ပြဿနာ ရောက်လာပြီ
Vol. 64 Ch. 888
ကျန်းရီသည် မြို့ထဲရှိ အကောင်းဆုံးတည်ခိုခန်းဖြစ်သော အင်မော်တယ်တည်းခိုခန်းတွင် တည်းလိုက်၏။ စုန့်ကျုံး၏ အရည်အချင်းနှင့်ဆိုလျှင် သူ့ကို အလွယ်တကူ ရှာနိုင်လိမ့်မည်ဟု ကျန်းရီ ယုံကြည်ပေသည်။ ကျန်းရီသည် တည်းခိုခန်းတွင် ကျင့်ကြံနေလိုက်ပြီး အပြင်မှ ကိစ္စများကို လျစ်လျူရှုထားလိုက်သည်။
နေ့တစ်ဝက် ကြာပြီးနောက် မျှော်လင့်ထားသလိုပင် စုန့်ကျုံးရောက်ရှိလာခဲ့သည်။ သူသည် စကားများစွာ မပြောဘဲ ကောင်းကင်ကျောက်တုံး သန်းရာကျော်၊ စားကောင်းသောက်ဖွယ်များနှင့် ဒေသထွက် အထူးပစ္စည်းများကိုသာ ယူဆောင်လာခဲ့၏။ ထို့ပြင် သူသည် ကျန်းရီအတွက် ဗုဒ္ဓဒေသသို့သွားမည့် ကောင်းကင်ကံကြမ္မာသင်္ဘောလက်မှတ်ကို ဖြတ်လာပေးခဲ့၏။ ထိုအတွက် ကောင်းကင်ကျောက်တုံးများကိုလည်း ပေးခဲ့ပြီးဖြစ်သည်။ သို့သော် သင်္ဘောထွက်ခွာရန် အချိန်အတော်လေးလိုပေသေးသည်။ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောနောက်တစ်စီးသည် နောက်(၁၈)ရက်နေမှ ကောင်းကင်မီးတောက်မြို့ကို ထပ်ဖြတ်မည်ဖြစ်သည်။
ကျန်းရီသည် အခြားကုန်သည်အဖွဲ့အစည်းများ၏ ကောင်းကင်ကံကြမ္မာသင်္ဘောများကို မစီးလို၍ စောင့်နေရန်သာ ဆုံးဖြတ်လိုက်၏။ ကျင့်ကြံနှုန်းကို အဆတစ်ရာ တိုးမြှင့်ပေးနိုင်သော လျှို့ဝှက် ကျင့်ကြံခြင်းအခန်းများ မရှိလျှင် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်၌ လအနည်းငယ် ကုန်ဆုံးရခြင်းက အလွန်ပျင်းစရာကောင်းမည်ဖြစ်သလို အချိန်ဖြုန်းခြင်းလည်း ဖြစ်ပေသည်။
ထန်ထိုက်ရှစ်က စီစဉ်ညွှန်ကြားခဲ့ခြင်းလော၊ စုန့်ကျုံးကိုယ်တိုင် အကင်းပါးစွာ လုပ်ဆောင်ခဲ့ခြင်းလောကိုတော့ မသိရပေ။ စုန့်ကျုံးသည် ထန်ထိုက်မျိုးနွယ်အကြောင်းကို မပြောသလို ထန်ထိုက်ရှစ်၏ အခြေအနေအကြောင်းကိုလည်း မပြောပေ။ သူသည် တည်းခိုခန်းအပြင်ဘက်တွင် ကောင်းကင်ဧကရာဇ်အစောင့် နှစ်ယောက်ကို စောင့်ကြပ်ရန်ပို့ပေးထားပြီး ကျန်းရီ လိုအပ်သည်များရှိလျှင် ထိုနှစ်ယောက်ကို ပြောရန် မှာခဲ့လေသည်။
ကျန်းရီသည် မည်သည့်အရာမှ မလိုအပ်သဖြင့် သူ့ကိုမနှောင့်ယှက်သာ ပြောလိုက်သည်။ သူသည် အင်မော်တယ်တည်းခိုခန်းမှနေ၍ အပြင်သို့ မထွက်ဘဲ တည်းခိုခန်း၏ အနောက်ဘက်ခြံဝန်းထဲတွင်သာ တိတ်တဆိတ် ကျင့်ကြံနေလိုက်၏။ ဆယ်ရက်ကြာပြီးနောက် သူ၏ ပုလဲက ထပ်မံလင်းလက်လာ၏။ ထိုအခါမှ သူ တည်းခိုခန်းအပြင်သို့ ထွက်သွားလိုက်သည်။
