ခင်ပွန်းရွေးချယ်မည့် ရီချန်
Vol. 64 Ch. 885
ထိုပညာရှင်နှစ်ယောက်သည် အရူးအမူးတိုက်ခိုက်နေကြသဖြင့် ညမှောင်လာသည်ကိုတောင် သတိမထားမိကြပေ။ သူတို့က အင်အားလည်း တူကြသည်။ သူတို့ထဲမှ တစ်ယောက်က အလွန်လျင်မြန်ပြီး ကျန်တစ်ယောက်က ခုခံစွမ်းအား ကောင်းသည်။ သူ၏နတ်ဘုရားဒိုင်းက မည်သို့မှ မပျက်စီးနိုင်သကဲ့သို့ပင်။
ပညာရှင်နှစ်ယောက်သည် လေထဲတွင် ရှောင်တိမ်းလိုက်၊ တိုက်ခိုက်လိုက်နှင့် လှည့်ပတ် ပျံသန်းနေ၏။ ထို့ကြောင့် သူတို့၏ တည်နေရာက အဆက်မပြတ် ပြောင်းလဲနေပေသည်။ သို့သော် ကောင်းကင်ကံကြမ္မာသင်္ဘောကလည်း လိုက်ပါပျံသန်းကာ သူတို့နှင့် ဆယ်မိုင်အကွာ အကွာအဝေးကို ထိန်းထား၏။ ထိုမှ သင်္ဘောပေါ်ရှိ ခရီးသည်များနှင့် အစောင့်များက တိုက်ပွဲကို လေ့လာနိုင်မည်ဖြစ်သည်။
ကျန်းရီသည် ကုန်းပတ်ထောင့်စွန်းတစ်နေရာတွင် ရပ်ကာ အဝေးရှိ ပညာရှင်နှစ်ယောက်ကို ကြည့်နေ၏။ သူသည် ကောင်းကင်စိတ်အာရုံကိုလည်း ထုတ်လွှတ်ထားပေသည်။ ထိုအခိုက်တွင် သင်္ဘော၏အကာအရံက အရောင်ပြောင်းနေပြီဖြစ်သည်။ ၎င်းသည် ယခင်ကကဲ့သို့ အနက်ရောင်မဟုတ်တော့ဘဲ အကြည်ရောင်ဖြစ်နေပေပြီ။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံများသည် အပြင်ဘက်သို့ အလွယ်တကူ အာရုံခံနိုင်ကြ၏။ သင်္ဘောပေါ်ရှိလူအားလုံး တိုက်ပွဲကို လေ့လာနိုင်ရန်အတွက် ထန်မျိုးနွယ်၏ ပညာရှင်က အကာအရံကို အားလျှော့ပေးရန် အမိန့်ပေးထားခြင်းဖြစ်ကြောင်း ထင်ရှားလေသည်။
ကျန်းရီသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်နေ၏။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့လည်း ဝင်ထားသဖြင့် အခန်းထဲတွင် ဆက်နေလျှင်လည်း အာရုံခံနိုင်မည်ဖြစ်သော်လည်း ကိုယ်တိုင် မျက်လုံးဖြင့် မြင်ရခြင်း၊ နားဖြင့်ကြားရခြင်းက ပို၍အကျိုးသက်ရောက်မှု ရှိပေသည်။ ယင်းက စစ်ထူမျိုးနွယ်ရှိ အာကာပြင် တိုက်ပွဲနယ်မြေကဲ့သို့ပင်။ အာကာပြင် တိုက်ပွဲနယ်မြေသည် အတွင်းရှိ လူများကို ပုံရိပ်ယောင်များ ပြသ၍ တိုက်ပွဲများကို ရှင်းရှင်းလင်းလင်း မြင်စေ၏၊ တိုက်ခိုက်သံမျိုးစုံကို ကြားစေ၏၊ တိုက်ပွဲအခြေအနေတစ်ခု၏ ခံစားချက်ကို အပြည့်အဝပေး၏။ တိုက်ပွဲများကို ကိုယ်တိုင် မျက်မြင်ကြည့်ရှု၍ လေ့လာခြင်းက အလွယ်တကူ ဉာဏ်အလင်းပွင့်စေနိုင်သည်။ ထို့ကြောင့် ကျန်းရီ ကုန်းပတ်ပေါ်သို့ တက်လာခြင်းပင်။
