ဆန်းကြယ်ဧကရာဇ်၏ သွေးသစ္စာ
Vol. 64 Ch. 890
လေးဆယ့်ငါးမိနစ် ကြာပြီးနောက် ကျန်းရီ၏ ပုလဲလုံးက ထပ်မံ တောက်ပလာ၏။ ကျန်းရီသည် အသံပို့လွှတ်မှုတစ်ခုကို လက်ခံရရှိပြီးနောက် ထရပ်ကာ ပြောလိုက်လေသည်။
“သွားကြစို့...”
“အရှင်...”
ထန်ထိုက်ရှစ်၏ သေးသွယ်သောခန္ဓာကိုယ်လေးက အကြောက်တရားနှင့် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွား၏။ စုန့်ကျုံးသည်လည်း မသက်မသာဖြင့် ထရပ်လိုက်သည်။ ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုလိုက်ဘဲ အခန်းတံခါးကိုဖွင့်၍သာ အပြင်သို့ လျှောက်သွားလိုက်လေသည်။
“သခင်မ...”
စုန့်ကျုံးက ထန်ထိုက်ရှစ်ကို အတန်ငယ်တုန်လှုပ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ထန်ထိုက်ရှစ်သည် နှုတ်ခမ်းကိုက်ကာ ကျန်းရီ၏ နောက်ကျောပြင်ကိုကြည့်၍ ပြောလိုက်၏။
“သွားကြစို့... အဆိုးဆုံးမှ သေရုံပါပဲ”
ထန်ထိုက်ရှစ်သည် အရာအားလုံးကို ရင်းကာ ကျန်းရီနောက်သို့ လိုက်သွားလိုက်၏။ စုန့်ကျုံးသည် ထန်ထိုက်ရှစ်၏ ဝိညာဉ်ကျွန်ဖြစ်၍ အခြားမည်သည်ကိုမှ တွေးမနေတော့ပေ။ သူသည် ရင်ဘတ်ကိုဖိကာ နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်ပြီး အပြင်သို့ လျှောက်သွားလိုက်လေတော့သည်။
ကျန်းရီသည် တည်းခိုခန်းအပြင်သို့ ရောက်သောအခါ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ပြီး အေးစက်စက် ပြုံးလိုက်လေသည်။ ထန်ထိုက်ယာ ချန်ထားခဲ့သော ထောက်လှမ်းရေးများသည် ချက်ချင်း အလုပ်စလိုက်ကြ၏။ သူတို့ထဲမှ တစ်ယောက်က ချက်ချင်း သတင်းသွားပို့လေသည်။
စုန့်ကျုံးက စစ်ရထားလုံးတစ်စီးကို ထုတ်လိုက်၏။ ထန်ထိုက်ရှစ်နှင့် ကျန်းရီတို့ ရထားလုံးအပေါ်သို့ တက်ပြီးသောအခါ သူသည် ရထားလုံးကို မြို့မြောက်ဘက်တွင်ရှိသော မြို့အရှင်ခြံဝန်းဆီသို့ ဖြည်းဖြည်းချင်း မောင်းနှင်သွားလိုက်၏။ လမ်းတစ်လျှောက်တွင် သူတို့သည် အစောင့်များစွာက စစ်ရထားလုံးကို အာရုံစိုက်နေကြာင်း တွေ့ရ၏။ သူတို့အားလုံးသည် သတင်းရထားပြီးဖြစ်၍ ကျန်းရီ မြို့အရှင်ခြံဝန်းသို့ သွားမည်ကို စောင့်နေကြခြင်းပင်။
မြို့အရှင်ခြံဝန်းနှင့် နီးကပ်လာလေလေ၊ စစ်ရထားလုံး၏ အရှိန်က နှေးလာလေလေပင်။ စုန့်ကျုံးသည် အလွန်စိတ်လှုပ်ရှားလာသဖြင့် တုန်ယင်နေပေသည်။ သူသည် မြို့အရှင်ခြံဝန်းအပြင်ဘက်တွင် မရေမတွက်နိုင်သော ပညာရှင်များ စုဝေးနေသည်ကို လှမ်းမြင်ရနေ၏။ အနည်းဆုံး ကောင်းကင်ဧကရာဇ် ထောင်ချီပေလိမ့်မည်။
ထန်ထိုက်ရှစ်သည်လည်း မြို့အရှင်ခြံဝန်းအပြင်ဘက်တွင် စုဝေးနေသော ပညာရှင်များကို သတိပြုမိသွား၏။ သူမ၏ လှပသောမျက်နှာလေး နီရဲသွားလေသည်။ သူမ၏ ကျောက်စိမ်းလက်လေးများသည် သူမ၏ဝတ်စုံကို ကျစ်နေအောင် ဆုပ်ထား၏။ သူမ၏ အသက်ရှူနှုန်းကလည်း မြန်နေပေသည်။ သူမသည် ယနေ့တွင် အရာအားလုံးကို ရင်းရန် အဆင့်သင့်ဖြစ်နေပြီး သေရမည်ကို မကြောက်ပေ။ သို့သော် သူမ သေသွားလျှင် သူမ၏ကလေးများက သေချာပေါက် ဒုက္ခရောက်သွားပေလိမ့်မည်။
ဝှစ်...ဝှစ်...ဝှစ်...
