သက်ရောက်မှုကို လေ့လာခြင်း
Vol. 64 Ch. 884
“ဝိညာဉ်လေက တကယ် သင်္ဘောရဲ့အကာအရံကို ထိခိုက်အောင် မလုပ်နိုင်ဘူးပဲ”
ညဉ့်နက်လာသောအခါ ကျန်းရီ ကျင့်ကြံခြင်းကို နားလိုက်၏။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံကို အာရုံခံလိုက်သည်။ ဝိညာဉ်လေများက သင်္ဘော၏အကာအရံအား ပွတ်တိုက်နေသည်ကို သူ အလွယ်တကူ အာရုံခံနိုင်ပေသည်။ ထိုအကာအရံက အလွန်စွမ်းအားကြီး၏။ ထို့ပြင် ထန်မျိုးနွယ်မှ လူများက အကာအရံအတွင်းသို့ အတွင်းအား အဆက်မပြတ် ထည့်သွင်းနေကြရာ အကာအရံက ခြစ်ရာလေးတစ်ခုပင် မထင်ချေ။
သို့သော် ကောင်းကင်ကံကြမ္မာသင်္ဘောသည်လည်း ညအချိန်တွင် အလွန်မြင့်မြင့် မပျံသန်းဝံ့ပေ။ သူတို့ ပိုမြင့်မြင့် ပျံသန်းလေလေ၊ ဝိညာဉ်လေများက ပိုအားကောင်းလာလေလေပင်။ အကယ်၍ သူတို့သာ ကီလိုမီတာသုံးဆယ် အမြင့်တွင် ပျံသန်းပါက အကာအရံ ချက်ချင်း ပျက်စီးသွားလိမ့်မည်ဟု ကျန်းရီ ယူဆပေသည်။
“ဆက်ကျင့်ကြံရမယ်”
ကျန်းရီသည် သူ၏အခန်းကို ထောက်လှမ်းကြည့်လိုက်ရာ ထန်ထိုက်ရှစ်က ကလေးနှစ်ယောက်နှင့် ညစာစားနေပြီး အခန်း၏ အကာအရံကိုလည်း နှိုးထားကြောင်း တွေ့လိုက်သဖြင့် အေးအေးဆေးဆေးသာ ဆက်ကျင့်ကြံလိုက်လေသည်။
ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းအခြေအနေက အလွန်ဆန်းကြယ်သဖြင့် အကာအရံကိုကျော်ကာ အခန်းအတွင်းသို့ မြင်နိုင်ခြင်းဖြစ်သည်။ ထို့ပြင် သူ အစောက စုန့်ကျုံးကို ထောက်လှမ်းရာတွင်လည်း စုန့်ကျုံးက သတိပြုမိပုံမပေါ်ခဲ့ချေ။ သို့သော် ကျန်းရီသည် ဤကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် မဆင်မခြင် အာရုံမခံဝံ့ပေ။ အကယ်၍ ပညာရှင်တစ်ယောက်ကသာ သတိထားမိသွားလျှင် မလိုလားအပ်သော အထင်လွဲမှုများ ဖြစ်လာပေလိမ့်မည်။
ငါးရက်ပျံသန်းပြီးနောက် ကျန်းရီ လုံးဝစိတ်အေးသွားသည်။ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောက မျှော်လင့်ထားသကဲ့သို့ အလွန်လုံခြုံပေသည်။ သူတို့ မိုင်သန်းတစ်သောင်းကျော် ပျံသန်းပြီးသည်ကိုပင် မည်သူ့ ဓားပြကမှ ဤကောင်းကင်ကံကြမ္မာသင်္ဘောကို မတိုက်ခိုက်ဝံ့ကြပေ။ ဓားပြများအားလုံးက ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို ရှောင်လိုကြပေသည်။
