ပြန်မလာခဲ့သင့်
Vol. 64 Ch. 887
သတင်းများက အသေးစိတ်မဟုတ်ဘဲ အချက်အလက် အနည်းငယ်သာ ပါပေသည်။ ထိုသတင်းများမှာ ကျီထင်ယွီနှင့်ပတ်သတ်သောသတင်း၊ ရီဖျောင်ဖျောင်နှင့် ယွီဝမ်၏ သတင်းတို့ ဖြစ်သည်။ သို့သော် သတင်းများက ကျေနပ်စရာမကောင်းပေ။
အရိပ်ဧကရာဇ်သည် သူ့လူများကို ဒါဇင်နှင့်ချီသော ‘ရီဖျောင်ဖျောင်’နှင့် ‘ယွီဝမ်’တို့ကို စုံစမ်းခိုင်းခဲ့၏။ သို့သော် ထိုသူအားလုံးက ကျန်းရီ ဆွဲပေးသော ပုံတူနှင့် ကွဲပြားကြပေသည်။ ကျန်လူများကို စုံစမ်းနေဆဲဖြစ်၍ သတင်းအပြည့်အစုံရရန် လအနည်းငယ်လောက် လိုပေလိမ့်ဦးမည်။
တစ်နည်းဆိုရလျှင် ရီဖျောင်ဖျောင်နှင့် ယွီဝမ်တို့၏ သတင်းကို မရသေးပေ။
ထို့အတူ စုလောရွှယ်နှင့်ပတ်သတ်သော သတင်းကိုလည်း မရသေးပေ။ သူမသည် သိုင်းပညာခန်းမထဲတွင် ပိတ်မိနေခြင်း၊ အရှေ့ဘက် တော်ဝင်နယ်မြေတွင် မရှိခြင်း သို့မဟုတ် သေဆုံးသွားပြီဖြစ်ခြင်းတို့ ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ စုလောရွှယ်၏ သတင်းအစအနကို မရရှိသေးချေ။
သို့သော် ကျီထင်ယွီနှင့်ပတ်သတ်သော သတင်းကိုတော့ ရခဲ့၏။ လက်ရှိတွင် သူမက မြောက်ဘက်ဧကရာဇ်မြို့တွင် ရှိနေပေသည်။ သူမသည် ပင်မသိုင်းခန်းမရှိ အပြစ်သားခန်းမတွင် တာဝန်ထမ်းဆောင်နေ၏။ သူမက ဝူနီနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေသည်ဟူသော ကောလာဟလများလည်း ရှိနေသည်။ ထိုအချက်အလက်များမှလွဲ၍ အခြားအချက်အလက်များကို မသိရပေ။
“ကျီထင်ယွီ၊ ဝူနီ၊ အပြစ်သားခန်းမ”
ကျန်းရီ၏ မျက်နှာထားက တင်းမာသွားပြီး မျက်လုံးများ အရောင်လက်သွားသည်။ သူသည် နတ်ရွာလားတောင်ထွတ်မှကိစ္စ၏ ကြိုးကိုင်သူမှာ ကျီထင်ယွီ၊ ဝူနီနှင့် ဝူမျိုးနွယ် ဖြစ်ရမည်ဟု သံသယရှိခဲ့၏။
ကောင်းကင်ကြယ်တာရာနယ်မြေတွင် ကျန်းရီသည် ကျီထင်ယွီ၏ ကောက်ကျစ်မှုကို တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ ထိုမိန်းမက မိစ္ဆာတစ်ကောင်ကဲ့သို့ ဉာဏ်နီဉာဏ်နက်များပြီး အကောက်ကြံတတ်ပေသည်။ ကောင်းကင်ကြယ်တာရာနယ်မြေတွင် သူသည် ကျီထင်ယွီ၏ အကောက်ကြံမှုကြောင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့၏။ ထို့ပြင် မည်သူက သူ့ကို အကောက်ကြံခဲ့ကြောင်းကိုပင် သူ မသိခဲ့ချေ။ ကိစ္စများ ပြီးသွားပြီးနောက်မှ သဲလွန်စများကို ဂရုတစိုက်သုံးသပ်ကာ တရားခံကို ခန့်မှန်းခဲ့ရခြင်းဖြစ်သည်။
