွားရမှာပဲ။ အင်း... စုန့်ကျုံးတို့အုပ်စုကို ကောင်းကင်ဒေသဆီ သူတို့ဘာသာပဲ ပြန်လာခိုင်းလိုက်ပါ။ ပြီးတော့ သူတို့ကို ငါ့အကြောင်း ထုတ်မပြောဖို့လည်း သတိပေးလိုက်ဦး”
“ဟုတ်ကဲ့ပါ အရှင်”
ထန်ထိုက်ရှစ်က ခေါင်းညိတ်လိုက်သည်။ ကျန်းရီက စိုးရိမ်တတ်လွန်း၏။ စုန့်ကျုံးတို့အုပ်စုမှာ ထန်ထိုက်ရှစ်၏ ဝိညာဉ်ကျွန်များ ဖြစ်သည်။ ထန်ထိုက်ရှစ်က အမိန့်ပေးပြီးပြီဖြစ်၍ သူတို့သည် သူမ၏အမိန့်ကို လွန်ဆန်မည့်အစား အသေသာခံကြမည်ဖြစ်သည်။
စုန့်ကျုံးသည် တစ်ယောက်တည်း ထွက်သွား၏။ သူ ထန်မျိုးနွယ်ကုန်သည်အဖွဲ့အစည်း၏ အဖွဲ့ခွဲကို ရှာတွေ့ရန် အချိန်လေးနာရီ ကြာခဲ့သည်။ နောက်ဆုံးတွင် သူ လက်မှတ်များ ဝယ်ယူနိုင်ခဲ့လေသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောသည် ဤမြို့သို့ ရှစ်ရက်လျှင်တစ်ကြိမ် ဖြတ်သွား၏။ သူတို့သည် ထိုကောင်းကင်ကံကြမ္မာသင်္ဘာကိုစီးကာ ကောင်းကင်ဒေသသို့ သွားရမည်ဖြစ်သည်။ သို့သော် ကောင်းကင်ကံကြမ္မာသင်္ဘောက ကောင်းကင်မီးတောက်မြို့ကိုတော့ မဖြတ်ပေ။ ၎င်း၏ ဦးတည်ရာက ဗုဒ္ဓဧကရာဇ်မြို့လည်း မဟုတ်ချေ။ ပို၍မြောက်ဘက်ကြသည့် ဆင်နဂါးဒေသ ဖြစ်သည်။
ကျန်းရီ မစိုးရိမ်ပေ။ ထန်ထိုက်ရှစ်၏ စကားအရ ထန်မျိုးနွယ်ကုန်သည်အဖွဲ့အစည်းသည် မြို့တိုင်းတွင် အဖွဲ့ခွဲများရှိပြီး အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးကို လှည့်လည်သွားလာနေသော ကောင်းကင်ကံကြမ္မာသင်္ဘော တစ်သောင်းကျော် ပိုင်ဆိုင်ထားကြောင်း သိရပေသည်။ သူတို့သည် သွားလိုသောမြို့သို့ ရောက်ရန် အခြားကောင်းကင်ကံကြမ္မာသင်္ဘောများကို ပြောင်းစီးလိုက်ရုံသာ။
စုန့်ကျုံးသည် သူတို့အုပ်စုအတွက်လည်း သူ့ဘာသာ လက်မှတ်များ ဖြတ်လာ၏။ သူတို့စီးမည့် ကောင်းကင်ကံကြမ္မာသင်္ဘောမှာ အလယ်အလတ်အရွယ်အစားရှိသည့် ကုန်သည်အဖွဲ့အစည်းတစ်ခုက ပိုင်သော အဆင့်နိမ့်သင်္ဘောဖြစ်သည်။ သင်္ဘောခက ဈေးမကြီးပေ။ သူတို့အားလုံးအတွက်မှ ကောင်းကင်ကျောက်တုံး သန်းနှစ်ဆယ်သာ ကျပေသည်။
ကျန်းရီ သူတို့ကို အရေးမစိုက်ပေ။ အကယ်၍ သူသာ ရှောင်ယွီကို ပြန်လိုက်ပို့ပေးမည်ဟု ကတိပေးမထားလျှင်၊ ကလေးနှစ်ယောက်၏ အခြေအနေက သနားစရာကောင်းမနေလျှင် သူသည် ထန်ထိုက်ရှစ်ကိုပင် သူနှင့်အတူ ခေါ်သွားလိုမည် မဟုတ်ချေ။ သူ ခေါ်မသွားလိုခြင်းမှာ ကောင်းကင်ကျောက်တုံးများကြောင့် မဟုတ်ဘဲ ထိုမိန်းမက အလွန်လှပသဖြင့် ပြဿနာများကို ဖိတ်ခေါ်နေသလို ဖြစ်နေသောကြောင့်ပင်။
