ထွက်သွား
Vol. 64 Ch. 889
ကောင်းကင်ဧကရာဇ် ဆယ့်ခြောက်ပါး... ဆယ်ပါးမှာ အဆင့်နိမ့်ဖြစ်ပြီး ငါးပါးမှာ အလယ်အလတ်အဆင့်ဖြစ်ကာ ကျန်တစ်ပါးမှာ အဆင့်မြင့်ဖြစ်သည်။
ထန်ထိုက်မျိုးနွယ်တွင် ထိုသခင်လေး၏ အဆင့်အတန်းက မနိမ့်ကြောင်း ထင်ရှားပေသည်။ သူ ထန်ထိုက်ရှစ်ကိုပြောသည့် စကားများအရဆိုလျှင် သူက ထန်ထိုက်ရှစ်ယောက်ျား၏ အစ်ကိုဖြစ်လောက်၏။ ယင်းက သူသည် ထန်ထိုက်မျိုးနွယ်ခေါင်းဆောင်၏ သားဖြစ်ပြီး သွေးအသန့်ဆုံး တိုက်ရိုက်မျိုးဆက်ဟူသော အဓိပ္ပာယ်ပင်။ ကျန်းရီသည် ထိုသခင်လေးနှင့် ထန်ထိုက်ရှစ်တို့၏ စကားများမှနေ၍ ကိစ္စတစ်ခုကို သိခဲ့ရ၏။ ထန်ထိုက်ယာသည် ထန်ထိုက်ရှစ်၏ အလှကို သွားရည်ကျနေပုံပင်။
ကောင်းကင်ဧကရာဇ် ဆယ့်ခြောက်ပါး။ ကျန်းရီသာ သူတို့ကို သတ်လိုလျှင် ချက်ချင်း သတ်ပစ်နိုင်ပေသည်။ သူသည် နတ်ဘုရားအသံကောင်းကင်အတတ်နှင့် မိုးကြိုးအမျက်ကိုပင် သုံးရန်လိုမည် မဟုတ်ချေ။ သံနက်ဓားနှင့် သံနက်ချပ်ဝတ်တို့ကို သုံး၍သာ ထန်ထိုက်ယာကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
ကျန်းရီ မလှုပ်ရှားလိုက်။ သူသည် သူ မည်သူဖြစ်ကြောင်း ပေါ်မသွားစေလိုပေ။ သူက ထန်ထိုက်ယာကိုသတ်ပြီးလည်း ထွက်ပြေးမနေလိုချေ။ သူ ထွက်ပြေးသွားလျှင် ထန်ထိုက်ရှစ်၏ အဆုံးသတ်က ဆိုးဝါးသွားမည်ဖြစ်သည်။ အရေးအကြီးဆုံးအရာမှာ သူသာ မြို့ထဲရှိ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ၏ ဝန်းရံဖမ်းဆီးမှုကို အတင်းဖောက်ထွက်ရမည်ဆိုလျှင် အန္တရာယ်များခြင်းပင်။
ကျန်းရီသည် သူတို့ကိုခြောက်လှန့်ရန် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကိုသုံး၍လည်း နတ်ဘုရားတစ်ပိုင်းအဖြစ် ဟန်မဆောင်လိုပေ။ နတ်ဘုရားတစ်ပိုင်းများက အာရုံစိုက်ခံရမည်ဖြစ်သည်။ သူသာ မြို့ထဲတွင် နတ်ဘုရားတစ်ပိုင်းအရှိန်အဝါကို ထုတ်လိုက်ပါက သေချာပေါက် မျိုးနွယ်ပေါင်းစုံ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။ အကယ်၍ ထိုမျိုးနွယ်များက သူ့ကို ခြေရာခံစုံစမ်းလျှင် သူ ဗုဒ္ဓဒေသတွင် လှုပ်ရှားရန် အဆင်မပြေဖြစ်သွားမည်ဖြစ်သည်။
‘ငါ ဘာလုပ်သင့်လဲ’
ကျန်းရီ၏ မျက်လုံးများ လက်ခနဲဖြစ်သွား၏။ သူ လျင်မြန်စွာ တွေးတောကာ အကြံတစ်ခု ရလိုက်ပေပြီ။
“ဟွန်း...”
