← Chapters

အလံနက်စစ်တပ်

Vol. 64 Ch. 892

အလံနက်စစ်တပ်

Vol. 64 Ch. 892

လူဒါဇင်အနည်းငယ်သည် တည်နေရာပြောင်းရွှေ့အစီအရင်မှနေ၍ တည်နေရာပြောင်းရွှေ့လာကြ၏။ သူတို့ထဲတွင် ခမ်းနားစွာ ဝတ်ဆင်ထားပြီး အရှိန်အဝါကြီးသော အကြီးအကဲတစ်ယောက်ပါ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသူသည် အရေးပါသူတစ်ယောက်ဖြစ်ပြီး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။

ထိုအကြီးအကဲ၏ဘေးတွင် ပို၍ပင် အရှိန်အဝါကြီးသော အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်လည်း ပါလာ၏။ သူမကလည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ပညာရှင်ဖြစ်ကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ ထိပ်တန်းသို့ ရောက်နေခဲ့သည် ကြာပြီဖြစ်ကြောင်း သိနိုင်ပေသည်။ သူမသည် ခေါင်းမော့ရင်ကော့နေ၏။ သူမ၏အနောက်တွင် လူငါးဆယ်ပါပေသည်။ သူတို့ထဲမှ အားအနည်းဆုံးသူများသည်ပင် အဆင့်မြင့် ကောင်းကင်ဧကရာဇ်များဖြစ်ကြ၏။ ထို့ပြင် သူတို့ထဲတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဆယ်ပါး ပါပေသည်။

ထိုလူအုပ် ရောက်ရှိလာခြင်းက ထန်ထိုက်ဝူတိကို အလွန်ဝမ်းသာသွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲကတစ်ယောက်မှာ ထန်ထိုက်မျိုးနွယ်‌ခေါင်းဆောင် ဖြစ်နေ၍ပင်။ ထန်ထိုက်မျိုးနွယ်ခေါင်းဆောင် ထန်ထိုက်ဟုန်က ကြယ်လေးပွင့် ပညာရှင်ဖြစ်သည်။ သူ့ဘေးက အမျိုးသမီးမှာ ကောင်းကင်ဒေသ၏ လောမျိုးနွယ်မှ အကြီးအကဲဖြစ်ပေသည်။

လောမျိုးနွယ်မှာ ကောင်းကင်ဒေသ၏ အာဏာရှင်ဖြစ်သည်။ ထို့ကြောင့် လောမျိုးနွယ်၏ အကြီးအကဲများက သတ်ဖြတ်ခွင့်ရှိသော တမန်တော်များ ဖြစ်ကြသည်။ ထန်ထိုက်ဝူတိသည် စစ်ကူများ ရောက်ရှိလာမှုက ရူးသွပ်နေသော ကျန်းရီကို တုန်လှုပ်သွားစေလိမ့်မည်ဟု တွေးခဲ့၏။

သို့သော် ကျန်းရီက ချက်ချင်း အမိန့်ပေးလိုက်ပြီး အနက်ရောင် စစ်သံချပ်ကာ ဝတ်ဆင်ထားသော ပညာရှင်ရာကျော်က တုံ့ဆိုင်းမှုမရှိ တိုက်ခိုက်လိုက်လိမ့်မည်ဟုမူ ထန်ထိုက်ဝူတိ မျှော်လင့်မထားခဲ့ပေ။ ကျန်းရီ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ရာချီသော တိုက်ခိုက်မှုများ ပျံထွက်သွားကြ၏။ သူတို့သည် စစ်အမိန့်များကို နာခံပြီး အကျိုးဆက်ကို မတွေးဘဲ အရင်ဆုံး သတ်ဖြတ်တတ်သော သံသွေးစစ်တပ်တစ်တပ်ကဲ့သို့ပင်။

“အတင့်ရဲလိုက်တာ...”