ကျီထင်ယွီသည် ကျန်းရီ၏အကြောင်းနှင့် ချမ်ဝမ်ကွမ်း၏ နည်းလမ်းများကိုကို ကောင်းစွာနားလည်၏။ သူမက အမှောင်ထဲမှနေ၍ ကြိုးကိုင်နေခြင်းဖြစ်ရာ ရလဒ်များက ပိုကောင်းပေလိမ့်မည်။ သို့သော် ယင်းတို့က ကျန်းရီ၏ ခန့်မှန်းချက်သာ ဖြစ်ပြီး မည်သည့်သက်သေမှ မရှိပေ။ သူ အရိပ်ဧကရာဇ်အား ထိုကိစ္စကို စုံစမ်းခိုင်းလိုက်လျှင်လည်း အကျိုးမရှိနိုင်လောက်ပေ။ ကျီထင်ယွီက မြောက်ဘက်ဧကရာဇ်မြို့တွင် ရှိနေသည် မဟုတ်ပါလား။ သာမန်သူလျှိုများသည် ပင်မသိုင်းပညာခန်းမကို ဖောက်ဝင်နိုင်ကြမည် မဟုတ်ချေ။ သူတို့ မြောက်ဘက်ဧကရာဇ်မြို့အတွင်း ဖောက်ဝင်နိုင်သည်ကပင် ချီးကျူးစရာကောင်းနေပြီဖြစ်သည်။
ကျန်းရီ ခေတ္တမျှတွေးတောကာ ပြောလိုက်သည်။
“ကျီထင်ယွီနဲ့ စုလောရွှယ်တို့အကြောင်းကို ရနိုင်သမျှ ဆက်စုံစမ်းပေးဖို့ ခေါင်းဆောင်ကို ပြောလိုက်ပါ။ တကယ်လို့ သတင်းရရင် ကျွန်တော့်ဆီ ချက်ချင်း အကြောင်းကြားပေးပါ”
“ဟုတ်ကဲ့ပါ အရှင်”
အသက်လတ်ပိုင်း သိုင်းသမားက လက်ဆုပ်၍ အမိန့်နာခံလိုက်၏။ ကျန်းရီသည် ထိုလူ၏ အကြောင်းကို မမေးလိုက်သလို သူ့ခေါင်းဆောင်က မည်သည်ဖြစ်သနည်းဟုလည်း မမေးလိုက်ပေ။ ထိုလူကလည်း သူ့အကြောင်းကို မသိလောက်ဟု ကျန်းရီ ယူဆပေသည်။ အရိပ်ဧကရာဇ်သည် သတင်းစုံစမ်းသည့်အပိုင်းတွင် မိစ္ဆာမျိုးနွယ်၏ အတော်ဆုံးသူဖြစ်၍ ထိုကဲ့သို့ အမှားလေးမျိုးကို မည်သည့်အခါတွင်မှ လုပ်လိမ့်မည် မဟုတ်ချေ။
ကျန်းရီ တွေးတောကာ ထပ်မေးလိုက်၏။
“တကယ်လို့ ကျွန်တော် လူလိုတယ်ဆိုရင် လူဘယ်နှစ်ယောက်လောက် ရနိုင်မလဲ။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကရော ဘယ်လောက်ရှိလဲ။ ကျွန်တော် ကောင်းကင်ကျောက်တုံး လိုတယ်ဆိုရင်ရော ခင်ဗျား ကျွန်တော့်ကို ဘယ်လောက်ပေးနိုင်မလဲ”
“ဒါက...”
