← Chapters

အဲ့ခွေးအိုကြီးကို သတ်

Vol. 64 Ch. 891

အဲ့ခွေးအိုကြီးကို သတ်

Vol. 64 Ch. 891

“ဆန်းကြယ်ဧကရာဇ် သွေးသစ္စာ...”

ထပ်မံ၍ အုတ်အော်သောင်းနင်း ဖြစ်သွား၏။ ထိုသွေးသစ္စာသည် အရှေ့ဘက် တော်ဝင်နယ်မြေရှိ အလေးမြတ်ဆုံး သစ္စာဖြစ်ပြီး အလွန်အစွမ်းထက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဆန်းကြယ်ဧကရာဇ် သွေးသစ္စာကို ချိုးဖျက်လိုက်လျှင် ပြင်းထန်သော အကျိုးဆက်ကို ခံရလိမ့်မည်ဟူ‌သော ကောလာဟလများကလည်း အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့နေပေသည်။

လွန်ခဲ့သော သုံးနှစ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ အကြီးအကဲတစ်ယောက်သည် ဆန်းကြယ်ဧကရာဇ် သွေးသစ္စာ ဆိုခဲ့၏။ သူ ထိုသစ္စာကို ချိုးဖောက်မိသောအခါ အကြောင်းအရင်းမရှိဘဲ ရုတ်တရက် သေသွားခဲ့သည်။ မျိုးနွယ်အကြီးအကဲပင် သူ သေဆုံးရသည့် အကြောင်းအရင်းကို မရှာနိုင်ခဲ့ပေ။ ထိုအဖြစ်က နယ်မြေတစ်ခွင်လုံးတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့၏။ ထို့ကြောင့် ယခုတွင် မည်သူမှ သစ္စာကို မဆင်မခြင် မဆိုဝံ့ကြတော့ပေ။ ဆန်းကြယ်ဧကရာဇ်မှာ နတ်ဘုရားတစ်ပါးကဲ့သို့သော ဖြည်တည်မှုတစ်ခုပင်။

“မင်း...”

ထန်ထိုက်ယာ ကြောက်သွား၏။ လိပ်ပြာမလုံသူ၊ ယုံကြည်မှုမရှိသူ တစ်ယောက်က သေချာပေါက် ကြောက်မည်ဖြစ်သည်။ မဖြောင့်မတ်သူတစ်ယောက်က သေရမည်ကို အကြောက်ဆုံးဖြစ်သည်။

ထန်ထိုက်ဝူတိသည် ပတ်ဝန်းကျင်မှ တီးတိုးပြောသံများကို ကြားလိုက်သောအခါ ဆက်၍ တည်ငြိမ်ဟန်မဆောင်နိုင်တော့ပေ။ ထို့ကြောင့် သူ အေးစက်စွာ ပြောလိုက်သည်။

“ထန်ထိုက်ယာ... မြန်မြန် သစ္စာဆိုလိုက်စမ်း။ မင်း သစ္စာဆိုလိုက်ရင် ငါ မင်းကို ထောက်ခံပေးမှာပါ။ ထန်ထိုက်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို အထိခိုက်ခံလို့မရဘူး”

“ကျွန်တော်... ကျွန်တော်...”

ထန်ထိုက်ယာ တုံ့ဆိုင်းနေ၏။ သူသည် စကားတစ်ခွန်းပင် မပြောနိုင်ဘဲ သူ့အဘိုးကို အသနားခံသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ ဟွာမျိုးနွယ်ခေါင်းဆောင်သည် သူ့မြေအကြောင်းကို ကောင်းစွာသိသဖြင့် အံကြိတ်ကာ ကျန်းရီကို ပြောလိုက်လေသည်။

“ဒီသခင်လေးက တော်တော်အတင့်ရဲတာပဲ။ မင်းက ဘယ်မျိုးနွယ်က သခင်လေးလဲ။ ဘာလဲ... ကိုယ့်မျိုးနွယ်နာမည်ကို မပြောရဲဘူးလား။ လုပ်ပါ ဒီအဘိုးကြီး သိရအောင် ပြောပါဦး”

“မင်းလိုကောင်ကလား... မင်း မထိုက်တန်သေးဘူး”

