လျှို့ဝှက် ကျင့်ကြံခြင်းအခန်း
Vol. 64 Ch. 883
ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောက အမှန်ပင် ထူးကဲ၏။
ကျန်းရီတို့အုပ်စုတွင် ကလေးများအပါအဝင် လူခြောက်ယောက်သာပါသည်။ သို့သော် သူတို့သည် အလွန်ခမ်းနားသော ဇိမ်ခံအခန်းကြီးထဲတွင် နေရပေသည်။ ထိုအခန်းကြီးထဲတွင် အခန်းငယ်လေးများ တစ်ဒါဇင်ကျော်ရှိ၏။ ထို့ပြင် ရေချိုးခန်းများ၊ ကျင့်ကြံခြင်းအခန်းများနှင့် စာကြည့်ခန်းများပါ ပါလေသည်။ အခန်းတစ်ခုလုံးတွင်လည်း အဖြူရောင်ကော်ဇော ခင်းထား၏။ ပရိဘောဂများကလည်း ကောင်းမွန်သည်။ ကောင်းကင်ကံကြမ္မာသင်္ဘောကလည်း တစ်ချက်လေးပင် တုန်ခါမှု မရှိဘဲ ရဲတိုက်တစ်ခုကဲ့သို့ သက်တောင့်သက်သာ ရှိပေသည်။
ကောင်းကင်ကံကြမ္မာသင်္ဘော၏ ထူးကဲသည့်အရာများမှာ ထိုမျှသာ မကသေးပေ။ သင်္ဘောဝန်ထမ်းတစ်ယောက်က သူတို့ကို သင်္ဘောပေါ်တွင် သီးသန့်စားသောက်ခန်းတစ်ခန်းပါကြောင်းလည်း ပြောလေသည်။ ထိုစားသောက်ခန်းတွင် အရသာရှိသော စားကောင်းသောက်ဖွယ် အမျိုးပေါင်း တစ်သောင်းကျော်ကို တည်ခင်းဧည့်ခံ၏။ ထို့ပြင် လောင်းကစားခန်းနှင့် ပြည့်တန်ဆာခန်းလည်း ပါပေသေးသည်။ ဤသင်္ဘောပေါ်တွင် နှစ်ပေါင်းများစွာ နေရလျှင်ပင် ပျင်းမည် မဟုတ်ချေ။
ကျန်းရီ သဘောအကျဆုံးအရာမှာ သင်္ဘောပေါ်ရှိ ကျင့်ကြံခြင်းအခန်းဖြစ်သည်။ ထိုအခန်းက ကျင့်ကြံနှုန်းကို ငါးဆ၊ ဆယ်ဆ...အဆတစ်ရာ တိုးမြှင့်ပေးသည်။
ကျန်းရီသည် ထိုအကြောင်းကို ကြားသောအခါ အလွန်အံ့အားသင့်သွားခဲ့၏။ ရှန်းစီကျွန်းတွင် မှော်ဆန်သော နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကြောင့် ကျင့်ကြံနှုန်းက အဆတစ်ထောင် ပိုမြန်သည်။ ထို့အတွက် ရှန်းစီကျွန်းသည် ရှန်းစီမျိုးနွယ်စုအတွက် အထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သော လူများသည် အန္တရာယ်ရှိကြောင်း သိသော်လည်း ရှန်းစီကျွန်းသို့ သွားကြ၏။ နောက်ဆုံးတွင်မူ ထိုလူများသည် ဓားပြများဖြစ်လာလျှင်ဖြစ်လာ သို့မဟုတ် ဓားပြများ၏အသတ်ကိုခံရလျှင်ခံရနှင့် အဆုံးသတ်သွားကြ၏။