“လေဓာတ်တာအိုပုံသဏ္ဌာန်ကိုသုံးတဲ့ အကြီးအကဲရဲ့ အမြန်နှုန်းက တကယ့်ကို မြန်တာပဲ”
ကျန်းရီ၏ အမြင်အာရုံက အလွန်ကြောက်စရာကောင်း၏။ သူ၏ခန္ဓာကိုယ်ကို နဂါးညှိုးရောက်မြက်ပင်နှင့် သန့်စင်မွမ်းမံပြီးနောက်တွင် သူ၏ခန္ဓာကိုယ်က အပြစ်အနာဆာကင်းသော အခြေအနေကို ရရှိခဲ့၏။ အတွင်းအားဖြင့် မြှင့်တင်ထားသော သူ၏အမြင်အာရုံက အဆင့်မြင့် ကောင်းကင်ဧကရာဇ်တစ်ပါး၏ အမြင်အာရုံထက် မနိမ့်ဟု သူယုံကြည်ပေသည်။ သို့သော် ယခုတွင် သူသည် လေဓာတ်တာအိုပုံသဏ္ဌာန်ကိုသုံးသော အကြီးအကဲကို မနည်းလိုက်ကြည့်နေရ၏။ ထို့ကြောင့် သူ ရွေးချယ်စရာမရှိတော့ဘဲ ကောင်းကင်စိတ်အာရုံ၏ အကူအညီကိုယူကာ ခြေရာခံလိုက်ရလေတော့သည်။
ကုန်းပတ်ပေါ်တွင် လူတစ်သောင်းနီးပါး ရှိနေ၏။ ဤသင်္ဘောက အလွန်ကြီးသဖြင့် ကုန်းပတ်ပေါ်တွင် လူတစ်သောင်းနီးပါး ရပ်နေသည်ပင် ပြည့်ကြပ်မှုကို မခံစားရချေ။ အားလုံးသည် အသက်အောင့်ကာ တိတ်တဆိတ်ရပ်နေကြပြီး သူတို့၏ ကောင်းကင်စိတ်အာရုံများကို အသုံးပြု၍ ပညာရှင်နှစ်ယောက်ကို အာရုံခံ၍ ဂရုတစိုက် လေ့လာရန် ကြိုးစားနေကြလေသည်။
“အဲ့လိုပေါ့လေ...ဟားဟား.. အခု ငါ နားလည်သွားပြီ။ အလင်းကပ်ဘေး... အဲ့ဒါက အလင်းကပ်ဘေးတာအိုပုံသဏ္ဌာန်ပဲ”
တစ်စုံတစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကုန်းပတ်ပေါ်မှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ကျန်းရီသည် ရယ်သံထွက်ပေါ်လာသောနေရာသို့ ကြည့်လိုက်၏။ ကျယ်လောင်စွာ ရယ်နေသူမှာ စိတ်ကြီးဝင်နေပုံပေါက်သည့် လူငယ်လေးတစ်ယောက်ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ ထို့နောက်တွင် လူငယ်သည် ချက်ချင်း ကုန်းပတ်ပေါ်တွင် ထိုင်ချလိုက်ပြီး တရားထိုင်လိုက်၏။
“အလင်းကပ်ဘေးလား... အဲ့ဒါက အတော်လေး စွမ်းအားကြီးတဲ့ တာအိုပုံသဏ္ဌာန်အမျိုးအစားမလား။ အဲ့ကောင်လေးရဲ့ ကံက တော်တော်ကောင်းတာပဲ”
“အလင်းကပ်ဘေးတာအိုပုံသဏ္ဌာန်က သိမြင်နားလည်နိုင်ဖို့ ခက်ခဲတယ်။ အဲ့ဒါရဲ့ တိုက်ခိုက်စွမ်းအားက တော်တော်ကြောက်ဖို့ကောင်းတယ်။ ပြီးတော့ အဲ့ဒါက မိုးမြေတာအိုပုံသဏ္ဌာန်ပဲ။ အဲ့ကောင်လေး မဆိုးဘူး”
“ကျွတ်...ကျွတ်...”
