← Chapters

သတင်း ရောက်လာပြီ

Vol. 64 Ch. 886

သတင်း ရောက်လာပြီ

Vol. 64 Ch. 886

ကျန်းရီသည် နှစ်လကြာ အခန်းအောင်း ကျင့်ကြံပြီးနောက် ရပ်နားလိုက်၏။ သူ့တွင် ကောင်းကင်ကျောက်တုံးများ သိပ်မကျန်တော့ပေ။ သန်းသုံးထောင်ကျော်လောက်သာ ကျန်တော့ပေသည်။ အကယ်၍ သူသာ နောက်တစ်လ ထပ်ကျင့်ကြံလျှင် ဗုဒ္ဓဧကရာဇ်မြို့ကိုသွားရန် ကောင်းကင်ကံကြမ္မာသင်္ဘောခပင် ရှိတော့မည် မဟုတ်ချေ။

ကျန်းရီ အခန်းသို့ ပြန်ရောက်သောအခါ ရှောင်ယွီက အတော်လေး ဝမ်းသာသွား၏။ သူမသည် ကျန်းရီကို သူမနှင့်အတူ ဆော့ကစားပေးရန် ဂျီကျနိုင်ပေသည်။ ထန်ထိုက်ရှစ်သည်လည်း ရင်ထဲမှ ဝမ်းသာနေ၏။ အနားတွင် ကျန်းရီရှိနေလျှင် သူမ ဖော်ပြ၍မရနိုင်သော စိတ်အေးမှုကို ခံစားရပေသည်။

ကျန်းရီသည် ရှောင်ယွီနှင့် နှစ်ရက် ကစားပြီးနောက် သူ့အခန်းအတွင်းသို့ ဝင်ကာ ထပ်မံ ကျင့်ကြံလိုက်၏။ သူသည် အဆတစ်ထောင်မြန်သော ကျင့်ကြံနှုန်းကို အသားကျနေပြီဖြစ်ရာ ယခုတွင် ကျင့်ကြံနှုန်းက နှေးနေသဖြင့် သူ အတန်ငယ် စိတ်မကျေမနပ် ဖြစ်နေ၏။ သို့သော် လုံးဝမကျင့်ကြံဘဲနေခြင်းထက် ရသလောက် ကျင့်ကြံနေခြင်းက ပိုကောင်းပေသည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ ကျင့်ကြံရန်မဟုတ်ဘဲ မှော်အတတ်များကို လေ့လာရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် လေဓာတ်ပညာရှင်အကြီးအကဲ၏ ဝိညာဉ်လေများကို လမ်းကြောင်းပြောင်းနိုင်သော တာအိုပုံသဏ္ဌာန်ကိုလည်း သုံးသပ်ရမည်ဖြစ်သည်။

တစ်လဟူသော အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။ ကျန်းရီသည် စုန့်ကျုံးကြောင့် နိုးထလာ၏။ နောက်နှစ်နာရီကြာလျှင် သူတို့ ကောင်းကင်နဂါးမြို့သို့ ရောက်တော့ပေမည်။ သူတို့သည် ထိုမြို့တွင် ဆင်းရမည်ဖြစ်ပြီး ကောင်းကင်မီးတောက်မြို့သို့သွားရန် အခြားကောင်းကင်ကံကြမ္မာသင်္ဘောကို ပြောင်းစီးရမည်ဖြစ်သည်။

“သွားကြစို့...”

အခန်းထဲတွင် နှစ်နာရီကြာ ထိုင်နေပြီးနောက် ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘော ရပ်သွားပြီး အကာအရံ ပွင့်သွားသည်ကို သတိပြုမိလိုက်၍ ပြောလိုက်၏။ အနောက်တွင် ဧရာမမြို့ကြီးတစ်မြို့ ရှိနေလေသည်။ ကျန်းရီက ထရပ်ကာ ပြောလိုက်သည်။

“ငါတို့ ကောင်းကင်နဂါးမြို့ကို ရောက်ပြီ။ မြို့ထဲကို အရင်ဝင်ကျတာပေါ့”

ဝှစ်...