ယခုတွင် လူတစ်ယောက်က ကျန်းရီအား ဤသင်္ဘောပေါ်တွင် ကျင့်ကြံနှုန်းကို အဆတစ်ရာ တိုးမြှင့်ပေးနိုင်သော အတတ်ပညာလေ့ကျင့်ခန်းတစ်ခန်းရှိသည်ဟု ပြော၏။ ယင်းအကျိုးသက်ရောက်မှုကို သူ၏ နဂါးညှိုးရော်မြက်ပင်၏ အာနိသင်နှင့် ပေါင်းစည်းလိုက်လျှင် သူ အဆတစ်ထောင်ပိုမြန်စွာ ကျင့်ကြံနိုင်ပေလိမ့်မည်။ အကယ်၍ သူသာ ဧကရာဇ်နန်းတော်ကို ထုတ်၍ ကျင့်ကြံနိုင်ပါက သူ၏ကျင့်ကြံနှုန်းက အဆတစ်သောင်းပိုမြန်သွားပေလိမ့်မည်။
သို့သော် ဧကရာဇ်နန်းတော်ကို မထုတ်နိုင်လောက်ပေ။ ကျင့်ကြံခြင်းအခန်းက သိပ်မကြီးချေ။ ထို့ပြင် ကျင့်ကြံနှုန်းကလည်း သူတွေးထားသကဲ့သို့ ဆတိုးမမြန်သွားလောက်ပေ။
“အတတ်ပညာလေ့ကျင့်ခန်းက တကယ်ပဲ ကျင့်ကြံနှုန်းကို အဆတစ်ရာ တိုးမြှင့်ပေးတာလား”
သင်္ဘောဝန်ထမ်း ထွက်သွားသောအခါ ကျန်းရီသည် မယုံနိုင်ဖြစ်နေသေး၍ ထန်ထိုက်ရှစ်ကို မေးလိုက်လေသည်။
ထန်ထိုက်ရှစ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဲ့ဒါက သာမန်ပါပဲ။ ထန်မျိုးနွယ်က အသုံးအဆောင် ပြုလုပ်တဲ့နေရာမှာ နံပါတ်(၁)ဆိုတာ သံသယဖြစ်စရာ မရှိဘူးလေ။ ဒီသင်္ဘောက သူတို့မျိုးနွယ်ရဲ့ ထိပ်တန်းအဆင့် ကောင်းကင်ကံကြမ္မာသင်္ဘောပဲ။ ဒီတော့ သင်္ဘောပေါ်မှာ စွမ်းအားကြီး ဝိညာဉ်စုစည်းအစီအရင်တစ်ခုပါတာ ပုံမှန်ပါပဲ။ အရှင်သာ မြို့တော်မှာ နေဖို့ အခွင့်အရေးရင် ထန်မျိုးနွယ်ရဲ့ ထိပ်တန်းအဆင့် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းတွေကို တွေ့ရလိမ့်မယ်။ အဲ့အခန်းတွေက အတွင်းအားက အပြင်ဘက်ကထက် အဆတစ်ထောင် ပိုများတယ်။ အရှင့်မှာသာ အထူးဆေးလုံးတွေ ရှိမယ်ဆိုရင် ကျင့်ကြံနှုန်းက အဆထောင်နဲ့ချီ၊ သောင်းနဲ့ချီ တိုးမြင့်သွားနိုင်ပါတယ်”
ရှူး...
ကျန်းရီ အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်၏။ ကျင့်ကြံနှုန်း အဆတစ်သောင်း ပိုမြန်သွားလျှင် မည်မျှ ကောင်းမည်နည်း။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများက ကောင်းကင်ကျောက်တုံးများကို မသန့်စင်သည်မှာ အံ့ဩစရာမရှိတော့ပေ။ သူတို့၏ ကျင့်ကြံနှုန်းက ကောင်းကင်ကျောက်တုံးများကို သန့်စင်ခြင်းထက် ပိုမြန်နေသည် မဟုတ်ပါလား။
“အဟင်း...”
