← Chapters

ငါ မင်းကိုသတ်မယ်

Vol. 64 Ch. 893

ငါ မင်းကိုသတ်မယ်

Vol. 64 Ch. 893

ထန်ထိုက်ဟုန် မတိုက်ခိုက်ခဲ့ပေ။ သူ မတိုက်ခိုက်ခဲ့ခြင်းမှာ ချီထျန်းယွီတို့ကို ကြောက်၍ မဟုတ်ပေ။ မြို့ထဲရှိ ကောင်းကင်ဧကရာဇ်များက အလံနက်စစ်တပ်၏ လူငါးရာကျော်လောက်ကို ယှဉ်နိုင်လောက်ပေသည်။ ပြဿနာမှာ တိုက်ပွဲပြီးသွား‌နောက်တွင် ဖြစ်၏။

ချီမျိုးနွယ်က ကောင်းကင်ဒေသရှိ ထိပ်တန်းမျိုးနွယ်ဆယ်ခုထဲမှ ဖြစ်သည်။ ချီမျိုးနွယ်က ကြီးမားသလို သူတို့၏စီးပွားရေးလုပ်ငန်းများကလည်း ကြီးမား၏။ ထို့ကြောင့် ချီမျိုးနွယ်က စွန့်စားနိုင်သော်လည်း ထန်ထိုက်မျိုးနွယ်က မစွန့်စားနိုင်ပေ။ အလံနက်စစ်တပ်မှ စစ်သားငါးရာ သေသွားလျှင်လည်း ချီမျိုးနွယ်အတွက် မပြောပလောက်ပေ။ သို့သော် ယနေ့တွင် ထန်ထိုက်မျိုးနွယ်မှ မျိုးနွယ်ဝင်များစွာ သေဆုံးခဲ့ပြီဖြစ်သည်။ မျိုးနွယ်ဝင်များ ထပ်၍ သေသွားပါက ကောင်းကင်မီးတောက်မြို့၏ အုပ်ချုပ်သူ ပြောင်းလဲသွားပေလိမ့်မည်။

အစောက ထန်ထိုက်ဝူတိ သေဆုံးသွားချိန်ကပင် ထန်ထိုက်ဟုန် မလှုပ်ရှားခဲ့ချေ။ လက်ရှိအခြေအနေတွင် မုဆိုးမတစ်ယောက်နှင့် သူ မချစ်သော မြေးနှစ်ယောက်အတွက်ကြောင့် သူ စွန့်စားမည် မဟုတ်ပေ။

ကျန်းရီက အထက်ပါအတိုင်း တွေးခဲ့သည်။ ချီမျိုးနွယ်၏အင်အားက ကြီးလွန်းပေသည်။ ထို့ပြင် သူတို့၏ ကျောထောက်နောက်ခံကလည်း အင်အားကြီး၏။ ထန်ထိုက်မျိုးနွယ်၏ ကျောထောက်နောက်ခံမှာ လောမျိုးနွယ်မှ အကြီးအကဲနှစ်ယောက်သာဖြစ်ပြီး ချီမျိုးနွယ်၏ ကျောထောက်နောက်ခံမှာ နတ်ဘုရားတစ်ပိုင်းအဆင့် မဟာအကြီးအကဲတစ်ယောက် ဖြစ်သည်။ သူတို့ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ကျန်းရီတို့သည် ဝန်းရံမှုကို အလွယ်တကူ ဖောက်ထွက်ကာ မြို့မြောက်ဘက်ဂိတ်တံခါးဆီသို့ သွားလိုက်ကြသည်။ ချီထျန်းယွီက ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို ထုတ်ကာ ကျန်းရီတို့ကို တက်စေလိုက်၏။ ထိုကောင်းကင်ကံကြမ္မာသင်္ဘောက ထန်မျိုးနွယ်၏သင်္ဘောလောက် မကြီးသော်လည်း အတော်လေး ကောင်းမွန်၏။ ၎င်း၏အမြန်နှုန်းက အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်၏ အမြန်နှုန်းနှင့် တူညီပေသည်။