ထန်ထိုက်မျိုးနွယ်သည် ကောင်းကင်ဧကရာဇ်များကို ရင်ပြင်တွင် စုဝေးရန် အမိန့်ပေးထားပုံပင်။ ထန်ထိုက်မျိုးနွယ်သာမက မြို့အတွင်းရှိ အခြားမျိုးနွယ်ကြီးများ၊ မျိုးနွယ်လေးများလည်း စုဝေးနေပေသည်။ ရင်ပြင်ပေါ်တွင် လမ်းလျှောက်နေကြသူများသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိလိုက်၍ လျင်မြန်စွာ ထွက်သွားကြ၏။ သူတို့အားလုံးက လမ်းမလေးများ၊ လမ်းကြားများနှင့် စားသောက်ဆိုင်များထဲတွင် ပုန်းအောင်းကာ ပွဲကို စောင့်နေကြလေသည်။
ကျန်းရီသည် ထန်ထိုက်မျိုးနွယ် အရှေ့တွင် စုဝေးနေသော ကောင်းကင်ဧကရာဇ်များကို မမြင်သကဲ့သို့ တည်ငြိမ်သော မျက်နှာထား ရှိနေ၏။ ကျန်းရီသာ အမှန်တကယ် သတ်ဖြတ်လိုပါက ထိုကောင်းကင်ဧကရာဇ်များ သေချာပေါက် သေသွားပေလိမ့်မည်။ သူသည် တိုက်ပွဲမျိုးစုံကို တွေ့ကြုံခဲ့ပြီးသူ တစ်ယောက်ပင်။
စစ်ရထားလုံးသည် မြို့အရှင်ခြံဝန်းနှင့် သုံးကီလိုမီတာအကွာတွင် ရပ်လိုက်၏။ ခြံဝန်းဂိတ်တံခါးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး ဂိတ်တံခါးများအရှေ့တွင် ပိတ်နေသော ကောင်းကင်ဧကရာဇ်များက ဘေးတစ်ဘက်စီသို့ ကပ်ပေးလိုက်ကြသည်။ ထို့နောက် အရှိန်အဝါကြီးသော အကြီးအကဲနှစ်ယောက်နှင့် ယုတ်မာပုံပေါက်သော လူငယ်တစ်ယောက် ထွက်လာကြ၏။ ထိုလူငယ်က ထန်ထိုက်ယာပင်။
ဝတ်စုံနက် ဝတ်ဆင်ထားသူမှာ မျိုးနွယ်၏ တိုက်ပွဲခန်းမမှ အကြီးအကဲ ထန်ထိုက်ဝူတိဖြစ်သည်။ သူသည် ထန်ထိုက်ယာကို မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်လာစေရန် အပြည့်အဝထောက်ခံနေသူပင်။ ဝတ်စုံဖြူကို ဝတ်ဆင်ထားသူမှာမူ ဟွာမျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။ သူက ထန်ထိုက်ယာ၏ အမေဘက်မှ အဘိုးပင်။