ကျန်းရီတို့သည် တည်းခိုခန်းတွင် ရှစ်ရက် အနားယူလိုက်၏။ ထိုအတောအတွင်း သူတို့သည် တည်းခိုခန်းအပြင်သို့ ခြေတစ်လှမ်းပင် မထွက်ကြပေ။ အချိန်ကျလာသောအခါ ကျန်းရီသည် ထန်ထိုက်ရှစ်နှင့် သူမ၏ကလေးနှစ်ယောက်ကိုခေါ်၍ ထွက်သွားရန် ဟန်ပြင်လိုက်၏။ ကလေးနှစ်ယောက်သည် အစေခံမလေးများက သူတို့နှင့်အတူ လိုက်ပါမည်မဟုတ်ကြောင်း သိသောအခါ အော်ဟစ်ငိုယိုလေတော့သည်။ သူတို့သည် ထိုအစေခံမလေးများ၏ လက်ထဲတွင် ကြီးပြင်းလာသူများပင်။ ထိုအစေခံမလေးများထဲမှ နှစ်ယောက်က သူတို့၏ နို့ထိန်းများကဲ့သို့ပင်ဖြစ်၏။ ထို့ကြောင့် သူတို့ ထိုအစေခံမလေးနှစ်ယောက်အပေါ်ထားသော သဘောထားက ထန်ထိုက်ရှစ်အပေါ်ထားသော သဘောထားထပ် မနိမ့်ချေ။
ကျန်းရီသည် ငိုယိုနေသော ကလေးများကို ကြည့်ရင်း ရွေးချယ်စရာ မရှိတော့သဖြင့် ထိုအစေခံမလေးနှစ်ယောက်ကိုပါ သူတို့နှင့်အတူ လိုက်ခွင့်ပေးလိုက်ရလေသည်။ ကောင်းကင်ကျောက်တုံး သန်းနှစ်ရာမှာ သူ့အတွက် မပြောပပေ။ သို့သော် ထန်ထိုက်ရှစ်က သူမ၏ ကလေးများကို မည်သို့ပြုစုရမည်ဖြစ်ကြောင်း မသိပုံပေါက်နေခြင်းကိုမူ သူ စိတ်ပျက်မိပေသည်။
အစေခံမလေးနှစ်ယောက်ကိုပါ ခေါ်သွားမည်ဖြစ်ကြောင်း ပြောလိုက်မှ ကလေးနှစ်ယောက်က အငိုတိတ်သွားသည်။ ကျန်းရီ စုန့်ကျုံးကို ပြောလိုက်၏။
“မင်းလည်း ငါတို့နဲ့ လိုက်ခဲ့ပါ။ မင်းလူတွေကိုတော့ သူတို့ဘာသာ သွားခိုင်းလိုက်ပေါ့”
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်”
စုန့်ကျုံးသည် စိတ်လှုပ်တရှားဖြင့် ကြမ်းပြင်တွင် ဒူးထောက်လိုက်လေသည်။ အခြားအစောင့်များနှင့် အစေခံမလေးများသည် အားကျသောအကြည့်များဖြင့် ကြည့်လိုက်ကြ၏။ ကျန်းရီနောက်သို့ လိုက်ရခြင်းက လုံးဝလုံခြုံမှု ရှိပေလိမ့်မည်။ သူတို့ သာမန်ကောင်းကင်ကံကြမ္မာသင်္ဘောနှင့် သွားလျှင်မူ လမ်းတွင် သေသွားနိုင်ခြေရှိပေသည်။
ကျန်းရီသည် အခြားလူများကို အရေးစိုက်မည် မဟုတ်ပေ။ သူ စုန့်ကျုံးကို ခေါ်သွားခြင်းမှာ သူကိုယ်တိုင်လုပ်ရန် အဆင်မပြေသော ကိစ္စများရှိလာလျှင် စုန့်ကျုံးကို လုပ်ခိုင်းရန် ဖြစ်သည်။ စုန့်ကျုံးသည် ပေးအပ်သော တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် အတော်လေး တော်၏။ ကျန်းရီ သူ၏လက်ကို အေးစက်စွာ ဝှေ့ယမ်းလိုက်၏။ ထန်ထိုက်ရှစ်သည် အခြားအစေခံမလေးများကို ချစ်ခင်စွာကြည့်ကာ မျက်ရည်တဝဲဝဲဖြင့် ထွက်သွားရလေသည်။ စုန့်ကျုံးသည် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးကို တစ်စုံတစ်ခု ပြောလိုက်ပြီး သူတို့နောက်မှ လျင်မြန်စွာ လိုက်လာ၏။