အားလုံးက ပြင်ဆင်ပြီးနေပြီဖြစ်သည်။ အစေခံမလေးနှစ်ယောက်က ကလေးတစ်ယောက်စီကို ချီ၏။ သူတို့အားလုံးသည် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ ပျံဆင်းသွားကြသည်။ စုန့်ကျုံးက စစ်ရထားလုံးတစ်စီးကို ထုတ်လိုက်ပြီး ထန်ထိုက်ရှစ်၊ ကျန်းရီနှင့် အစေခံမလေးနှစ်ယောက်ကို အထဲသို့ ဝင်စေလိုက်၏။

စုန့်ကျုံးသည် မောင်းသူနေရာတွင်ထိုင်ကာ စစ်ရထားလုံးကို အရှေ့သို့ ထိန်းချုပ်မောင်းနှင်လိုက်၏။ မြို့ဝင်ကြေးပေးပြီးသောအခါ သူတို့သည် မြို့ရင်ပြင်သို့ တန်းသွား၍ တည်းခိုရန် တည်းခိုခန်းတစ်ခုကို ရှာလိုက်ကြသည်။ ထို့နောက်တွင် သူတို့သည် ထန်မျိုးနွယ်၏ ကုန်သည်အဖွဲ့ခွဲကို သွားရှာကာ ကောင်းကင်မီးတောက်မြို့သို့သွားမည့် ကောင်းကင်ကံကြမ္မာသင်္ဘောလက်မှတ်ကို ဖြတ်ရမည်ဖြစ်သည်။

ဤကောင်းကင်နဂါးမြို့သည် ဝံပုလွေအစွယ်မြို့ထက် များစွာပိုကြီးသဖြင့် အလယ်အလတ်အရွယ်အစားမြို့ဟု သတ်မှတ်ရပေမည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ မြို့များကို မြို့တော်များ၊ မြို့ကြီးများ၊ အလယ်အလတ်အရွယ်အစားမြို့များနှင့် မြို့ငယ်များဟူ၍ ခွဲခြားထားသည်။ ထို့ပြင် နယ်မြို့လေးများနှင့် ရွာများလည်း ရှိပေသေးသည်။

ဒေသတစ်ခုတွင် မြို့တော်ဆယ်ခုသာ ရှိကြသည်။ ပုံမှန်အခြေအနေတွင် ထိုမြို့တော်အားလုံးကို ဒေသအရှင်၏ မျိုးနွယ်က ထိန်းချုပ်၏။ အကယ်၍ မျိုးနွယ်က လုံလောက်အောင်ကြီးလျှင် မြို့ကြီးများကိုလည်း ထိန်းချုပ်ကြသည်။ အလယ်အလတ်မြို့များနှင့် မြို့ငယ်များကိုမူ သူတို့၏ လက်အောက်ခံမျိုးနွယ်များက ထိန်းချုပ်ကြသည်။

စုန့်ကျုံးပြောခဲ့သလိုပင် ဒေသအရှင်အများစုသည် အလယ်အလတ်မြို့များနှင့် မြို့ငယ်များကို အရေးမစိုက်ကြပေ။ ထို့ကြောင့် ပရမ်းပတာစစ်ပွဲများက အဆုံးမဲ့ ဖြစ်ပွားနေကြပေသည်။ သို့ဖြစ်၍ နှစ်ပတ်အတွင်း မြို့အရှင်ငါးယောက် ပြောင်းခြင်းမျိုး အလွယ်တကူ ဖြစ်လာခြင်းပင်။