ထန်ထိုက်မျိုးနွယ်ခေါင်းဆောင်သည် မျိုးနွယ်မှနေ၍ သတင်းလှမ်းပို့သည်ကို ရရှိလိုက်၍ အကြီးအကဲလောပင်းအား သူမ၏လူများကို ဦးဆောင်၍ ကောင်းကင်မီးတောက်မြို့သို့ သွားပေးရန် ချက်ချင်းတောင်းဆိုလိုက်ခြင်းပင်။ သို့သော် သူသည် တည်နေရာပြောင်းရွှေ့လာချင်းချင်း မြို့အရှင်ခြံဝန်းက ထိုသို့ပျက်စီးနေသည်ကို မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မြေပြင်တစ်ခုလုံးတွင်လည်း လက်ပြတ်၊ ခြေပြတ်များနှင့် ပြည့်နှက်နေ၏။ ထို့ပြင် ထိုလူသတ်သမားများသည် ယခု သူ့အရှေ့တွင်ပင် သတ်ဖြတ်ဝံ့နေသည်လော။

ထန်ထိုက်ဟုန် ချက်ချင်း ဒေါသထွက်သွား၏။ သူ၏ ဓားကွေးက တလက်လက်ဖြင့် ထွက်ပေါ်လာသည်။ ထိုဓားကွေးက သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသဖြင့် ဝိညာဉ်ချိတ်ဆက် မူလရတနာဖြစ်ကြောင်း ထင်ရှားပေသည်။ သူသည် သူ၏တောက်ပနေသောအတွင်းအားကို ကျန်းရီအပေါ်သို့ ပို့လွှတ်လိုက်၏။ ထို့နောက် သူသည် နတ်ဘုရားဒိုင်းကို ထုတ်ကာ လှုပ်ရှားရန် ဟန်ပြင်လိုက်လေသည်။

ဝုန်း...ဝုန်း...ဝုန်း...

သို့သော် ထန်ထိုက်ဟုန် မတိုက်ခိုက်ရသေးခင်မှာပင် ထန်ထိုက်ဝူတိကို ရာချီသော တိုက်ခိုက်မှုများက ထိမှန်သွားပေပြီ။ ထန်ထိုက်ဝူတိ၏ နတ်ဘုရားဒိုင်းက ချက်ချင်းပင် ပျက်စီးသွား၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် အမျိုးသမီးအသံတစ်သံ ပဲ့တင်ထပ်လာသည်။

“ထန်ထိုက်ဟုန် ရပ်လိုက်”

“အာ...”

ထန်ထိုက်မျိုးနွယ်‌ခေါင်းဆောင် မှင်တက်သွား၏။ တိုက်ခိုက်မှုကို ထုတ်လွှတ်ရန် ဟန်ပြင်နေသော သူ့လက်က ရပ်သွားသည်။ တိုက်ခိုက်တော့မည့် ထန်ထိုက်မျိုးနွယ်၏ အကြီးအကဲများကလည်း ရပ်တန့်လိုက်ကြသည်။

ထိုသို့ပြောလိုက်သူမှာ အကြီးအကဲလောပင်းပင်။ သူမ၏ စကားများက တော်ဝင်အမိန့်တော်ကဲ့သို့ဖြစ်၏။ မည်သူက လောမျိုးနွယ်မှ အကြီးအကဲတစ်ယောက်ကို ဆန့်ကျင်ဝံ့မည်နည်း။

“အကြီးအကဲလောပင်း...”

ထန်ထိုက်ဟုန်၏ နီမြန်းနေသော မျက်နှာတွင် ‌ဒေါသအရိပ်အယောင်များ လွှမ်းမိုးနေပေသည်။ သူသည် ကျန်းရီတို့ကို လက်ညှိုးထိုး၍ ဒေါသဖြင့် အော်ပြောလိုက်လေသည်။

“အကြီးအကဲလည်း မြင်လိုက်တယ်မလား။ ဒီလူသတ်သမားတွေက မညှာမတာ သတ်ဖြတ်နေကြတာ။ အဲ့ဒါက ဒေသအရှင်ကို စော်ကားတာပါပဲ။ ကျုပ်တို့ သူတို့ကို မသတ်ဘူးဆိုရင် ဘယ်လိုလုပ် လူတွေရဲ့ ဒေါသကို ဖြေဖျောက်ပေးနိုင်မှာလဲ။ ကျုပ်ရဲ့မျိုးနွယ်က သေသွားတဲ့ မျိုးနွယ်ဝင်တွေကရော ဘယ်လိုလုပ် ငြိမ်းငြိမ်းချမ်ချမ်း အနားယူနိုင်မှာလဲ”