ထန်ထိုက်ရှစ်သည် စုန့်ကျုံးနှင့် ကလေးနှစ်ယောက်ကို သင်္ဘောအခန်းထဲသို့ ခေါ်သွား၏။ သူမသည် နောင်တွင် ကျန်းရီနောက်သို့ လိုက်ရမည်လော၊ ချီမျိုးနွယ်တွင်ပဲ နေခဲ့ရမည်လောကို ဝေခွဲမရဖြစ်နေသည်။ သို့သော် ထိုရွေးချယ်မှုများက ထန်ထိုက်မျိုးနွယ်တွင် ဆက်နေခြင်းထက်တော့ ပိုကောင်းပေသည်။

အကယ်၍ ထန်ထိုက်ရှစ်သာ ထန်ထိုက်မျိုးနွယ်တွင် ဆက်နေလျှင် ထန်ထိုက်ယာက သူမကို ပြည့်တန်ဆာတစ်ယောက်ကဲ့သို့ ဆက်ဆံမည်ဖြစ်သည်။ သူမသည် ထန်ထိုက်ဝူတိကဲ့သို့ အဘိုးကြီးများ၏ စော်ကားခြင်းကိုပင် ခံရနိုင်သည်။ သူမ၏ ကလေးနှစ်ယောက်ကလည်း တရားမဝင်ကလေးများကဲ့သို့ ဆက်ဆံခံရပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သူမ သေသွားသည်ကမှ ပိုကောင်းမည်ဖြစ်သည်။

ထန်ထိုက်ရှစ်သည် ကျန်းရီ၏ နည်းလမ်းများနှင့် စွမ်းရည်ကို လုံးဝအထင်ကြီးနေပေပြီ။

ကျန်းရီသည် အလွန်သန်မာရုံသာမက ကြောက်မက်ဖွယ် စွမ်းဆောင်ရည်များကိုလည်း ပိုင်ဆိုင်ထားပေသည်။ သူသည် အလံနက်စစ်တပ်မှ စစ်သားငါးရာကျော်ကို အလွယ်တကူ ဆင့်ခေါ်နိုင်၏။ ထိုစစ်သားငါးရာကျော်က သူ့အမိန့်များကို တုံ့ဆိုင်းမှုမရှိ နာခံကြသည်။ ထန်ထိုက်ဝူတိကဲ့သို့သော မည်သည့်အခါတွင်မှ ရန်မစသင့်ဟု သူမ မှတ်ယူထားသူတစ်ယောက်ပင် အလွယ်လေး သတ်ဖြတ်ခံလိုက်ရလေသည်။ ထို့ပြင် သူမတို့သည် ပွန်းပဲ့ရာတစ်ချက်ပင် မရလိုက်ဘဲ ထွက်လာနိုင်ခဲ့ပေသည်။

ထန်ထိုက်ရှစ် အံ့အားအဆင့်ဆုံးအရာမှ ကျန်းရီ၏အသက်အရွယ်ပင်။ သူမသည် ကျန်းရီနှင့် အချိန်အတိုင်းအတာတစ်ခုကြာအောင် အတူနေခဲ့ရသဖြင့် ကျန်းရီက အလွန်ငယ်ကြောင်း ခံစားမိပေသည်။ သူမသည် ဉာဏ်ကောင်းသူဖြစ်သဖြင့် ဖြစ်နိုင်ခြေများစွာကို တွေးမိ၏။ ကျန်းရီက အပြစ်သားကျွန်းမှ ဖြစ်နိုင်သည်ဟုပင် သူမ တွေးမိခဲ့သည်။ သို့သော်... ထိုသို့ဖြစ်နေလျှင်လည်း ဘာအရေးနည်း။

ထန်ထိုက်ရှစ်သည် ကျန်းရီက မိစ္ဆာမျိုးနွယ်မှ ဖြစ်နေမည်ဆိုလျှင်ပင် စိတ်မရှိပေ။ သူမသည် ထိုလူက သူမ၏ကျေးဇူးရှင်ဖြစ်ကြောင်း၊ လူကောင်းတစ်ယောက်ဖြစ်ကြောင်းကိုသာ သိ၏။ မဟုတ်လျှင် သူသည် အဘယ်သို့ သူစိမ်းတစ်‌ယောက်အတွက်ကြောင့် ထန်ထိုက်မျိုးနွယ်နှင့် စစ်ပွဲတစ်ပွဲ စမည်နည်း။ သူသာ လူကောင်းတစ်ယောက် မဟုတ်လျှင် အဘယ်သို့ ကလေးတစ်ယောက်၏ တောင်းဆိုမှုကြောင့် သူမတို့ကို မိုင်သန်းနှင့်ချီ လိုက်ပို့ပေးမည်နည်း။ အကယ်၍ သူသာ လူကောင်းတစ်ယောက် မဟုတ်ပါက သူမ မြူဆွယ်တိုင်း အဘယ်သို့ သူမကို ငြင်းဆန်ခဲ့မည်နည်း။

