← Chapters

ထိပ်တန်းရတနာ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’

Vol. 51 Ch. 716

ထိပ်တန်းရတနာ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’

Vol. 51 Ch. 716

အခန်း (၇၁၆) ထိပ်တန်းရတနာ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’

ယိုးမင်ဧကရာဇ် ’ယင်ထျန်းရှ’ ၏ ပုံရိပ်က လေထဲတွင် လွင့်ပြယ်ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သို့တိုင် အသက်ရှူကျပ်စေလောက်သည့် ဖိအားများက ယိုးမင်ဂူဗိမာန်နေရာတိုင်းတွင် ဆက်လက်တည်ရှိနေသဖြင့် လူတိုင်း အသက်ရှူမဝသလို ခံစားနေကြရသည်။

သို့သော် ပလ္လင်ထက်တွင်ရှိနေပြီး အဖြစ်အပျက်များနှင့် အနီးဆုံးရှိနေသော ရန်ကျောက်ကဲနှင့် ရှောင်အိုက်တို့က သူတို့ထက် အခြေအနေပိုမိုသာလွန်သည်ဟု ဆိုရမည်။

အစီအရင်က ဤကိစ္စတွင် ကြီးမားသောအခန်းကဏ္ဍမှပါဝင်ခဲ့သည်။

အစီအရင်ထဲမှ သဘောတရားအယူအဆများကို စီစစ်ကြည့်သည့်အခါ အစီအရင်နှင့် ပလ္လင်ကတစ်သားတည်းပေါင်းစပ်နေပြီး တစ်ခုနှင်တစ်ခု ခွဲခြားမရကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။

သူ၏မိခင်က ထုံးတမ်းပွဲတော်ပြီးမြောက်ရန် အမြန်နှုန်းတိုးမြှင့်ပေးခဲ့သည်ဟု စောစောက ရှောင်အိုက်ပြောခဲ့သည် မဟုတ်လား။ ထို့ကြောင့် ဤအစီအရင်သည် ရွှယ်ချူးချင်၏လက်ရာဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။

“အရင်တုန်းက အမေ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ ထုံးတမ်းပွဲတော်ကို စွက်ဖက်ဖို့ဆိုတာ အစီအရင်ပညာ ကျွမ်းကျင်တာတစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူး”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထို့နောက် သူ့စိတ်ထဲ အတွေးတစ်ချက် လင်းလက်သွားသည်။

“ကြည့်ရတာ အမေက ယိုးမင်ဧကရာဇ် ဒါမှမဟုတ် ယိုးမင်ဂိုဏ်းရဲ့ အမွေအနှစ်တွေနဲ့ အရမ်းနီးစပ်တဲ့သူ ဖြစ်ရမယ် ၊ အမေ့ရဲ့ ဘိုးဘေးဆရာနဲ့ ယိုးမင်ဧကရာဇ်ရဲ့ ဆက်ဆံရေးက ရင်းနှီးတဲ့သူငယ်ချင်းအဆင့်လောက် မဟုတ်နိုင်ဘူး ၊ အဲဒီထက်ပိုမှာသေချာတယ်”

ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ကွယ်လွန်ပြီးနောက် သူ၏မိခင်နှင့် သူမ၏ဂိုဏ်းမှ အကြီးအကဲများက ဧကရာဇ်’ယင်ထျန်းရှ’ စီရင်ခဲ့သည့် ထုံးတမ်းပွဲတော်အကြောင်း ရှင်းရှင်းလင်းလင်းသိရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ဖြစ်နိုင်သည်မှာ ယင်ထျန်းရှကိုယ်တိုင်က သူသေဆုံးပြီးသည့်နောက် ထုံးတမ်းပွဲတော်ပြီးမြောက်ရန်အတွက် ကူညီပေးပါရန် တောင်းဆိုခဲ့ခြင်း ဖြစ်နိုင်၏။

ရွှယ်ချူးချင်က အကြီးအကဲများ၏ ညွှန်ကြားချက်ဖြင့် ယိုးမင်ဂူဗိမာန်သို့ အလွယ်တကူဝင်ရောက်ခဲ့ပြီး အတွင်းမှ ထုံးတမ်းပွဲတော်ကို အရှိန်မြှင့်တင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်နိုင်သည်။

ယိုးမင်ဂူဗိမာန်အပေါ် သူ့အမေ၏နားလည်မှုက ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းမှ တပည့်သားမြေးများထက် အဆပေါင်းများစွာ သာလွန်နေသည် မဟုတ်လား။

