လက်ပြတ်ခြင်း
Vol. 002 Ch. 180
“ဝူချင်း...” ရီဖူရှင်း၏ အမူအရာ ပြောင်းလဲသွားသည်။ ရီဝူချင်းကား ဓမ္မအဆင့်လေးမျှသာ ရှိပြီး တစ်ဖက်လူကား ဓမ္မအဆင့် အမြင့်ဆုံးတွင် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးတွင် သဒ္ဓိဝင်ဓားကို ပိုင်ဆိုင်ကြသည်။ ရီဝူချင်းက နိုဘယ်စိတ်အသိကို ရရှိထားလျှင်ပင် တစ်ဖက်လူတွင်လည်း နိုဘယ်ကံစွမ်းအား ရှိပေသည်။ နှိုင်းယှဉ်လျှင် ရီဝူချင်းကား ရှုံးနိမ့်မည်မှာ သေချာနေသည်။ သို့သော်လည်း သူက တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်သွားသည်။ သူ အမှန်တကယ်ပင် ဤနေရာတွင် သေသွားနိုင်သည်။
“ရပ်စမ်း...” ရီဖူရှင်းက သိမ်းငှက်နက်ကြီးအား ရပ်ခိုင်းလိုက်သည်။
“မရပ်နဲ့... ဆက်သွား...” ယူချင်းက အော်ဟစ်လိုက်သည်။ ရီဝူချင်း ထွက်သွားသော ဘက်ကို ကြည့်လျက် သူ၏ မျက်လုံးများလည်း နီရဲနေသည်။ သူ့အတွက်မူ ရီဖူရှင်း၏ အသက်မှာ အရာအားလုံး ဖြစ်သည်။ ယူချင်းက သူ့အသက်ကိုလည်း ရီဖူရှင်းအတွက် စတေးရန် ဝန်လေးမည် မဟုတ်ပေ။ ထိုမြေရိုင်းမြို့မှ လူများတွင် နိုဘယ်ကံစွမ်းအားနှင့် နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းများ ရှိသည်။ သူတို့တိုက်ခိုက်၍ မရပေ။
သိမ်းငှက်နက်ကြီးက ပထမဆုံးအကြိမ် ရီဖူရှင်း၏ အမိန့်ကို သွေဖည်လျက် ကျယ်လောင်စွာ အော်ဟစ်ကာ ရှေ့ကို လျင်မြန်စွာ ပျံသန်းသွားသည်။ ရီဖူရှင်း၏ မျက်လုံးများ ခြင်းခြင်းနီရဲလာသည်။ ဤမြင်ကွင်းကား အလွန် ရင်းနှီးလှသည်။ သူက နောက်ထပ် မှော်စာလိပ်များကို အဆက်မပြတ် ထုတ်သုံးကာ သိမ်းငှက်နက်၏ အလျင်အား မြှင့်တင်သည်။ ထိုမှသာလျှင်သူတို့က လို့လန်နန်းတော်ကို ရောက်ရှိကာ အကူအညီ တောင်းနိုင်မည် ဖြစ်သည်။ ရှေးဟောင်းနယ်မြေက ပျက်စီးသွားပြီး ဖြစ်သည်။ နန်းတော်မှ စွမ်းအားမြင့်တန်ခိုးရှင်များ နောက်ထပ် လာနေသည်ဟု လို့လန်ရွှီက ပြောသည်။ ရီဖူရှင်းက သူတို့ကို လျင်မြန်စွာ ရှာရပေမည်။
မကြာမီ ရီဝူချင်းက ထိုမြေရိုင်းမြို့မှလူ နီးကပ်လာသည်ကို မြင်ရသည်။ သူ၏ နိုဘယ်အသိအား အသုံးပြုလိုက်လျှင် နိုဘယ်အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံးကို ဓားစွမ်းအင်များ ပျံ့နှံ့သွားကာ ထိုအရာများက သဒ္ဓိဝင်ဓားထံသို့ တိုးဝင်သွားသည်။ အလားတူ သူ၏ ခန္ဓာကလည်း ဓားတစ်လက်အလား ပြောင်းလဲသွားသည်ဟု ခံစားရသည်။ ထို့နောက် သူက ဓားနှင့် တစ်သားတည်း ဖြစ်သွားသည်။