ချီးကျူးသံအချို့ ပဲ့တင်ထပ်လာ၏။ ကျန်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ထိုလူငယ်သည် အလင်းဓာတ်ပညာရှင်သုံးသော တာအိုပုံသဏ္ဌာန်က အလင်းကပ်ဘေးတာအိုပုံသဏ္ဌာဖြစ်ကြောင်း သဘောပေါက်သွားလျှင် ထိုတာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ရန် သိပ်လိုတော့မည် မဟုတ်ပေ။ အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်ခဲ့လျှင် ကောင်းကင်ကံကြမ္မာသင်္ဘော ခရီးစဉ်တစ်ခေါက်က အမှန်ပင် တန်သွားပေလိမ့်မည်။
မကြာခင်တွင် အသံများ ပြန်တိတ်သွားသည်။ အားလုံးသည် အဝေးရှိ တိုက်ပွဲကိုသာ ပြင်းပြသော မျက်လုံးများဖြင့် ထပ်မံ ကြည့်လိုက်ကြ၏။ ကျန်းရီသည် ကောင်းကင်ကို ကြည့်လိုက်ရာ လုံးဝမှောင်နေပြီဖြစ်ကြောင်း တွေ့လိုက်သည်။ သူသည် ခေါင်းထဲတွင် အတွေးတစ်ချက် ပေါ်လာ၍ မျက်လုံးများမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ ထို့နောက်တွင် သူသည် တိုက်ပွဲဖြစ်နေသော နေရာဝန်းကျင်ကို ဂရုတစိုက် စူးစမ်းလိုက်၏။ ဝိညာဉ်လေများက ထိုပညာရှင်နှစ်ယောက်ကို ထိခိုက်စေနိုင်သလောဆိုသည်ကို သူ သိလိုနေခြင်းပင်။
ထိုပညာရှင်နှစ်ယောက် အလွန်အင်အားကြီးသူများ ဖြစ်ကြသည်။ သူတို့သည် မြင့်မားသော ကောင်းကင်ထက်တွင် တိုက်ခိုက်နေပြီး အဆက်မပြတ် လှုပ်ရှားနေ၍ ဝိညာဉ်လေများ၏ တိုက်ခိုက်မှုကို မပြတ်ခံနေရ၏။ အလင်းဓာတ်ပညာရှင်၏ ခုခံစွမ်းအားက အလွန်ကြောက်မက်ဖွယ် ကောင်းပေသည်။ ဝိညာဉ်လေအမျှင်တန်း တစ်ဒါဇင်ကျော်က သူ့၏ နတ်ဘုရားဒိုင်းကို ဖြတ်ပိုင်းလိုက်သည်ပင် နတ်ဘုရားဒိုင်းက ခပ်မှိန်မှိန်သာ လင်းသွားကြောင်း ကျန်းရီ ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်သည်။ ထို့နောက်တွင် ထိုပညာရှင်က အတွင်းအား ထုတ်လိုက်ရာ သူ၏နတ်ဘုရားဒိုင်းက ချက်ချင်း တောက်ပလင်းလက်လာပြီး နေလုံးကဲ့သို့ ချစ်ချစ်တောက် ပူးပြင်းလာလေသည်။ အလင်းက မျက်စိကျိန်းလှသဖြင့် မည်သူမှ ထိုနတ်ဘုရားဒိုင်းကို တည့်တည့်မကြည့်ရဲကြချေ။
“အာ...”