ထန်ထိုက်ရှစ်နှင့် အခြားသူများသည်လည်း အခန်းအတွင်းမှ တစ်ကြိမ်ပင် ထွက်မလာကြချေ။ သူတို့၏လက်စွပ်များအတွင်း၌ အစားအသောက်များ အလျှံပယ်ရှိသဖြင့် အပြင်ထွက်ရန်လည်း မလိုပေ။ ကလေးနှစ်ယောက်ကလည်း အခန်းထဲတွင်သာ တိတ်တဆိတ် ဆော့ကစားကြပေသည်။ ထို့ကြောင့် ကျန်းရီသည် အတွင်းအားကျင့်ကြံခြင်းနှင့် ကောင်းကင်ဖျက်မီး ကျင့်ကြံခြင်းတို့တွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်လေသည်။
ကျင့်ကြံနေစဉ်အတွင်း တစ်လဟူသော အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ကောင်းကင်ကံကြမ္မာသင်္ဘောက အေးချမ်းစွာ ပျံသန်းနေပြီး မည်သည့်အန္တရာယ်နှင့်မှ မကြုံခဲ့ရပေ။ ကျန်းရီသည် ဝန်ထမ်း၏ အသံပို့လွှတ်မှုကြောင့် ကျင့်ကြံရာမှ နိုးလာ၏။ သူသည် သူ့အခန်းသို့ ပြန်ကာ ရှောင်ယွီဖြင့် နေ့တစ်ဝက် ဆော့ကစားလိုက်၏။ ထန်ထိုက်ရှစ်တို့သည် တစ်လလုံးလုံး အပြင်သို့ ခြေတစ်လှမ်းပင် မထွက်ခဲ့ကြောင်း သိလိုက်သဖြင့် သူ ကျေနပ်သွားသည်။
ဤကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် သခင်လေးများ များစွာ ရှိပေသည်။ သင်္ဘောသည် အကြမ်းဖက်မှုကို ခွင့်မပြုသော်လည်း အကယ်၍ ထန်ထိုက်ရှစ်သာ အပြင်သို့ထွက်၍ လှည့်ပတ်မြူဆွယ်နေလျှင် သေချာပေါက် ပြဿနာဖြစ်လာပေလိမ့်မည်။
ကျန်းရီသည် အစောင့်များကို စုံစမ်းကြည့်ရာ ရက်အနည်းငယ်ကြာလျှင် ပင်လယ်ပိုင်းဒေသမှ ထွက်တော့မည် ဖြစ်ပြီး ကောင်းကင်ဒေသအတွင်းသို့ စတင်ဝင်ရောက်တော့မည်ဖြစ်ကြောင်း သိလိုက်ရသည်။ ကောင်းကင်မီးတောက်မြို့သည် ကောင်းကင်ဒေသ၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ သူတို့သည် ကောင်းကင်နဂါးမြို့တွင် ဆင်းကာ ကောင်းကင်ကံကြမ္မာသင်္ဘော နောက်တစ်စီးပြောင်းစီးရမည်ဖြစ်သည်။
ညအချိန်ရောက်လာ၏။ ကျန်းရီသည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းသို့ ပြန်သွားလိုက်ပြီး ကောင်းကင်ကျောက်တုံးများ ထပ်ပေး၍ ဆက်ကျင့်ကြံလိုက်သည်။ ကျင့်ကြံခြင်းအဆင့်တက်ရန် ခက်ခဲသော်လည်း သူ လျှို့ဝှက် ကျင့်ကြံခြင်းအခန်းတွင် မကျင့်ကြံလျှင် ပိုခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူ ကျင့်ကြံရန်အတွက် မိနစ်တိုင်း၊ စက္ကန့်တိုင်းကို တန်ဖိုးထားရမည်ဖြစ်သည်။
ကျန်းရီသည် အပြင်မှ ကိစ္စများကို အရေးမစိုက်ဘဲ စိတ်နှစ်ကာ ကျင့်ကြံလိုက်၏။ သူသည် အချိန်နှင့် အခြားအရာအားလုံးကို မေ့လျော့သွား၏။ နှစ်ပတ်ကြာပြီးနောက် သူ ဆတ်ခနဲ နိုးထလာသည်။ သူ့ကို စွမ်းအားကြီး အရှိန်အဝါနှစ်ခုက လွှမ်းခြုံထား၏။
“အန်...”