“ထန်ထိုက်ဟုန် ဒီကိစ္စမှာ နားလည်မှုလွဲတာတွေ ရှိနေနိုင်တယ်။ မလောပါနဲ့”

အကြီးအကဲလောပင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူမသည် အလွန်အိုမင်းနေပြီဖြစ်သော်လည်း အသက်သုံးဆယ် သို့မဟုတ် လေးဆယ် အရွယ်လောက်သာ ရှိသေးသည်ဟု ထင်ရပြီး ဆွဲဆောင်မှု ရှိနေဆဲပင်။ သူမက ကျန်းရီဘေးရှိ အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော သိုင်းသမားများကို ညွှန်ပြကာ ပြောလိုက်သည်။

“အဲ့လူတွေက ဓားပြတွေ မဟုတ်ဘူး။ သူတို့က... အလံနက်စစ်တပ်ပဲ”

“အလံနက်စစ်တပ်လား”

ထန်ထိုက်ဟုန် မျက်မှောင်ကြုတ်သွား၏။ ကောင်းကင်ထဲရှိ ကောင်းကင်ဧကရာဇ်များလည်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ သူတို့သည် ဂရုတစိုက်ကြည့်လိုက်ကြရာ အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော သိုင်းသမားစစ်သားများ၏ ရင်ဘက်ပေါ်တွင် အနက်ရောင်အလံပုံစံ တံဆိပ်အသေးလေးတစ်ခုကို မြင်လိုက်ကြရလေသည်။ အားလုံး ချက်ချင်း ပင့်သက်ရှိုက်လိုက်ကြ၏။

“အလံနက်စစ်တပ်လား... ချီထျန်းချန်က တော်တော်လွန်တာပဲ။ ဒီနေ့ ကျုပ် ဒေသအရှင်ကို အပြစ်ပြုမိမယ်ဆိုရင်တောင် ချီထျန်းချန် ကျုပ်ကို ရှင်းပြချက်မပေးမချင်း ရပ်မှာ မဟုတ်ဘူး”

ထန်ထိုက်ဟုန်က ဒေါသတကြီး အော်လိုက်သည်။ သို့သော် သူ မတိုက်ခိုက်ဝံ့ပေ။ ကျန်းရီ စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်၏။ သို့သော် သူ အတန်ငယ် သံသယဖြစ်နေပေသည်။ ထိုအလံနက်စစ်တပ်က ထိုမျှ အင်အားကြီးသည်လော။ ထန်ထိုက်ဟုန်သည်ပင် မလှုပ်ရှားဝံ့သည်လော။ ထိုအကြီးအကဲလောပင်းကလည်း ရှိန်နေသည်လော။

ထန်ထိုက်ရှစ်နှင့် စုန့်ကျုံးတို့လည်း အံ့အားသင့်သွားကြသည်။ သူမတို့၏ မျက်ဝန်းများထဲတွင် မယုံနိုင်မှုများနှင့် ပြည့်နှက်သွား၏။ ကျန်းရီသည် ဂူစူနယ်မြေမှ မဟုတ်လော။ အဘယ်ကြောင့် သူက အလံနက်စစ်တပ်ကို အသုံးပြုနိုင်ရခြင်းနည်း။

အမှန်တွင်...