အသက်လတ်ပိုင်း သိုင်းသမားက တုံ့ဆိုင်းဆိုင်းဖြင့် ပြန်ပြောလိုက်သည်။
“အဲ့အကြောင်းကိုတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော့်ရဲ့ ခေါင်းဆောင်ဆီကို တင်ပြဖို့ လိုပါတယ်”
“အဲ့ဒါဆိုလည်း မြန်မြန် သွားတင်ပြလိုက်ပါ။ ပြီးရင် ကျွန်တော့်ကို ပြန်လာပြောပါ”
ကျန်းရီ လက်ဝှေ့ယမ်းလိုက်၏။ အသက်လတ်ပိုင်း သိုင်းသမားသည် တည်းခိုခန်းမှ တိတ်တဆိတ်ထွက်သွားပြီး လူအုပ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ကျန်းရီသည် အခန်းထဲတွင် ခေတ္တ ထိုင်နေလိုက်၏။ မကြာခင်မှာပင် စုန့်ကျုံး ပြန်ရောက်လာလေသည်။ သူသည် ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောအကြောင်းကို သိခဲ့ပေပြီ။ ထိုသင်္ဘောက နောက်ငါးရက်ကြာလျှင် ကောင်းကင်မီးတောက်မြို့သို့ ထွက်ခွာပေလိမ့်မည်။ ဤတစ်ကြိမ်တွင် ခရီးက အတော်လေးတို၏။ ထို့ကြောင့် အားလုံးအတွက် ကောင်းကင်ကျောက်တုံး ဆယ်သန်းသာ ပေးရမည်ဖြစ်သည်။
ကျန်းရီသည် တည်းခိုခန်းတွင်သာ အေးအေးဆေးဆေး အနားယူနေလိုက်၏။ နောက်သုံးရက်ကြာပြီးနောက် အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သာ ပြန်ရောက်လာသည်။ အကယ်၍ ကျန်းရီ လူလိုအပ်လျှင် နှစ်ပတ်အတွင်း ကောင်းကင်ဒေသရှိ လူငါးသောင်းကို စုစည်းပေးနိုင်သည်ဟု ထိုလူက ပြော၏။ ထိုသူများထဲတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ပညာရှင် အယောက်တစ်ရာ ပါပေသည်။ ထို့ပြင် ထိုသူအားလုံးက လူသားမျိုးနွယ်ဖြစ်သည်။ အကယ်၍ ကျန်းရီက ကောင်းကင်ကျောက်တုံး လိုအပ်ခြင်းဖြစ်လျှင် ပို၍ပင် ရိုးရှင်းပေသည်။ သူတို့သည် ကျန်းရီအတွက် ကောင်းကင်ကျောက်တုံး သန်းထောင်ချီ ပေးနိုင်၏။ ထိုသို့ထုတ်ပေးရန် ဧကရာဇ်ကိုပင် တင်ပြစရာမလိုပေ။ ဤတစ်ခေါက်တွင် သူတို့သည် ကျန်းရီအတွက် ကောင်းကင်ကျောက်တုံး သန်းတစ်သောင်းကျော် ယူလာပေးလေသည်။
အဆုံးမဲ့ပင်လယ်နက်တွင် မကုန်မခမ်းနိုင်သော ကောင်းကင်ကျောက်တုံးများ ရှိ၏။ ထို့ကြောင့် ကျန်းရီ အားနာမနေတော့ပေ။ သူ အပြစ်ဆေးကြောဒေသသို့ သွားရခြင်းမှာ ချမ်ချမ်ကို ကူညီရန်အတွက် မီးမြွေသစ်ခွ ရှာရန် ဖြစ်သည်။ ထို့ပြင် သူနှင့်အောင်းလုကြားတွင်လည်း အတော်အတန်ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိပေသည်။ သို့ဖြစ်၍ ကောင်းကင်ကျောက်တုံးများအတွက်လောက်နှင့် သူ တွက်ချက်နေရန် မလိုပေ။ ယခုတွင် သူအလိုအပ်ဆုံးအရာမှ ကောင်းကင်ကျောက်တုံးများ ဖြစ်သည်။ ကျင့်ကြံနှုန်းအဆတစ်ထောင်မှ လွှဲ၍ ကျန်နှုန်းအားလုံးက သူ့အတွက် နှေးလွန်းပေသည်။