“ဧကရာဇ်’ယင်ထျန်းရှ’ က ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဖြစ်နိုင်တယ် ၊ ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့ အကြွင်းအကျန်ရတနာပစ္စည်းတွေကို ရဖို့အတွက် လူတိုင်းက ယိုးမင်ဂိုဏ်းနဲ့ ကွမ်းမင်ဂိုဏ်းကို စောင့်ကြည့်နေကြတာ ၊ သူတို့သာလှုပ်ရှားမယ်ဆိုရင် အလွယ်တကူသတင်းပေါက်ကြားသွားမှာပဲ”

ရန်ကျောက်ကဲတွေးလိုက်သည်။

“ဒါကြောင့် ဧကရာဇ်’ယင်ထျန်းရှ’ က လှည့်စားတဲ့အနေနဲ့ ဒီလိုအလုပ်မျိုးလုပ်ခဲ့တာနေမှာ”

ယင်ထျန်းရှနှင့် ရွှယ်ချူးချင်၏ ဘိုးဘေးဆရာသခင်ကြားမှ ခင်မင်မှုနှင့် ချည်နှောင်မှု မည်မျှနက်ရှိုင်းကြောင်း မသိရှိလျှင် ယင်ထျန်းရှကိုကူညီနေသူမှာ သူကိုယ်တိုင်၏ အဆက်အနွယ်မဟုတ်ဘဲ အခြားသူတစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။

ရန်ကျောက်ကဲကိုကြည့်ရင်း ရှောင်အိုက်က ချစ်ခင်လေးစားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“သခင်လေးက အစီအရင်ပညာလည်း အရမ်းတော်တယ်နော်”

သူမက ဆက်ပြောသည်။

“သခင်မလေးလည်း သိုင်းသူတော်စင်အဆင့် မရောက်သေးပေမယ့် အစီအရင်ပညာ အရမ်းတော်တယ် ၊ အခုတော့ သခင်လေးက သခင်မလေးထက်တောင်ပိုတော်နေသေးတယ်”

ရန်ကျောက်ကဲက...

“အတိအကျကြီးတော့ ပြောလို့မရပါဘူး”

ယိုးမင်ဧကရာဇ်၏ ထုံးတမ်းပွဲတော်ကို အရှိန်မြှင့်ပေးထားသည့် အစီအရင်ကိုကြည့်ခြင်းအားဖြင့် သူ၏မိခင် အစီအရင်ပညာ မည်မျှကျွမ်းကျင်ကြောင်း ရန်ကျောက်ကဲ နားလည်နိုင်သည်။ သူမ၏ အသိပညာနှင့် အတွေ့အကြုံများသာမက သူမကိုယ်တိုင်ကလည်း အစီအရင်ပညာကို ထိုးထွင်းသိမြင်နားလည်ရာတွင် ထူးချွန်သူတစ်ယောက် ဖြစ်သည်။

ယခင်တစ်ချိန်က ရွှယ်ချူးချင် အစီအရင်ပညာ မည်မျှကျွမ်းကျင်ကြောင်း ဖခင်ဖြစ်သူရန်တိက ပြောပြခဲ့သည်။ ယခုတော့ ရန်ကျောက်ကဲကိုယ်တိုင် မိခင်ဖြစ်သူ၏ အစီအရင်ပညာကို မြည်းစမ်းနိုင်ခဲ့ပြီး နက်နက်ရှိုင်းရှိုင်းပင် လေးစားလက်ခံခဲ့ရသည်။

ပြီးတော့...

ရန်ကျောက်ကဲက သူ့ဘေးမှ ရှောင်အိုက်ကိုလှည့်ကြည့်ရင်း ခေါင်းတစ်ချက်ညိတ်လိုက်သည်။

“ရှောင်အိုက်... မင်းလည်း အစီအရင်ပညာအရမ်းတော်တာပဲကိုး”

ရှောင်အိုက်က “ဟေး” ကနဲ အော်ဟစ်လိုက်ပြီး သူမလက်နှစ်ဖက်ဖြင့် မျက်နှာကိုဖုံးကွယ်လျှက် အပျော်လွန်သွားလေ၏။

“သခင်လေးက ဒီအစေခံကို ဒီလိုချီးကျူးစကားဆိုတော့ အရမ်းတွေ ပျော်နေပါပြီ ၊ ဒီအစေခံ လပေါ်မှာ ကနေရသလိုပဲ”

သူမခန္ဓာကိုယ်ကလည်း လှုပ်ယမ်းနေပြီး..