ထန်ထိုက်ရှစ်၏ မျက်လုံးများထဲတွင် အမုန်းတရားများ ထွက်ပေါ်လာ၏။ သူမသည် ထိုအကြီးအကဲနှစ်ယောက်ကို လက်ညှိုးညွှန်ကာ ကျန်းရီကို တီးတိုးပြောလိုက်၏။ ကျန်းရီ ထရပ်လိုက်ပြီး စစ်ရထားလုံးပေါ်မှဆင်းကာ အရှေ့သို့ ခြေလှမ်းနှစ်လှမ်း လျှောက်လိုက်သည်။ သူသည် ကျယ်ဝန်းသော ရင်ပြင်ထဲတွင် တစ်ကိုယ်တော်ရပ်နေပြီး ထန်ထိုက်မျိုးနွယ်က ပညာရှင်များကို တစ်ချက်ကြည့်လိုက်လေသည်။ ထို့နောက် သူ နှာမှုတ်ကာ ပြောလိုက်သည်။
“ငါအရှင်ကို ကြိုဆိုဖို့ ဒီလောက်တောင် တခမ်းတနား ပြင်ဆင်ထားတယ်ပေါ့လေ။ မင်းတို့ ထန်ထိုက်မျိုးနွယ်က ဒီလောက်ပဲ တတ်နိုင်တာလား”
ထန်ထိုက်ယာက စကားမပြောဝံ့ပေ။ ထို့ကြောင့် ဝတ်စုံနက် ဝတ်ဆင်ထားသော ထန်ထိုက်မျိုးနွယ်၏ တိုက်ပွဲခန်းမ အကြီးအကဲက အသံဩဩဖြင့် ပြောလိုက်လေသည်။
“မင်း ဘယ်သူဆိုတာ ငါသိလို့ရမလား။ ဘာလို့ မင်းက ကောင်းကင်မီးတောက်မြို့မှာ ပြဿနာရှာနေရတာလဲ။ ဒါက ဘာအဓိပ္ပာယ်လဲ”
“မင်းကရော ဘယ်သူလဲ”
ကျန်းရီသည် အကြီးအကဲကို အရေးမစိုက်ဟန်ဖြင့်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“မင်းက ငါနဲ့စကားပြောဖို့ အဆင့်မမှီဘူး။ မင်းတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ကို ဒီကိုထွက်လာလာခဲ့ဖို့ပြောလိုက်”
“အတင့်ရဲလိုက်တာ...”
“ရိုင်းစိုင်းလှချည်လား”
“မင်းက အသက်ရှင်ရတာကို ပင်ပန်းနေပြီထင်တယ်”
လူများစွာသည် မျက်နှာပျက်သွားကြပြီး အော်ပြောလိုက်ကြ၏။ ထန်ထိုက်ယာသည် ကျန်းရီနှင့် ရထားလုံးထဲရှိ ထန်ထိုက်ရှစ်ကို လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
“မျိုးမစစ်ကောင်... မင်းက အဲ့မိန်းမပျက်နဲ့ ဖောက်ပြန်ချင်လို့ ငါ့ညီကို သတ်ခဲ့တာ။ အခု မင်းက ငါ့ဦးလေးသုံးကိုလည်း စော်ကားနေတယ်ပေါ့လေ။ တပ်သားတွေ... အဲ့မျိုးမစစ်ကို သတ်လိုက်ကြ”
ရွှီး...