ထန်ထိုက်ရှစ်က ခပ်ဖွဖွပြုံးကာ ရှင်းပြလိုက်သည်။
“သာမန်လူတွေကတော့ အဲ့လို လျှို့ဝှက် ကျင့်ကြံခြင်းအခန်းတွေကို မတတ်နိုင်ကြပါဘူး။ အခန်းကို တစ်ရက်အသုံးပြုခက ကောင်းကင်ကျောက်တုံး သန်းတစ်ထောင်လောက်ရှိတယ်လို့ ကျွန်မကြားတယ်။ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်က ကျင့်ကြံနှုန်းကို အဆတစ်ရောက်လာပဲ မြှင့်တင်ပေးနိုင်တဲ့ ကျင့်ကြံခြင်းအခန်းတောင် တစ်ရက်ကို အနည်းဆုံး ကောင်းကင်ကျောက်တုံး သန်းတစ်ရာလောက် ကျလိမ့်မယ်”
“ဘာ...”
ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ ထန်မျိုးနွယ်သည် ကောင်းကင်ကျောက်တုံးများကို ဓားပြတိုက်နေခြင်းလော။
တစ်ရက်လျှင် သန်းတစ်ထောင်ဆိုလျှင်၊ တစ်လလျှင် သန်းသုံးသောင်း၊ တစ်နှစ်လျှင် သန်းသုံးသိန်းကျော် ရှိပေလိမ့်မည်။ ရှန်းစီမြို့ရှိ လေလံပွဲတွင်ပင် သွေးဧကရာဇ်စီးခဲ့သော ထိပ်တန်းအဆင့် စစ်ရထားလုံးကိုပင် သန်းတစ်သိန်းဖြင့်သာ ရောင်းနိုင်ခဲ့သည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများသည် ထိုမျှ ချမ်းသာကြသည်လော။
သို့သော် ကျန်းရီသည် ထိုအကြောင်းကို အခြားအမြင်တစ်ခုမှ တွေးကြည့်သောအခါ စိတ်သက်သာရာရသွား၏။ မြို့ထဲတွင် တစ်ကြိမ်တည်နေရာပြောင်းရွှေ့ရန်အတွက် ကောင်းကင်ကျောက်တုံးတစ်သိန်း ကုန်ကျပေသည်။ ထို့ကြောင့် ဤနေရာတွင် အိမ်တစ်လုံးဝယ်ရန် ကောင်းကင်ကျောက်တုံး အဆမတန် ပေးရပေလိမ့်မည်။ ဆိုင်များအားလုံးကလည်း အခွန်ဆောင်ရမည်ဖြစ်သည်။ ဤနယ်မြေပေါ်ရှိ အုပ်ချုပ်သူများ ရရှိသော ကောင်းကင်ကျောက်တုံးများက အလွန်များပေလိမ့်မည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုဆိုလျှင် ဆိုဖွယ်ရာရှိမည် မဟုတ်ပေ။ သူတို့သည် ဤနယ်မြေကို အုပ်စိုးနေသည်မှာ နှစ်ပေါင်း ခုနစ်သိန်းကျော်ပြီဖြစ်ပြီး ဒေသလေးခုနှင့် သန်းချီသော မြို့များကို ပိုင်ဆိုင်သည် မဟုတ်ပါလား။ သူတို့၏ နေ့စဉ်ဝင်ငွေ့က အလွန့်အလွန်များပြားပေလိမ့်မည်။
ထန်ထိုက်ရှစ်က ရှင်းပြလိုက်၏။