“သခင်မလေးရေ သခင်မလေး... ဒီနေ့တော့ ဒီအစေခံ ကံကောင်းတာပဲ”

သတိလစ်လဲကျလုမတတ် အပျော်လွန်နေသည့် မိန်းကလေးငယ်ကိုကြည့်ရင်း ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။

ထို့နောက် ရန်ကျောက်ကဲက ဇက်ပိုးတစ်ချက်အုပ်လိုက်မှ ကလေးမ ငြိမ်သက်သွားတော့၏။

သို့သော် မိန်းကလေးငယ်က ဟန်မူပိုခြင်းမဟုတ်ဘဲ သူ ချီးကျူးစကားဆိုလိုက်သည့်အတွက် အမှန်တကယ်ပင် အပျော်လွန်သွားခြင်းပင်။

ဒါကိုသိလိုက်တော့ ရန်ကျောက်ကဲမှာ ငိုရမလား ရယ်ရမလား မသိတော့ပေ။

အစီအရင်က ရန်ကျောက်ကဲနှင့် ရှောင်အိုက်တို့ကိုလွှမ်းခြုံသွားပြီးနောက် ရန်ကျောက်ကဲ ပလ္လင်ထက်သို့ ဆက်တက်သွားသည်။

ပလ္လင်ထက်သို့တက်လာစဉ် များပြားလှစွာသောမြင်ကွင်းများ သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

အမှောင်ထုလောကထဲတွင် ပထမဆုံးသော အလင်းရောင် မွေးဖွားလာသည်။ ထို့နောက် အချိန်ကာလများ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး အရာခပ်သိမ်း ဖန်ဆင်းခြင်းခံရသည်။

ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာများနှင့် အဆုံးမဲ့ကုန်းမြေများ ၊ အချိန်ကာလပြောင်းလဲခြင်းဖြစ်စဉ်များ ၊ ဘေးအန္တရယ်ကပ်ဆိုများက အချိန်စီးကြောင်းတစ်လျှောက် ထင်ရှားလာစေသည်။

ပလ္လင်ထက်သို့တက်ရသည့်ခရီးစဉ်က အချိန်ကာလ၏ ရှည်လျားသောမြစ်ရေကို ဖြတ်သန်းသွားလာရသည့်အလား ဖြစ်သည်။ ထူးခြားသည့် အလင်းနှင့်အမှောင်က တလှည့်စီဖြစ်ပေါ်နေပြီး အဖြူရောင်၏လင်းလက်တောက်ပမှုနှင့် အမှောင်ထု၏နက်ရှိုင်းခြင်းကို ပိုင်းခြားထားသော သဏ္ဌန်မဲ့ လမ်မထက်တွင် လမ်းလျှောက်နေရသည့်အလား ဖြစ်သည်။

ပလ္လင်အထက်ပိုင်းနှင့် ပိုပြီးနီးကပ်လာတော့ ဤသဏ္ဌန်မဲ့လမ်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ပလ္လင်ထက်တွင် တောက်ပနေသောအလင်းရောင်က အမြင့်သို့ရောက်လာလေ ပိုမိုမှေးမှိန်သွားသလို ရန်ကျောက်ကဲ ခံစားရသည်။

ဤသို့အငြင်းပွားမှုခံစားချက်က အရင်ကတည်းက တည်ရှိခဲ့ခြင်းပင်။

ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ၏ ပုံရိပ်ထွက်ပေါ်လာစဉ်က သူ၏ရုပ်သွင်သည် အလင်းတစ်ဝက် အမှောင်တစ်ဝက် ပေါင်းစပ်ထားပြီး တောက်ပခြင်းမရှိသော အလွှာတစ်ခုဖြင့် အလင်းမဲ့စွာ လွှမ်းခြုံခံထားရသည်။

ထို့ကြောင့် အလင်းနှင့်အမှောင်က ယင်ထျန်းရှတွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသလို ကွဲလဲမှုလည်းရှိနေပြီး ယုတ္တိမတန်သော ခံစားချက်များ ခံစားရစေသည်။ သို့တိုင် အစစစ်အမှန်နှင့် ပုံရိပ်ယောင် ယှဉ်တွဲနေသည့် ခံစားချက်မျိုးကို ပေးစွမ်းသည်။