ဤတစ်ခေါက်တွင် လူသစ်တစ်ယောက် ရောက်ရှိလာ၏။ ထိုသူက အဘိုးအိုတစ်ယောက်ပင်။ သူသည် တည်းခိုခန်းအတွင်းသို့ ဝင်ပြီးနောက် ကျန်းရီကို သတင်းများ ပေးလိုက်၏။ သတင်းများကို ကြည့်ရှုပြီးနောက် ကျန်းရီ၏ကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါများ ထွက်လာလေသည်။
ဤတစ်ကြိမ်တွင် သတင်းထဲ၌ နောက်ရှစ်လအကြာ၌ အပြစ်ဆေးကြောဒေသကို ဖွင့်မည့်အကြောင်း ပါလာ၏။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးများ၊ သခင်မလေးများသည် ထိုပွဲတွင် ပါဝင်ကြမည်ဖြစ်သည်။ ဗုဒ္ဓဧကရာဇ်က ကိုယ်တိုင် အမိန့်ပေးခဲ့ခြင်းဖြစ်၍ အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးမှ လူငယ်များ၊ သခင်လေးများနှင့် သခင်မလေးများကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ ဝူနီသည် လွန်ခဲ့သော ဆယ်ရက်ကတည်းက မြောက်ဘက်ဧကရာဇ်မြို့မှနေ၍ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ သူစီးသော ကောင်းကင်ကံကြမ္မာသင်္ဘောက နောက်ခြောက်လလောက်အကြာတွင် ဗုဒ္ဓဧကရာဇ်မြို့သို့ ရောက်ရှိပေလိမ့်မည်။ အရိပ်ဧကရာဇ်၏ ထောက်လှမ်းရေးများ ရရှိထားသော သတင်းအချက်အလက်များအရ ကျီထင်ယွီကလည်း သူနှင့်အတူ လိုက်ပါသွားလောက်ကြောင်း သိရ၏။
ကျန်းရီသည် ဝူနီက အပြစ်ဆေးကြောဒေသတွင် ရတနာများ ရှာရန်သွားခြင်းလော သို့မဟုတ် ဗုဒ္ဓဧရာဇ်မြို့မှ မိန်းမပျိုများနှင့် ပျော်ပါးရန်သွားခြင်းလောကို အရေးမစိုက်ပေ။ သို့သော် ဝူနီနှင့်အတူ ကျီထင်ယွီပါ ပါသွားသဖြင့် သူ ထိုကိစ္စကို ပို၍အရေးထားရပေလိမ့်မည်။
ကျီထင်ယွီက စုလောရွှယ်ကို တည်နေရာပြောင်းရွှေ့အစီအရင်အတွင်း ခေါ်သွားခဲ့ပြီး ပင်မသိုင်းခန်းမသို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့သွားခြင်းပင်။ သို့ဖြစ်၍ စုလောရွှယ်သည် ကျီထင်ယွီ၏လက်ထဲတွင် ရှိနေနိုင်၏။ အကယ်၍ သူသာ ကျီထင်ယွီကို ဖမ်းနိုင်ခဲ့လျှင် စုလောရွှယ်ကို ကယ်နိုင်လောက်ပေသည်။
“ဆက်ပြီး စုံစမ်းပါ”
ကျန်းရီသည် အေးစက်စက်မျက်ဝန်းများဖြင့် ပြောလိုက်၏။
“ဒီသတင်းက မှန်၊မမှန်ဆိုတာ အရေးကြီးတယ်။ ကျီထင်ယွီက တကယ်ပဲ ဗုဒ္ဓဧကရာဇ်မြို့ကို လိုက်သွားတယ်ဆိုတာ သေချာရင် ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားပါ။ ပြီးတော့ ကျွန်တော့်ကို ဗုဒ္ဓဧကရာဇ်မြို့တော်နဲ့ အပြစ်ဆေးကြောဒေသအကြောင်း သတင်းအချက်အလက်တွေကို ပေးထားပါဦး”