ကျန်းရီသည်လည်း အလံနက်စစ်တပ်ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော ထိုပညာရှင်များက မည်သည့်နေရာက ရောက်ရှိလာကြောင်းကိုပင် သူမသိချေ။ လွန်ခဲ့သော တစ်နာရီက သူသည် ကောင်းကင်မီးတောက်မြို့ကို ဗြောင်းဆန်သွားအောင်လုပ်ရန် ဆုံးဖြတ်လိုက်ပြီး အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားထံ အသံပို့လွှတ်ကာ လူအချို့ စုစည်းပေးရန် ခိုင်းလိုက်ခြင်းပင်။ ထိုပညာရှင်များက အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားက စေလွှတ်လိုက်သူများဖြစ်သည်။

အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားက သူတို့၏လူများသည် ကောင်းကင်ဒေသတွင် မြို့ကြီးတစ်မြို့ကို သိမ်းပိုက်ထားနိုင်သည်ဟုတော့ ပြောခဲ့ဖူး၏။ သူတို့သာ အလိုရှိလျှင် ကောင်းကင်ဒေသတွင် ကောင်းကင်ဧကရာဇ် သောင်းနှင့်ချီ၍ စုစည်းနိုင်ကြောင်း ပြောခဲ့သည်။ သူတို့သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် အပါးတစ်ရာကိုပင် စုစည်းနိုင်ပေလိမ့်မည်။

ကျန်းရီ အသံပို့လွှတ်လိုက်သောအခါ အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားက သူ့အထက်လူကြီးများထံသို့ ချက်ချင်း တင်ပြခဲ့၏။ သူတို့ ချက်ချင်းပင် ခွင့်ပြုချက် ရခဲ့သည်။ ခွင့်ပြုချက်မှာ ကျန်းရီကို စိတ်ကြိုက်လုပ်ခွင့်ပြုခြင်းပင်။ တစ်စုံတစ်ယောက်က အကျိုးဆက်များကို တာဝန်ခံနိုင်မည်ဖြစ်၍ သူတို့ ကောင်းကင်မီးတောက်မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်လိုက်လျှင်လည်း ရပေသည်။

ကျန်းရီသည် ခွင့်ပြုချက်ရပြီးပြီဖြစ်၍ တွန့်ဆုတ်မနေတော့ဘဲ ထန်ထိုက်ရှစ်ကို ထန်ထိုက်မျိုးနွယ်သို့ ခေါ်လာကာ ရှင်းပြချက်တစ်ခု တောင်းခဲ့ခြင်းဖြစ်၏။ သို့သော် ရှင်းပြချက် မရသေးခင်မှာပင် ဟွာမျိုးနွယ်ခေါင်းဆောင်က တိုက်ခိုက်ခဲ့သည်။ ကျန်းရီသည် ပေါက်ကရများအတွက် အချိန်အကုန်မခံနိုင်၍ သတ်ဖြတ်ရန် အမိန့်ပေးလိုက်ခြင်းပင်။

“အလံနက်စစ်တပ်ကို ဦးဆောင်နေတာ ဘယ်သူလဲ။ လူလုံးထွက်ပြစမ်း...”

အကြီးအကဲလောပင်းက ရှင်းလင်းစွာ အော်ပြောလိုက်သည်။ ထို့ကြောင့် ကျန်းရီ အတွေးပြတ်သွား၏။ အလံနက်စစ်တပ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးက အရှေ့သို့ လျှောက်သွားပြီး လက်ဆုပ်ကာ ပြောလိုက်သည်။

“ချီထျန်းယွီ အကြီးအကဲလောပင်းကို နှုတ်ခွန်းဆက်ပါတယ်”

“အန်...”

အကြီးအကဲလောပင်းသည် အလံနက်စစ်တပ်မှ တပ်မှူး၏အပြုအမူကို အလွန်သဘောကျသွားသည်။ သို့သော် သူမ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ဘာလို့ မင်းတို့က ကောင်းကင်မီးတောက်မြို့ကို ကျူးကျော်ပြီး သတ်ဖြတ်နေရတာလဲ။ ပဋိပက္ခမှန်သမျှကို ကောင်းကင်ဒေသမြို့ရဲ့ တရားခွင်မှာ ရှင်းရမယ်လို့ ဒေသအရှင်က အမိန့်ထုတ်ထားတယ်မလား။ ပြီးတော့ ကောင်းကင်ဒေသမှာ တိုက်ခိုက်တာတွေကို တားမြစ်ထားတယ်လေ။ မင်းတို့က တော်တော်ရဲတင်းတာပဲ။ မင်းတို့မျိုးနွယ် ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရမှာကို မင်းတို့ မကြောက်ဘူးလား”

