← Chapters

ပလ္လင်ထက်မှပုဂ္ဂိုလ်

Vol. 51 Ch. 715

ပလ္လင်ထက်မှပုဂ္ဂိုလ်

Vol. 51 Ch. 715

အခန်း (၇၁၅) ပလ္လင်ထက်မှပုဂ္ဂိုလ်

မိန်းကလေးငယ်၏ ရိုးရှင်းသောစိတ်ထားကိုနားလည်သဖြင့် ရန်ကျောက်ကဲက သူ့အင်္ကျီလက်ကိုဆွဲနေခြင်းအား ခွင့်ပြုလိုက်သည်။

ရှောင်အိုက်စကားကြောင့် ရန်ကျောက်ကဲက သူမလက်ညှိုးညွှန်ပြရာသို့ လှမ်းကြည့်လိုက်တော့ ပလ္လင်ထက်တွင် တောက်ပလိုက်မှေးမှိန်လိုက်ဖြစ်နေသော အလင်းရောင်ကို တွေ့မြင်ရသည်။

ရန်ကျောက်ကဲက မလှုပ်ရှားဘဲ ပလ္လင်ထက်သို့ မော့ကြည့်ရင်း...

“ရှောင်အိုက်... ယိုးမင်ဧကရာဇ်ရဲ့ ဂူဗိမာန်ခန်းမဆောင်ထဲက ကျောက်ခေါင်းတလားမှာ ဘာလို့ ရုပ်အလောင်းမရှိတော့တာလဲ ၊ အဲဒီအကြောင်း မင်းသိလား”

ရှောင်အိုက်က ခေါင်းညိတ်ရင်း...

“ဟုတ် သိပါတယ်”

သူမက ပလ္လင်ရှိရာသို့ ဆက်လက်ညွှန်ပြရင်း ဆက်ပြောသည်။

“ယိုးမင်ဧကရာဇ်က အဲဒီနေရာမှာပဲ”

ရန်ကျောက်ကဲက အံ့အားသင့်စွာဖြင့် ရှောင်အိုက်ကိုကြည့်ရင်း...

“သူ မသေသေးတာလား ၊ ဒါမှမဟုတ် သေရာက ပြန်ရှင်လာတာလား”

ရှောင်အိုက်က ခေါင်းခါယမ်းရင်း...

“သခင်မလေးပြောတာတော့ ယိုးမင်ဧကရာဇ်က တကယ်သေဆုံးသွားပြီတဲ့ ၊ ဒါပေမဲ့ သူ အသက်ရှင်ချိန်တုန်းက ယန္တရားအချို့ကို တိတ်တဆိတ်ပြုလုပ်ခဲ့ပြီး သူသေဆုံးတဲ့အချိန်မှာ ထုံးတမ်းပွဲတော်တစ်ခုကို အသက်သွင်းခဲ့တယ်”

သူမက ဆက်ပြောသည်။

“အဲဒါကြောင့် သူ့ရဲ့ရုပ်အလောင်းက ဂူဗိမာန်ခန်းမထဲကထွက်ခွာသွားပြီး ထုံးတမ်းပွဲတော်စီရင်ထားတဲ့ ပလ္လင်ထက်ကို ရောက်လာပြီး ထုံးတမ်းပဲတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ် ၊ အရင်တုန်းက သခင်မလေးက သေသေချာချာမပြောသွားတော့ ဒီအစေခံလည်း အဲဒီအကြောင်းတွေကို သိပ်နားမလည်ဘူး”

ထိုစကားများကြားတော့ ရန်ကျောက်ကဲက မျက်လုံးများကို အနည်းငယ်မှေးစင်းရင်း...

“အဲဒီလိုလား...”