“အရှင်... မျိုးနွယ်ကြီးတွေက မျိုးနွယ်တွေအတွက် အတွင်းအားနယ်မြေက အသေးအဖွဲလေးပါ။ သူတို့သာ သူတို့ရဲ့ တာအိုပုံသဏ္ဌာန်အဆင့်ကို တိုးမြှင့်နိုင်မယ်ဆိုရင် သူတို့ရဲ့မျိုးနွယ်တွေက ကောင်းကင်ကျောက်တုံး ဘယ်လောက်ကုန်ကုန် သုံးမှာပါ။ ဥပမာအနေနဲ့ပြောရရင် ကျန့်မျိုးနွယ်က (၁၃)နှစ်ပဲရှိသေးတဲ့ သခင်လေးတစ်ယောက်ဆိုရင် လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာ သူ့ရဲ့တာအိုပုံသဏ္ဌာန်က ကောင်းကင်ဧကရာဇ် အလယ်အလတ်အဆင့်ကို ရောက်သွားတယ်။ သူ ကျင့်ကြံနှုန်းကို အဆတစ်ထောင်မြှင့်တင်ပေးတဲ့ လျှို့ဝှက် ကျင့်ကြံခြင်းအခန်းမှာ ကျင့်ကြံပြီး သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်တိုနိုင်ဖို့ ကျန့်မျိုးနွယ်က ကောင်းကင်ကျောက်တုံးတွေ အများကြီးသုံးခဲ့တယ်၊ ဝိညာဉ်ဆေးလုံးတွေလည်း ပေးခဲ့တယ်။ အဲ့ဒါကြောင့် သူ့ရဲ့ အတွင်းအားက နှစ်ဝက်အတွင်းမှာပဲ ကောင်းကင်ဧကရာဇ် အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့တာ။ အဲ့အဖြစ်အပျက်ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေမှာ အုတ်အော်သောင်းနင်း ဖြစ်သွားသေးတယ်”
“ကျန့်မျိုးနွယ်က သခင်လေးလား”
ကျန်းရီ၏ စိတ်ထဲတွင် ဝိညာဉ်ချိတ်ပုလွေကို မှုတ်နေသော အဝါရောင်ဝတ်ရုံဖြင့် လူငယ်လေးတစ်ယောက်ပုံရိပ် ထွက်ပေါ်လာ၏။ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“သူ့နာမည်က ကျန့်ဝူယင်လား”
“အရှင်လည်း သူ့ကို ကြားဖူးတာလား”
ထန်ထိုက်ရှစ် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သခင်လေးဝူယင်က အရှေ့ဘက် တော်ဝင်နယ်မြေက ရှားပါးပါရမီရှင်တစ်ယောက်ပါပဲ။ ကျွန်မရဲ့ ယောက္ခမပြောတာကတော့ သခင်လေးဝူယင်သာ ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်မယ်ဆိုရင် သူက မျိုးဆက်သစ် ကျန့်ဘုရင်နဲ့ ဓားဧကရာဇ် ဖြစ်လာနိုင်လိမ့်မယ်တဲ့”
“ကျန့်ဘုရင်လား”
ကျန်းရီသည် ဓားဧကရာဇ်အကြောင်းကို ကြားဖူးသော်လည်း ကျန့်ဘုရင်အကြောင်းကို မကြားဖူးချေ။ ထန်ထိုက်ရှစ်က သိမ်မွေ့စွာပြုံး၍ ရှင်းပြလိုက်၏။
“ကျန့်ဘုရင်က ကျန့်မျိုးနွယ်ရဲ့ မိသားစုခေါင်းဆောင်ပါ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မိသားစုခေါင်းဆောင်တိုင်းကို ဘုရင်လို့ ခေါ်ကြတယ်။ မျိုးနွယ်ခေါင်းဆောင်တွေကိုတော့ ဧကရာဇ်လို့ ခေါ်ကြတယ်”
“အင်း...အင်း...”