ကောင်းကင်ဒေသကို အုပ်စိုးသူမှာ လောမျိုးနွယ်ဖြစ်သည်။ သူတို့ အရှေ့ဘက် တော်ဝင်နယ်မြေတွင် အခြေချနေထိုင်ခဲ့သည်မှာ နှစ်ပေါင်းသိန်းနှင့်ချီနေပေပြီ။ စုန့်ကျုံး၏ ပြောပြမှုအရ လောမျိုးနွယ်သည် ယခင်က ဒေသနှစ်ခုကို ထိန်းချုပ်ခဲ့ကြောင်း သိရ၏။ သို့သော် သူတို့သည် မျိုးနွယ်အချို့၏ မဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်မှုကို ခံရပြီးနောက်တွင် သူတို့မျိုးနွယ်ကို ပြောင်းရွှေ့ကာ ကောင်းကင်ဒေသတွင် ပုန်းအောင်းနေခဲ့ရ၏။ နှစ်ပေါင်းသိန်းချီကြာပြီးနောက်မှသာ သူတို့ ပြန်၍အာဏာကြီးထွားလာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်သောင်းက သူတို့သည် ကောင်းကင်ဒေသ၏ မူလဒေသအရှင်၏မျိုးနွယ်ကို ရှင်းပစ်ကာ ကောင်းကင်ဒေသကို သိမ်းပိုက်ခဲ့ခြင်းပင်။

ယခင်က ထိုက်ထိုက်ရှစ်ယောက်ျား၏ မျိုးနွယ်က လောမျိုးနွယ်၏ အစောင့်တပ်ဖြစ်ခဲ့သည်။ သူတို့၏ စွမ်းဆောင်ချက်ကြောင့် ကောင်းကင်မီးတောက်မြို့ကို ချီးမြှင့်ခံခဲ့ရသည်။ မျိုးဆက်များစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်တွင် သူတို့၏ လောမျိုးနွယ်အပေါ် သစ္စာရှိမှုကြောင့် ထန်ထိုက်မျိုးနွယ်သည် ကောင်းကင်မီးတောက်မြို့တွင် အကြွင်းမဲ့အာဏာရရှိခဲ့ပေသည်။ ထို့ကြောင့် ကောင်းကင်မီးတောက်မြို့မှ မျိုးနွယ်ကြီး၊ မျိုးနွယ်လေးများသည် ထန်ထိုက်မျိုးနွယ်၏ အုပ်ချုပ်မှုကို ခံခဲ့ရသည်။ မည်သည့်ဓားပြမှလည်း ကောင်းကင်မီးတောက်မြို့ကို မတိုက်ခိုက်ဝံ့ကြပေ။ ထန်ထိုက်မျိုးနွယ်၏နောက်တွင် လောမျိုးနွယ်ရှိနေသည် မဟုတ်ပါလား။

ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေအကြောင်းကို အနည်းငယ်သိထား၏။ ဤနယ်မြေတွင် အင်အားကြီးမျိုးနွယ်များ မရေမတွက်နိုင်အောင် ရှိပေသည်။ ထိုမျိုးနွယ်များ အင်အားကြီးခြင်းမှာ သူတို့မျိုးနွယ်၏ ကိုယ်ပိုင်အင်အားကြောင့်သာ မဟုတ်ကြေပေ။ သူတို့တွင် လက်အောက်ခံမျိုးနွယ်များစွာ ရှိနေ၍ဖြစ်သည်။ ထိုမျိုးနွယ်များသည် မရေမတွက်နိုင်သော အမြစ်များက ကုန်းမြေတစ်ခွင်လုံးကို ကုပ်တွယ်ထားသည့် ဧရာမသစ်ပင်ကြီးများကဲ့သို့ပင်။ ထို့ကြောင့် ထိုဧရာမသစ်ပင်ကြီးကို ခုတ်လှဲလိုလျှင် အမြစ်အားလုံးကိုလည်း ဖြတ်ပစ်ရမည်ဖြစ်သည်။ မဟုတ်လျှင် မရေမတွက်နိုင်သော ပညာရှင်များ၏ ဝိုင်းတိုက်ခိုက်မှုကို ခံရန် ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။

“ဟူး...”