လီတောင်ယွန်က ရှေ့မှ ရီဝူချင်းကို ကြည့်လိုက်သည်။ သူ မျက်မှောင်ကြုတ်လိုက်သည်။ ဓမ္မအဆင့်လေးက သူ့အား ရင်ဆိုင်ရဲသည်လား။ ထိုအရာကား သေကြောင်းကြံခြင်းပင်။
လီတောင်ယွန်၏ဓားက လေညင်းအလား ညင်သာသည့်တိုင် အရိပ်အလား လျင်မြန်ပြီး အဆုံးစွန်အထိအောင် ထက်ရှသည်။ သူကိုယ်တိုင်ကလည်း ဓားတစ်လက်အလား ပြောင်းလဲသွားပုံရကာ ရီဝူချင်း ထုတ်လွှတ်လိုက်သော ဓားအသိလှိုင်း ရှေ့တည့်တည့်ကို တိုးဝင်သွားသည်။ သူ၏ လမ်းကြောင်းတစ်လျှောက် ဓားအားလှိုင်းများ အားလုံး ဘေးကို သွေဖည်သွားသည်။ ချက်ချင်းပင် သူကား ရီဝူချင်း၏ ရှေ့ကို ရောက်သွားသည်။ သူတို့နှစ်ယောက်လုံးက နောက်ဆုတ်မည့်ဟန် မရှိပေ။ သူတို့၏ စွမ်းအင်များကလည်း တကယ့်ဓားအသိများ ပါဝင်နေပုံရ၏။
ထိုအခိုက်တွင်ပင် ဓားနှစ်လက်က ရင်ဆိုင်မိလျှင် ဓားအားလှိုင်းများက ပတ်ဝန်းကျင် တစ်ခုလုံးကို ပြန်လည် ရိုက်ခတ်သွားသည်။ ရီဝူချင်းကား လီတောင်ယွန်ထက် များစွာ တန်ခိုး အဆင့်နိမ့်သော်လည်း သူတို့နှစ်ယောက်လုံးက နိုဘယ်အသိဖြင့် သဒ္ဓိဝင်ဓားအား အသုံးပြုနေကြရာ ကွာဟချက်က နည်းသွားသည်။ ရီဝူချင်းအတွက်မူကား စွမ်းအင်တိုးမြင့်မှုက ပိုမိုကြီးမားသည်။ အကယ်၍ သူ့တွင် နိုဘယ်အသိနှင့် သဒ္ဓိဝင်ပစ္စည်းမရှိလျှင် ထိုဓားချက်အား သူခုခံနိုင်မည် မဟုတ်ပေ။ သို့တိုင်အောင် သူက လီတောင်ယွန်အား မယှဉ်နိုင်သေးပေ။
ဓားချင်း ထိမိသည်နှင့် ရီဝူချင်းက လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သူတို့နှစ်ယောက်လုံးက မျဉ်းဖြောင့်များအလား ပြောင်းလဲသွားပုံရသည်။ လီတောင်ယွန်၏ ဓားအရှိန်အဝါက ရီဝူချင်းထံသို့ ကြမ်းတမ်းစွာ လာရောက် ဖိအားပေးသည်။ သူကား လျင်မြန်လွန်းလှရာ လေထဲတွင် အရိပ်မျှသာ မြင်လိုက်ရသည်။
ရီဝူချင်း၏ မျက်လုံးများ အလွန် တည်ငြိမ်သွားသည်။ သူ၏ ပုံစံကား ရေပြင်အလား ငြိမ်သက်နေသည်။ ခန္ဓာကိုယ်မှ ဓားအားလှိုင်းများ အားလုံးက ဘယ်ဘက်လက်ထံသို့ စုစည်းလာနေကြသည်။ မဆုံးနိုင်သော ဓားစွမ်းအင်များက သူ၏ လက်ငါးချောင်းများ အတွင်း ရှိနေပုံရသည်။ နိုဘယ်အသိက ဖြာထွက်လာလျှင် သူ့ရှေ့မှ ပုံသဏ္ဌာန်ထံသို့ ခုန်ဝင်လိုက်သည်။