ကျန်းရီ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်က လင်းလက်သွားပြီး သံနက်ဓားထွက်ပေါ်လာလေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း သံနက်ချပ်ဝတ် ထွက်ပေါ်လာသည်။ သူ၏အရှိန်အဝါကလည်း နဂါးတစ်ကောင်ကဲ့သို့ စွမ်းအားကြီးသွားပြီး မြို့ရင်ပြင်တစ်ခုလုံးနှင့် ကောင်းကင်ဧကရာဇ် တစ်သောင်းကို လွှမ်းခြုံသွားလေသည်။ သူ ထန်ထိုက်ယာကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“လူလိမ်လေး... မင်း သတ္တိရှိရင် စကားတစ်ခွန်း ထပ်ပြောကြည့်စမ်း။ ငါအရှင်က မင်းကို သတ်ပစ်မှာဆိုတာ မင်းယုံလား”
“အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေလား... ပြီးတော့ ကောင်းကင်ဧကရာယ် အထွတ်အထိပ်အဆင့်”
အံ့အားသင့်သွားသော မျက်လုံးပေါင်းများစွာ ထွက်ပေါ်လာလေသည်။ ကောင်းကင်ဧကရာဇ်များကလည်း နောက်သို့ အလိုလို ခြေနှစ်လှမ်းဆုတ်မိသွားကြသည်။ ထန်ထိုက်မျိုးနွယ်၏ တိုက်ပွဲခန်းမအကြီးအကဲနှင့် ဟွာမျိုးနွယ်ခေါင်းဆောင်တို့ကို တစ်ယောက်ကိုတစ်ယောက် မည်းမှောင်သော မျက်နှာထားများဖြင့် ကြည့်လိုက်ကြ၏။ သူတို့သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးနှင့် ယှဉ်ရခြင်းကို မကြောက်ပေ။ သို့သော် ထိုကောင်းကင်ဧကရာဇ်တွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်များ ရှိနေပါက သူတို့ အလေးအနက်ထားရပေလိမ့်မည်။
ဝှစ်...ဝှစ်...
ထန်ထိုက်မျိုးနွယ်၏ ခြံဝန်းအတွင်းမှ အရိပ်လေးခုသည် သိမ်းငှက်များကဲ့သို့ ပျံထွက်လာပြီး ထန်ထိုက်မျိုးနွယ်၏ ဂိတ်တံခါးအပြင်တွင် ဆင်းသက်လိုက်ကြ၏။ မီးခိုရောင်ဝတ်ရုံနှင့် ထိုအကြီးအကဲလေးဦးသည် စွမ်းအားကြီးအရှိန်အဝါရှိကြပြီး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ သူတို့လေးယောက်သည် မည်သည့်စကားမှ မဆိုဘဲ ထန်ထိုက်ဝူတိ၏ဘေးတွင်သာ ရပ်နေကြလေသည်။
“အရှင်... ကျွန်မရဲ့ ယောက္ခမက မြို့ထဲမှာ မရှိပါဘူး။ သူက ကောင်းကင်ဒေသမြို့ကို သွားပါတယ်”
ကျန်းရီ၏နားထဲတွင် ထန်ထိုက်ရှစ်၏အသံ ပဲ့တင်ထပ်သွား၏။ သူ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါ်လိုက်၏။ သို့သော် သူ မည်သို့မှ ပြန်မပြောလိုက်ဘဲ သူ့အရှေ့မှ ပညာရှင်များကိုသာ စိုက်ကြည့်လိုက်လေသည်။
“ငါက ထန်ထိုက်ဝူတိပဲ”
ထန်ထိုက်မျိုးနွယ်၏ အကြီးအကဲက လက်ဆုပ်ကာ ပြောလိုက်သည်။
“ငါတို့မျိုးနွယ်ခေါင်းဆောင်က မြို့ထဲမှာ မရှိဘူး။ ကောင်းကင်ဒေသမြို့က ဒေသအရှင်ဆီ အလည်သွားတယ်။ မင်းမှာ ပြောစရာရှိရင် ဒီအကြီးအကဲကိုပဲ ပြောနိုင်တယ်။ တကယ်လို့ မင်းက ထန်ထိုက်မျိုးနွယ်ကို ရန်စချင်တာဆိုရင်တော့ ငါတို့ အစွမ်းကုန် တိုက်ခိုက်ရလိမ့်မယ်”