ကျန်းရီက လှောင်လိုက်ပြီး ထန်ထိုက်ဝူတိကိုသာ စိုက်ကြည့်နေလိုက်သည်။

“ထန်ထိုက်ယာက သစ္စာမဆိုရဲမှတော့ သူတကယ်ပဲ အဲ့ကိစ္စတွေကို လုပ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။ ထန်ထိုက်ယာကသာ ငါအရှင်ကို လုပ်ကြံပြောတာပဲ။ မင်းတို့ သူ့ကို ကွပ်မျက်မှာလား ဒါမှမဟုတ် ငါကိုယ်တိုင် လုပ်ရမှာလား”

“အတင့်ရဲလိုက်တာ... ဒီအဘိုးကြီးက မင်းရဲ့ စွမ်းရည်တွေကို စမ်းကြည့်ချင်တယ်”

ဟွာမျိုးနွယ်ခေါင်းဆောင် ဒေါသထွက်သွား၏။ သူ့ခန္ဓာကိုယ်မှနေ၍ စွမ်းအားကြီးအရှိန်အဝါ ထွက်လာပြီး သူ၏ဓားကလည်း လင်းလက်သွားလေသည်။ သူ လှုပ်ရှာရန် ပြင်ဆင်လိုက်ပေပြီ။ သူ့တွင် အမှန်ပင် အခြားနည်းလမ်းမရှိတော့ချေ။ သူတို့ ဆက်၍ စကားပြောနေလျှင် ထန်ထိုက်ယာ၏ ဂုဏ်သတင်းက မြောင်းထဲရောက်သွားပေတော့မည်။ အခြေအနေကို ကြည့်ရသည်မှာ ကျန်းရီသည် ထန်ထိုက်ယာ မသေသ၍ ရပ်မည့်ပုံမပေါ်ပေ။ ထို့ကြောင့် သူသည် ထန်ထိုက်ယာ၏ အဘိုးအနေဖြင့် ဝင်ပါရတော့ပေမည်။

ရွှစ်...ရွှစ်...

သို့သော် ကျန်းရီက ပို၍လျင်မြန်စွာ လှုပ်ရှားလိုက်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။ သူ၏ သံနက်ဓားက တောက်ပသွားပြီး အတွင်းအားသည် ဧရာမဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံထွက်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ အော်ပြောလိုက်သည်။

“လုပ်တော့... ထန်ထိုက်ယာကို သတ်ကြ”

ရွှီး...

ကျန်းရီ အမိန့်ပေးလိုက်သည်နှင့် ရင်ပြင်အတွင်း၌ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု လင်းလက်လာပြီး ပညာရှင်ရာကျော် တည်နေရာပြောင်းရွှေ့လာလေသည်။ သူတို့၏အရေအတွက်က ရာကျော်လောက်သာ ဖြစ်သော်လည်း ထိုနေရာရှိ လူအားလုံး တုန်လှုပ်သွားကြ၏။ ထိုလူရာကျော်စလုံးမှာ အဆင့်မြင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့ထဲတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဆယ့်ငါးပါး ပါလာပေသည်။

ရွှစ်...ရွှစ်...

ထိုလူရာကျော်သည် ပျံသန်းသွားပြီး မြို့အရှင်ခြံဝန်း၏ ဂိတ်တံခါးကို ချက်ချင်း တိုက်ခိုက်လိုက်ကြ၏။ အလင်းတန်းရာကျော် တောက်ပသွားပြီး လေထုလည်း တုန်ခါသွားသည်။ ကြောက်မက်ဖွယ်အရှိန်အဝါများက လောကကို ဖျက်ဆီးပစ်တော့မလိုပင်။ ထို့ကြောင့် မြို့ထဲရှိ သန်းချီသောလူများ လန့်ဖြန့်သွားကြ၏။

“ရှောင်ကြ...”

“ရပ်လိုက်...”