ထိုအခိုက်တွင် ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ထားသဖြင့် ချက်ချင်း စစ်ဆေးလိုက်သည်။ အခြေအနေကို စစ်ဆေးပြီးနောက် သူ အတန်ငယ် စိတ်အေးသွား၏။
မည်သူကမှ ကောင်းကင်ကံကြမ္မာသင်္ဘောကို တိုက်ခိုက်နေခြင်း မဟုတ်ပေ။ ပညာရှင်နှစ်ယောက်သည် သူတို့နှင့် အဝေးတစ်နေရာတွင် တိုက်ခိုက်နေခြင်းပင်။ သူတို့သည် သူတို့၏အရှိန်အဝါများကို အဆုံးအစွန်အထိ ထုတ်လွှတ်ထားသဖြင့် ကြောက်မက်ဖွယ်ဖိအားက ကောင်းကင်ကံကြမ္မာသင်္ဘောကိုပင် လွှမ်းခြုံသွားကာ သူ့ကို လန့်သွားစေခြင်းပင်။
ဝှစ်...ဝှစ်...
ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ အခန်းများ၏ တံခါးများ ပွင့်လာ၏။ ခရီးသည်များစွာက ကြောက်ရွံ့တကြီး အပြင်ထွက်လာကြသည်။ သူတို့သည်လည်း စွမ်းအားကြီးအရှိန်အဝါကြောင့် လန့်သွားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သူတို့သည် အစောင့်များက အေးအေးဆေးဆေး ရပ်နေကြကြောင်းကို မြင်လိုက်သောအခါမှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြ၏။
“စိုးရိမ်စရာ မလိုပါဘူး။ အဲ့ဒါက ကြယ်လေးပွင့် ပညာရှင်နှစ်ယောက်ပါ။ ဒီအဘိုးကြီးရှိနေရင် အဲ့နှစ်ယောက်က သင်္ဘောကို တိုက်ခိုက်ဖို့ ကြံနေရင်တောင် ဒီအဘိုးကြီးက သူတို့ကို လက်ဖျောက်တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ပါတယ်။ ပြီးတော့ ဘယ်သူက ထန်မျိုးနွယ်ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို တိုက်ခိုက်ရဲမှာလဲ”
လူအားလုံး၏ နားအတွင်းသို့ အသံအိုတစ်သံက အရှိန်အဝါတစ်ခုနှင့်အတူ ဝင်လာ၏။ ကျန်းရီသည် စုန့်ကျုံးဆီ ချက်ချင်း အသံပို့လွှတ်လိုက်ပြီး သူတို့ကို အခန်းထဲတွင်သာနေရန် ပြောလိုက်သည်။ သူသည်လည်း လျှို့ဝှက် ကျင့်ကြံခြင်းအခန်းထဲတွင်သာ ဆက်နေကာ အတွင်းအား ဆက်ကျင့်ကြံလိုက်သည်။ အစောမှ အဘိုးအို၏ အသံက အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ထိုအဘိုးအို၏အရှိန်အဝါက လဲ့ကူးထက် အတန်ငယ်သာ နိမ့်၍ သူက ကြယ်ငါးပွင့်ပညာရှင်တစ်ယောက်ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့ စိုးရိမ်ရန် မလိုပေ။
“ကြယ်လေးပွင့်လား”
ကျန်းရီစိတ်ထဲတွင် ရုတ်ခြည်း အတွေးတစ်ခု ပေါ်လာပြန်သည်။ ကြယ်လေးပွင့်ပညာရှင်နှစ်ယောက်က တိုက်ခိုက်နေသဖြင့် သူ ဤအခွင့်အရေးကို အသုံးချ၍ သက်ရောက်မှုကို လေ့လာလျှင် တစ်စုံတစ်ခုကို သိမြင်နားလည်သွားနိုင်လောက်သည်။