“မင်းက သေချင်နေတာပဲ...” လီတောင်ယွန်က အေးစက်စွာ ပြောသည်။ သူ၏ ဓားက ရီဖူရှင်း၏ မျက်နှာအား ရေပြင်ကို ခွဲသကဲ့သို့ ဝင်ရောက်လာသည်။ ထိုအရာက အလွန်အမင်း အေးစိမ့်သည်။ ဓားချက်ကား အလွန်လျင်မြန်သည်။ ဓားဟူသည်မှာကား မူလကတည်းက လျင်မြန်သည်။ သို့သော် ဤဓားက လီတောင်ယွန်၏ ဓားချက်ဖြစ်သည်။ ရီဝူချင်းကလည်း လျင်မြန်သည်။ သို့တိုင်အောင် သူကား ထိုဓားချက်ကို လုံးဝ ရှောင်တိမ်းနိုင်စွမ်း မရှိပေ။ ဓားအရိပ်နှင့်အတူ လက်တစ်ဖက်က မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ ရီဝူချင်း၏ လက်မောင်းနေရာမှ သွေးများ ပန်းထွက်လာသည်။ သို့သော် ရီဝူချင်းက မည်သို့မှ ခံစားရဟန် မပြပေ။ အမှန်က သူ၏ လက်အား ဓားက ပိုင်းဖြတ်သွားသော အချိန်တွင် သေးငယ်သော ငွေရောင်ဓားကလေး တစ်လက်က ရီဝူချင်း၏ နဖူးမှ ထွက်ပေါ်လာသည်။ မဆုံးနိုင်သော ဓားအသိများက ထိုဓားတွင် သိပ်သည်းစွာ တည်ရှိနေသည်။ လျှပ်စီးထက် လျင်မြန်သော အလျင်ဖြင့် ထိုဓားက လီတောင်ယွန်၏ နဖူးသို့ တိုးဝင်သွားသည်။ မှန်သည် လီတောင်ယွန်၏ ဓားက သူ့လက်ကို ခုတ်ဖြတ်မည်ကို ရီဝူချင်းက ကြိုတွက်ထားပြီးဖြစ်ရာ တစ်ချိန်တည်းမှာပင် သူ၏ တန်ပြန် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်။
ဓားသမားနှစ်ဦး၏ တိုက်ပွဲက ပုံမှန်အားဖြင့် အန္တရာယ်များလွန်းလှသည်။ အနိုင်နှင့် အရှုံးမှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်နိုင်သည်။ လီတောင်ယွန်၏ ဓားက အလွန်လျင်မြန်သည်။ သို့သော် ရီဝူချင်းကလည်း နှေးကွေးခြင်း မရှိပေ။ အထူးသဖြင့် အလွန်နီးကပ်သော အခြေအနေမျိုးတွင် ဖြစ်သည်။
လီတောင်ယွန်က သူ၏ လက်ကို ဖြတ်တောက် လိုက်သောအခါ ရီဝူချင်းက နောက်ဆုတ်ခြင်း လုံးဝ မရှိပေ။ ငွေဓားငယ်ကား အလင်းတန်းအလား လီတောင်ယွန်၏ နဖူးသို့ တိုးဝင် ပျောက်ကွယ် သွားသည်။
လီတောင်ယွန်ကား အလွန် စွမ်းအားကြီးသည်။ သို့တိုင်အောင် သူက ရီဝူချင်း၏ လက်ကို ဖြတ်လိုက်သော အချိန်တွင် အန္တရာယ်ကိုခံစားမိသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိက သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာကာ သူ့အား ကာကွယ်ပေးသည်။ ငွေဓားငယ်က သူ့နဖူးကို ထိမိသောအချိန်တွင် မဆုံးနိုင်သော ဓားအားလှိုင်းက လီတောင်ယွန်ထံမှ ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးက ထိုနေရာတွင် ရပ်တန့်သွားပုံ ရသည်။ အချိန်ပင်လျှင် ရပ်တန့်သွားပုံရ၏။