ကျန်းရီသည် လေဓာတ်ပညာရှင်ကို အာရုံခံကြည့်လိုက်ရာ အလွန်ထူးဆန်းသော အဖြစ်တစ်ခုကို ရုတ်တရက် သတိပြုမိလိုက်၏။ ဝိညာဉ်လေများက လေဓာတ်ပညာရှင်ကို တိုက်ခိုက်မည် ပြုလိုက်လျှင် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရုတ်တရက် လေပွေတစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုလေပွေက ဝိညာဉ်လေများကို အလွယ်တကူ လမ်းကြောင်းပြောင်းပစ်လိုက်သဖြင့် လေအမျှင်တန်းတစ်ခုမှ ထိုပညာရှင်ကို မတိုက်ခိုက်နိုင်ခဲ့ပေ။
“အဲ့လို လုပ်ရတာလား”
ကျန်းရီ အမြင်ကျယ်သွား၏။ သူသာ ထိုပညာရှင်အကြီးအကဲ၏ လေဓာတ်တာအိုပုံသဏ္ဌာန်ကိုသာ သိမြင်နားလည်ခဲ့လျှင် မည်သည့် သာမန်ပညာရှင်က သူ့အနောက်သို့ ညအချိန်တွင် လိုက်နိုင်ပါဦးမည်နည်း။ အကယ်၍ တစ်စုံတစ်ယောက်ကသာ မြင့်မားသော ကောင်းကင်ထက်ထိ အမှန်တကယ် လိုက်လာဝံ့လျှင် သူသည် ထိုသူကို အလွယ်တကူ ရှင်းပစ်နိုင်မည်ဖြစ်သည်။
ထိုပညာရှင်နှစ်ယောက်သည် ညအချိန်တွင် တိုက်ခိုက်ဝံ့ကြသဖြင့် ဝိညာဉ်လေကို ကြောက်ရန်မလိုသည့် စွမ်းရည်များ ပိုင်ဆိုင်ထားကြောင်း ထင်ရှားပေသည်။ သူတို့ထဲမှ တစ်ယောက်သည် စွမ်းအားကြီး ခုခံစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ကျန်တစ်ယောက်သည် အလွန်လျင်မြန်ကာ ဝိညာဉ်လေများကို လမ်းကြောင်းပြောင်းပစ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်သည်။ သူတို့နှစ်ယောက်စလုံးသည် သူတို့၏အစွမ်းသက်သက်ဖြင့် တစ်ယောက်ကိုတစ်ယောက် သတ်နိုင်ရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထား၍ ဝိညာဉ်လေများကို အသုံးပြုရန် ပြင်ဆင်နေကြလေသည်။
“ဝိညာဉ်လေကို လမ်းကြောင်းပြောင်းဖို့ အဲ့အကြီးအကဲသုံးတဲ့ နည်းလမ်းက ငါ့ မိုးကြိုးမီးနတ်ဘုရားဒိုင်းရဲ့ နည်းလမ်းနဲ့ ဆင်တူတယ်”
ကျန်းရီသည် အာရုံခံရင်းဖြင့် ပိုသိမြင်နားလည်လာ၍ အတန်ငယ် စိတ်လှုပ်ရှားလာ၏။ ထိုပညာရှင်အကြီးအကဲက ဝိညာဉ်လေများကို လေပွေဖြင့် လမ်းကြောင်းပြောင်းပစ်ခြင်းပင်။ သူ၏မိုးကြိုးမီးနတ်ဘုရားဒိုင်းမှာလည်း ရန်သူ၏တိုက်ခိုက်မှုများကို အဝေးသို့ ဖယ်ထုတ်ပစ်နိုင်ပေသည်။ ထိုစွမ်းရည်နှစ်ခုက ဆင်တူ၏။
“မဟုတ်သေးဘူး... ငါက ပုရွက်ဆိတ်လူသားရဲ့ လမ်းကြောင်းမြေပုံကိုသုံးတာ။ လေဓာတ်ပညာရှင်ကကျ လုံးဝ လေဓာတ်တာအိုပုံသဏ္ဌာန်ကိုပဲသုံးတာ။ အဲ့ဒါက တော်တော်လေးဆန်းကြယ်တဲ့ လေဓာတ်တာအိုပုံသဏ္ဌာန်အမျိုးအစားတစ်ခုပဲ”
ကျန်းရီသည် ခေတ္တမျှ ဆက်၍ အာရုံခံပြီးနောက် မူမမှန်မှုကို သတိပြုမိလိုက်သည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ပညာရှင်အကြီးအကဲ၏ ပတ်ဝန်းကျင်မှ လေလမ်းကြောင်းကို အာရုံစိုက်လိုက်ပြီး ထူးဆန်းမှုကို သိမြင်နိုင်ရန် ကြိုးစားလိုက်သည်။
ဝုန်း...ဝုန်း...