ကောင်းကင်ကံကြမ္မာသင်္ဘောသည် အရှိန်နှေးလာကာ ရပ်တန့်သွား၏။ သင်္ဘောပေါ်မှ အခြားခရီးသည်များနှင့် ထန်မျိုးနွယ်မှအစောင့်များကလည်း ထိုတိုက်ပွဲကို ကြည့်ရှုလိုပုံပေါ်ပေသည်။ လက်ရှိတွင် ထိုပညာရှင်နှစ်ယောက်သည် အစွမ်းကုန်တိုက်ခိုက်နေပြီး မည်သည့်ပညာကိုမှ လျှိုမထားကြပေ။ ယင်းက ပညာရှင်များ၏တိုက်ပွဲကို လေ့လာရန် အခွင့်အရေးကောင်းပင်။
ကျန်းရီသည် ပညာရှင်များ၏ စွမ်းရည်များကို လေ့လာနေခြင်း မဟုတ်ပေ။ သူသည် ကောင်းကင်နှင့်လူသား အခြေအနေသို့ ဝင်ကာ ထိုနှစ်ယောက် ထုတ်လွှတ်နေသည့် အရှိန်အဝါကို ဂရုတစိုက် အာရုံခံနေခြင်းဖြစ်သည်။ ထို့နောက် သူသည် ‘သက်ရောက်မှု’ကို ကြိုးစားအာရုံခံလိုက်၏။
အကြီးအကဲနှစ်ယောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး သူတို့အောက်ဘက်တွင် သိုင်းသမားများ၏ အလောင်းများ တောင်ပုံရာပုံရှိနေသည်။ သူတို့က မျိုးနွယ်ဝင်များလော သို့မဟုတ် လက်အောက်ငယ်သားများလောဆိုသည်ကိုမူ မည်သူမှ မသိပေ။ ထိုအကြီးအကဲနှစ်ယောက်သည် တိုက်ပွဲကိုသာ အာရုံစိုက်၍ သူသေကိုယ်သေ တိုက်ခိုက်နေကြလေသည်။ သူတို့သည် သူတို့နှင့် ခပ်လှမ်းလှမ်းတွင်ရှိနေသော ကောင်းကင်ကံကြမ္မာသင်္ဘောကိုပင် အရေးမစိုက်ကြချေ။
ဝုန်း...ဝုန်း...ဝုန်း...
အကြီးအကဲနှစ်ယောက်သည် သက်တန့်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်တစ်ခွင်တွင် လှည့်ပတ် ပျံသန်းရင်း တိုက်ခိုက်နေ၏။ သူတို့ထဲမှ တစ်ယောက်သည် အစိမ်းရင့်ရောင်အလင်းတန်းများကို အဆက်မပြတ် ပစ်လွှတ်နေ၏။ သူ၏တိုက်ခိုက်မှုတိုင်းက ပတ်ဝန်းကျင်လေထုကို တုန်ခါပေါက်ကွဲနေစေသည်။ သူ၏အရှိန်ကလည်း အလွန်လျင်မြန်သဖြင့် သာမန် ကောင်းကင်ဧကရာဇ်များသည် သူ၏ခန္ဓာကိုယ်ကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်မည်မဟုတ်ဘဲ သူ၏ပုံရိပ်များကိုသာ မြင်နိုင်မည်ဖြစ်သည်။
ထိုပညာရှင်၏ တိုက်ခိုက်မှုများသည် စွမ်းအားကြီး လေဆင်နှာမောင်းများ ဖြစ်ပေါ်လာစေပြီး အောက်ဘက်ရှိ တောင်များမှ ကျောက်တုံးများသည် လေဆင်နှာမောင်းထဲရောက်ကာ ကောင်းကင်ထက်သို့ ပျံတက်လာကြလေသည်။ ဧရာမသစ်ပင်ကြီးများသည်လည်း အမြစ်မှ ကျွတ်ထွက်ကုန်ကြသည်။ ထိုပညာရှင်က လေဓာတ်တာအိုပုံသဏ္ဌာန်ကို ကျင့်ကြံကြောင်း ထင်ရှားပေသည်။