ကျန်းရီတို့သည် နောက်နှစ်ရက် ကြာပြီးနောက် ဆက်လက်ခရီးဆက်ကြ၏။ သူတို့သည် ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးပေါ်သို့ တက်လိုက်ကြသည်။ ဤတစ်ခေါက်တွင် ကောင်းကင်မီးတောက်မြို့သို့ရောက်ရန် အချိန်နှစ်ပတ်သာ ကြပေလိမ့်မည်။ ကျန်းရီသည် သင်္ဘောပေါ်သို့ ရောက်သည်နှင့် ကောင်းကင်ကျောက်တုံး သန်းတစ်ထောင့်ငါးရာပေးကာ လျှို့ဝှက် ကျင့်ကြံခြင်းအခန်းအတွင်းသို့ ဝင်သွားလိုက်လေသည်။
ကျန်းရီသည် ကျီထင်ယွီက ဝူနီနှင့် ရင်းနှီးသောဆက်ဆံရေး ရှိနေကြောင်း သိခဲ့ရပြီးနောက် အတော်လေး စိတ်ဖိစီးနေ၏။ သူ ကျီထင်ယွီကို သတ်လိုလျှင် ဝူနီနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဤနှစ်အနည်းငယ်အတွင်း၌ ဝူနီက အတော်လေးကောင်းစွာ စွမ်းဆောင်နိုင်နေသည်ဟူသော ကောလာဟလများလည်း ရှိနေသည်။ သို့ဖြစ်၍ ဝူနီ အပြင်ထွက်လျှင် ပညာရှင်များစွာက လိုက်ပါစောင့်ရှောက်ပေးလောက်၏။ ကျန်းရီသာ သူ၏အင်အားကို မတိုးမြှင့်နိုင်လျှင် ဝူနီနှင့် ကျီထင်ယွီကို သတ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
နှစ်ပတ်ဆိုသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ ကျန်းရီကို သင်္ဘောဝန်ထမ်းက လာနှိုးပေသည်။ ကျန်းရီသည် နိုးထလာပြီးနောက် သူ့အခန်းသို့ ပြန်သွားလိုက်သည်။ ထို့နောက် သူသည် ထန်ထိုက်ရှစ်နှင့် အခြားသူများကို ဦးဆောင်ကာ အောက်ဘက်ရှိ မြို့လေးသို့ ပျံဆင်းသွားလိုက်လေသည်။
“သမီးတို့ အိမ်ပြန်ရောက်ပြီ။ နောက်ဆုံးတော့ သမီးတို့ အိမ်ပြန်ရောက်ပြီ”
ရှောင်ယွီသည် အောက်ဘက်ရှိ ရင်းနှီးသောမြို့ကို မြင်လိုက်သောအခါ ချက်ချင်း ကျယ်လောင်စွာ အော်လိုက်၏။ ထန်ထိုက်ရှစ်၊ စုန့်ကျုံးနှင့် အစေခံမလေးနှစ်ယောက်သည်လည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ဤဘဝတွင် အိမ်ပြန်နိုင်မည့် အခွင့်အရေးရှိတော့မည် မဟုတ်ဟု တွေးခဲ့၏။ အိမ်ပြန်နိုင်၊ မပြန်နိုင်က သူတို့အတွက် အရေးမကြီးပေ။ သို့သော် သူတို့ မျိုးနွယ်သို့ ပြန်ရောက်မှသာ ကလေးနှစ်ယောက်၏ ဘဝက တည်ငြိမ်မည်ဖြစ်ပြီး တိုးတက်လာနိုင်ပေလိမ့်မည်။
“သခင်မ၊ သခင်လေးနဲ့ သခင်မလေးတို့ကို နှုတ်ခွန်းဆက်ပါတယ်”
မြို့မြောက်ဘက်ရှိ အစောင့်များက ထန်ထိုက်ရှစ်တို့ကို တွေ့သောအခါက ချက်ချင်းမှတ်မိသွားပြီး ဒူးထောက်၍ နှုတ်ဆက်လိုက်ကြသည်။ ကျန်းရီသည် ကလေးများ၏ မျက်နှာပေါ်မှ အပြုံးများကို မြင်သောအခါ သူပါ ပြုံးလိုက်၏။