ရှောင်အိုက်က ဆက်ရှင်းပြသည်။

"အဲဒီတုန်းက သခင်မလေးက ပလ္လင်ပေါ်ကိုတက်ကြည့်သေးတယ် ၊ ထုံးတမ်းပွဲတော်ပြီးဖို့ အချိန်တစ်ခုလိုသေးတယ်လို့ပြောပြီး အဲဒီနေရာကိုသွားမထိဖို့ ဒီအစေခံကိုမှာခဲ့တယ် ၊ ဒါပေမဲ့ ပလ္လင်ပေါ်မှာ အခုလိုမျိုး လင်းလိုက်မှောင်လိုက် စည်းချက်ညီညီဖြစ်နေပြီဆိုရင် ဒါက ထုံးတမ်းပွဲတော် ပြီးမြောက်ပြီဆိုတဲ့ လက္ခဏာပဲတဲ့”

ရှောင်အိုက်က ခဏနားပြီးမှ ဆက်ပြောသည်။

“ထုံးတမ်းပွဲတောင်ပြီးမြောက်အောင် အရှိန်မြှင့်ပေးခဲ့တယ်လို့ သခင်မလေးက ကျွန်မကိုပြောတယ် ၊ ဒါပေမဲ့ သူက ဒီ ဂူဗိမာန်ထဲမှာ အကြာကြီးနေလို့ အဆင်မပြေဘူးတဲ့ ၊ ဒါကြောင့် ဒီအစေခံကို ဒဏ်ရာသက်သာတဲ့အထိ ဒီမှာနေဖို့ စီစဉ်ပေးခဲ့ပြီး အဆင်ပြေတဲ့အခါမှ ပြန်လာနှိုးမယ်လို့ ပြောခဲ့တယ်”

ထို့နောက် မိန်းကလေးငယ်က ရန်ကျောက်ကဲကိုကြည့်ရင်း ပြုံးရယ်လိုက်ပြီး...

“သခင်မလေးပြန်မလာခင် သခင်လေးရောက်လာမယ်လို့ ဘယ်သူထင်မှာလဲ”

ရန်ကျောက်ကဲ...

“မင်း ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ”

ရှောင်အိုက်က အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားဟန်ဖြင့်...

“ယိုးမင်ဂူဗိမာန်ရဲ့အချိန်စီးဆင်းမှုက ပရမ်းပတာဖြစ်နေတော့ ဒီအစေခံလည်း ဘယ်လောက်ကြာပြီလဲ မသိပါဘူး ၊ နှစ်နည်းနည်းလောက်တော့ ကြာပြီထင်တယ်”

သူမက စဉ်းစားရင်းဆက်ပြောသည်။

“သခင်မလေးပြောတာတော့... ကျွန်မဒဏ်ရာက တစ်နှစ်အတွင်း ပြန်နေကောင်းလာမှာတဲ့ ၊ နောက်ပိုင်းနှစ်တွေမှာတော့ အိပ်ပျော်နေမယ်လို့ ပြောခဲ့တယ်”

ရန်ကျောက်ကဲက နှုတ်ခမ်းကိုပွတ်သပ်ရင်း...

“အင်း... မင်း အသက်ငယ်ငယ်လေးဖြစ်နေတာမဆန်းပါဘူး ၊ ဒါပေမဲ့ မင်းဘဝရဲ့ ကောင်းမွန်တဲ့အချိန်တွေကို အိပ်ပျော်ရင်း ဖြုန်းတီးနေခဲ့တာပေါ့”

ရှောင်အိုက်က ခေါင်းတွင်တွင်ခါယမ်းရင်း...