“တော်တော် အတင့်ရဲနေတယ်ပေါ့လေ။ မင်းတို့က မြို့ကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့။ ဒေသအရှင်က မင်းတို့အကုန်လုံးကို အလွတ်ပေးမှာ မဟုတ်ဘူး”

ထန်ထိုက်မျိုးနွယ်မှ သိုင်းသမားများ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ ‌သိုင်းသမားများစွာသည် ကောင်းကင်ထက်သို့ ပျံတက်ကာ ထွက်ပြေးလိုက်ကြသည်။ ထိုထဲတွင် ထန်ထိုက်ဝူတိနှင့် အခြား အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များလည်း ပါပေသည်။ ဟွာမျိုးနွယ်ခေါင်းဆောင်ကလည်း ထန်ထိုက်ယာကို ခေါ်၍ ပျံသန်း ထွက်ပြေးလိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

မြို့အရှင်ခြံဝန်းဝန်းထဲမှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်လာ၏။ ခြံဝန်းဝန်းအတွင်းရှိ အိမ်များ၊ ရဲတိုက်များ ပျက်စီးသွားကြသည်။ ခြံဝန်းအရှေ့တွင် ရပ်နေသော ကောင်းကင်ဧကရာဇ်တစ်သောင်းထဲမှ တစ်ဝက်နီးပါးကလည်း ချက်ချင်း အသတ်ခံလိုက်ရသည်။

ထိုပညာရှင်တစ်စုက ထွက်ပေါ်လာချင်းချင်း တိုက်ခိုက်လိုက်ခြင်းပင်။ ထို့ကြောင့် လူအများစုသည် အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။ သို့သော် သူတို့ တုံ့ပြန်နိုင်ခဲ့လျှင်လည်း အဆင့်မြင့် ကောင်းကင်ဧကရာဇ်များနှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ၏ တိုက်ခိုက်မှုများကို ရှောင်နိုင်မည် မဟုတ်ပေ။ ထိုတိုက်ခိုက်မှုများက အလွန်ပင် လျင်မြန်ပေသည်။

“...”

အားလုံး မှင်တက်သွားကြသည်။ စုန့်ကျုံးသည်လည်း အလွန်အံ့အားသင့်သွားသဖြင့် မျက်လုံးများ ကျွတ်ကျတော့မတတ် ဖြစ်နေသည်။ စစ်ရထားလုံးထဲတွင် ထိုင်နေသော ထန်ထိုက်ရှစ်သည် ကျန်းရီနှင့် ထန်ထိုက်ယာတို့ ဖောက်ပြန်သည့်အကြောင်း ပြောနေစဉ်က ရှက်လွန်းသဖြင့် ခေါင်းပင်မဖော်နိုင်ဖြစ်နေသည်။ ယခုတွင်မူ သူမသည် ရှက်ရွံ့မှုကို လုံးဝမေ့သွားပြီဖြစ်ပြီး သူမ၏မျက်ဝန်းများထဲ၌ အံ့အားသင့်မှုသာ ရှိနေလေသည်။

“မဟုတ်ဘူး... အရှင်ရွှယ် မဆင်မခြင် မသတ်ဖြတ်ပါနဲ့။ ရှောင်ထျန်းနဲ့ ရှောင်ယွီတို့က ထန်ထိုက်မျိုးနွယ်ရဲ့ အတွင်းခြံဝန်းထဲမှာပဲ ရှိနေပါသေးတယ်”

ထန်ထိုက်ရှစ်က ရုတ်တရက် အမှတ်ရသွား၍ တုန်လှုပ်စွာ အသံပို့လွှတ်လိုက်လေသည်။

“မင်းက ဘာတွေ တုန်လှုပ်နေတာလဲ။ သူတို့ကို အပြင်ကို ခေါ်လာဖို့ ငါ လူတွေ စီစဉ်ထားပြီးသားပါ”

ကျန်းရီက ထန်ထိုက်ရှစ်ကို အေးစက်စက်ကြည့် အသံပြန်ပို့လွှတ်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ထက်ရှိ ထန်ထိုက်ယာကို ချက်ချင်း လှမ်းကြည့်လိုက်ပြီး အေးစက်စက် အော်ပြောလိုက်လေသည်။

“ဆက်တိုက်ခိုက်ကြ... ထန်ထိုက်ယာ မသေဘူးဆိုရင် တစ်မြို့လုံးကို သတ်ပစ်ကြ”

“နားလည်ပါပြီ”