ကျန်းရီတို့သည် မြင်းလှည်းစီးကာ ရဲတိုက်တစ်ခုသို့ ရောက်သွား၏။ ကိစ္စအားလုံးကို စုန့်ကျုံးကပင် ကိုယ်တွယ်၏။ ကျန်းရီက စုန့်ကျုံးကို ကောင်းကင်ကျောက်တုံး သန်းခြောက်ရာပေးလိုက်သည်။ စုန့်ကျုံးသည် ကုန်သည်အဖွဲ့အစည်းအတွင်းသို့ လျင်မြန်စွာ ဝင်သွားပြီး မကြာခင်မှာပင် အမိန့်ပြားအချို့ဖြင့် ပြန်ထွက်လာ၏။
“အရှင်၊ သခင်မ... အားလုံး စီစဉ်ပြီးပါပြီ။ မြို့မြောက်ဘက်ဂိတ်တံခါး အပြင်မှာ စောင့်နေကြတာပေါ့။ နောက်တစ်နာရီနေရင် ကောင်းကင်ကံကြမ္မာသင်္ဘော ရောက်လာပါလိမ့်မယ်”
မြင်းလှည်းသည် မြို့မြောက်ဘက်ဂိတ်တံခါးသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။ မြို့အပြင်ဘက်တွင် ကောင်းကင်ကံကြမ္မာသင်္ဘောကို စောင့်နေသော လူရာကျော် ရှိနေပေပြီ။ သူတို့အားလုံးသည်လည်း ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို စီးနင်းမည့်ပုံပင်။ ကျန်းရီသည် ခမ်းနားသော ဇိမ်ခံရထားလုံးများကိုလည်း တွေ့လိုက်၏။ သူတို့သည် အလယ်အလတ် မျိုးနွယ်များနှင့် မျိုးနွယ်လေးများမှ မျိုးနွယ်ဝင်များ ဖြစ်ပေလိမ့်မည်။
ဝှစ်...ဝှစ်...
တစ်နာရီကြာပြီးနောက် အရှေ့ဘက်မှနေ၍ ကျယ်လောင်သော လေခွင်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ အားလုံး လှည့်ကြည့်လိုက်ကြသည်။ ကျန်းရီ ရုတ်တရက် ရင်တုန်သွား၏။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောက အနည်းဆုံး သုံးကီလိုမီတာရှည်ပြီး ရေသံဖြင့် တည်ဆောက်ထားသကဲ့သို့ ကိုယ်ထည်တစ်ခုလုံး အနက်ရောင်ဖြစ်သည်။ ၎င်းသည် ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ ပျံသန်းလားပြီး လူများကို အလွန်စိတ်လှုပ်ရှားသွားစေပေသည်။
ထိုကောင်းကင်ကံကြမ္မာသင်္ဘောက အလွန်မြန်၏။ အစောကပင် ကီလိုမီတာများစွာ အကွာတွင် ရှိနေသေးသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ခေါင်းပေါ်သို့ ရောက်လာပေသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောသည် လေထဲတွင် ရပ်တန့်သွား၏။ ၎င်းသည် လေထဲတွင် မျောလွင့်နေသော ရဲတိုက်တစ်ခုကဲ့သို့ ထင်ရပေသည်။
ရွှီး...