ယခု ဤပလ္လင်ကလည်း ရန်ကျောက်ကဲကို အလားတူခံစားချက်မျိုး ဖြစ်ပေါ်စေသည်။

ပလ္လင်ထက်မှအလင်းရောင်က ဝေးကွာစဉ်တွင် ရှင်းလင်းစွာတောက်ပနေသည်ဟု ထင်မှတ်ရသော်လည်း နီးကပ်လာသည့်အခါ အမှောင်ထုဆီသို့ ဦးတည်သွားကြောင်း တွေ့ရှိရသည်။

နောက်ဆုံး ရန်ကျောက်ကဲ ပလ္လင်ထက်သို့ ရောက်ရှိသွားသည့်အခါ ထိုခံစားချက်က အထွတ်ထိပ်သို့ ရောက်ရှိသွား၏။

သူ့အရှေ့ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်တောက်ပနေသော်လည်း သူကိုယ်တိုင်က အမှောင်ထုထဲ မတ်တတ်ရပ်နေသလို ခံစားရသည်။ ဖြစ်စဉ်နှစ်ခုတွင် တစ်ခုက ပုံရိပ်ယောင် တစ်ခုက အစစ်အမှန်ဟု သံသယဝင်လာစေသည်။

ရန်ကျောက်ကဲမျက်ဝန်းများထဲတွင် ပရမ်းပတာ ပုံရိပ်တစ်ခု ယောင်ဝါးဝါးပေါ်လာသည်။

“တကယ်တော့ ဒီဖြစ်စဉ်နှစ်ခုလုံးက တကယ့်အစစ်အမှန်တွေချည်းပဲ ၊ ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ သဘောတရား အယူအဆတွေပဲ”

“ဧကရာဇ် ‘ယင်ထျန်းရှ’ က အရင်တုန်းက ဆရာ့ဆရာတွေကို ကျော်လွန်ပြီး လမ်းကြေင်းသစ်တစ်ခုဖွင့်လှစ်လျှောက်လှမ်းနိုင်ခဲ့တာပဲ ၊ သာမန်လူမဟုတ်တာတော့ အမှန်ပဲ”

ရန်ကျောက်ကဲမျက်ဝန်းများထဲမှ ပရမ်းပတာပုံရိပ် ပျောက်ကွယ်သွားပြီး ကျယ်ပြန့်သော မိုးမြေလောကတစ်ခု ထွက်ပေါ်လာသည်။

ထို မိုးမြေကမ္ဘာလောကက ချက်ချင်းပင် ပြောင်းပြန်လန်သွား၏။

ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာမှ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာသို့ ပြောင်းလဲသွားခြင်းပင်။ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာက ဆန့်ကျင်ဘက်အစွန်းနှစ်ခုဖြစ်သော တာအိုတရားကို ဝန်းရံထားသည်။

“အမှောင်ရဲ့အဆုံးမှာ အလင်းကိုမွေးဖွားစေပြီး အလင်းရဲ့အဆုံးမှာတော့ အမှောင်ကိုမွေးဖွားစေတယ် ၊ ရှေးဦးကာလ ပကတိအမှောင်ထုက သက်ရှိအားလုံးကို ဖွံ့ဖြိုးကြီးထါားစေပြီး အလင်းရောင်မွေးဖွားလာတဲ့အခါမှာ အရာအားလုံးက အမှောင်ရဲ့ရင်ခွင်ဆီ ပြန်လည်ခိုလှုံကြရတယ်”

ရန်ကျောက်ကဲ ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။

အဆုံးသတ်မှာတော့ ပလ္လင်ထက်တွင် တောက်ပနေသော တည်ရှိမှုတစ်ခု ထွက်ပေါ်လာသည်။

ထိုအရာက ကြီးမားသော သတ္တုဘီးကြီးတစ်ခု ဖြစ်၏။

ထိုသတ္တုဘီးကြီးတွင် မြောင်းစင်း (၁၂)ခုပါဝင်ပြီး ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ ထိုသတ္တုဘီးကြီး လှည့်ပတ်ခြင်းကြောင့် ပလ္လင်ထက်မှ အလင်းရောင်က အဆက်မပြတ် လင်းလိုက်မှောင်လိုက် ဖြစ်နေခြင်းပင်။