ကျန်းရီသည် သူမတို့ထံမှ ဘာမှပြန်မတောင်းဆိုဘဲ စေတနာသန့်သန့်ဖြင့် ကူညီခဲ့ခြင်းဖြစ်၏။ သူသည် မတရားမှုကို မြင်၍ ကူညီခဲ့ခြင်းသာ။ ထန်ထိုက်ရှစ်သည် ဤရက်စက်သောလောကကြီးထဲတွင် မကောင်းသောလူများစွာနှင့် မနှစ်မြို့ဖွယ်အရာများစွာကို မြင်ခဲ့ဖူးပြီးဖြစ်သည်။ ကျန်းရီသည် အပေါ်ယံတွင် အရေးမစိုက်ပုံပေါ်သော်လည်း နှလုံးသားနူးညံ့သူတစ်ယောက်ဖြစ်ကြောင်း သူမ မြင်နိုင်ပေသည်။ သူမသည် လူသားမျိုးနွယ်၏ အလှပဆုံးအပိုင်းကို မြင်ခဲ့ရ၍ လူသားဆန်မှုနှင့် နွေးထွေးမှုကို ခံစားခဲ့ရလေသည်။

ထို့ကြောင့် ထန်ထိုက်ရှစ်သည် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ ရောက်ပြီးနောက် မည်သို့မှ မပြောခဲ့ခြင်းပင်။ သူမသည် စုန့်ကျုံးကိုလည်း ကျန်းရီနှင့်ပတ်သတ်သော အကြောင်းများကို သေရမည်ဆိုလျှင်ပင် အခြားသူများကို ထုတ်မပြောရန် မှာထား၏။ စုန့်ကျုံးက သူမ၏ ဝိညာဉ်ကျွန်ဖြစ်၍ သူမ၏အမိန့်များကို မည်သည့်အခါတွင်မှ ဆန့်ကျင်မည် မဟုတ်ပေ။

ကျန်းရီသည် ထန်ထိုက်ရှစ်တို့ကို နေရာချထားပေးပြီးနောက်တွင် ကုန်းပတ်ပေါ်သို့ တက်ခဲ့၏။ ကောင်းကင်ကံကြမ္မာသင်္ဘောက မြောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းနေပြီး အလံနက်စစ်တပ်က ကုန်းပတ်ပေါ်တွင် အတန်းလိုက်စီတန်း ရပ်နေကြသည်။ သူတို့သည် ကျန်းရီကို မြင်သောအခါ အတန်ငယ်သာ ဦးညွှတ်လိုက်ပြီး မည်သည့်စကားမှ မပြောကြပေ။ သူတို့သည် အလွန်စည်းကမ်းရှိသော သံသွေးစစ်တပ်ပင်။

ကျန်းရီက ချီထျန်းယွီထံ လျှောက်သွားလိုက်သည်။ ချီထျန်းယွီက ကျန်းရီကို မြင်သောအခါ ဦးညွှတ်၍ နှုတ်ဆက်လိုက်၏။

“ချီထျန်းယွီ သခင်လေးကို နှုတ်ခွန်းဆက်ပါတယ်”

“စကားပြောလို့ အဆင်ပြေရဲ့လား”

ကျန်းရီက မျက်ခုံးပင့်၍ နူးညံ့စွာ မေးလိုက်သည်။ ချီထျန်းယွီက ခေါင်းညိတ်ပြကာ အခန်းတစ်ခန်းကို ညွှန်ပြလိုက်၏။

“သခင်လေး ကြွပါ...”