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ဒီလိုရတနာပုံကြီးထဲမှာအိပ်ရတာ... ဒီထက်ပျော်စရာကောင်းတဲ့အချိန် မရှိနိုင်တော့ပါဘူး”

သူမက ရန်ကျောက်ကဲနှင့် စိတ်အားထက်သန်စွာ စကားပြောဆိုနေသဖြင့် ရတနာပုံကြီးကို ခဏမေ့နေခြင်း ဖြစ်သည်။

ယခုတော့ ရှောင်အိုက်မှာ တောင်ငယ်တစ်လုံးပမာ စုပုံနေသော အဖိုးတန်ရတနာများကို တစ်ချက်စူးစမ်းလိုက်ရင်း စိတ်လှုပ်ရှားမှုကို ထိန်းမရတော့ပေ။ သူမက ရန်ကျောက်ကဲရှေ့တွင် ရိုင်းစိုင်းသည့်ပုံမပေါ်ချင်သောကြောင့်သာ ငြိမ်နေခြင်းဖြစ်ပြီး မဟုတ်ပါက ရတနာပုံကြီးထက်သို့ ပြေးတက်သွားမည် ဖြစ်သည်။

ရန်ကျောက်ကဲ သူမကို လှမ်းကြည့်လိုက်သည်။

ဒီကလေးမကတော့ ခပ်ချောချောယောကျ်ားလေးတွေကို သဘောကျရုံသမာက ရတနာပစ္စည်းတွေကိုလည်း သဘောကျတတ်သည်ပဲ။

ရန်ကျောက်ကဲပြုံးလျှက် ခေါင်းခါယမ်းရင်း တိတ်တဆိတ်အတွေးနှင့်အတူ ပလ္လင်ထက်သို့ လှမ်းကြည့်လိုက်သည်။

ရှောင်အိုက်က တောင်ငယ်တစ်လုံးပမာ စုပုံနေသည့် ရတနာပစ္စည်းများကိုကြည့်ရင်း မကျေမနပ်ဖြင့် တစ်ချက်နေရာရွှေ့ရင်း တံတွေးမျိုချလိုက်သည်။

“သခင်လေး အဲဒီပေါ်ကို ကျွန်မတို့တက်လို့ရမလား”

ရန်ကျောက်ကဲက ရှေ့သို့လှမ်းသွားရင်း...

“ဘာလို့မရရမှာလဲ...”

သူ့စကားကြားတော့ ရှောင်အိုက် ရွှင်မြူးသွားပြီး  ရန်ကျောက်ကဲနောက် အမြန်လိုက်သွားသည်။

ရန်ကျောက်ကဲက လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"မင်းမှာ နာမည်အပြည့်အစုံ မရှိဘူးလား”

“ဒီအစေခံရဲ့နာမည်က ရှောင်အိုက်ပါပဲ”

သူမက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။

“ဒီအစေခံရဲ့ မိဘတွေက ငယ်ငယ်ကတည်းက ဆုံးပါးသွားတာ ၊ ဘာမျိုးနွယ်မှန်းတောင် မသိခဲ့ရပါဘူး ၊ ပထမတော့ ကျွန်မနာမည်က ရှောင်အိုင်းလို့ခေါ်တယ် ၊ ‘ဝမ်းနည်းခြင်း’ လို့အဓိပ္ပါယ်ရတဲ့ ‘အိုင်း’ စာလုံးပေါ့ ၊ ဒါပေမဲ့ သခင်မလေးနဲ့တွေ့တော့ သူက ကျွန်မကို ရှောင်အိုက်လို့နာမည်ပြောင်းပေးလိုက်တယ် ၊ ‘ချစ်ခြင်းမေတ္တာ’ လို့ အဓိပ္ပါယ်ရတဲ့ ‘အိုက်’ စာလုံးပေါ့”

“တကယ်တော့ ဒီအစေခံက သခင်မလေးရဲ့ မျိုးနွယ်ကိုယူချင်ခဲ့တာ ၊ ဒါပေမဲ့ သခင်မလေးက သခင်ကြီးနဲ့လက်ထပ်ပြီးပြီဖြစ်လို့ သူက ‘ရန်’ မျိုးနွယ်ဖြစ်သွားပြီလို့ပြောတယ် ၊ သူ့နာမည်က ရန်-ရွှယ်ချူးချင်တဲ့ ၊ ဒီတော့... ကျွန်မနာမည်ကို ရန်ရှောင်အိုက်လို့ ခေါ်လို့ရမလားဟင်”

စကားဆုံးသွားတော့ မိန်းကလေးငယ်က ရန်ကျောက်ကဲကို မဝံ့မရဲတစ်ချက်ခိုးကြည့်ရင်း...