သတ္တုဘီး၏ မျက်နှာပြင်ထက်မှာတော့ ရိုးရှင်းသော်လည်း အလွန်တရာလေးနက်သော သင်္ကေတများ ၊ နက်နဲပြီး သဏ္ဌန်မသိနိုင်သော အခြေခံမူများ အမြောက်အမြား ရေးထွင်းထားသည်။

သတ္တုဘီးကိုအာရုံစိုက်လေ့လာပြီးနောက် ရန်ကျောက်ကဲ ဖြည်းဖြည်းချင်း သဘောပေါက်သွားသည်။

“ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ပဲ”

ရှေးယခင် ယိုးမင်ဂမ္ဘီရဂိုဏ်း၏ စွမ်းအားအမြင့်မားဆုံး သိုင်းပညာကို “ယိုးမင်ဂမ္ဘီရကျမ်း” ဟု လူသိများပြီး မဟာကပ်ဘေးကြီးမတိုင်ခင်က ထိပ်တန်းအဆင့်ပညာရပ်အဖြစ် ထင်ရှားခဲ့သည်။

ယခင်တစ်ချိန်က ထိုကျမ်းစာကို ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင်လည်း သိမ်းဆည်းမှတ်တမ်းတင်ထားခဲ့သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ယိုးမင်ဂမ္ဘီရဂိုဏ်းမှပညာရပ်များက ပျောက်ဆုံးသွားခြင်းမရှိဘဲ အပြည့်အဝ ထိန်းသိမ်းထားနိုင်ခဲ့သည်။

သို့သော် ယင်ထျန်းရှ ထင်ပေါ်ကျော်ကြားလာပြီးနောက် ဘိုးဘေးများ၏ ဂမ္ဘီရသိုင်းပညာကို ပြုပြင်မွမ်းမံကာ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ် ကို ဖန်တီးခြင်းဖြင့် ယိုးမင်ဂိုဏ်း၏ အခြေခံအုတ်မြစ်အား ပိုမိုကောင်းမွန်လာစေခဲ့သည်။ ဧကရာဇ် ‘ယင်ထျန်းရှ’ ကိုယ်တိုင် အမြင့်မားဆုံးအဆင့် တက်လှမ်းနိုင်ခဲ့သလို ယိုးမင်ဂမ္ဘီရဂိုဏ်းကိုလည်း အမြင့်မြတ်ဆုံး နေ့ရက်များဆီသို့ ပို့ဆောင်ပေးခဲ့သည်။

အမှန်တော့ ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းတို့၏ လက်ရှိသိုင်းပညာများမှာ ပြီးပြည့်စုံခြင်းမရှိသော ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်အပေါ်တွင် အခြေခံထားခြင်း ဖြစ်၏။

သတ္တုဘီးကြီးအပေါ်တွင် ရေးထွင်းထားသော သဘောတရားအယူအဆများက  ‘ယိုးမင်ဂမ္ဘီရကျမ်း’ ထက် သိသိသာသာ သာလွန်ကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။

ရန်ကျောက်ကဲက လက်ကိုဆန့်တန်းလိုက်ပြီး သတ္တုဘီးကြီးကို ထိလိုက်၏။

ထိုအခါ သတ္တုဘီးက ရုတ်တရက် လည်ပတ်ခြင်း ရပ်တန့်သွားသည်။

ထို့ကြောင့် သူ့ဘေးမှ ရှောင်အိုက်သည်လည်း သတ္တုဘီးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ဤသည်က ပထမဆုံးအြိမ် အစစ်အမှန်အသွင်အပြင်ကို တွေ့မြင်ရခြင်းဖြစ်သဖြင့် သူမမှာ မည်သို့မှမတတ်နိုင်စွာ ပါးစပ်အဟောင်းသားငေးကြည့်နေခဲ့သည်။

ထိုအချိန် ပြင်းထန်သောစွမ်းအားအရှိန်အဟုန်တစ်ခုက ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ထက် ဖြတ်ပြေးသွားသည်။

သူ့အရှေ့တွင် ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ၏ ပုံရိပ် ရုတ်ချည်းထွက်ပေါ်လာသည်။

သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တစ်လက်မမျှ အကွာအဝေးတွင် ရှိနေကြပြီး မျက်လုံးချင်း ဆုံမိကြသည်။

ထို့နောက်...

ရန်ကျောက်ကဲ၏စိတ်အာရုံထဲတွင် စကားလုံးအချို့ ပေါ်လာသည်။

“ယိုးမင်ဂမ္ဘီရစက်ဝန်း”

All Chapters