ပညာရှင် ငါးရာကျော်သည် ကောင်းကင်ထက်ရှိ ထန်ထိုက်ယာနှင့် ဟွာမျိုးနွယ်ခေါင်း‌ဆောင်ကို ချိန်ရွယ်ကာ သူတို့၏ တိုက်ခိုက်မှုများကို ထပ်မံထုတ်လွှတ်လိုက်၏။ ဟွာမျိုးနွယ်ခေါင်းဆောင်သည် ကျန်းရီ၏ အမိန့်ကို ကြားသောအခါ တုန်လှုပ်သွားပြီး ထန်ထိုက်ယာကို လျင်မြန်စွာ လွင့်ပစ်လိုက်ကာ ကောင်းကင်ဘယ်ဘက်ခြမ်းသို့ ပျံပြေးလေတော့သည်။

အဆင့်မြင့် ကောင်းကင်ဧကရာဇ် ငါးရာကျော်၊ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဆယ်ပါးကျော်။ ထိုပညာရှင်အရေအတွက်က ကောင်းကင်မီးတောက်မြို့ တစ်မြို့လုံးကို သတ်ဖြတ်ရန် လုံလောက်ပေသည်။ ထန်ထိုက်ယာက သူ၏မြေးဖြစ်သော်လည်း သူသာ ထန်ထိုက်ယာကို ဆက်ကာကွယ်ပေးနေလျှင် သူ သေဆုံးသွားမည်ဖြစ်ရုံသာမက ဟွာမျိုးနွယ်တစ်ခုလုံးလည်း ပျက်သုဉ်းသွားပေလိမ့်မည်။

“အဘိုး... ကျွန်တော့်ကို ကယ်ပါ။ မဟုတ်ဘူး...”

ထန်ထိုက်ယာသည် ဟွာမျိုးနွယ်ခေါင်းဆောင်က သူ့ကိုလွင့်ပစ်၍ တစ်ယောက်တည်း ထွက်ပြေးသွားသည်ကို တွေ့လိုက်သောအခါ ကြောက်ရွံ့တကြီး အော်လိုက်လေသည်။ ရာချီသော တိုက်ခိုက်မှုများက သူ့ထံ ဦးတည်လာနေပေပြီ။ သူ စကားဆုံးအောင် မအော်လိုက်နိုင်ခင်မှာပင် သူ့ခန္ဓာကိုယ်က ရာချီသော တိုက်ခိုက်မှုများကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေတော့သည်။

ဝုန်း...

ရာချီသော တိုက်ခိုက်မှုများ ပျံတက်သွားသောအခါ ကောင်းကင်ရှိ မြို့အကာအရံကလည်း ရုတ်ခြည်း ပျက်စီးသွား၏။ ကောင်းကင်မီးတောက်မြို့တစ်ခုလုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော သာမန်လူများသည် အလွန်ကြောက်ရွံ့သွားသဖြင့် မြေပြင်ပေါ်တွင် ဝပ်လိုက်ကြသည်။ သူတို့သည် မနက်ဖြန်ကိုပင် မြင်တွေ့နိုင်တော့မည်မဟုတ်ဟု တွေးမိနေကြ၏။

“ရပ်လိုက်... သတ်ဖြတ်နေတာတွေ ရပ်လိုက်တော့။ ထန်ထိုက်ယာက သေသွားပြီ”

ထန်ထိုက်ဝူတိတို့သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်သော်လည်း ထိုအခိုက်တွင် မလှုပ်ရှားဝံ့ကြပေ။ သူတို့၏ ပူးပေါင်းအင်အားက ထိုလူအယောက်ငါးရာကျော်၏ ခြေဖျားကိုပင် မီမည်မဟုတ်ချေ။ သူတို့ လူအနည်းငယ်ကို သတ်နိုင်လျှင်လည်း ထိုလူများကို ပို၍ဒေါသထွက်သွားအောင် ဆွပေးသလိုသာ ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ကောင်းကင်မီးတောက်မြို့က အမှန်ပင် ပျက်စီးပျောက်ကွယ်သွားပေလိမ့်မည်။