ကျန်းရီ ခေတ္တမျှ တွေးတောလိုက်ပြီး အမိန့်ပေးလိုက်သည်။
“မင်း ဒီမှာနေခဲ့... အခန်းအပြင်ကို ထွက်ခွင့်မရှိဘူး။ မဟုတ်ရင် မင်း အပြင်မှာ ဖြစ်တဲ့ကိစ္စတွေက ငါနဲ့ဆိုင်မှာ မဟုတ်ဘူး။ ငါ ကျင့်ကြံခြင်းအခန်းမှာ လနည်းနည်းလောက် ကျင့်ကြံလိုက်ဦးမယ်... အချိန်ကျလာရင် ငါ ပြန်ထွက်လာခဲ့မယ်”
ကောင်းကင်ဒေသသို့ ရောက်ရန် သုံးလကျော် ကြာမည်ဖြစ်သည်။ ကျန်းရီသည် ဤကဲ့သို့ ဘာမှမလုပ်ဘဲ အချိန်ဖြုန်းမနေနိုင်ပေ။ သင်္ဘောပေါ်တွင် ကျင့်ကြံနှုန်းကို အဆတစ်ရာ တိုးမြှင့်ပေးနိုင်သည့် လျှို့ဝှက် ကျင့်ကြံခြင်းအခန်းများ ရှိပေသည်။ တစ်လအတွက် ကောင်းကင်ကျောက်တုံး သန်းသုံးထောင် ကုန်ကျမည်ဖြစ်၍ ဈေးက အတော်လေးများ၏။ သို့သော် ကျန်းရီ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူ့ရှိ ကောင်းကင်ကျောက်တုံးများ ကုန်သွားလျှင်လည်း သူ အခြားနည်းလမ်းများ ရှာဖွေမည်ဖြစ်သည်။ အင်အားကသာ အခြေခံအကျဆုံးအရာပင်။
“အရှင်က ကျင့်ကြံဖို့ လိုသေးလို့လား”
ထန်ထိုက်ရှစ် အတန်ငယ် အံ့အားသင့်သွား၏။ သို့သော် ကျန်းရီ၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်း လက်သွားသည်ကို မြင်လိုက်သောအခါ သူမသည် လျင်မြန်စွာ ခေါင်းငုံ့၍ ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်မ စကားလွန်သွားပါတယ်... ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေးပါ”
“အပြစ်ပေးရမယ်... ကြာပွတ်နဲ့ အရိုက်ခံချင်လို့ တောင်းဆိုနေတာလား။ မိန်းမပျက်ပဲ...”
ကျန်းရီ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီး အခန်း၏ အကာအရံများကို ဖယ်ကာ အပြင်သို့ ထွက်သွားလိုက်သည်။ သူသည် အစောင့်တစ်ယောက်ကို လက်ဝှေ့ယမ်းကာခေါ်လိုက်ပြီး ကျင့်ကြံခြင်းအခန်း၏နေရာကို မေးလိုက်၏။ ကျင့်ကြံခြင်းအခန်းမှာ အခန်းနံပါတ်(၃)ဖြစ်သည်။ သူ ထိုအခန်းသို့ လျှောက်သွားလိုက်၏။
ဝှစ်...
ကောင်းကင်ကံကြမ္မာသင်္ဘောက ကောင်းကင်ထဲတွင် လျင်မြန်စွာ ပျံသန်းနေ၏။ အောက်ဘက်မှ တောင်များ နောက်တွင် ကျန်နေခဲ့သည်။ ကျန်းရီသည် တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘောက အပြည့်အဝ လုံခြုံနေကြောင်း တွေ့လိုက်၍ စိတ်သက်သာရာရသွားလေသည်။ ဤကောင်းကင်ကံကြမ္မာသင်္ဘောက ညအချိန်တွင်ပင် ပျံသန်းနိုင်ပေသည်။ သာမန် နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်များပင် ဤသင်္ဘော၏ အကာအရံကို ခက်ခက်ခဲခဲ ဖျက်ရသည်ဟုလည်း ပြောကြ၏။ ထို့ကြောင့် လေအမျှင်တန်းလေးများက ၎င်းအတွက် ပြဿနာမဟုတ်ပေ။