ကျန်းရီက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏အရှိန်အဝါကို ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ထိ မြှင့်တင်လိုက်သည်။ သူ့ထံသို့ ပြေးလာနေသော အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်လေးပါးသည် မလှုပ်ရှားဝံ့ကြတော့ပေ။ ထန်ထိုက်ယာဘေးရှိ အဆင့်မြင့် ကောင်းကင်ဧကရာဇ်ကလည်း တု်န်ယင်သွားပြီး သူ့သခင်လေးကို ကာကွယ်ရန် ချက်ချင်း အရှေ့တွင် ရပ်လိုက်သည်။
ကျန်အစောင့်များသည်လည်း မျက်နှာဖြူဖျော့သွားကြ၏။ သူတို့၏မျက်ဝန်းများထဲတွင် အကြောက်တရား ရှိနေကြသည်။ မြေပြင်တွင် မှောက်နေသော စုန့်ကျုံး၏ မျက်လုံးများက လင်းလက်သွား၏။ ထန်ထိုက်ရှစ်ကမူ မျက်နှာမော့၍ ခေါင်းခါလိုက်သည်။
“အရှင်... အဲ့လိုလုပ်လို့ မဖြစ်ဘူး”
ထန်ထိုက်ယာကလည်း မျက်နှာပျက်နေသည်။ ကျန်းရီ၏ စွမ်းအားကြီးအရှိန်အဝါက သူ့အပေါ်သို့ ကျရောက်နေသည် မဟုတ်ပါလား။ ထို့ကြောင့် သူ မရဏအရှိန်အဝါကို ခံစားမိနေလေသည်။ သူ့တွင် အရေးပေါ်အချက်ပေးမီးရှူးရှိ၏။ သို့သော် သူ မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ သူသာ မဆင်မခြင် လှုပ်ရှားလိုက်လျှင် ချက်ချင်း အသတ်ခံလိုက်ရမည်ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိပေသည်။
“မင်းတို့ ထန်ထိုက်မျိုးနွယ်က တော်တော်အတင့်ရဲနေတယ်ပေါ့လေ...ဟမ်...”
ကျန်းရီက အေးစက်စက် ပြောလိုက်သည်။
“ငါအရှင်က မတရားမှုကို မြင်လို့ မင်းတို့မျိုးနွယ်ရဲ့ သခင်မနဲ့ ကလေးနှစ်ယောက်ကို ကယ်ပေးခဲ့တာ။ မင်းတို့ထန်ထိုက်မျိုးနွယ်က ကျေးဇူးတရားကို မသိတတ်တာက ပြဿနာမရှိသေးဘူး... ဒါပေမဲ့ အခု မင်းတို့ကို ငါအရှင်ကို ဖမ်းချင်နေတယ်ပေါ့လေ။ မင်းတို့က ငါအရှင်ကို မင်းတို့မျိုးနွယ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမကို ဖမ်းခေါ်သွားခြင်နေတယ်ပေါ့လေ။ ကောင်းပြီ... လာကြ၊ မင်းတို့ ထန်ထိုက်မျိုးနွယ်က ဘယ်လောက်အစွမ်းရှိလဲဆိုတာ ကြည့်ကြသေးတာပေါ့”
အစောင့်များ၏ မျက်နှာထားက ထပ်မံ ပြောင်းလဲသွား၏။ သူတို့အားလုံး မလှုပ်ဝံ့ကြပေ။ ထန်ထိုက်ယာသည် ကျန်းရီ၏ ကြောက်မက်ဖွယ် သတ်ဖြတ်အရှိန်အဝါက သူ့အပေါ်တွင်ကျရောက်နေသဖြင့် ပို၍ပင် ကြောက်ရွံ့နေလေသည်။ သူ၏အင်အားက အဆင့်နိမ့် ကောင်းကင်ဧကရာဇ်အဆင့်တွင်သာ ဖြစ်ရာ ထိုအရှိန်အဝါကို မည်သို့တောင့်ခံနိုင်ပါမည်နည်း။ ယခုတွင် သူ ဒူးထောက်မနေဘဲ မတ်တပ်ရပ်နေနိုင်ခြင်းကိုက ချီးကျူးဖွယ်ဖြစ်နေပြီဖြစ်သည်။
“ထွက်သွား”