အခြားပညာရှင်က မည်သည်ကို ကျင့်ကြံကြောင်းကလည်း အလွန်ထင်ရှားပေသည်။ ယင်းက အလင်းတာအိုပုံသဏ္ဌာန်ပင်။ သူ၏ခန္ဓာကိုယ်သည် ချစ်ချစ်တောက်ပူပြင်းသော နေမင်းကဲ့သို့ တောက်ပနေ၏။ သူ၏တိုက်ခိုက်မှုများမှာလည်း အလင်းတန်းများဖြစ်သည်။ အလင်းတန်းများက အလွန်လျင်မြန်သောလည်း အခြားပညာရှင်အကြီးအကဲက ၎င်းတို့အားလုံးကို ရှောင်ရှားနိုင်နေပေသည်။ ထိုအလင်းတန်းများက အောက်ဘက်ရှိ တောင်ထွတ်များကို သွားရောက်ထိမှန်သောအခါ တောင်များ ထက်ခြမ်းကွဲသွားကြပြီး တွင်းနက်ကြီးများ၊ ချောက်နက်ကြီးများ ဖြစ်ပေါ်သွားလေသည်။
“သက်ရောက်မှုဆိုတာ ဘာလဲ။ အရှိန်အဝါလား၊ သွေးအငွေ့အသက်လား၊ ဖိအားလား”
ကျန်းရီသည် ပညာရှင်နှစ်ယောက်၏ တာအိုပုံသဏ္ဌာန်များနှင့် တိုက်ခိုက်မှုများကို အာရုံမစိုက်ဘဲ သူတို့၏ အရှိန်အဝါ၊ သွေးနှင့် ဖိအားကိုသာ အာရုံခံနေလေသည်။ ထိုနှစ်ယောက်၏ အရှိန်အဝါများက နဂါးနှင့် ဆင်ကဲ့သို့ အလွန်စွမ်းအားကြီး၏။ သူ အဝေးမှနေ၍ အာရုံခံနေသည်ပင် ချစ်ချစ်တောက် ပူပြင်းသော နေလုံးကြီးနှစ်လုံးက ကောင်းကင်ထဲတွင် လှည့်ပတ်ပျံသန်းနေသကဲ့သို့ ခံစားနေရပေသည်။
“မဟုတ်ဘူး... အဲ့ဒါက အရှိန်အဝါတွေ၊ သွေးတွေ၊ ဖိအားတွေ မဟုတ်ဘူး။ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားပဲ”
ကျန်းရီသည် အောင်းလု၏ စကားများကို ပြန်အမှတ်ရသွား၍ ခေါင်းထဲတွင် အတွေးတစ်ချက် လင်းလက်သွား၏။ သူသည် ပညာရှင်နှစ်ယောက်ကို လုံးဝလျစ်လျူရှုလိုက်ပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုများကို အာရုံခံလိုက်လေသည်။ မကြာခင်မှာပင် သူသည် ပြဿနာအရင်းအမြစ်ကို သတိပြုမိလိုက်၏။
ကောင်းကင်နှင့်မြေကြီးတွင် လေ၊ မီး၊ အလင်း၊ အမှောင်ထု စသော ဓာတ်သဘာဝများ များစွာ ရှိပြီးဖြစ်သည်။ သိုင်းသမားများသည် ကျင့်ကြံကြကာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စုပ်ယူကြ၏။ သူတို့ ထုတ်လွှတ်သော တာအိုပုံသဏ္ဌာန်များမှာ ကောင်းကင်နှင့်မြေကြီးမှနေ၍ သိမြင်နားလည်ထားသော တိုက်ခိုက်မှုများဖြစ်သည်။ တာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်သောအခါ ကောင်းကင်နှင့်မြေကြီးမှ ဓာတ်များက သိုင်းသမားထံတွင် လာရောက်စုဝေး၏။ ဥပမာအားဖြင့် လေတာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်လျှင် ပတ်ဝန်းကျင်မှလေများက စွမ်းအားကြီးတိုက်ခိုက်မှုအဖြစ် စုဝေးသွားမည်ဖြစ်သည်။