ထိုလူငါးရာကျော်စလုံးသည် တူညီသော အနက်ရောင် စစ်သံချပ်ကာကို ဝတ်ဆင်ထားကြ၏။ သူတို့၏ မျက်လုံးများကလည်း ရေခဲတမျှ အေးစက်နေပေသည်။ သူတို့သည် တစ်ချီတိုက်ခိုက်ပြီးနောက် တိုက်ခိုက်မှုကို ရပ်ကာ ကျန်းရီအား ကြည့်လိုက်ကြ၏။ သူတို့က ကျန်းရီ၏ အမိန့်ကို စောင့်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ကျန်းရီက ပခုံးတွန့်၍ ထန်ထိုက်ရှစ်ကိုကြည့်ကာ ပြောလိုက်သည်။

“မင်း ဘယ်သူတွေကို မကျေနပ်ဘူးလဲ။ ငါ  အဲ့လူတွေကို ကူရှင်းပေးမယ်”

ဝှစ်...ဝှစ်...ဝှစ်...

‌လေထဲရှိ ထန်ထိုက်မျိုးနွယ်မှ ထောင်ချီသော ကောင်းကင်ဧကရာဇ်များသည် ထန်ထိုက်ရှစ်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ကြ၏။ ထိုအခိုက်တွင် ထန်ထိုက်ရှစ်သည် အားလုံး၏ အာဏာပါးကွက်သားကဲ့သို့ ဖြစ်သွားလေ၏။

“ကျွန်မ...”

ထန်ထိုက်ရှစ်၏ သေးသွယ်သော ခန္ဓာကိုယ်လေး တုန်ယင်သွား၏။ သူမ၏မျက်နှာလေးက နီရဲနေပြီး သူမ၏မျက်လုံးများထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေလေသည်။ ယင်းက မျှော်လင့်မထားသော ကျေနပ်မှုဖြစ်၍ သူမသည် တိမ်များပေါ်တွင် လွင့်နေသကဲ့သို့ ဆယ်ဆပို၍ စိတ်လှုပ်ရှားနေပေသည်။ ထို့နောက် သူမသည် လူသုံးယောက်ကို ကြည့်လိုက်ပြီး ရဲရင့်စွာ ပြောလိုက်၏။

“အဲ့အကြီးအကဲသုံးယောက်က ကျွန်မကို ရိသဲ့သဲ့ လုပ်ခဲ့ဖူးပါတယ်”

“သတ်...”

ကျန်းရီက လက်ဝှေ့ယမ်း၍ ပြောလိုက်ရာ အနက်ရောင် စစ်သံချပ်ကာ ဝတ်ဆင်ထားသော တပ်သားများသည် ထိုသုံးယောက်ကို စိုက်ကြည့်လိုက်၏။ အသက်လတ်ပိုင်းအရွယ် အဆင့်မြင့် ကောင်းကင်ဧကရာဇ် သုံးပါးသည် မျက်နှာပျက်သွား၏။ သူတို့ဘေးမှ သိုင်းသမားများကလည်း သူတို့ကို ပလိပ်ရောဂါကဲ့သို့ကြည်ကာ အဝေးသို့ အသည်းအသန် ထွက်ပြေးကြလေသည်။

ရွှစ်...ရွှစ်...

ရာချီသော တိုက်ခိုက်မှုများ ပျံထွက်သွား၏။ ထိုသုံးယောက်သည် ထွက်ပြေးရန် အခွင့်အရေးပင် မရလိုက်ပေ။ သူတို့၏ခန္ဓာကိုယ်များကို ရာချီသော တိုက်ခိုက်မှုများက လွှမ်းခြုံသွားပြီး ကောင်းကင်ထက်တွင် သွေးမိုးရွာသွားလေသည်။

ကျန်းရီက ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်။

“ရှင်းပစ်ချင်တဲ့သူ ကျန်သေးလား”

ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။ ထန်ထိုက်ရှစ်၏ ခန္ဓာကိုယ်လေးက ပို၍ပင်တုန်ယင်လာ၏။ သူမက ဘေးဘက်ရှိ လူနှစ်ယောက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“အဲ့နှစ်ယောက်...”

“သတ်...”