ကျန်းရီသည် ထိုအကြောင်းများကို တွေးမိသောအခါ မျက်နှာထား တင်းမာသွား၏။ သူသည် ကောင်းကင်ကြယ်တာရာနယ်မြေမှ ထွက်ခွာလာခဲ့စဉ်က လုံ့လဝီရိယဖြင့် ကြိုးစားလျှင် ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ယူဆခဲ့၏။ သူ ပညာရှင်တစ်ယောက် ဖြစ်လာလျှင် ကောင်းကင်ကြယ်တာရာနယ်မြေမှ သိုင်းခန်းမခွဲကို ဖျက်ဆီးပစ်ခဲ့သလိုမျိုး မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်လာမည်ဖြစ်သည်။

ယခု ပြန်တွေးကြည့်သောအခါ ထိုအတွေးများက အမှန်ပင် သနားစရာကောင်းကြောင်း ကျန်းရီ ခံစားမိလာ၏။ သူသည် အခြေအနေများကို ပိုနားလည်လာသောအခါ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို ပိုကြောက်လာသည်။ ထိုမျိုးနွယ်စုကြီးက ဤနယ်မြေပေါ်တွင် နှစ်ခုနစ်သိန်းကျော်အောင် အာဏာကို ထိန်းထားနိုင်သည့် မျိုးနွယ်စုကြီးဖြစ်သည်။ သူတို့၏လက်အောက်တွင် မျိုးနွယ်မည်မျှ ရှိနေသနည်း။ သူတို့သည် ပညာရှင်မည်မျှကို အသုံးပြုနိုင်သနည်း။ သူတို့၏ အခြေခံအုတ်မြစ်က မည်မျှခိုင်မာသနည်း။

ပညာရှင်များမှာ မထိခိုက်နိုင်သူများ မဟုတ်ပေ။

လက်ရှိကျန်းရီသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကိုပင် ရုတ်ခြည်းသတ်ပစ်နိုင်သော သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်နှင့် မိုးကြိုးအမျက်တို့ကြောင့် ကောင်းကင်ဧကရာဇ်အဆင့်တွင် ပြိုင်ဘက်ကင်းဖြစ်နေပုံပေါ်၏။ သို့သော် နတ်ဘုရားအသံကောင်းကင်အတတ်ကို ခံနိုင်သော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ၊ စွမ်းအားကြီး စွမ်းရည်များကို တတ်မြောက်ထားသူများနှင့် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် အဆင့်ရှိသော ပညာရှင်များလည်း ရှိနေပေသေးသည်။ အကယ်၍ သူက အမှန်ပင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်မှန်သမျှကို သတ်နိုင်သည်ဆိုလျှင်လည်း မည်မျှများများ သတ်နိုင်ပါမည်နည်း။

သိုင်းသမားတစ်ယောက်၏ အတွင်းအား၊ သက်လုံနှင့် စိတ်စွမ်းအင်တို့အားလုံးက အကန့်အသတ်ရှိပေသည်။

အကယ်၍ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကသာ ကောင်းကင်ဧကရာဇ် တစ်သောင်း၊ တစ်သိန်း သို့မဟုတ် တစ်သန်းကို သုံး၍ သူ့ကို ဝန်းရံလိုက်လျှင် သူ အမှန်ပင် ထိုသူအားလုံးကို သတ်နိုင်ပါမည်လော။ သာမန်မျိုးနွယ်တစ်ခုသည်ပင် ကောင်းကင်ဧကရာဇ်တစ်သောင်းအထိ အသုံးပြုနိုင်နေမည်ဖြစ်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက လက်အောက်ခံမျိုးနွယ်မည်မျှကို ပိုင်ဆိုင်ထားပါသနည်း။