စုလောရွှယ်က ကျန်းရီ အချစ်ရဆုံး အမျိုးသမီးဖြစ်၏။ သူသည် စုလောရွှယ်အတွက် အရာအားလုံးကို စတေးနိုင်ပေသည်။ ကျီထင်ယွီသာ ဗုဒ္ဓဧကရာဇ်မြို့တွင် ပေါ်လာလျှင် သူသည် ကျီထင်ယွီနှင့် ဝူနီတို့ကို မည်သည့်နည်းဖြင့်မဆို ရအောင်ဖမ်း၍ သူတို့ကို ဓားစာခံအဖြစ် အသုံးချကာ စုလောရွှယ်ကို လွှတ်ပေးရန် ဝူမျိုးနွယ်အား ခြိမ်းခြောက်မည်ဖြစ်သည်။ စုလောရွှယ်ကို ရပြီးနောက်တွင် မျိုးနွယ်ကြီးများက သူ့ကို လိုက်လံသတ်ဖြတ်လျှင်လည်း သူ အရေးစိုက်တော့မည် မဟုတ်ပေ။
“အရှင်... ကျွန်တော့်ရဲ့ ခေါင်းဆောင်က အရှင့်အတွက် ကောင်းကင်ကျောက်တုံး သန်းတစ်သောင်း ပေးလိုက်ပါတယ်”
အဘိုးအိုသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ကွင်းကို ထုတ်၍ ကျန်းရီကို ပေးလိုက်၏။
“တကယ်လို့ အရှင် တစ်ခုခု လိုအပ်တယ်ဆိုရင် အချိန်မရွေး ကျွန်တော်တို့ကို ရှာပြီး ပြောဖို့ ခေါင်းဆောင်က မှာလိုက်ပါတယ်။ ကောင်းကင်ကျောက်တုံးတွေက ပြဿနာမဟုတ်ပါဘူး။ ကောင်းကင်ကျောက်တုံး သန်းသောင်းနဲ့ချီပြီး လိုအပ်ရင်လည်း အဆင်ပြေပါတယ်”
“အရိပ်ဧကရာဇ်က တကယ်ကို ပွင့်လင်းတာပဲ”
ကျန်းရီသည် လက်စွပ်ကို လက်ခံယူလိုက်ပြီး ခေါင်းညိတ်ကာ လက်စွပ်အတွင်းသို့ တစ်ချက်ကြည့်လိုက်သည်။ ဤကောင်းကင်ကျောက်တုံး သန်းတစ်သောင်းအတွက် အရိပ်ဧကရာဇ်ကိုယ်တိုင် အမိန့်ပေးခဲ့ခြင်းဖြစ်မည်။ ဤမျှများသော ပမာဏအတွက် အရှေ့ဘက် တော်ဝင်နယ်မြေမှ ထောက်လှမ်းရေးခေါင်းဆောင်က တာဝန်မခံနိုင်လောက်ပေ။
အဘိုးအိုက ခေတ္တမျှ နှုတ်ဆိတ်နေပြီးနောက် ထပ်ပြောလိုက်သည်။
“အရှင်... အရှင် ကောင်းကင်ဒေသမှာ လုပ်စရာကိစ္စတွေ ရှိပါသလား။ ကျွန်တော်တို့က ကောင်းကင်ဒေသက မြို့ကြီးတစ်မြို့ကို ထိန်းချုပ်ထားနိုင်ပါတယ်... တကယ်လို့ အရှင်သာ လိုအပ်တယ်ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ် လူတွေ စုစည်းပေးဖို့ ကျွန်တော်တို့ခေါင်းဆောင်က မှာထားပါတယ်”
“အခုလောလောဆယ်တော့ မလိုသေးပါဘူး”
ကျန်းရီက လက်ခါပြလိုက်သည်။ ဗုဒ္ဓဧကရာဇ်မြို့တွင် ဝူနီနှင့် ကျီထင်ယွီကို ဖမ်းရန်အတွက်သာ သူ လူများလိုအပ်ပေလိမ့်မည်။ အဘိုးအိုက ခေါင်းညိတ်ကာ ထွက်သွားလေသည်။ ကျန်းရီသည် ရရှိလိုက်သော သတင်းများကြောင့် စိတ်လှုပ်ရှားကာ မကျင့်ကြံနိုင်ဖြစ်နေ၏။
ကျန်းရီသည် အနောက်ခြံဝန်းအတွင်း အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီးနောက် စားပွဲကို ရိုက်ကာ ပြောလိုက်သည်။
“ကျီထင်ယွီ... မင်း ဒီတစ်ခေါက် ဗုဒ္ဓဧကရာဇ်မြို့ကို မသွားတာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ငါ ဘာနည်းပဲသုံးရသုံးရ မင်းကို ရအောင်ဖမ်းမှာ”
ဝုန်း...