အစောင့်တပ်မှူးက အစောင့်တစ်ယောက်ကို မြို့ထဲသို့ အလျင်အမြန် သွားစေလိုက်သည်ကို ကျန်းရီ တွေ့လိုက်သည်။ ထိုအစောင့်က ထန်ထိုက်မျိုးနွယ်ကို သတင်းသွားပို့ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် ကျန်းရီ ထန်ထိုက်ရှစ်ထံ လျင်မြန်စွာ အသံပို့လွှတ်လိုက်သည်။
“ကောင်းပြီ... မင်းတို့ အိမ်ပြန်ရောက်ပြီဆိုတော့ ငါ့ရဲ့တာဝန် ပြီးသွားပြီ။ ငါ မင်းတို့ထန်ထိုက်မျိုးနွယ်ဆီ မလိုက်ခဲ့တော့ဘူး... တည်းခိုခန်းတစ်ခုမှာပဲ နေမယ်။ စုန့်ကျုံးကို ငါ့အတွက် ကောင်းကင်ကံကြမ္မာသင်္ဘောလက်မှတ် ဖြတ်ပေးဖို့ ခိုင်းလိုက်ပါ။ ငါ ဗုဒ္ဓဒေသကို သွားမှာ”
“ကျွန်မက အဲ့ဒါကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ”
ထန်ထိုက်ရှစ်သည် သုတ်သီးသုတ်ပြာ မျက်နှာထား၊ အသနားခံသော မျက်ဝန်းများဖြင့် အသံပြန်ပို့လွှတ်လိုက်၏။
“အရှင်က ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တဲ့သူပါ။ ကျွန်မတို့ရဲ့ ကျေးဇူးတရားကို ပြသနိုင်ဖို့ အရှင် ကျွန်မတို့ မျိုးနွယ်မှာ ရက်နည်းနည်းလောက် လိုက်နေပေးပါ။ အရှင် မစိုးရိမ်ပါနဲ့... ကျွန်မက အရှင့်ရဲ့ အကြောင်းကို ဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ပါဘူး၊ ပြီးတော့ အရှင့်ကို မျိုးနွယ်ထဲဝင်ဖို့လည်း အတင်းဖိအားပေးမှာ မဟုတ်ပါဘူး။ အရှင် ကျွန်မရဲ့ ကိုယ်ရံတော်လို ဟန်ဆောင်ပြီး မျိုးနွယ်မှာ ရက်နည်းနည်းလောက် နေပါဦး။ ပြီးတော့ ဒီလမ်းခရီးမှာ ကုန်ကျခဲ့တဲ့ ကောင်းကင်ကျောက်တုံးတွေကိုလည်း ကျွန်မ ပြန်ပေးပါမယ်”
“မလိုပါဘူး...”
ကျန်းရီက လက်ဝှေ့ယမ်းကာ အသံပြန်ပို့လွှတ်လိုက်သည်။
“အဲ့ကောင်းကင်ကျောက်တုံးပမာဏလောက်က ငါ့အတွက် မပြောပလောက်ပါဘူး။ ငါ သွားတော့မယ်။ မြို့ထဲက အကြီးဆုံးတည်းခိုခန်းမှာ ငါ့ကိုလာရှာဖို့ စုန့်ကျုံးကို ပြောလိုက်ပါ။
ကျန်းရီသည် အသံပို့လွှတ်ပြီးနောက် ရှောင်ယွီနှင့် ရှောင်ထျန်းတို့၏ ခေါင်းကို ပွတ်သပ်ကာ နူးညံ့စွာ ပြောလိုက်၏။
“ရှောင်ယွီ၊ ရှောင်ထျန်း... အမေ့ရဲ့ စကားကို နားထောင်ရမယ်နော်။ ဦးဦးက လုပ်စရာရှိသေးလို့ နောက်အချိန်ရမှပဲ လာလည်တော့မယ်”
ရှောင်ယွီက ချီတုံချတုံဖြင့် ပြောလိုက်သည်။
“ဦးဦးက ဘယ်သွားမလို့လဲ။ ဘိုးဘိုးကို ဦးဦးအတွက် အကောင်းဆုံး သကြားလုံးတွေ ဝယ်ပေးခိုင်းမယ်လို့ ရှောင်ယွီ ပြောထားတယ်လေ။ ရှောင်ယွီတို့အိမ်ကို လိုက်ခဲ့ပါနော်...”
“ဟားဟား...”