ကျန်းရီက အခန်းဆီသို့ လျှောက်သွားလိုက်သည်။ ချီထျန်းယွီသည်လည်း စစ်သားများကို ညွှန်ကြားချက် အနည်းငယ်ပေးပြီးနောက် အခန်းထဲသို့ လျင်မြန်စွာ လိုက်လာ၏။ ထို့နောက် ချီထျန်းယွီသည် အကာအရံကို နှိုးလိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်သည်။

“သခင်လေး... အမိန့်ပေးပါ”

“ကျွန်တော်တို့က အလံနက်မြို့ကို ဦးတည်နေတာလား။ အဲ့ကိုရောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ”

ကျန်းရီက စိတ်ဝင်တစား မေးလိုက်သည်။ ထို့နောက် သူ တွေးတောကာ ဆက်ပြောလိုက်၏။

“ခင်ဗျား ကျွန်တော် ဘယ်သူဆိုတာကို သိလား”

“သခင်လေးရဲ့ မေးခွန်းတွေကို ဖြေရမယ်ဆိုရင်...”

ချီထျန်းယွီက အလေးအနက် ပြန်ပြောလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်တော်တို့က အလံနက်မြို့ကို ဦးတည်သွားနေတာပါ။ အဲ့ကိုရောက်ဖို့ ဆယ်ရက်လိုပါလိမ့်မယ်။ သခင်လေးက ဘယ်သူဆိုတာက‌တော့ မျိုးနွယ်ခေါင်းဆောင်ကလွဲပြီး တခြားဘယ်သူမှ သိရဖို့ အဆင့်မမီပါဘူး။ သခင်လေးရဲ့ အမိန့်တွေက သူ့ရဲ့အမိန့်တွေပဲလို့ မျိုးနွယ်ခေါင်းဆောင်က ပြောထားပါတယ်”

“အို့...”

ကျန်းရီသည် အရိပ်ဧကရာဇ်၏ အကွက်စေ့မှုကို အလွန်လေးစားသွားသည်။ အရိပ်ဧကရာဇ်သည် မျိုးနွယ်ကြီးတစ်ခုကို အမှန်ပင် နောက်ကွယ်မှ ကြိုးကိုင်နေလေသည်။ ထို့ပြင် ထိုမျိုးနွယ်ကြီးက အကြွင်းမဲ့သစ္စာရှိပေသည်။ ထိုကဲ့သို့သော မျိုးနွယ်ကြီးတစ်ခုက သူ့ကို ထောက်ပံ့ပေးနေလျှင် အရှေ့ဘက် တော်ဝင်နယ်မြေမှ သတင်းအချက်အလက်များကို စုံစမ်းရန် သူ့အတွက် လွယ်ကူသွားပေလိမ့်မည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောနေပြီးနောက် ဆက်ပြောလိုက်၏။

“ခင်ဗျားတို့မျိုးနွယ်ရဲ့ အခြေအနေကို ကျွန်တော့်ကို ပြောပြပါ”

ကျန်းရီသည် ထန်ထိုက်ရှစ်နှင့် ကလေးနှစ်ယောက်ကို ခေါ်လာခဲ့ပြီဖြစ်၍ သူမတို့အတွက် လုံခြုံသောနေရာတစ်နေရာ စီစဉ်ပေးရမည်ဖြစ်သည်။ အကယ်၍ ချီမျိုးနွယ်၏ အခြေအနေက ကောင်းလျှင် သူသည် သူမတို့ကို ချီမျိုးနွယ်တွင် နေနိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်။ သူသည် သူမတို့ကို ထိုမျှသာ ကူညီပေးနိုင်၏။ နောက်တွင် သူက ထန်ထိုက်ရှစ်နှင့် ကလေးနှစ်ယောက်ကို ဂရုစိုက်နိုင်တော့မည် မဟုတ်ပေ။ သူသည် ဤတစ်ခေါက် ကောင်းကင်ဒေသမှ ထွက်သွားပြီးလျှင် ဤနေရာသို့ ထပ်လာနိုင်တော့မည် မဟုတ်ချေ။