ကျန်းရီက အလွန်ပြင်းထန်စွာ ရိုက်လိုက်ခြင်းဖြစ်၍ သစ်သားစားပွဲသည် အမှုန့်ဖြစ်သွားပြီး သစ်သားမှုန့်တစ်ပုံသာ ကျန်ခဲ့လေသည်။
ရွှီး...
ကျန်းရီ ပင်မအခန်းသို့ ပြန်ရောက်ချိန်တွင် အခန်း၏ အကာအရံက ရုတ်တရက် လင်းလက်လာ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်ကာ အာရုံခံလိုက်၏။ သူ၏မျက်နှာက ချက်ချင်း အေးစက်သွားသည်။ သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒီမိန်းမက ဒီကို ဘာလာလုပ်တာလဲ”
ရောက်ရှိလာသူများမှာ ထန်ထိုက်ရှစ်နှင့် စုန့်ကျုံးတို့ပင်။ ကျန်းရီသည် ခေတ္တမျှ တွေးတောနေပြီးမှ အတွင်းအားထုတ်၍ အကာအရံကို ဖွင့်ပေးလိုက်လေသည်။ အခန်းတံခါး ပွင့်သွားပြီး ထန်ထိုက်ရှစ်နှင့် စုန့်ကျုံးတို့ လျှောက်ဝင်လာကြ၏။
“အရှင့်ကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်မ အရိုအသေပေးဖို့ ရောက်လာတာပါ”
ထန်ထိုက်ရှစ်သည် ယနေ့တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ မိန်းမများသည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ခဲ၏။ ခန္ဓာကိုယ်မလှသောမိန်းမများ၊ အသားအရည် မဝင်းပသောမိန်းမများသည် မည်သည့်အခါတွင်မှ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်မည် မဟုတ်ပေ။ သို့သော် ထန်ထိုက်ရှစ်ကတော့ ခြွင်းချက်ပင်။ သူမ ဝတ်ဆင်ထားသော အနက်ရောင်ဝတ်စုံက သူမ၏ အသားအရေကို ပို၍ပင် ဝင်းပနေစေ၏။ ထို့ပြင် သူမ၏ သေးသွယ်သောခါးလေးတွင် အနက်ရောင် ဖဲခါးပတ်တစ်ခု ပတ်ထားရာ ခန္ဓာကိုယ်ကောက်ကြောင်းကို ပို၍ပင် ပေါ်လွင်စေနေလေသည်။
စုန့်ကျုံးက နှုတ်ဆက်စကား ဆိုပြီးနောက် အခန်းအပြင်သို့ ပြန်ထွက်သွား၏။ ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ထိုင်ပါဦး... အိမ်ပြန်ရောက်ပြီဆိုတော့ အကုန်အဆင်ပြေသွားပြီလား”
ထန်ထိုက်ရှစ်သည် ဘေးရှိ ကုလားထိုင်တစ်လုံးဆီသို့ လျှောက်သွားကာ ထိုင်လိုက်ပြီး ကျန်းရီ၏ မေးခွန်းကို ကြားသောအခါ မျက်နှာထား မည်းမှောင်သွားလေသည်။ သူမ၏ ကွေးညွတ်နေသော မျက်ခုံးများက သူမတွင် စိုးရိမ်စရာကိစ္စအချို့ ရှိနေကြောင်း ဖော်ပြနေ၏။ သို့သော် သူမသည် အားတင်း၍ပြုံးကာ ပြန်ပြောလိုက်၏။
“အကုန်အဆင်ပြေပါတယ်။ အရှင် အခုလို မေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကျန်းရီသည် ထန်ထိုက်ရှစ်တစ်ယောက် မျိုးနွယ်ထဲတွင် အခက်ကြုံနေကြောင်း မြင်နိုင်၏။ သို့သော် သူသည် ထိုကိစ္စများကို အာရုံမစိုက်လို၍ ထပ်မပေးလိုက်တော့ပေ။