“သခင်လေး... ၊ သခင်လေးနဲ့ သခင်ကြီးက အဲဒါကို မကန့်ကွက်ဘူးမဟုတ်လား”

ရန်ကျောက်ကဲက ပြုံးရင်း...

“အင်း... မကန့်ကွက်ပါဘူး ၊ အဖေကလည်း သဘောတူမှာပါ”

ထိုစကားကြားတော့ ရှောင်အိုက်က ဝမ်းသာအားရ ရယ်မောလိုက်သည်။

နောက်ဆုံးတော့ ရန်ကျောက်ကဲ ပလ္လင်ရှေ့သို့ ရောက်ရှိလာသည်။ တစ်ချိန်တည်းမှာပင် ပလ္လင်က ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၏။

ပလ္လင်ထက်မှအလင်းတန်းက တဖြည်းဖြည်းသိပ်သည်းလာပြီး မာန်မာအပြည့်ဖြင့် မြင့်မားစွာမတ်တတ်ရပ်နေသော ပုံရိပ်တစ်ခုက လေထုထဲတွင် ထွက်ပေါ်လာသည်။ ထိုပုဂ္ဂိုလ်၏ တုန်လှုပ်ဖွယ်ရာ စွမ်းအားရောင်ဝါက မိုးမြေတစ်ခွင်လုံးသို့ လွှမ်းခြုံသွားသည်။

ထိုခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံးမှ အလင်းရောင်များအားလုံး ပျောက်ကွယ်သွားပြီး တစ်လောကလုံး မှောင်မိုက်သွားသည်။

အတန်ကြာပြီးနောက်...

အဆုံးမရှိ အမှောင်ထုကြားတွင် အလင်းတန်းတစ်ခု ရုတ်တရက် တောက်ပလာသည်။

အလင်းတန်းနှင့်အတူ တွေ့မြင်လိုက်ရသော အသွင်အပြင်က လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ထိတ်လန့်တုန်လှုပ်စေပြီး အလင်းနှင့်အမှောင်ကြားမှ တန်ခိုးကြီးမားသော နတ်ဘုရားတစ်ပါးကို ဝတ်ပြုကိုးကွယ်ရသကဲ့သို့ ခံစားရသည်။

ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သဏ္ဌန်မရှိသောနယ်ခြားတစ်ခုနှင့် ဆင်တူပြီး တတစ်ခြမ်းက အလင်းရောင်များတောက်ပနေကာ ကျန်တစ်ခြမ်းကတော့ မှေးမှိန်မှောက်မိုက်နေပြီး တွေ့မြင်ရန်ပင် ခက်ခဲသည်။ သို့သော် သေသေချာချာ ကြည့်မည်ဆိုလျှင် ထိုသူ၏ရုပ်ခန္ဓာတစ်ခုလုံးအား မှိန်ဖျော့သည့်အလွှာတစ်ခုနှင့် ဖုံးကွယ်ထားပြီး အလင်းကင်းမဲ့လျှက် မှုံဝါးနေသည်။

ထိုသူ၏ပုံရိပ်နောက်ကွယ်တွင် ပရမ်းပမတာအခြေအနေအချို့ကို ဖုံးကွယ်ထားဟန်တူသည်။

ထိုသူ၏ရုပ်သွင်က ပုံရိပ်ယောင်မျှသာဖြစ်သော်လည်း ထိတ်လန့်တန်ုလှုပ်ဖွယ်ရာ တန်ခိုးစွမ်းအားရောင်ဝါက တစ်လောကလုံးအား တုန်လှုပ်သွားစေနိုင်စွမ်း ရှိသည်။