ကျန်းရီက ရှောင်ယွီ၏ နှာခေါင်းလေးကို ချစ်စနိုးဖြင့် ညှစ်ကာ မည်သို့မှ ပြန်မပြောတော့ဘဲ မြို့တွင်းသို့ ဝင်သွားလိုက်လေသည်။ အစောင့်များသည် ကျန်းရီက ထန်ထိုက်ရှစ်တို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း တွေ့သဖြင့် သူ့ထံမှ မြို့ဝင်ကြေး မကောက်ဝံ့တော့ပေ။
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်။ ကျွန်မဘဝတစ်လျှောက်လုံး အရှင့်ရဲ့ ကြင်နာမှုကို အမှတ်ရနေမှာပါ”
ထန်ထိုက်ရှစ်က ကျန်းရီထံ ထပ်မံ အသံပို့လွှတ်လိုက်၏။ သူမ၏အသံထဲတွင် ခံစားချက်များနှင့် ပြည့်နှက်နေပေသည်။ သူမသည် ရှောင်ယွီနှင့် ရှောင်ထျန်းတို့ကို ကျန်းရီ၏နောက်ကျောပြင်ကို ဦးညွှတ်စေလိုက်၏။ ကျန်းရီကတော့ တစ်ကြိမ်ပင် လှည့်မကြည့်ခဲ့ချေ။ သူသည် ခေတ္တမျှသာ ခြေလှမ်းရပ်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ဆက်လျှောက်သွားလိုက်လေသည်။
ကျန်းရီတွင် လုပ်စရာကိစ္စများစွာ ရှိသေးပေသည်။ အကယ်၍ သူသာ ထန်ထိုက်ရှစ်နှင့်အတူ ထန်ထိုက်မျိုးနွယ်သို့ လိုက်သွားလျှင် မလိုလားအပ်သော ပြဿနာများ သေချာပေါက် ဖြစ်လာနိုင်လေသည်။ သူသည် ရှောင်ယွီအား ပေးထားသော ကတိကို ပြီးမြောက်အောင် လုပ်ပေးပြီးပြီဖြစ်၍ နောက်ပိုင်းကိစ္စများကို အရေးစိုက်တော့မည် မဟုတ်ပေ။
“အရှင်ရွှယ်က တကယ့်ကို ထူးခြားတဲ့လူတစ်ယောက်ပဲ”
စုန့်ကျုံးသည် ကျန်းရီ၏ နောက်ကျောပြင်ကိုကြည့်၍ အတန်ငယ် သက်ပြင်းချလိုက်သည်။ သူသည် ကျန်းရီနှင့် လအနည်းငယ် အတူနေခဲ့ရသဖြင့် တစ်ခါတစ်ရံတွင် နှလုံးသားကင်းမဲ့ကာ၊ တစ်ခါတစ်ရံတွင် ကြင်နာတတ်သော ထိုဖြောင့်မတ်သည့်သူကို အမှန်ပင် လေစားနေပေသည်။
“ခယ်မလေး... နောက်ဆုံးတော့ ပြန်လာပြီပေါ့”
ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားသော ကောက်ကျစ်သောမျက်နှာထားရှိသည့် လူငယ်က ထန်ထိုက်ရှစ်၏ ကိုယ်လုံးကို တဏှာမျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။ သူ၏မျက်လုံးများက တဏှာခိုးများ တောက်လောင်နေလေသည်။ သူက ခြိမ်းခြောက်သောလေသံမျိုးဖြင့် အေးစက်စက်ဆက်ပြောလိုက်သည်။
“ညီလေးက အဆုံးသတ်မလှခဲ့ဘူးထင်တယ်။ ခယ်မလေးအတွက် ငါ စိတ်မကောင်းပါဘူး။ မျိုးနွယ်က ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စစ်ဆေးမှာပါ။ ဒါပေမဲ့ အစ်ကိုကြီးရှိနေသ၍ ခယ်မလေး စိတ်အေးအေးနဲ့ နေနိုင်ပါတယ်။ ကောင်းကင်မီးတောက်မြို့တစ်မြို့လုံးက ဘယ်သူမှ ခယ်မလေးကို အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး”
ထန်ထိုက်ရှစ်သည် ထိုလူငယ်၏ မျက်ဝန်းများထဲတွင် မကောင်းသောအရိပ်အယောင်တစ်ခုကို မြင်လိုက်ရလေသည်။ ထို့ကြောင့် သူမ၏ သေးသွယ်သောခန္ဓာကိုယ်လေး တုန်ယင်သွား၏။ သူမသည် သူမ ကောင်းကင်မီးတောက်မြို့သို့ ပြန်မလာခဲ့သင့်ဟု ခံစားလိုက်ရလေသည်။
***