ထန်ထိုက်ရှစ်ကလည်း ဉာဏ်ကောင်းသူဖြစ်၍ ထိုကိစ္စကို ထပ်မပြောတော့ချေ။ သူမသည် သူမ၏လက်စွပ်အတွင်းမှနေ၍ ကျောက်စိမ်းဘူးတစ်ဘူးကို ထုတ်လိုက်ပြီး ပြောလိုက်၏။
“အရှင်... ကျွန်မက မျိုးနွယ်ထဲမှ သိပ်အဆင့်အတန်းမမြင့်တော့ တန်ဖိုးကြီး ရတနာတွေ မရှိပါဘူး။ ဒါက ခုနစ်စင်ကြယ်မြက်ပင်ပါ... အဲ့မြက်ပင်က စိတ်ဝိညာဉ်ကို အားဖြည့်တင်းပေးနိုင်ပါတယ်။ ဒီခုနစ်စင်ကြယ်မြက်ပင်က အတော်လေး ကျော်ကြားတယ်ဆိုတာကို အရှင် လိုက်မေးကြည့်နိုင်ပါတယ်။ ပြီးတော့... အရှင်က နောက်ရက်အနည်းငယ်နေရင် ထွက်သွားတော့မှာ ဆိုပေမယ့် ကျွန်မက မုဆိုးမတစ်ယောက်ဖြစ်နေလို့ လိုက်မပို့ပေးနိုင်တာကို ခွင့်လွှတ်ပေးစေချင်ပါတယ်။ ကျွန်မ ဒီမှာပဲ အရှင့်ကို နှုတ်ဆက်လိုက်ပါတယ်”
ထန်ထိုက်ရှစ်သည် ကျန်းရီကို အကူအညီမတောင်းသလို သူမ၏မျိုးနွယ်အကြောင်းကိုလည်း မပြောခဲ့ပေ။ ထို့ပြင် ကျန်းရီကို သူမ၏မျိုးနွယ်ထဲ ဝင်ဖို့လည်း မတိုက်တွန်းခဲ့ချေ။ ထန်ထိုက်မျိုးနွယ်မှ မျိုးနွယ်ဝင်များကလည်း ကျန်းရီကို လာမနှောင့်ယှက်ခဲ့ပေ။ ထို့ကြောင့် ထန်ထိုက်ရှစ်က သူ့အကြောင်းကို လျှို့ဝှက်ထားကြောင်း ထင်ရှားပေသည်။ သူမ ဤသို့ ရောက်လာခြင်းမှာ နှုတ်ဆက်ရန်သာ ဖြစ်ပုံပေါ်၏။ ထို့ကြောင့် ကျန်းရီ၏ သူမအပေါ်အမြင်က ပိုကောင်းလာလေသည်။
ကျန်းရီသည် ငြင်းရန် မကြိုးစားနေတော့ဘဲ ကျောက်စိမ်းဘူးကို လက်ခံကာ ပြောလိုက်၏။
“ငါ့မှာ တကယ်ပဲ လုပ်စရာတွေများတယ်။ မင်း ကံကောင်းပါစေလို့ ငါ ဆုတောင်းပါတယ်။ ငါက ရှောင်ယွီကို အချိန်ရရင် လာတွေ့မယ်လို့ ကတိပေးထားပြီးပြီဆိုတော့ သေချာပေါက် ကတိတည်မှာပါ။ ကောင်းပြီ... မင်း ပြန်နိုင်ပြီ”
“ဂရုစိုက်ပါ အရှင်... ကျွန်မကတော့ ဘဝတစ်လျှောက်လုံး အရှင့်ကို မေ့နိုင်တော့မှာ မဟုတ်ပါဘူး”
ထန်ထိုက်ရှစ်သည် ထရပ်ကာ ဦးညွှတ်လိုက်ပြီး ကျန်းရီကို နှစ်နှစ်ကာကာ စိုက်ကြည့်လိုက်၏။ သူမသည် ကျန်းရီကို နက်ရှိုင်းသော စိတ်နှလုံးထဲမှနေ၍ အမှတ်ရနေစေလိုပုံပင်။ ထို့နောက် သူမသည် နောက်လှည့်ကာ အခန်းအပြင်သို့ လျှောက်သွားလိုက်၏။ ကျန်းရီသည် သူမကို အပြင်သို့ လိုက်မပို့ပေးဘဲ အခန်းထဲတွင်သာ ရပ်၍ ကျန်ခဲ့လေသည်။
ချပ်...
စုန့်ကျုံးက အခန်းတံခါးကို ပိတ်လိုက်သည်။ ကျန်းရီ၏ မြင်ကွင်းထဲမှနေ၍ ထန်ထိုက်ရှစ်၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေး ပျောက်ကွယ်သွားပေပြီ။ ကျန်းရီသည် နားထင်ကို ပွတ်လိုက်ပြီး အကာအရံကို ပြန်နှိုးကာ ဆက်ကျင့်ကြံရန် ဟန်ပြင်လိုက်၏။
“ဟွန်း...”