သာမန်သိုင်းသမားတစ်ယောက်သည် ရန်သူ၏အင်အားကို အာရုံခံလိုလျှင် အရှိန်အဝါ၊ သွေးအငွေ့အသက်နှင့် ဖိအားတို့ကို အာရုံခံကြ၏။ ရန်သူက တိုက်ခိုက်လိုက်သည်နှင့် သူတို့သည် ရန်သူ၏ တိုက်ခိုက်စွမ်းအားကို ချက်ချင်းဆုံးဖြတ်နိုင်ရန် ကြိုးစားကြသည်။ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုများကိုတော့ သူတို့ အာရုံခံကြမည် မဟုတ်ပေ။
ကျန်းရီသည် အောင်းလု၏ လမ်းညွှန်ပြသမှု၊ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတို့ကြောင့် နောက်ဆုံးတွင် သက်ရောက်မှုကို အာရုံခံနိုင်လိုက်၏။ လေဓာတ်အကြီးအကဲ လေတာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်လိုက်သောအခါ ပတ်ဝန်းကျင်မှ လေဓာတ်သည် သူ့ထံသို့ စုဝေးသွား၏။ အခြားအကြီးအကဲက တိုက်ခိုက်သောအခါတွင်မူ ပတ်ဝန်းကျင်မှ အလင်းဓာတ်က သူ့ဆီတွင် သွားစုပေသည်။
“သူတို့က တကယ်ပဲ ကြယ်လေးပွင့် ပညာရှင်တွေပဲ”
ကျန်းရီသည် တိတ်တဆိတ်အာရုံခံနေလိုက်ရင်းမှာ ထိုပညာရှင်နှစ်ယောက် သူတို့၏တိုက်ခိုက်မှုများကို ထုတ်လွှတ်သောအခါ ပတ်ဝန်းကျင် နှစ်မိုင်ပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက သက်ရောက်မှုခံလိုက်ရကြောင်း သတိပြုမိခဲ့လေသည်။ ကြယ်သုံးပွင့် သိုင်းသမားသည် တစ်မိုင်ပတ်လည်အတွင်း သက်ရောက်နိုင်မည်ဖြစ်ပြီး ကြယ်လေးပွင့် ပညာရှင်က ကြယ်သုံးပွင့်ထက် နှစ်ဆဖြစ်သဖြင့် နှစ်ပိုင်ပတ်လည်အတွင်း သက်ရောက်နိုင်မည်ဖြစ်သည်။
“ဒီတော့ အဲ့ဒါက သက်ရောက်မှုဆိုတာပေါ့”
ကျန်းရီသည် ထပ်ခါထပ်ခါ လေ့လာပြီးနောက် အလုံးစုံနားလည်သွားလေသည်။ သူသည် ခေတ္တမျှ တွေးတောလိုက်ပြီး လျှို့ဝှက်အခန်းအပြင်သို့ ထွက်ကာ ကုန်းပတ်သို့ သွားလိုက်၏။ ထိုပညာရှင်နှစ်ယောက်ထဲမှ တစ်ယောက်က လေဓာတ်ပညာရှင် ဖြစ်နိုင်သည်။ ကျန်းရီသည်လည်း လေဓာတ်တာအိုပုံသဏ္ဌာန်အချို့ကို သိမြင်နားလည်ထား၍ ထိုပညာရှင်ထံမှ ထပ်သင်ယူနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ကျန်းရီ အပြင်သို့ ထွက်သွားရာ နေဝင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် ကောင်းကင်ထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေဆဲဖြစ်သော ပညာရှင်နှစ်ယောက်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။
“မှောင်တောင်မှောင်တော့မယ် သူတို့က မရပ်ကြသေးဘူးလား။ သူတို့က ဝိညာဉ်လေကို မကြောက်ကြဘူးလား”
***