ထန်ထိုက်ဝူတိသည် ကျန်းရီတွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်နှစ်ခုရှိကြောင်း တွေ့လိုက်သဖြင့် အတန်ငယ် လေသံဖျော့သွား၏။ သူတို့ဘက်မှ အထွတ်အထိပ် ကောင်းကင်ဧကရာဇ်များတွင် အတုအယောင် နတ်ဘုရား အသုံးအဆောင် တစ်ခုပင် မရှိပေ။ ကျန်းရီ၏ အတုအယောင် နတ်ဘုရား ချပ်ဝတ်ဖြင့်ပင် သူ့တို့ကို သူ့ကိုသတ်နိုင်ရန် လွယ်မည် မဟုတ်ချေ။ ထို့ကြောင့် ထန်ထိုက်ဝူတိက လေသံပြင်းပြင်းဖြင့် မပြောဝံ့တော့ခြင်းပင်။ သို့သော် သူသည် ထန်ထိုက်မျိုးနွယ်နှင့် ဒေသအရှင်ကြားမှ ဆက်ဆံရေးနှင့် ထန်ထိုက်မျိုးနွယ်၏ သဘောထားကိုမူ ပြောလိုက်သေး၏။
“စုန့်ကျုံး... နောက်ကိုဆုတ်လိုက်”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ စုန့်ကျုံး၏ မျက်ဝန်းထဲတွင် တုံ့ဆိုင်းသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။ ထို့ကြောင့် သူ နောက်လှည့်ကာ ထန်ထိုက်ရှစ်ကို ကြည့်လိုက်သည်။ ထန်ထိုက်ရှစ်က ခေါင်းညိတ်ပြ၏။ ထိုအခါမှ စုန့်ကျုံးသည် စစ်ရထားလုံးကို အနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လိုက်လေသည်။ ကျန်းရီက သူ၏ဓားကို ဝှေ့ယမ်းကာ ထန်ထိုက်ဝူတိကို ရွယ်လိုက်၏။
“ငါ ဒီနေ့ရောက်လာတာက မင်းတို့ ထန်ထိုက်မျိုးနွယ်ဆီက ရှင်းပြချက် တောင်းဖို့ပဲ။ မင်းတို့ မရှင်းပြနိုင်ဘူးဆိုရင်တော့ ငါတို့ တိုက်ခိုက်ရမှာပဲ”
ရွှီး...
ကျန်းရီ၏ ဓားနှင့် ချပ်ဝတ်တို့က လင်းလက်လာပြီး စွမ်းအားကြီး သတ်ဖြတ်အရှိန်အဝါတစ်ခုက ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ အားနည်းသော သိုင်းသမားများသည် ကြောက်ရွံ့သွားပြီး နောက်သို့ ဆုတ်လိုက်ကြ၏။ မည်သူမှ ကျန်းရီ၏ စကားကို သံသယမဖြစ်ဝံ့ပေ။ သူတို့ဘက်မှ စကားတစ်ခွန်းမှားသွားလျှင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ပေသည်။
“ငါ မင်းနာမည်ကို သိလို့ရမလား။ ဘာလို့ မင်းက ဒီလောက်တောင် ပြောရခက်ရတာလဲ”
ထန်ထိုက်ဝူတိနှင့် အခြားသူများ၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်း တောက်ပလာလေသည်။ မျိုးနွယ်၏ စွမ်းအားအကြီးဆုံးသူ မျိုးနွယ်ခေါင်းဆောင်က မြို့ထဲတွင် ရှိမနေပေ။ သူတို့သည် မျိုးနွယ်ခေါင်းဆောင်၏ ခွင့်ပြုချက်မရှိဘဲ တိုက်ပွဲကို မစဝံ့ချေ။ ကျန်းရီ၏ အပြုအမူက အလွန်မောက်မာနေ၏။ ယခုတွင် သူသည် အသားမည်းသော လူသန်ကြီးပုံစံမဟုတ်တော့ဘဲ ခံ့ညားသော လူငယ်တစ်ယောက်အသွင် ဖြစ်နေပေပြီ။ ထို့ကြောင့် သူ၏ရုပ်သွင်နှင့် သူ၏စကားများက အလွန်ကွာခြားနေလေသည်။
ကျန်းရီသည် အသက်ငယ်ငယ်ဖြင့် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး အတုအယောင် နတ်ဘုရား အသုံးအဆောင်နှစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ထန်ထိုက်ဝူတိက အတန်ငယ် စိုးရိမ်နေခြင်းမှာ သဘာဝကျပေသည်။ အကယ်၍ ကျန်းရီက မျိုးနွယ်ကြီးတစ်ခုမှ မျိုးဆက်တစ်ယောက်ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။
ထို့ကြောင့် ထန်ထိုက်ဝူတိက ခေတ္တမျှ စဉ်းစားလိုက်ပြီး ထပ်မေးလိုက်လေသည်။
“မင်းက ဘာရှင်းပြချက်လိုချင်တာလဲဆိုတာ ငါ မေးလို့ရမလား။ ငါတို့ ထန်ထိုက်မျိုးနွယ်က မင်းကို အပြစ်မပြုမိခဲ့ဘူမလား။ မင်းကသာ ငါတို့မျိုးနွယ်က အမျိုးသမီးနဲ့ ဖောက်ပြားခဲ့တာ”
“စောက်ပေါက်ကရတွေ...”