လီတောင်ယွန်၏ နဖူးမှ သွေးများ ပန်းထွက်လာသည်။ သူက မာန်သွင်းလိုက်လျှင် သူ့နောက်မှ ဓားပုံရိပ်များစွာ ဖြစ်ပေါ်လာသည်။ ငွေဓားငယ်အား သူ့နဖူးမှ ပြန်လည် တွန်းကန် ထုတ်လိုက်သည်။ သူ၏ နောက်မှ မဆုံးနိုင်သော ဓားများကလည်း ရီဝူချင်းထံသို့ တိုးဝင်သွားကြသည်။
ရီဝူချင်းက သူ၏ဓားကို ဝှေ့ယမ်းလိုက်လျှင် မိုးစက်မိုးပေါက်များပမာ ဓားပုံရိပ်များက လီတောင်ယွန်၏ ဓားများကို တားဆီးထားသည်။ ထို့နောက် ရီဝူချင်းက နောက်ဆုတ်လိုက်သည်။
“မင်းရဲ့လက်ကို စတေးပြီး လှည့်စားတာလား...” လီတောင်ယွန်၏ အမူအရာကား အလွန် အရုပ်ဆိုးနေသည်။ ဓားအရှိန်အဝါက သူ၏နဖူးအား လှည့်ပတ်နေသည်။ သူကား ဓမ္မအဆင့်လေးမှ တန်ခိုးရှင်ကြောင့် ဒဏ်ရာရသည်။ ထိုအရာက အလွန်အရှက်ရဖွယ်ရာ ကောင်းလှသည်။
ရီဝူချင်းက ပြန်မပြောပေ။ သူက နောက်လှည့်ကာ လျင်မြန်စွာ ပျံသန်း ထွက်ခွာသွားသည်။ သူ၏ လက်ကို စွန့်လွှတ်ကာ လီတောင်ယွန်အား ဒဏ်ရာရစေသည့်တိုင် သူ့အား အနိုင်ရရန် မဖြစ်နိုင်သည်ကို သူသိသည်။ အကယ်၍ သူက ဆက်လက်တိုက်ခိုက်လျှင် သူ့အသက်ပင်လျှင် ဆုံးရှုံးနိုင်သည်။
လီတောင်ယွန်က မျက်လုံးအား မှိတ်လိုက်သည်။ သူ၏ ဓားအရှိန်အဝါက ဆက်လက် တည်ရှိနေကာ သူ၏ဒဏ်ရာအား ကုစားနေသည်။ အတန်ကြာလျှင် မျက်လုံးအား ဖွင့်လိုက်၏။ ချက်ချင်းပင် သူက လျှပ်စီးအလား ကောင်းကင်သို့ ပျံသန်းသွားသည်။ သူ၏ မျက်လုံးများမှ လူသတ်လိုသော အငွေ့အသက်များကား အလွန်ပြင်းထန်နေသည်။ သူက ရီဝူချင်းအား သေစေလိုသည်။ သူတစ်ယောက်တည်း မဟုတ်ပေ တခြားလူများကိုလည်း သေစေလိုသည်။
ရီဖူရှင်းက နန်းတော်အနီးသို့ ရောက်လာပြီ ဖြစ်သည်။ ရှေးဟောင်း နယ်မြေကား ပျက်စီးနေပြီဖြစ်ကာ နေရာကလည်း သိပ်ကြီးမားခြင်း မရှိပေ။ အဝေးမှ လူတစ်စု လျှပ်တစ်ပြက်ပင် ရီဖူရှင်းတို့ အနီးသို့ ရောက်လာသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါက အလွန် အားကောင်းကာ လို့လန်ချပ်ဝတ်များ ဝတ်ဆင်ထားကြသည်။ ခေါင်းဆောင်ဖြစ်ဟန် တူသူကား အလွန်စွမ်းအားမြင့်ဟန် ရသည်။