ကျန်းရီသည် လင်းလက်သောမျက်ဝန်းများဖြင့် အော်ပြောလိုက်၏။
“နောက်တစ်နာရီနေရင် ငါအရှင်က မင်းတို့မျိုးနွယ်ခေါင်းဆောင်ဆီကို အလည်လာခဲ့မယ်။ သူ့မျိုးနွယ်ဝင်တွေကို ဘယ်လို သင်ပေးထားတာလဲလို့ ငါ သူ့ကို မေးချင်တယ်။ မင်းတို့ လူစုဖို့ အချိန်တစ်နာရီရမယ်”
ကျန်းရီ၏စကား ဆုံးသွားသောအခါ ထန်ထိုက်ယာသည် စိတ်အေးသွားဟန် သက်ပြင်းမှုတ်ထုတ်လိုက်၏။ ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက တဖြည်းဖြည်း ပြန်ဆုတ်ခွာသွားကြောင်း သူ သတိပြုမိပေသည်။ ထို့ပြင် သူ၏လက်ဝါးများနှင့် နောက်ကျောပြင်တွင် ဇောချွေးများ ရွှဲနေကြောင်းကိုလည်း သူ သတိပြုမိလိုက်သည်။ သူ ဆက်၍မဆင်မခြင် မလုပ်ဝံ့တော့ပေ။ ထို့ကြောင့် သူ ကျန်းရီကို စိုက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်ကာ အစောင့်ဆယ့်ခြောက်ယောက်ကို အပြင်သို့ ထွက်သွားခိုင်းလိုက်သည်။ သူတို့ အနောက်ဘက်ခြံဝန်းထဲမှ ထွက်သွားပြီးနောက် သူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ထန်ထိုက်မျိုးနွယ်က အရှင် တခမ်းတနားရောက်လာမှာကို စောင့်မျှော်နေပါ့မယ်”
စုန့်ကျုံးက သူ့ရင်ဘတ်ကိုဖိ၍ နာကျင်တကြီး ထရပ်လိုက်သည်။ ထန်ထိုက်ရှစ်၏မျက်လုံးများထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေ၏။ သူမ ခေါင်းထဲတွင် ဗလာကျင်းနေပေပြီ။ သို့သော် တစ်ခဏမျှကြာပြီးနောက် သူမ ပြောလိုက်သည်။
“အရှင်... အရှင် အခုထွက်သွားတာ ကောင်းပါလိမ့်မယ်။ အရှင် ထန်ထိုက်မျိုးနွယ်နဲ့ ပဋိပက္ခဖြစ်လို့ မရပါဘူး”
ကျန်းရီက ထန်ထိုက်ရှစ်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“ဘာ... မင်းက မင်းရဲ့ယောက္ခမက ငါ့ကိုသတ်မှာကို ကြောက်နေတာလား”
“အဲ့လို မဟုတ်ပါဘူး”
ထန်ထိုက်ရှစ်က ချက်ချင်းလက်ခါ၍ ပြောလိုက်သည်။
“ထန်ထိုက်မျိုးနွယ်က လောမျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက်နဲ့ အတော်လေးဆက်ဆံရေးကောင်းပါတယ်။ တကယ်လို့ အရှင်သာ မြို့ထဲမှာ သတ်ဖြတ်လိုက်ရင် အရှင် ကောင်းကင်ဒေသကနေ ထွက်မသွားနိုင်မှာ စိုးလို့ပါ။ ကောင်းကင်မီးတောက်မြို့က ကောင်းကင်ဒေသထဲမှာပါ... အဲ့တော့ လောမျိုးနွယ်က ဘေးကနေ ရပ်ကြည့်နေမှာ မဟုတ်ပါဘူး။ လောမျိုးနွယ်မှာ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်လေးယောက် ရှိပါတယ်။ သူတို့ရဲ့ မျိုးနွယ်အကြီးအကဲက ကြယ်ခုနစ်ပွင့် ပညာရှင်တစ်ယောက်လို့လည်း ပြောကြပါတယ်...”
“ကြယ်ခုနစ်ပွင့် ပညာရှင်...”