အခန်းနံပါတ်(၃)အရှေ့တွင် သင်္ဘောဝန်ထမ်းတစ်ယောက်သည် ကျန်းရီကို ယဉ်ကျေးစွာ မေးလိုက်၏။
“အရှင်က ကျင့်ကြံဖို့ပါလား။ ကျွန်တော်တို့မှာ ငါးဆ၊ ဆယ်ဆ၊ အဆငါးဆယ်နဲ့ အဆတစ်ရာဆိုပြီး လျှို့ဝှက် ကျင့်ကြံခြင်းအခန်းတွေ ရှိပါတယ်။ အဲ့အခန်းတွေက ဈေးလည်း မတူကြပါဘူး။ အရှင် ဘယ်အခန်းမှာ ကျင့်ကြံချင်ပါသလဲ”
“အဆတစ်ရာအခန်း”
ဝန်ထမ်း၏အပြုံးက ပို၍တောက်ပလာ၏။ သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဆတစ်ရာ လျှို့ဝှက် ကျင့်ကြံခြင်းအခန်းက တစ်ရက်ကို ကောင်းကင်ကျောက်တုံး သန်းတစ်ရာ ကျသင့်ပါလိမ့်မယ်။ အရှင်က ဘယ်နှစ်ရက် ကျင့်ကြံမှာပါလဲ”
“တစ်လ”
ကျန်းရီသည် ကောင်းကင်ကျောက်တုံး သန်းသုံးထောင် ထုတ်လိုက်ပြီး ဝန်ထမ်းကို ပေးလိုက်၏။ ဝန်ထမ်းသည် ချက်ချင်းပင် သူ့ကို အခန်းထဲသို့ ခေါ်ဆောင်သွား၏။ အခန်းနံပါတ်(၃)သည် ကျန်းရီတို့ အခန်းထက် များစွာပိုကြီးပြီး အခန်းငယ်ပေါင်း ရာကျော်ရှိပေသည်။ ဝန်းထမ်းက အခန်းငယ်တစ်ခန်းကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
“ကြွပါ အရှင်... တစ်လပြည့်သွားရင် ကျွန်တော် အရှင့်ကို လာပြောပါမယ်”
ကျန်းရီသည် အရေးမစိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး အခန်းထဲ ဝင်သွားလိုက်၏။ ထင်ထားသလိုပင် အခန်းသည် ဧကရာဇ်နန်းတော်ကို ထုတ်နိုင်လောက်အောင် မကြီးပေ။
အခန်းထဲတွင် ညလင်းပုလဲတစ်လုံးရှိပြီး သိမ်မွေ့သောအလင်းကို ဖြာထုတ်ပေးနေပေသည်။ ကျန်းရီသည် အခန်း၏ အကာအရံကို နှိုးလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်၏။ ခေတ္တကြာပြီးနောက် အခန်းနံရံက ရုတ်တရက် လင်းလက်လာပြီး အလွန်အားကောင်းသော မိုးမြေအတွင်အားက အခန်းထဲတွင် စုဝေးသွားလေသည်။ ကျန်းရီ ခေါင်းညိတ်လိုက်သည်။ အခန်းထဲရှိ မိုးမြေအတွင်းအားက အပြင်ကထက် အမှန်ပင် အဆတစ်ရာ ပိုများပေသည်။
ကျန်းရီသည် တစ်ခဏမျှ ကျင့်ကြံပြီးနောက် အတွင်းအားများက သူ၏ဒန်တျန်အတွင်းရှိ ကြယ်စက်လုံးများအတွင်းသို့ ပင်လယ်ရေကဲ့သို့ စီးဝင်နေကြောင်း ခံစားလိုက်ရ၏။ အကယ်၍ သူသာ မြို့တော်ရှိ အဆတစ်ထောင် လျှို့ဝှက် ကျင့်ကြံခြင်းအခန်းတွင် နှစ်အနည်းငယ် ကျင့်ကြံနိုင်ပါက သူ၏ ကြယ်စက်လုံး ကိုးလုံးစလုံး ဆင့်ကဲပြောင်းလဲသွားနိုင်ပေသည်။
***