ဆယ့်ငါးမိနစ်အတွင်းမှာပင် လေဓာတ်ပညာရှင်သည် အလင်းဓာတ်ပညာရှင်ကို အမြင့်သို့ မျှားခေါ်သွားပြီး အခွင့်အရေးတစ်ခုရှာကာ စွမ်းအားကြီး လေဓာတ်တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ အလင်းဓာတ်ပညာရှင်က ပိုမြင့်သော ကောင်းကင်ထက်သို့ မြောက်တက်သွား၏။
“ပြီးသွားပြီ...”
“တိုက်ပွဲက ပြီးပြီ...”
ကုန်းပတ်ပေါ်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ အလင်းဓာတ်ပညာရှင်၏ ခုခံစွမ်းရည်က အမှန်ပင် စွမ်းအားကြီးသော်လည်း ကောင်းကင်ထက် ကီလိုမီတာသုံးဆယ်အမြင့်ရှိ ဝိညာဉ်လေများက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ အလင်းဓာတ်ပညာရှင်၏ နတ်ဘုရားဒိုင်းက တဖြည်းဖြည်း မှိန်သွားပြီး ကွဲအက်ပျက်စီးသွားသည်။
ညအချိန်တွင် မြင့်မားသော ကောင်းကင်ထက်၌ နတ်ဘုရားဒိုင်း ပျက်စီးသွားလျှင် သေလမ်းသာ ရှိပေတော့သည်။ အလင်းဓာတ်ပညာရှင်သည် ဒေါသတကြီးအော်ရန်ပင် အချိန်မရလိုက်ဘဲ သေဆုံးသွား၏။ သူ့ခန္ဓာကိုယ်က သွေးစသွေးနများအဖြစ် ရုတ်ခြည်းပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ထက်မှနေ၍ သွေးမိုး ကျဆင်းလာလေသည်။
ဝှစ်...
လေဓာတ်ပညာရှင်က လေနဂါးတစ်ကောင်ကဲ့သို့ ပျံသန်းသွားပြီး အောက်သို့ ကျဆင်းလာသည့် လက်စွပ်ကို ဖမ်းလိုက်သည်။ ထို့နောက်တွင် သူသည် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ကံကြမ္မာသင်္ဘောကို ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး အရှေ့ဘက်သို့ လျင်မြန်စွာ ပျံသန်းကာ ကျယ်ပြောသော ညကောင်းကင်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
“ကောင်းပြီ... တိုက်ပွဲ ပြီးသွားပြီ။ အားလုံးပဲ စိတ်အေးအေး နေကြပါတော့။ ဘာမှစိုးရိမ်စရာ မရှိပါဘူး... ထန်မျိုးနွယ်ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောက အကြွင်းမဲ့လုံခြုံပါတယ်။ နောက်ထပ် ပညာရှင်တွေရဲ့ တိုက်ပွဲတွေကို တွေ့ရင်လည်း အားလုံး လေ့လာရအောင် ရပ်တန့်ပေးပါဦးမယ်”
အသံအိုက ထပ်မံ ထွက်ပေါ်လာ၏။ ခရီးသည်အများစုသည် သူတို့၏ အခန်းများအတွင်းသို့ ပြန်ဝင်သွားကြသည်။ ကျန်းရီသည် အရှေ့ဘက်သို့ စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်၏။ သူသည် အချိန်အတော်ကြာ လေ့လာခဲ့သော်လည်း မည်သည်ကိုမှ နားမလည်နိုင်ခဲ့ပေ။ သူသည် အကြီးအကဲ၏ လေတာအိုပုံသဏ္ဌာန်၏ ထူးဆန်းမှုကိုလည်း မသိမြင်ခဲ့ချေ။ ယင်းက အခွင့်အရေးကောင်းတစ်ခု ဖြစ်သော်လည်း သူ ထိုအခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့ပေ။
“ဝိညာဉ်လေတွေ...”