ကျောက်သားတံခါးနောက်ကွယ်မှ သီးခြားနယ်မြေသာမက ကျောက်သားတံခါးအပြင်ဘက်ရှိ ယိုးမင်ဂူဗိမာန်တစ်ခုလုံး တုန်လှုပ်သွားပြီး လူတိုင်း၏စိတ်အာရုံများ လှုပ်ခတ်သွားသည်။ မည်သို့သောကျင့်ကြံခြင်းအဆင့်ရှိပါစေ ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများအားလုံး အချိန်အတိုင်းအတာတစ်ခုအထိ တုန်လှုပ်ထိတ်လန့်သွားကြသည်။

ရန်ကျောက်ကဲက ပလ္လင်ထက်မှ ထိုလူရိပ်ကို စူးစိုက်ကြည့်နေသည်။

ထိုလူရိပ်ကလည်း သူ့အားစူးစူးစိုက်စိုက် ကြည့်နေသလို ခံစားရသည်။

ထိုသူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အဖြူရောင်ဝတ်ရုံကို ခြုံလွှမ်းထားသော လူရွယ်တစ်ယောက်ဖြစ်သည်။ ရှည်လျားသော အနက်ရောင်ဆံနွယ်များက ကျောပြင်ထက်ဖြာကျနေပြီး သူ၏မျက်ခုံးမွှေးများကတော့ အဖြူရောင်အတိ ဖြစ်၏။

ထိုသူ၏ အဖြူနှင့်အနက် မျက်ဝန်းများက အလွန်တရာ ထူးခြားပြီး သိသာထင်ရှားသည်။

မျက်သားအဖြူရောင်က အလွန်တရာဖြူစင်လွန်းသဖြင့် အလင်းရောင်များပင် ထွက်ပေါ်နေပြီး အနက်ရောင်မျက်ဆံကတော့ ချောက်နက်ကြီးတစ်ခုပမာ နက်ရှိုင်းလွန်းသည်။

အမှန်တော့ ထိုသူက မည်သူ့ကိုမှ ကြည့်နေခြင်းမရှိဘဲ နေရာမှာပင် ငြိမ်သက်စွာ မတ်တတ်ရပ်နေခြင်း ဖြစ်၏။

သို့တိုင် ရန်ကျောက်ကဲနှင့် ရှောင်အိုက်တို့နှစ်ယောက်မှာ ထိုသူက သူတို့ကို စူးစိုက်ကြည့်နေသည့်ပမာ ခံစားကြရသည်။

ယိုးမင်ဂူဗိမာန်အတွင်း ရောက်ရှိနေကြသူများအားလုံးမှာလည်း အမည်မသိနေရာတစ်ခုမှ မျက်ဝန်းတစ်စုံပွင့်ဟလာပြီး သူတို့ကို စူးစိုက်ကြည့်နေသည့်အလား ယောင်ဝါးဝါး ခံစားမိကြသည်။

ပုံရိပ်တစ်ခုမျှသာဖြစ်သော်လည်း ထိုသူမည်သူဖြစ်ကြောင်း ရန်ကျောက်ကဲ တိကျစွာအတည်ပြုနိုင်ခဲ့၏။

ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’။

“ယင်ထျန်းရှ” ၏ ရုပ်သွင်ကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ရာကို ရန်ကျောက်ကဲ နားလည်သဘောပေါက်သွားသည်။

တစ်ချိန်က လောကတစ်ခွင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သော ဤ တန်ခိုးစွမ်းအားရှင်သည် အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

မဟုတ်ပါက ယနေ့ ယိုးမင်ဂူဗိမာန်အတွင်းမှ မည်သူမဆို ယင်ထျန်းရှ၏ ‘အကြည့်တစ်ချက်’ စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဟိုစဉ်တစ်ချိန်က ရန်ကျောက်ကဲအကြည့်တစ်ချက်ဖြင့် ယင်လျိုဟွား သေဆုံးသွားခြင်းနှင့် ဆင်တူသည်။