ကျန်းရီ၏ သွေးအေးရက်စက်သောအသံက ထပ်မံပဲ့တင်ထပ်သွား၏။ သူ၏အကျင့်စရိုက်က အမြဲ ထိုသို့ပင်။ သူသည် သတ်ရန် ဆုံးဖြတ်ပြီးပြီဖြစ်၍ စိတ်ကျေနပ်သည်အထိ သတ်မည်ဖြစ်သည်။ အကယ်၍ ထန်ထိုက်မျိုးနွယ်က သူ့ကို ရန်မစခဲ့လျှင် သူသည် ထိုမျိုးနွယ်ကို အရေးပင်စိုက်မည် မဟုတ်ပေ။ သို့သော် သူတို့သည် သူ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီဖြစ်၍ အကျိုးဆက်များအတွက် ပြင်ဆင်ထားရပေလိမ့်မည်။

ဝုန်း...ဝုန်း...ဝုန်း...

ထိုနှစ်ယောက်လည်း အသတ်ခံလိုက်ရသည်။ ကျန်းရီက ထန်ထိုက်ရှစ်ကို ထပ်မံကြည့်လိုက်၏။ သူမ၏ လှပသောမျက်လုံးလေးများက ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံးတွင် ထန်ထိုက်ဝူတိအပေါ် ကျရောက်သွားလေသည်။ သူမသည် ယနေ့တွင် အရာအားလုံးကို ရင်းထားပြီးဖြစ်၍ များစွာတွေးတော မနေတော့ဘဲ အော်ပြောလိုက်တော့သည်။

“အဲ့ခွေးအိုကြီး... အဲ့ခွေးအိုကြီးက လွန်ခဲ့တဲ့ နှစ်ရက်တုန်းက လူတစ်ယောက်နဲ့ ကျွန်မဆီ သတင်းပို့ခိုင်းခဲ့တယ်။ ကျွန်မသာ သူနဲ့ တစ်လအဖော်ပြုပေးမယ်ဆိုရင် ကျွန်မတစ်ဘဝလုံး ပူပင်စရာမရှိစေရတော့ဘူးလို့ သူ အာမခံတယ်တဲ့”

“ငါက စွပ်စွဲခံရတာပါ”

ထန်ထိုက်ဝူတိသည် လေထဲတွင် မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်၏။

“ဒီအဘိုးကြီးက အသက်(၇၀)တောင်ပြည့်တော့မယ်... ဘယ်လိုလုပ် အဲ့လိုမကောင်းတဲ့အကြံမျိုး ရှိမှာလဲ။ ငါ့မှာ အဲ့လိုအကြံမျိုး ရှိတယ်ဆိုရင်တောင်... အဲ့လိုလုပ်ဖို့ အင်အားရှိပါဦးမလား။ အဲ့မျိုးမစစ် ထန်ထိုက်ယာက ငါ့ကို အကွက်ဆင်တာပဲ ဖြစ်ရမယ်။ ဒီက သခင်လေး... ငါ့ကို ခွင့်လွတ်ပေးပါ”

ရွှီး...

ထိုအခိုက်တွင် ရင်ပြင်ထဲ၌ ဧရာမတည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု လင်းလက်လာ၏။ အားလုံး၏ ကောင်းကင်စိတ်အာရုံများက ထိုနေရာသို့ ရောက်သွားကြသည်။ ထန်ထိုက်ဝူတိကလည်း တစ်ချက်ကြည့်လိုက်ပြီး ရုတ်ခြည်း ဝမ်းသာအားရ အော်ပြောလိုက်လေသည်။

“မျိုးနွယ်ခေါင်းဆောင်၊ အကြီးအကဲလောပင်း... ကျွန်တော့်အသက်ကို ကယ်ပါဦး၊ ပြီးတော့ အဲ့ပုန်ကန်တဲ့သူတွေကို သတ်ပစ်ပါ”

ထန်ထိုက်ဝူတိ ထိုသို့‌အော်မပြောလိုက်လျှင် ကောင်းပေလိမ့်မည်။ သို့သော် သူ အော်ပြောလိုက်ပြီဖြစ်၍ ကျန်းရီ ဒေါသထွက်သွားပေပြီ။ ထို့ကြောင့် သူ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“အဲ့ခွေးအိုကြီးကို သတ်”

***

All Chapters