လက်အောက်ခံမျိုးနွယ်များကို ထည့်မတွက်လျှင်ပင် မြောက်ဘက်ဧကရာဇ် ဝူရှန့်က အမိန့်ပေးလိုက်လျှင် ကောင်းကင်ဧကရာဇ် သန်းတစ်ရာလောက်က ကျန်းရီကို ဝိုင်းတိုက်ခိုက်ပေလိမ့်မည်။ သို့ဆိုလျှင် သူ သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။

‘ဆန်းကြယ်နတ်ဘုရားနန်းတော်၊ ငါ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရမှဖြစ်မယ်’

ကျန်းရီသည် ဖြစ်နိုင်ခြေအားလုံးကို တွေးတောပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရယူကာ ဆန်းကြယ်ဧကရာဇ်၏ အမွေအနှစ်များနှင့် ဆန်းကြယ်နတ်ဘုရားဓား၊ ဆန်းကြယ်နတ်ဘုရားသံချပ်ကာတို့ကဲ့သို့ နတ်ဘုရား အသုံးအဆောင်များကို ရရှိမှ ဝူမျိုးနွယ်ကို ဖျက်ဆီးနိုင်မည်ဖြစ်ကြောင်း သူ နားလည်သွားလေသည်။ ယင်းတို့ကို မရရှိနိုင်လျှင် သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်သွားလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ မြောက်ဘက်ဧကရာဇ်ဝူက ကြယ်ကိုးပွင့် ပညာရှင်အဆင့်သို့ ရောက်နေပြီဟု အောင်းလုက ပြောခဲ့ပြီးပြီ မဟုတ်ပါလား။

လဲ့ပန်းရှန်သည်လည်း အံ့အားသင့်စရာကောင်းသည် မဟုတ်လော။

ပြောင်းပြန်အချိန်စီးကြောင်းက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော စွမ်းရည်တစ်ခုပင်။ သို့သော် လဲ့ပန်းရှန်းက ကြယ်ရှစ်ပွင့် ပညာရှင်သာဖြစ်သည်ဟု အောင်းလုက ပြောခဲ့၏။ ယင်းသည် ဝူရှန့်က လဲ့ပန်းရှန်ထက် ပိုစွမ်းအားကြီးသည်ဆိုသော အဓိပ္ပာယ်ပင်။ ကျန်းရီသည် ဤဘဝတွင် နတ်ဘုရားတစ်ပိုင်းအဆင့့်အထိ ရောက်အောင် ကျင့်ကြံနိုင်သည်ဆိုလျှင်လည်း လဲ့ပန်းရှန်းထက် ပို၍စွမ်းအားကြီးလာမည်ဟု သေချာပေါက်ပြောနိုင်ပါသလော။ သူ ဝူရှန့်ထက်ရော ပိုသန်မာနိုင်ပါမည်လော။

ဆန်းကြယ်ဧကရာဇ်သည် လူသားမျိုးနွယ်၏ စွမ်းအားအကြီးဆုံး ပါရမီရှင်ဖြစ်သည်။ သူက ဆန်းကြယ်နတ်ဘုရားနန်းတော်၊ ဆန်းကြယ်နတ်ဘုရားဓား၊ ဆန်းကြယ်နတ်ဘုရားသံချပ်ကာ၊ တန်ဖိုးရှိ မူလရတနာများနှင့် စွမ်းရည်များစွာကို ချန်ထားပေးခဲ့၏။ သူ ထိုအရာအားလုံးကို ချန်ထားပေးခဲ့ခြင်းမှာ လူသားပညာရှင်များက သူ၏အမွေအနှစ်များကို ဆက်ခံ၍ လူသားမျိုးနွယ်ကို ကာကွယ်ပေးနိုင်ရန်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရရှိရန် လိုအပ်ပေသည်။ သူသည် ဒုတိယဆန်းကြယ်ဧကရာဇ် ဖြစ်မလာနိုင်သော်လည်း သူ၏အင်အားကတော့ ကြောက်မက်ဖွယ်ကောင်းသောအဆင့်တစ်ခုအထိ သေချာပေါက် တိုးတက်သွားမည်ဖြစ်သည်။