ချီထျန်းယွီက စတင်၍ အသေးစိတ် ပြောပြ၏။

“ချီမျိုးနွယ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သောင်းတုန်းက စတင်တည်ထောင်ခဲ့တာပါ။ ချီမျိုးနွယ်က လောမျိုးနွယ် ကောင်းကင်ဒေသကို သိမ်းပိုက်နိုင်အောင် ကူညီပေးခဲ့တဲ့ ထိပ်တန်းမျိုးနွယ်ဆယ်ခုထဲက တစ်ခုပေါ့။ လက်ရှိမှာလည်း ကျွန်တော်တို့က ကောင်းကင်ဒေသရဲ့ ထိပ်တန်းမျိုးနွယ်ဆယ်ခုထဲမှာ ရှိနေတုန်းပါပဲ။ လောမျိုးနွယ် မပြိုလဲသေးသ၍ ကျွန်တော်တို့ ချီမျိုးနွယ်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ကလည်း နတ်ဘုရားတစ်ပိုင်းအဆင့်မှာ ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အင်အားက ကြယ်ခြောက်ပွင့်အဆင့်ပဲ ရှိသေးတယ်။ ကျွန်တော်တို့မျိုးနွယ်မှာ ကြယ်ငါးပွင့် ပညာရှင် အယောက်တစ်ရှာ ရှိပြီးတော့ ကြယ်လေးပွင့် ပညာရှင်ကတော့...”

ချီထျန်ယွီက ချီမျိုးနွယ်၏ အကြောင်းအသေးစိတ်ကို တစ်နာရီကြာအောင် ပြောပြ၏။ သူ မပြောပြသည့် တစ်ခုတည်းသောအရာမှာ မျိုးနွယ်ခေါင်းဆောင် ချီထျန်းချန်တွင် ကိုယ်လုပ်တော် မည်မျှရှိသည်၊ ရင်းနှီးသောမိတ်ဆွေ မည်မျှရှိသည်တို့ပင်။

ကျန်းရီ အတန်ငယ် ခေါင်းညိတ်လိုက်၏။ သူသည် ထန်ထိုက်ရှစ်နှင့် ကလေးနှစ်ယောက်ကို ချီမျိုးနွယ်တွင် ထားခဲ့ရန် လုံးဝစိတ်ချသွားသည်။ သူက အရိပ်ဧကရာဇ်နှင့် ပတ်သတ်မှုရှိ၍ ထန်ထိုက်ရှစ်တို့သည် ချီမျိုးနွယ်တွင် ဒုက္ခခံရမည် မဟုတ်ပေ။

တစ်စုံတစ်ခုကို စပြီးလျှင် ဆုံးသည်အထိ လုပ်ရပေမည်။ သူသည် တစ်စုံတစ်ယောက်ကို ကူညီပေးခဲ့မိပြီဖြစ်၍ အဆုံးထိ ကူညီရပေလိမ့်မည်။ ထိုမှသာ သူ လိပ်ပြာလုံမည်ဖြစ်သည်။

ကျန်းရီ ပြောစရာရှိသည်များကို ပြောပြီးသွားပြီဖြစ်၍ ထရပ်လိုက်ပြီး သူ့အခန်းသို့ ပြန်ရန် ဟန်ပြင်လိုက်၏။ သို့သော် သူ တံခါးဝသို့ ရောက်သောအခါ ကိစ္စတစ်ခုကို အမှတ်ရလိုက်၍ ရုတ်တရက် စိတ်ဝင်တစား ထပ်မေးလိုက်လေသည်။

“တပ်မှူးချီ... ခင်ဗျား ပင်လယ်မှာ ဘာဖြစ်နေလဲဆိုတာကို သိလား”

“ပင်လယ်လား...”

ချီထျန်းယွီသည် နားမလည်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ ခေတ္တမျှတွေးပြီးမှ သူ သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။

သခင်လေးက အဆုံးမဲ့ပင်လယ်နက်ကို ပြောချင်တာထင်တယ်။ ကျွန်တော်က အဲ့ပင်လယ်အကြောင်းကို နည်းနည်းပဲ သိတာပါ။ သခင်လေး မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့မျိုးနွယ်က အဆုံးမဲ့ပင်လယ်နက်အပေါ် လုံးဝသစ္စာရှိပါတယ်။ အဆုံးမဲ့ပင်လယ်နက်ရဲ့ အကူအညီကိုသာ မရခဲ့ရင် ချီမျိုးနွယ်က ကျန့်မျိုးနွယ် ဖျက်ဆီးတာကို အရင်ကတည်းက ခံခဲ့ရလောက်ပါပြီ...”