ကျန်းရီ ခေါင်းညိတ်လိုက်၏။ ကြယ်ခုနစ်ပွင့် ပညာရှင်များက အလွန်စွမ်းအားကြီးပေသည်။ လဲ့ကူးပင် ကြယ်ခြောက်ပွင့်အဆင့်သာ ရှိသည်။ သူသည် ထိုကိစ္စကို ဆက်မဆွေးနွေးလိုတော့သဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အရင်ဆုံး အခန်းထဲသွားပြီး ဒဏ်ရာတွေ ကုသနေလိုက်ပါ။ ခဏနေရင် ငါ မင်းတို့နှစ်ယောက်ကို ထန်ထိုက်မျိုးနွယ်ကို ခေါ်သွားမယ်။ တကယ်လို့ ထန်ထိုက်မျိုးနွယ်ခေါင်းဆောင်က အကျိုးအကြောင်းမဆီလျော်ဘူးဆိုရင် မင်းတို့အားလုံး ကောင်းကင်မီးတောက်မြို့မှာ ဆက်နေစရာမလိုတော့ဘူး။ မင်းတို့အတွက် နေစရာတစ်ခု ငါ စီစဉ်ပေးမယ်”
“ဟင့်အင်း... အဲ့လို လုပ်ပေးဖို့ မလိုပါဘူး”
ထန်ထိုက်ရှစ်က ခေါင်းမာစွာ ပြောလိုက်သည်။
“အရှင် ကျွန်မတို့အတွက် လုပ်ပေးခဲ့တာတွေ အရမ်းများနေပါပြီ။ ကျွန်မ ကိုယ့်ကံကြမ္မာကိုကိုယ် လက်ခံပြီးပါပြီ... အရှင် ကျွန်မတို့အတွက် အရေးစိုက်စရာ မလိုတော့ပါဘူး။ အရှင် အခုချက်ချင်း တခြားမြို့ကိုထွက်သွားပြီး အဲ့မြို့ကနေပဲ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီး စီးလိုက်ပါ။ ကျွန်မအတွက်ကြောင့်နဲ့ အရှင့်ရဲ့ကိစ္စတွေ နှောင့်နှေးသွားရရင် ကျွန်မ အကြိမ်တစ်သောင်းသေရမယ်ဆိုရင်တောင် အပြစ်ကျေနိုင်တော့မှာ မဟုတ်ပါဘူး”
“သခင်မ...”
စုန့်ကျုံးသည် ထန်ထိုက်ရှစ်၏ ပြတ်သားသော မျက်နှာထားကို တွေ့လိုက်သောအခါ ဝမ်းနည်းသောလေသံဖြင့် ပြောလိုက်လေသည်။
“သခင်မ အလျှော့ပေးလို့မရဘူး။ ထန်ထိုက်ယာက ရက်စက်ယုတ်မာတဲ့ လူ့တိရိစ္ဆာန်ပဲ။ သူက သခင်မကို ရဖို့အတွက်နဲ့ ဓားပြတွေနဲ့ပူးပေါင်းပြီး သခင့်ကို သတ်ခဲ့တာပါ။ အခု သူက ခြေလှမ်းတိုင်းမှာ ဖိအားပေးနေပါပြီ။ တကယ်လို့ သခင်မသာ အလျှော့ပေးလိုက်ရင် သခင် သေခဲ့ရတာ အလကားဖြစ်သွားပါလိမ့်မယ်...”
“ပါးစပ်ပိတ်ထား...”