“ကျွန်တော်တို့မှာ အပြစ်ရှိပါတယ်”

အလံနက်စစ်တပ်၏ တပ်မှူးက လက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။ သူ့အနောက်မှ လူရာကျော်ကလည်း ဦးညွှတ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး တောင်းပန်လိုက်သည်။ ထို့နောက်တွင် ချီထျန်းယွီက အလေးအနက် ပြောလိုက်လေသည်။

“မျိုးနွယ်ခေါင်းဆောင်က ပြောပါတယ်... ဒီကိစ္စပြီးသွားရင် ကောင်းကင်ဒေသမြို့ကိုလာပြီး ခွင့်လွှတ်မှု လာတောင်းခံပါမယ်တဲ့။ အခု မျိုးနွယ်ခေါင်းဆောင်က လောမျိုးနွယ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမမှာ ရောက်နေပြီး ကိုယ်တိုင် ခွင့်လွှတ်မှုတောင်ခံနေပါပြီ”

လောပင်းနှင့် အခြားသူများ မျက်လုံးပင့်လိုက်ကြ၏။ ထိုအလံနက်စစ်တပ်က အမှန်ပင် ရမ်းကားပေသည်။ သူသည် သိသိရက်နှင့် စည်းမျဉ်းများကို ချိုးဖောက်နေခြင်းဖြစ်ပြီး သတ်ဖြတ်ရာတွင်လည်း မျက်တောင်တစ်ချက် မခတ်ကြချေ။ ထို့ပြင် သူတို့သည် သူတို့အပြစ်ကို သူတို့သိ၏။ ထို့ကြောင့် သူတို့ စိတ်ကြိုက်လုပ်ပြီးမှ အပြစ်ကိုခံယူမည်ဟု ပြောနေသကဲ့သို့ပင်။ မည်သို့ပင်ဖြစ်စေ သူတို့က သတ်ဖြတ်ပြီးနေပြီဖြစ်သည်။

“ဒီအလံနက်စစ်တပ်ရဲ့ ခေါင်းဆောင်ရဲ့ အကျင့်စရိုက်က တော်တော်ထူးခြားတာပဲ။ အခွင့်အရေးရရင် ငါ သူနဲ့သိကျွမ်းအောင် လုပ်ရမယ်”

ကျန်းရီ စိတ်ထဲမှ ပြုံးလိုက်၏။ အခြေအနေကို ကြည့်ရသည်မှာ အလံနက်စစ်တပ်၏ ခေါင်းဆောင်က ခွင့်လွှတ်မှုတောင်းခံရန် သွားခြင်းမဟုတ်ဘဲ အကြံအစည်အချို့ကြောင့် သွားခြင်းဖြစ်ရပေမည်။ ထို့ပြင် ချီမျိုးနွယ်၏ ကျောထောက်နောက်ခံက ထန်ထိုက်မျိုးနွယ်၏ ကျောထောက်နောက်ခံထက် ပိုအင်အားကြီးကြောင်း ထင်ရှား၏။ သို့သော် သူတို့၏အင်အားက မည်မျှရှိကြောင်းကိုမူ မသိရပေ။ မဟုတ်လျှင် ထိုထန်ထိုက်ဟုန်သည် စိတ်ကောက်နေသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ဤနေရာတွင် ရူးသွပ်စွာ ရပ်နေပြီမဟုတ်ချေ။

အကြီးအကဲလောပင်းသည်လည်း ရွေးချယ်စရာ မရှိတော့သဖြင့် ခါးသက်သက်ပြုံးကာ ပြောလိုက်ရသည်။

“ကောင်းပြီ... ဒီကိစ္စကို စည်းကမ်းထိန်းသိမ်းရေးခန်းမက ဆုံးဖြတ်ပေးလိမ့်မယ်။ အားလုံး သွားကြတော့။ ထန်ထိုက်ဟုန်... လောမျိုးနွယ်က ရှင့်ကို ရှင်းပြချက် ပေးပါလိမ့်မယ်”