“အရှင်ရွှယ်... ကျွန်တော်တို့ တည်းခိုခန်းကို ရောက်ပါပြီ”

ကျန်းရီ တွေးတောနေစဉ်တွင် စုန့်ကျုံးက အသံပို့လွှတ်လိုက်၏။ ကျန်းရီသည် သူ၏အတွေးစကို ဖြတ်လိုက်ပြီး ထန်ထိုက်ရှစ်နှင့် အခြားသူများနှင့်အတူ အပြင်သို့ ထွက်လိုက်၏။ သူတို့က တည်းခိုခန်း၏ အတွင်းခြံဝန်းထဲသို့ ရောက်နေပေပြီ။ သူ လက်ဝှေ့ယမ်းလိုက်ပြီး စုန့်ကျုံးကို ကောင်းကင်မီးတောက်မြို့သို့သွားမည့် ကောင်းကင်ကံကြမ္မာသင်္ဘောကို စုံစမ်းရန် ခိုင်းလိုက်သည်။ ထို့နောက် သူသည် အခန်းထဲသို့ဝင်ကာ အနားယူလိုက်၏။

အမှန်တွင် ကောင်းကင်မီးတောက်မြို့က ဗုဒ္ဓဧကရာဇ်မြို့သို့သွားသည့်လမ်းကြောင်းပေါ်တွင် မဟုတ်ပေ။ သူသည် လမ်းကြောင်းထပ်ပြောင်းကာ ရက်အနည်းငယ် ထပ်သွားရမည်ဖြစ်သည်။ သို့သော် သူ ရှောင်ယွီကို ကတိပေးထားပြီးပြီဖြစ်၍ သူမတို့ကို ကောင်းကင်မီးတောက်မြို့သို့ ရောက်သည်အထိ လိုက်ပို့ရပေလိမ့်မည်။ ယောက်ျားတစ်ယောက်က ကတိတည်ရပေမည်။ ကျန်းရီသည် ကတိပေးခဲ၏။ သို့သော် သူ ကတိပေးပြီးလျှင်လည်း ထိုကတိကိုတည်ရန် တတ်နိုင်သမျှအကုန် လုပ်မည်ဖြစ်သည်။ ဥပမာအားဖြင့် စုလောရွှယ်ကို ကယ်တင်ခြင်းနှင့် ကျန်းပိုင်လီအတွက် လက်စားချေခြင်းတို့ကဲ့သို့ပင်။

ခြောက်နာရီကြာပြီးနောက် ကောင်းကင်က တဖြည်းဖြည်း မှောင်လာ၏။ သို့သော် စုန့်ကျုံးက ပြန်မလာသေးပေ။ ထိုအစား ကျန်းရီ၏ ခန္ဓကိုယ်ပေါ်မှ ပုလဲလုံးကသာ တောက်ပလာသည်။

“အန်...”

ကျန်းရီ အံ့အားသင့်သွား၏။ ထိုပုလဲလုံးကို အရိပ်ဧကရာဇ်က ပေးလိုက်ခြင်းပင်။ သူသည် အရိပ်ဧကရာဇ်၏ ညွှန်ကြားချက်အတိုင်း ထိုပုလဲလုံးကို ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် မသိမ်းဘဲ အိတ်ကပ်ထဲသို့ ထည့်ထားခဲ့၏။ သူသည် ၎င်းကို အရေးတယူ မလုပ်သလို ယခုကဲ့သို့ ရုတ်တရက်ကြီး လင်းလက်လာလိမ့်မည်ဟုလည်း မမျှော်လင့်ထားပေ။