“ပြီးတေ့ ကျွန်တော်တို့က အဆုံးမဲ့ပင်လယ်နက်နဲ့ သဘောတူညီချက်တစ်ခုလည်း ရယူထားပါတယ်။ မိစ္ဆာမျိုးနွယ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ ရှင်းပစ်တာကို မခံရအောင် ကျွန်တော်တို့က အစွမ်းကုန် ကြိုးစားပေးမှာပါ... မိစ္ဆာမျိုးနွယ်ရဲ့ အသေးအမွှား ကိစ္စလေးတွေကိုလည်း အစွမ်းကုန် ဆောင်ရွက်ပေးမှာပါ။ ဒါပေမဲ့ တကယ်လို့ မိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ်နဲ့ စစ်ပွဲစခဲ့ရင်တော့ ကျွန်တော်တို့က လူသားမျိုးနွယ်ဘက်ကပဲ ရပ်တည်မှာပါ။ ကျွန်တော်တို့က လူသားတွေမဟုတ်လား။ အဲ့ဒါက ကျွန်တော်တို့ ချီမျိုးနွယ်ရဲ့ ပထမမျိုးနွယ်စည်းမျဉ်းပါပဲ”

“ကောင်းပါပြီ...”

ကျန်းရီ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူနှင့် အဆုံးမဲ့ပင်လယ်နက်ကြားမှ ဆက်ဆံရေးကလည်း အတော်လေးကောင်းမွန်ပေသည်။ သို့သော် အကယ်၍ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ် စစ်ဖြစ်လျှင်မူ သူက သေချာပေါက် လူသားမျိုးနွယ်ဘက်မှ ရပ်တည်မည်ဖြစ်သည်။ ထိုစစ်ပွဲက ကိုယ်ရေးကိုယ်တာ စစ်ပွဲမျိုးမဟုတ်ဘဲ လူသားမျိုးနွယ် အနာဂတ်နှင့် သက်ဆိုင်သော စစ်ပွဲပင်။ သူသည် ကျန်းရီမဖြစ်လာခင်ကတည်းက လူသားတစ်ယောက်ဖြစ်ခဲ့သည် မဟုတ်ပါလား။

“ဟားဟား... ငါက အတွေးလွန်နေတာပဲ”

ကျန်းရီသည် အခန်းထဲမှ ထွက်လာပြီးနောက် အဝေးရှိ လှပသော မြစ်နှင့် တောင်တန်းများကို ကြည့်ကာ ခါးသက်သက် ပြုံးလိုက်လေသည်။ လက်ရှိ မိစ္ဆာမျိုးနွယ်၏ အင်အားက အလွန်အားနည်းနေပေ‌သေးသည်။ သူတို့သည် လူသားမျိုးနွယ်၏ ရှင်းပစ်ခြင်း မခံရသည်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်သည်။ အနည်းဆုံး နောက်နှစ်ပေါင်းသောင်းကျော် ကြာသည်အထိ မိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ်ကို တိုက်ခိုက်နိုင်လိမ့်ဦးမည် မဟုတ်ချေ။ သူ နှစ်တစ်သောင်းကျော် အသက်ရှင်နိုင်ပါမည်လော။ သေချာပေါက် ရှင်နိုင်မည် မဟုတ်။ ထို့ကြောင့် သူ့အနေဖြင့် ထိုကဲ့သို့သောကိစ္စများကို စိုးရိမ်နေစရာ မလိုပေ။ သူသည် သူလုပ်စရာရှိသည်ကိုသာ လုပ်ရပေမည်။

“ဗုဒ္ဓဒေသ...”

ကျန်းရီ အရှေ့မြောက်ဘက်သို့ ကြည့်လိုက်၏။ သူသည် ကြည်လင်သော ကောင်းကင်ကို ဖြတ်ကာ ဧရာမမြို့ကြီးတစ်မြို့ကို မြင်နေရ၏။ ကျီထင်ယွီနှင့် ဝူနီတို့က ‌ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို စီး၍ ဗုဒ္ဓဧကရာဇ်မြို့သို့သွားနေသည်ကိုလည်း သူ မြင်နေရသည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏မျက်ဝန်းများကလည်း အေးစက်သွားသည်။ ထို့နောက် သူ သတ်ဖြတ်အရှိန်အဝါဖြင့် ရေရွတ်လိုက်လေသည်။

“ကျီထင်ယွီ... ဒီတစ်ခေါက်တော့ ငါ မင်းကိုသတ်မယ်”

All Chapters