ကျန်းရီသည် ချက်ချင်းပင် ကျယ်လောင်စွာ ဆဲလိုက်၏။
“မင်းတို့မျိုးနွယ်က ထန်ထိုက်ယာက ကိုယ့်ညီကို ရက်ရက်စက်စက်သတ်ပြီး ကိုယ့်ခယ်မကို သိမ်းပိုက်ဖို့ ကြိုးစားတာကို ငါ ဂရုမစိုက်ဘူး။ ငါက ကြင်နာတတ်တဲ့ နှလုံးသားရှိလို့ မင်းတို့မျိုးနွယ်က လူတွေကို ကယ်ပေးခဲ့တာ... ပြီးတော့ သူတို့ကို ကိုယ်တိုင်တောင် ပြန်လိုက်ပို့ပေးခဲ့သေးတယ်။ ဒါပေမဲ့ မင်းတို့ မျိုးနွယ်က မျိုးမစစ်ကောင်က ငါ့ကို ကြာခိုတယ်ဆိုပြီး စွပ်စွဲတယ်ပေါ့လေ။ ဒီနေ့ မင်းတို့ ထန်ထိုက်ယာကို မကွပ်မျက်ဘူးဆိုရင် ငါကိုယ်တိုင် ကွပ်မျက်မယ်”
“ဝါး...”
ကျန်းရီ၏စကားက လူများကို အုတ်အော်သောင်းနင်းဖြစ်သွားစေ၏။ ထန်ထိုက်ယာသည် မြို့ထဲရှိ နံပါတ်(၁) သခင်လေးဖြစ်သည်။ သူ၏ဂုဏ်သတင်းက အမြဲပင် ဆိုးဝါးခဲ့၏။ သူသည် မြို့ထဲရှိ လူအားလုံးကို အနိုင်ကျင့်ဖိနှိပ်တတ်သော အာဏာရှင်တစ်ယောက်ပင်။ ယခုတွင် သူသည် သူ့ညီကိုသူသတ်ကာ သူ့ခယ်မကို သိမ်းပိုက်ရန် ကြိုးစားခဲ့သည်လော။
“လုပ်ကြံပြောနေတာ... အဲ့ခွေးမျိုးမစစ်က ကျွန်တော့်ကို လုပ်ကြံပြောနေတာ”
ထန်ထိုက်ယာသည် မရေမတွက်နိုင်သော မျက်လုံးများက သူ့ကို ကြည့်နေကြောင်း တွေ့လိုက်သောအခါ ချက်ချင်း အသည်းအသန် အော်ပြောလိုက်၏။
“လုပ်ကြံပြောနေတာ ဟုတ်လား”
ကျန်းရီက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ငါတို့ ဆန်းကြယ်ဧကရာဇ် သွေးသစ္စာကို အတူဆိုကြမလား။ တကယ်လို့ ငါက မင်းရဲ့ခယ်မနဲ့ ဖောက်ပြန်ခဲ့တာဆိုရင် အသေဆိုးနဲ့ သေပါစေ။ တကယ်လို့ မင်းက မင်းရဲ့ညီကို မသတ်သလို မင်းရဲ့ခယ်မကိုလည်း သိမ်းပိုက်ဖို့ မကြိုးစားခဲ့ဘူးဆိုရင် ငါ အသေဆိုးနဲ့သေပါစေ။ ကဲ... ဘယ်လိုလဲ”
***