ထန်ထိုက်ရှစ်က ဒေါသဖြင့် အော်ပြောလိုက်ပြီး ကျန်းရီကို အလေးအနက် ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ထွက်သွားပါ အရှင်... ကျွန်မ အရှင့်ရဲ့ ကျေးဇူးတွေကို နောက်ဘဝကျမှ နွားတစ်ကောင်လို၊ မြင်းတစ်ကောင်လို အလုပ်လုပ်ပြီး ပြန်ဆပ်ပါမယ်”
ဤတစ်ကြိမ်တွင် ထန်ထိုက်ရှစ်၏ စကားက စိတ်ရင်းအမှန်ဖြစ်ပြီး ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း အလွန်သိသာပေသည်။ ထို့ကြောင့် ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။
“တော်လောက်ပြီ... ဆက်ပြောစရာ မလိုတော့ဘူး။ ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိတယ်။ မင်းတို့ ထန်ထိုက်မျိုးနွယ်လေးက ငါ့မျက်လုံးထဲမှာ ပမွှားလေးပဲ။ အခန်းထဲကို ဝင်ကြ”
ကျန်းရီသည် နောက်ဆုံးစကားနှစ်ခွန်းကို ခက်ထန်စွာ ပြောလိုက်သည်။ မေးခွန်းဆက်ထုတ်နေစရာ မရှိတော့ပေ။ ထို့ကြောင့် ထန်ထိုက်ရှစ်သည် အံကြိတ်ကာ စုန့်ကျုံးနှင့်အတူ အခန်းထဲသို့ ဝင်သွားလိုက်လေသည်။ တံခါးနားမှ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်နှစ်ပါးကိုမူ မည်သူမှ ဂရုမစိုက်ပေ။ သူတို့က မည်သို့ပင်ဖြစ်စေ သေမည် မဟုတ်ချေ။
ကျန်းရီသည် ခြံဝန်းထဲတွင် ရပ်၍ ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် ထောက်လှမ်းလိုက်သည်။ ထန်ထိုက်ယာက တည်းခိုခန်းပတ်ဝန်းကျင်တွင် လူအချို့ကို ပုန်းအောင်းစောင့်ခိုင်းခဲ့ကြောင်း ကျန်းရီ သိလိုက်ရ၏။ သူက ကျန်းရီထွက်ပြေးမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေမည်။ ကျန်းရီ နှာခေါင်းရှုံ့လိုက်ပြီး အစိမ်းရောင်ပုလဲလုံးကို ထုတ်ကာ ၎င်းအတွင်းသို့ အတွင်းအား ထည့်သွင်းလိုက်သည်။ ပုလဲက တောက်ပလာပြီးနောက် ကျန်းရီ ပုလဲကို ပြန်သိမ်းလိုက်၏။
“အရှင်... ဘာအမိန့်ပေးစရာ ရှိလို့ပါလဲ”
မကြာခင်မှာပင် ကျန်းရီ၏နားအတွင်းသို့ အဘိုးအိုတစ်ယောက်၏အသံ ဝင်လာ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အသံနောက်သို့ လိုက်အာရုံခံလိုက်ရာ အဘိုးအိုရှိနေသောနေရာကို တွေ့လိုက်၏။ ထိုအဘိုးအိုက မှောင်မည်းသော လမ်းကြားလေးတစ်ခုထဲတွင် ပုန်းအောင်းနေခြင်းပင်။ ကျန်းရီသည် အဘိုးအိုထဲ အသံပို့လွှတ်လိုက်၏။ အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး လမ်းကြားလေးထဲမှနေ၍ ဖျတ်ခနဲ ပျောက်သွားလေသည်။
ထို့နောက် ကျန်းရီသည် အခန်းထဲသို့ ဝင်ကာ စုန့်ကျုံးကို ကြည့်လိုက်၏။
“ပြောစမ်းပါဦး... အခြေအနေက ဘာလဲ။ ထန်ထိုက်ယာက မင်းတို့ သခင်ရဲ့ အစ်ကိုလား။ ဘာလို့ ညီအစ်ကိုအချင်းချင်း အဲ့လိုလုပ်ရတာလဲ”
ထန်ထိုက်ရှစ်သည် တစ်စုံတစ်ခု ပြောလိုနေသော်လည်း ကျန်းရီက သူမကို စိုက်ကြည့်လိုက်၍ မပြောဝံ့ဖြစ်သွားသည်။ စုန့်ကျုံးသည် အားဖြည့်ဆေးလုံးတစ်လုံးကို သောက်ထား၍ အတန်ငယ် သက်သာလာပြီဖြစ်၍ အံကြိတ်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့ မျိုးနွယ်ခေါင်းဆောင်မှာ မိန်းမတွေ အများကြီးရှိပါတယ်။ ထန်ထိုက်ယာက သူ့ရဲ့ ပထမမိန်းမ သခင်မဟွာကမွေးတဲ့ သားပါ။ ကောင်းကင်မီးတောက်မြို့မှာ ဟွာမျိုးနွယ်က ဒုတိယမျိုးနွယ်ပါ။ ကျွန်တော်တို့ရဲ့ သခင်ကတော့ ကိုယ်လုပ်တော်တစ်ယောက်က မွေးတဲ့ သားပါ...”