ယခု သူတို့၏ကျင့်ကြံခြင်းအဆင့်က ဧကရာဇ်’ယင်ထျန်းရှ’ နှင့် နှိုင်းယှဉ်မရအောင် ကွာခြားလွန်းသည်။ တစ်ဖက်လူ၏ တန်ခိုးစွမ်းအားက ယုတ္တိမရှိဟုထင်ရလောက်အောင် မြင့်မားလွန်၏။

သေဆုံးပြီးသည့်တိုင် သူ၏ ကြီးမားလှသောတန်ခိုးစွမ်းအားက လူတိုင်း၏ စိတ်ဝိညာဉ်ကို ခြိမ်းခြောက်နေဆဲ ဖြစ်သည်။

ရှောင်အိုက်မှာ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူဖြစ်သဖြင့် ခံနိုင်ရည် မရှိတော့ပေ။

သူမက ခပ်တိုးတိုးညည်းညူသံတစ်ချက်ပြုလိုက်ပြီး လက်ချောင်းမျးကိုဆန့်ထုတ်ကာ လေထုထဲတွင် အင်းသေင်္ကတတစ်ခု ရေးဆွဲလိုက်သည်။ အင်းသင်္ကေတက အဆက်မပြတ် ကျယ်ပြန့်လာပြီး အစီအရင်တစ်ခု ဖြည်းညင်းစွာ ဖြစ်တည်လာသည်။

အစီအရင်ထွက်ပေါ်လာသည်နှင့် ပလ္လင်ထက်ရှိ ယိုးမင်ဧကရာဇ်ရုပ်ပုံလွှာမှ ထွက်ပေါ်နေသောဖိအားများချက်ချင်း သက်သာသွားသည်။

ရှောင်အိုက်ရေးဆွဲလိုက်သည့်အစီအရင်က ခံစစ်အစီအရင်မဟုတ်ဘဲ ဆက်သွယ်ရာတွင် အဓိကအသုံးပြုသည့် အစီအရင် ဖြစ်၏။

ထိုခဏမှာပင် ပလ္လင်က ရန်ကျောက်ကဲနှင့် ရှောင်အိုက်တို့ကို ငြင်းပယ်ခြင်းမပြုတော့ဘဲ ‌ရှေ့ဆက်တက်ခွင့်ပေးလိုက်သည်။

ရှောင်အိုက်တည်ဆောက်လိုက်သော အစီအရင်ကိုကြည့်ရင်း ရန်ကျောက်ကဲသည်ပင် အတော်လေး ထိတ်လန့်သွားရသည်။

“အိုး.. အစီအရင်ပညာ ဘယ်လောက်တောင် ကျွမ်းကျင်လိုက်သလဲ ၊ တကယ်ဆိုရင် ဒီလိုအစီအရင်မျိုးက သူ့ရဲ့ကျင့်ကြံခြင်အဆင့်နဲ့ ထိန်းချုပ်နိုင်တဲ့အရာမဟုတ်ဘူး”

အတွေးနှင့်အတူ ရန်ကျောက်ကဲ လက်တစ်ဖက်ဆန့်တန်းလိုက်ပြီး ရှောင်အိုက်တည်ဆောက်ထားသော အစီအရင်ကို အနည်းငယ် ပြုပြင်ပေးလိုက်သည်။

ထိုအခါ အစီအရင်၏ သက်ရောက်မှုက ချက်ချင်းပင် သိသာထင်ရှားလာသည်။

တစ်ချိန်ထဲမှာပင် လေထုထဲမှ ယိုးမင်ဧကရာဇ်ပုံရိပ်က အလင်းတန်းများအသွင် ပြောင်းလဲသွားပြီး ပလ္လင်ထက်သို့ ဆင်းသက်လာလေ၏။

All Chapters