ကောင်းကင်ကံကြမ္မာသင်္ဘာပတ်ပတ်လည်ရှိ အနက်ရောင်အကာရံက ပွင့်သွားသည်။ ကုန်းပတ်ပေါ်တွင် စွမ်းအားကြီး အရှိန်အဝါရှိသည့် အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော အစောင့်တစ်စု ထွက်ပေါ်လာ၏။ ကျန်းရီသည် ထိုသူများကို အာရုံခံလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
ထန်မျိုးနွယ်၏ ဤကောင်းကင်ကံကြမ္မာသင်္ဘောက အမှန်ပင် ပိုလုံခြုံပေသည်။ ထန်မျိုးနွယ်၏ အမည်ကို ထည့်မတွက်လျှင်ပင် သင်္ဘောပေါ်၌ အနည်းဆုံး အစောင့်(၅,၀၀၀)ပါ၏။ သူတို့အားလုံးသည် အဆင့်မြင့် ကောင်းကင်ဧကရာဇ်များပင်။ အနည်းဆုံး သူတို့ထဲမှ အယောက်ငါးဆယ်သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် တပ်မှူးများ ဖြစ်လောက်၏။ ထိုအစောင့်များသည် ဓားပြတပ်မဟာကြီးတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်လောက်အောင် သန်မာပေသည်။
“တပ်မှူးတွေကတောင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တွေဆိုတော့ သင်္ဘောတစ်ခုလုံးကို ကြီးကြပ်တဲ့ သိုင်းပညာရှင်က အနိမ့်ဆုံး ကြယ်ငါးပွင့် သိုင်းပညာရှင် ဖြစ်ရမယ်”
ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို ကြီးကြပ်ရန် မည်သည့် နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်မှ ပါလာမည် မဟုတ်ပေ။ သို့သော် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များတွင်ပင် အားနည်းသူ၊ အားကြီးသူဟူ၍ ကွဲပြားပေသည်။ ထူးခြားသော တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်ထားသူများ၊ ထူးခြားသော နတ်ဘုရားစွမ်းရည်များ သို့မဟုတ် ဝိညာဉ်ချိတ်ဆက် မူလရတနာများကို ပိုင်ဆိုင်ထားသူများက ပို၍ သန်မာကြသည်။
အောင်းလု၏ ပြောပြချက်အရ ကျန်းရီက ကြယ်သုံးပွင့် သိုင်းပညာရှင်ဖြစ်ကြောင်း သိရသည်။ အကယ်၍ သူ့တွင် ဝိညာဉ်ချိတ်ဆက် မူလရတနာနှစ်ခု ရှိလျှင် သူ၏တိုက်ခိုက်စွမ်းအားက ပို၍ကြီးလာမည်ဖြစ်ပြီး သူ ကြယ်လေးပွင့် သိုင်းပညာရှင်အဆင့်သို့ ရောက်သွားပေလိမ့်မည်။ သူသာ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်လိုက်လျှင် ကြယ်ငါးပွင့် သိုင်းပညာရှင် ဖြစ်သွားမည်ဖြစ်သည်။ သို့သော် ကြယ်ခြောက်ပွင့်အဆင့်သို့ ရောက်နိုင်ရန် မဖြစ်နိုင်ချေ။ အောင်းလု၏ စကားအရ စွမ်းအားအကြီးဆုံး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်သည်ပင် ကြယ်ငါးပွင့်အဆင့်အထိသာ ရောက်နိုင်ကြောင်း သိရ၏။ ထိုထက်မြင့်သောအဆင့်မှ ပညာရှင်များက နတ်ဘုရားတစ်ပိုင်းများသာ ဖြစ်ကြပေသည်။
“သက်ရောက်မှု”
ကျန်းရီသည် အောင်းလု ပြောပြခဲ့သော သက်ရောက်မှုအကြောင်းကို ပြန်အမှတ်ရသွား၏။ သူသာ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကြားမှ တိုက်ပွဲများကို မြင်နိုင်မည့် အခွင့်အရေးရခဲ့လျှင် ထိုသက်ရောက်မှုကို ဘေးမှ အာရုံခံကြည့်၍ ရနိုင်လောက်သည်ဟု သူ တွေးလိုက်သည်။ နောင်တွင် သူသည် သိုင်းသမားများ၏ တိုက်ခိုက်စွမ်းအားကို ထိုသူ၏ ‘သက်ရောက်မှု’ဖြင့်သာ တိုင်းတာတော့မည် ဖြစ်သည်။
ဝှစ်...ဝှစ်...ဝှစ်...
လူများစွသည် လက်ထဲတွင် အမိန့်ပြားများကိုင်၍ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ ပျံတက်သွားကြ၏။ အမိန့်ပြားမရှိသူများသည် ပျံမတက်ဝံ့ကြချေ။ ကျန်းရီတို့အုပ်စုက မလောပေ။ သူတို့သည် သူတို့၏အမိန့်ပြားများမှ နံပါတ်အတိုင်း အခန်းရကြမည်သာ။ ကောင်းကင်ကံကြမ္မာသင်္ဘောက အလွန်ကြီးမားသဖြင့် အနည်းဆုံး အခန်းပေါင်း တစ်သောင်းကျော်လောက် ရှိလောက်ပေသည်။
“သွားကြစို့... ထန်မျိုးနွယ်ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောက ဘာတွေထူးခြားလည်း ကြည့်ကြတာပေါ့”
လူအများစု ပျံတက်ပြီးသွားသည်အထိ စောင့်ပြီးနောက်တွင် ကျန်းရီသည် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ ထို့နောက်တွင် သူတို့အုပ်စုသည် လေထဲရှိ ရွေ့လျားရဲတိုက်ဆီသို့ ပျံတက်လိုက်ကြလေသည်။
***