ကျန်းရီသည် ခေါင်းမော့၍ ညကောင်းကင်ကို ကြည့်လိုက်ပြီး နောင်တွင် အခွင့်အရေးရလျှင် ပိုအာရုံစိုက်ကာ လေ့လာရန် တွေးလိုက်လေသည်။ အကယ်၍ သူသာ ထိုလေဓာတ်တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ခဲ့လျှင် ညကောင်းကင်တွင် လွတ်လွတ်လပ်လပ် ပျံသန်းနိုင်မည်ဖြစ်သည်။ ယင်းက သူ့အသက်ကို ကယ်နိုင်သော စွမ်းရည်တစ်ခု ဖြစ်လာနိုင်သည်။
ကျန်းရီသည် တစ်ခဏမျှ ဆက်ရပ်နေပြီးနောက် ဆက်ကျင့်ကြံဖို့ အခန်းသို့ပြန်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင် သူသည် သခင်လေးနှစ်ယောက် ပြောနေသော စကားများကို ကြားမိလိုက်၏။
“သခင်လေးရုံ... သခင်လေးက ဗုဒ္ဓဧကရာဇ်မြို့တော်ကို သွားမှာလား”
“ဟုတ်တယ်..ဟီးဟီး... နောက်နှစ်ကျရင် အပြစ်ဆေးကြောဒေသကို ဖွင့်ဖို့ ဗုဒ္ဓဧကရာဇ်ကိုယ်တိုင် အမိန့်ပေးထားပြီးပြီ။ အပြစ်ဆေးကြောဒေသကို အသက်ရှင်ရက် ဖြတ်ကျော်နိုင်ရင် ဗုဒ္ဓဧကရာဇ်ရဲ့ မျိုးနွယ်ကို ဝင်ခွင့်ရလိမ့်မယ်.. သခင်မလေးရီချန်ရဲ့ ခင်ပွန်းလည်း ဖြစ်လာလိမ့်မယ်။ သခင်မလေးရီချန်ရဲ့ နှလုံးသားကိုရဖို့က မိုးပေါ်ကကြယ်ကို ရဖို့ထက် ပိုခက်ခဲတယ်။ သူက ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အပျော်အပါးမက်တဲ့ သခင်လေးတွေကို သဘောမကျဘူး။ သူက သာမန်လူငယ်တွေထဲက ထူးခြားတဲ့သူကိုပဲ သူ့ခင်ပွန်းအဖြစ် ရွေးချယ်ချင်တာ ဖြစ်ရမယ်။ သခင်လေးယွီ... ကျွန်တော်တို့ ဒီတစ်ခေါက် ကြိုးစားရမယ်”
“ဟုတ်တယ်... ကျွန်တော်တို့သာ သခင်မလေးရီချန်လို မျိုးဆက်သစ်ပါရမီရှင်တစ်ယော်ကို လက်ထပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ဘဝက အထွတ်အထိပ်ကို ရောက်သွားမှာပဲ”
“...”
ကျန်းရီသည် နောက်ပိုင်းစကားများကို ဆက်နားမထောင်ချင်တော့ပေ။ သူ့စိတ်ထဲတွင် နက်ရှိုင်းသောသံသယတစ်ခု ထွက်ပေါ်လာသဖြင့် သူ မျက်မှောင်ကြုတ်ကာ တွေးလိုက်လေသည်။
“ရီချန်က ဒီလို သာမန်သခင်လေးတွေထဲကနေပြီး သူ့ခင်ပွန်းကို ရွေးချင်ပါ့မလား။ ဗုဒ္ဓဧကရာဇ်ကိုယ်တိုင် အပြစ်ဆေးကြောဒေသကို ဖွင့်ဖို့ အမိန့်ပေးခဲ့တာဆိုတော့ တခြားရည်ရွယ်ချက်တွေများ ရှိနေသေးလား”
***