“အရင်တုန်းက သခင့်ရဲ့ အမေက ဆောင်ကြာမြိုင်တစ်ခုကပါ။ အဲ့ဒါကြောင့် မျိုးနွယ်ထဲမှာ သခင့်ရဲ့ အဆင့်အတန့်က နိမ့်ကျခဲ့ပါတယ်။ မျိုးနွယ်ခေါင်းဆောင်ကလည်း သူ့ကို ဘယ်တုန်းကမှ မျက်နှာသာ မပေးခဲ့ပါဘူး။ ဒါပေမဲ့ သခင်က ထူးကဲတဲ့ ပါရမီ ပါလာခဲ့ပါတယ်။ သူ မသေခင် အသက်(၂၅)နှစ်အရွယ်မှာတင် ကောင်းကင်ဧကရာဇ် အလယ်အလတ်အဆင့်ကို ရောက်နေခဲ့ပါပြီ။ သူ့ရဲ့အင်အားက တခြားသခင်လေးတွေထက် သာခဲ့ပါတယ်”
ကျန်းရီသည် ထိုမျှ နားထောင်ပြီးနောက် ဆက်နားထောင်ရန် မလိုတော့ပေ။ ထို့ကြောင့် ကျန်းရီ လက်ခါပြလိုက်ပြီး စုန့်ကျုံးကို ဆက်၍ ကုသနေရန် ပြောလိုက်လေသည်။
ထိုသို့သော အခြေအနေမျိုးက သာမန်သာဖြစ်သည်။ ကိုယ်လုပ်တော်တစ်ယောက်ကမွေးသည့် အဆင့်အတန်းမရှိသော မျိုးဆက်က ပါရမီထူးနေခြင်းမှာ ထန်ထိုက်ယာအတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်လာခြင်းက ပုံမှန်ပင်။ ထို့ပြင် ထန်ထိုက်ရှစ်ကဲ့သို့ ဆွဲမက်ဖွယ် မိန်းမလှတစ်ယောက်အတွက် ‘သူ့မယားလိုချင် သူ့လင်လှံနှင့်ထိုး’ ဟူသော အဖြစ်မျိုးနှင့် ကြုံရခြင်းမှာလည်း သာမန်သာဖြစ်သည်။
ထန်ထိုက်ယာသည် ကျန်းရီက ထန်ထိုက်ရှစ်နှင့်အတူ ကောင်းကင်မီးတောက်မြို့သို့ ရောက်လာကြောင်း သိထားပြီးဖြစ်ပေမည်။ ယနေ့တွင် သူသည် ကြာခိုသူကို ဖမ်းရန်ရောက်လာခြင်းဟု အကြောင်းပြကာ ထန်ထိုက်ရှစ်ကို စည်းကမ်းထိန်းသိမ်းရေးခန်းမသို့ ခေါ်သွားလိုခြင်းပင်။ ဖောက်ပြန်သော မုဆိုးမတစ်ယောက်သည် မျိုးနွယ်မှ အကြီးအကဲများ၏ အထင်သေးမှုကို ခံရမည်သာ။ ထိုသို့ဖြစ်လာလျှင် ထန်ထိုက်ယာသည် သူမကို သဘောရှိ ဆော့ကစားနိုင်ပေလိမ့်မည်။
အလွန်လှပေသာ မိန်းမများသည် အမြဲ ပြဿနာ၏အရင်းအမြစ် ဖြစ်နေတတ်ပေသည်။
ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ဤလောကသည် အလွန်ရက်စက်ကာ စက်ဆုပ်ဖွယ်ကောင်းလွန်းပေ၏။ ဤလောကတွင် လူသားများအပေါ် ကံဆိုးခြင်းများ ယူဆောင်လာပေးသည့် လူယုတ်မာများနှင့် ပြည့်နှက်နေပေသည်။ သူသည် ထန်ထိုက်ရှစ်၏ သနားဖွယ်မျက်နှာထားကို မြင်လိုက်သောအခါ သက်ပြင်းထပ်ချလိုက်ပြီး ပြောလိုက်၏။
“ကောင်းပြီ... ခဏနေရင် ငါ မင်းတို့ကို ထန်ထိုက်မျိုးနွယ်ကို ခေါ်သွားပြီး သူတို့ဆီက ရှင်းပြချက် တောင်းမယ်။ မင်းရဲ့ ယောက္ခမက မသိချင်ယောင်ဆောင်နေတော့ နည်းနည်းလောက်ရိုက်ပြီး မျက်လုံးဖွင့်ပေးရမှာပေါ့”
***