“ထန်ထိုက်မျိုးနွယ်က နှစ်သောင်းနဲ့ချီအောင် လောမျိုးနွယ်အတွက် သစ္စာရှိရှိ အမှုထမ်းခဲ့တာပါ။ လောမျိုးနွယ်က ကျုပ်တို့မျိုးနွယ်အတွက် တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်မလားခင်ဗျာ”

ထန်ထိုက်ဟုန်သည် မည်းမှောင်သောမျက်နှာထားဖြင့် လောပင်းကို ဦးညွှတ်ကာ ပြောလိုက်၏။ ကျန်းရီသည် ကိစ္စများ ပြီးဆုံးသွားပြီဖြစ်ကြောင်း မြင်လိုက်သောအခါ လက်ဝှေ့ယမ်း၍ ပြောလိုက်၏။

“သွားကြစို့.... အလံနက်မြို့ကို ပြန်ကြမယ်”

ဝှစ်...ဝှစ်...

ရင်ပြင်ထောင့်မှနေ၍ အလံနက်စစ်သားအနည်းငယ် လျင်မြန်စွာ ထွက်လာကြသည်။ သူတို့သည် ကလေးနှစ်ယောက်ကို ချီထားကြ၏။ ထိုကလေးနှစ်ယောက်မှာ ရှောင်ယွီနှင့် ရှောင်ထျန်းတို့ပင်။ ရှောင်ယွီသည် ထန်ထိုက်ရှစ်နှင့် ကျန်းရီကို မြင်သောအခါ ကျယ်လောင်စွာ အော်ခေါ်လိုက်၏။

“မေမေ၊ ဦးဦး...”

“အန်...”

ထန်ထိုက်ဟုန်သည် ရှောင်ထျန်းနှင့် ရှောင်ယွီတို့ကို ကြည့်လိုက်ပြီး ထန်ထိုက်ရှစ်ကို ဆက်ကြည့်လိုက်သည်။ ကျန်းရီသည် သူမတို့ကို ခေါ်ကာ မြို့မြောက်ဘက်သို့ ထွက်သွားရန် ဟန်ပြင်နေသည်ကို တွေ့လိုက်သောအခါ သူ ထပ်မံ၍ ဒေါသူပုန်ထသွား၏။

“မင်းက ငါ့မျိုးနွယ်ဝင်တွေကို သတ်ပြီးတော့ ငါ့ချွေးမနဲ့ မြေးလေးတွေကိုပါ ခေါ်သွားချင်နေတယ်ပေါ့လေ။ ဒီနေ့ မင်း ငါတို့မျိုးနွယ်ကလူတစ်ယောက်ယောက်ကို ခေါ်သွားဝံ့ရင် ငါ အသက်စွန့်ချင်စွန့်ရပါစေ မင်းတို့အကုန်လုံးကို တိုက်ခိုက်မယ်။ ကောင်းကင်မီးတောက်စစ်တပ်... ငါ့အမိန့်ကို နာခံကြ။ တိုက်ခိုက်ဖို့ ပြင်ဆင်...”

“ချွေးမ... မြေး...”

ကျန်းရီက မည်သို့မှ မပြောဘဲ ရပ်တန့်လိုက်၏။ သို့သော် ထန်ထိုက်ရှစ်က စစ်ရထားလုံးထွက်ကာ ဒေါသဖြင့် ပြောလိုက်သည်။