“သတင်း ရောက်လာပြီ”

ကျန်းရီ စိတ်လှုပ်တရှား ထရပ်လိုက်ပြီး တည်းခိုခန်းအပြင်သို့ လျင်မြန်စွာ ထွက်သွားလိုက်၏။ မကြာခင်မှာပင် သူသည် တည်ခိုခန်းအပြင်ရှိ လူတစ်ယောက်နှင့် အကြည့်ချင်းဆုံးသွား၏။ ထိုသူက လွန်စွာသာမန်ဆန်သော အသက်လတ်ပိုင်းအရွယ် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်ပင်။ သူက အားလည်းမနည်းသလို၊ သန်လည်းမသန်မာပေ။ သူ၏ရုပ်သွင်တွင်လည်း မည်သည့်ထူးခြားမှုမှ ရှိမနေချေ။ သူတို့မျက်လုံးချင်းဆုံသောအခါ နှစ်ယောက်လုံး၏မျက်လုံးများ တောက်ပသွား၏။ ကျန်းရီသည် ပုလဲလုံးကိုသုံး၍ အာရုံခံကြည့်လိုက်သောအခါ ထိုသူက အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားဖြစ်ကြောင်း သိရှိလိုက်လေသည်။

အသက်လတ်ပိုင်း သိုင်းသမားက လက်ဆုပ်ကာ ပြောလိုက်သည်။

“အရှင်... ကျွန်တော့်ရဲ့ နာမည်က နျိုစန်းပါ။ ကျွန်တော် အရှင်နဲ့ လေမိုးစက်စားသောက်ဆိုင်မှာ တစ်ခါတွေ့ခဲ့ဖူးတယ်လေ။ အရှင်က ကျွန်တော့်ကို ကောင်းကင်ကျောက်တုံးတစ်သိန်း ချေးပေးခဲ့တာလေ...”

“မင်းကိုး... အထဲကို ဝင်ခဲ့ပါ”

ကျန်းရီ အတန်ငယ် ခေါင်းညိတ်လိုက်၏။ ယင်းက အရိပ်ဧကရာဇ် သူ့ကိုပြောလိုက်သော လျှို့ဝှက်အချက်ပြစကား ဖြစ်သည်။ ထို့ကြောင့် ထိုသူက အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားဖြစ်ကြောင်း သေချာသွားပေပြီ။ ထိုသူသည် မိစ္ဆာမျိုးနွယ်မဟုတ်ဘဲ လူသားတစ်ယောက်ပင်။

ကျန်းရီသည် ထိုလူကို အထဲသို့ ခေါ်ပြီးနောက် ခြံဝန်း၏ အကာအရံကို နှိုးလိုက်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ အရာအားလုံးကို အာရုံခံလိုက်၏။ မည်သည့်ကောင်းကင်စိတ်အာရုံကမှ သူတို့ကို ထောက်လှမ်းမနေကြောင်း အတည်ပြုပြီးသောအခါ သူ ခေါင်းညိတ်လိုက်သည်။ ထိုလူသည် လက်စွပ်တစ်ကွင်းကိုထုတ်၍ ကျန်းရီကို လှမ်းပေးကာ တီးတိုးပြောလိုက်သည်။

“အရှင်... ခေါင်းဆောင်က ဒီသတင်းကို အရှင့်ဆီ ပို့ပေးဖို့ ကျွန်တော့်ကို ခိုင်းလိုက်လို့ပါ”

ကျန်းရီသည် လက်စွပ်ကိုယူ၍ လက်စွပ်အတွင်းသို့ အတွင်းအားထည့်လိုက်၏။ ထို့နောက် သတင်းများ ထွက်ပေါ်လာသည်။ သတင်းများကို ကြည့်ပြီးနောက် သူ၏မျက်လုံးများ ရုတ်ခြည်း အေးစက်သွားလေတော့သည်။

***

All Chapters