ထိုအခိုက်တွင် အပြင်ဘက်မှနေ၍ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာလေသည်။ ထို့နောက်ချက်ချင်းပင် မနှစ်မြို့ဖွယ်ကောင်းသော ယောက်ျားတစ်ယောက်၏အသံက ပဲ့တင်ထပ်လာ၏။
“ခယ်မလေး... ငါ့ညီလေးရဲ့ အလောင်းတောင် မအေးသေးဘူး မင်းက နောက်ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေပြီပေါ့လေ။ မင်း မလွန်လွန်းဘူးလား။ မင်းက မရှက်ရင်တောင် ငါတို့ ထန်ထိုက်မျိုးနွယ်က ရှက်တယ်ကွ။ တပ်သားတွေ... ဒီမိန်းမပျက်နဲ့ ကြာခိုတဲ့ကောင်ကို ဖမ်းလိုက်။ သူတို့ကို မျိုးနွယ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမမှာ စစ်ဆေးပြီး အပြစ်ပေးမယ်”
“ရပ်လိုက်...”
စုန့်ကျုံး၏ ဒေါသသံ ထွက်ပေါ်လာသည်။ သို့သော် စွမ်းအားကြီးအရှိန်အဝါများစွာက အနောက်ဘက်ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံပြီးနေပေပြီ။ ကျန်းရီသည် စုန့်ကျုံး၏ ခပ်အုပ်အုပ် ညည်းတွားသံနှင့် ထန်ထိုက်ရှစ်၏ ဒေါသတကြီး အော်လိုက်သံကို ကြားလိုက်ရလေသည်။
“ထန်ထိုက်ယာ... ရပ်လိုက်။ ရှင် ကျွန်မရဲ့ အရှင်ကို ရိုင်းပြလို့မရဘူး။ ရှင် တောင်းဆိုတာတွေကို... ကျွန်မ လက်ခံပေးမယ်”
“မိန်းမပျက်...”
ဖြန်း...
ရှင်းလင်းပြတ်သားသော ပါးရိုက်သံတစ်သံကို ကြားလိုက်ရပြီး ယောက်ျားတစ်ယောက်၏ အမိန့်ပေးသံကို ဆက်ကြားလိုက်ရသည်။
“မင်းတို့က ဘာတွေစောင့်နေတာလဲ။ ကြာခိုတဲ့ကောင်ကို သွားဖမ်းကြလေ”
“ဟူး...”
ကျန်းရီသည် အခန်းထဲတွင် သက်ပြင်းလေးလေးတစ်ချက် ချလိုက်၏။ သူက ပြဿနာမရှာလိုသော်လည်း ပြဿနာက သူ့ကို လာရှာပေပြီ။ သူ အခန်းတံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏မျက်နှာထား အေးစက်သွားလေသည်။
အပြင်ဘက်တွင် စုန့်ကျုံးသည် တစ်စုံတစ်ယောက်၏ လက်ဝါးရိုက်ချက်ကြောင့် နံရိုးအချို့ ကျိုးနေ၏။ ထို့ပြင် သူသည် ခေါင်းကိုလည်း အရိုက်ခံထားရသဖြင့် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲနေလေသည်။ ထန်ထိုက်ရှစ်ကလည်း မြေပြင်ပေါ်တွင် ထိုင်နေ၏။ သူမ၏ မျက်နှာက အရိုက်ခံထားရသဖြင့် နီရဲနေပြီး သူမ၏မျက်ဝန်းများထဲတွင် မျက်ရည်စများနှင့် မချိတင်ကဲမှုများ ရှိနေပေသည်။
ခမ်းနားသောဝတ်စုံကို ဝတ်ဆင်ထားပြီး ယုတ်မာပုံပေါ်သော သခင်လေးတစ်ယောက်က တံခါးအရှေ့တွင် ရပ်နေသည်။ သူသည် ကောင်းကင်ဧကရာဇ် တစ်ဒါဇင်ကျော်ကို ခေါ်လာခဲ့၏။ သူတို့အားလုံး လက်နက်များ ထုတ်လိုက်ကြသည်။ ကောင်းကင်ဧကရာဇ်လေးပါးသည် ကျန်းရီထံသို့ လျင်မြန်စွာ ပြေးသွားကြ၏။ သူတို့၏ လက်နက်များက တလက်လက် လင်းလက်နေလေသည်။
***