“ယောက္ခမကြီး... ဒါက ကျွန်မ ရှင့်ကို ယောက္ခမလို့ နောက်ဆုံးအကြိမ် ခေါ်တာပဲ။ ကျွန်မ ရှင့်ကို မေးချင်တယ်။ ကျွန်မရဲ့ယောက်ျား အနှိမ်ခံနေခဲ့ရတုန်းက ရှင်ဘယ်ရောက်နေလဲ။ ထန်ထိုက်ယာက ဓားပြတွေနဲ့ပေါင်းပြီး ကျွန်မယောက်ျားကို အပြစ်သားပင်လယ်မှာ သတ်ခဲ့တုန်းက ရှင် ဘယ်ရောက်နေခဲ့လဲ။ ကျွန်မတို့ သားအမိတွေ အပြစ်သားပင်လယ်က ဓားပြတွေရဲ့ လိုက်ဖမ်းတာကို ခံနေရတုန်းက ရှင် ဘယ်ရောက်နေလဲ။ ကျွန်မတို့က ဒုက္ခမျိုးစုံကို ဖြတ်ကျော်ပြီး မြို့ကို ပြန်လာခဲ့ရတာ။ ဒါပေမဲ့ ကျွန်မ ပြန်ရောက်ရောက်ချင်း ညမှာပဲ ထန်ထိုက်ယာက ကျွန်မအခန်းထဲကို ဝင်ပြီး ကျွန်မကို စော်ကားဖို့ ကြိုးစားခဲ့တုန်းက ရှင် ဘယ်ရောက်နေခဲ့လဲ...”

“ထန်ထိုက်ယာက ရှင့်ရဲ့သားပဲ။ ဒါပေမဲ့ ကျွန်မယောက်ျားကရော ရှင့်ရဲ့သားပဲ မဟုတ်ဘူးလား။ အရင်တုန်းက ရှင် ရှောင်ထျန်းနဲ့ ရှောင်ယွီတို့ကို တစ်ချက်တောင် ကြည့်ခဲ့ရဲ့လား။ ဒီနေ့ကစပြီး ကျွန်မတို့ သားအမိတွေက ထန်ထိုက်မျိုးနွယ်နဲ့ ဘာမှမဆိုင်တော့ဘူး။ ရှင်က ရှောင်ထျန်းနဲ့ ရှောင်ယွီတို့ရဲ့ အဘိုးဖြစ်ဖို့ မထိုက်တန်ဘူး”

“မင်း...”

ထန်ထိုက်ဟုန်သည် ဒေါသကြောင့် တဆတ်ဆတ်တုန်နေ၏။ သူ၏ အရှိန်အဝါက အလွန်ပြင်းထန်နေပေသည်။ သို့သော် ကျန်းရီက အေးစက်စွာ ပြောလိုက်၏။

“အလံနက်စစ်တပ်... ငါ့အမိန့်ကို နာခံကြ။ ငါတို့ မြို့မြောက်ဘက်ဂိတ်တံခါးကနေ ထွက်မယ်။ တားတဲ့သူမှန်သမျှကို သတ်ပစ်။ ထွက်ခွာကြ...”

ချီထျန်းယွီက အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုကို ထုတ်လိုက်၏။ ထို့နောက် သူ ထန်ထိုက်ဟုန်ကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

“အကြီးအကဲလောပင်း... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ အလံနက်စစ်တပ်က စစ်မိန့်တွေကိုပဲ နာခံပါတယ်။ အရှင်ရွှယ်ရဲ့ အမိန့်တွေက စစ်မိန့်တွေပဲလို့ မျိုးနွယ်ခေါင်းဆောင်က ကျွန်တော်တို့ကို ပြောထားပါတယ်။ အလံနက်စစ်တပ် နေရာယူ... ထွက်ခွာ...”

ချီထျန်းယွီက အမိန့်ပေးလိုက်ရာ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ငါးပါးက လမ်းရှင်းရန် အရှေ့ဆုံးတွင် နေရာယူလိုက်ကြသည်။ အခြား အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးက ထန်ထိုက်ဟုန်နှင့် ထန်ထိုက်မျိုးနွယ်မှ အကြီးအကဲများကို စောင့်ကြည့်နေသည်။ ကျန်စစ်သားများကမူ နတ်ဘုရားဒိုင်းများထုတ်၍ ကျန်းရီ၊ ထန်ထိုက်ရှစ်နှင့် အခြားသူများကို ဝန်းရံကာ မြို့မြောက်ဘက်သို့ စတင်ထွက်ခွာလိုက်ကြလေသည်။

***

All Chapters