“ကျုပ်မှာ စာအုပ်ရှိတယ်...” ရီဖူရှင်းက တည့်တိုးပြောသည်။ ထိုလူများက ရီဖူရှင်းအား စိုက်ကြည့်လျှင် ရီဖူရှင်းက ဆက်ပြောသည်... “ကျုပ်က စာအုပ်ကို သမီးတော်နဲ့ လဲလှယ်ဖို့ သဘောတူပြီးပြီ... ဒါပေမဲ့ တစ်ယောက်က ဒါကို လုဖို့ ကြိုးစားနေတယ်... ကျုပ်နောက်ကို လိုက်ခဲ့ပါ...” သူက ပြောပြီးသည်နှင့် သိမ်းငှက်နက်ပေါ်သို့ တက်ကာ လာရာအရပ်သို့ ပြန်လည် ပျံသန်းသည်။ လို့လန်အုပ်စုက ရီဖူရှင်း ပြောသည်ကို မှန်သည် မှားသည် မသိသော်လည်း နောက်မှ လိုက်ပါလာကြသည်။
ယခုကား ရီဝူချင်းက သူတို့ရှိရာအရပ်သို့ လာနေသည်ကို ခပ်လှမ်းလှမ်းမှ မြင်ရသည်။ သို့သော် သူ၏ လက်တစ်ဖက်ကား မရှိတော့ပေ။ ဘယ်ဘက်လက် နေရာတွင်ကား သွေးများ ခြင်းခြင်းနီနေသည်။
“ရီဝူချင်း...” လင်းယွီယို၏ မျက်နှာ ပြာနှမ်းသွားသည်။ ကန်ယီနိုင်ငံ၏ ပါရမီ အကောင်းဆုံးသူက လက်တစ်ဖက် ဆုံးရှုံးရပြီလား။ သို့သော် ရီဝူချင်းက သိမ်းငှက်နက်ပေါ်သို့ တည်ငြိမ်စွာ တက်ရောက်လာသည်။ လို့လန်မှ လူများကို မြင်လျှင် သူက ပြောသည်... “ကျုပ်တို့နောက်က လိုက်လာတဲ့လူက အရမ်း စွမ်းအားမြင့်တယ်... ခင်ဗျား သူ့ကို ယှဉ်နိုင်မလား...”
ခေါင်းဆောင်၏ မျက်နှာက တည်ကြည်သွားသည်... “ဒါက အမှန်လားဆိုတာ ကျုပ်သိဖို့လိုတယ်...”
ရီဖူရှင်းက စာအုပ်ကို ထုတ်ယူလိုက်လျှင် အေးစိမ့်မှုများက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်... “စာအုပ်က ဒီမှာ... ဒါအမှန်လားဆိုတာ သမီးတော်ကို နောက်မှ ခင်ဗျား မေးလို့ရတယ်... သူတို့က ဒီစာအုပ်ကို ယူသွားမယ်ဆိုရင် အကျိုးဆက်ကို ခင်ဗျား စဉ်းစားလို့ရတယ်...”
ခေါင်းဆောင်၏ အမူအရာ ပြောင်းသွားသည်... “နောက်က လူတွေ လာသေးတယ်... ကျုပ်က လူတချို့ကို ခေါ်သွားပြီး မင်းတို့နောက်က လိုက်လာတဲ့လူကို သွားတားမယ်... နန်းတော်ကို အရင်သွားနှင့်...” ထို့နောက် သူက လူတချို့ကို ရီဖူရှင်းတို့အား ကာကွယ်ရန် အမိန့်ပေးသည်။ မှန်သည် ထိုအရာက ရီဖူရှင်းတို့အား ထွက်မပြေးစေရန် စီမံခြင်းလည်း ဖြစ်သည်။
“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက နန်းတော်မှ လူများနှင့် ရှေ့ကို ဆက်သွားသည်။ သူတို့ နောက်တွင်ကား ကြောက်မက်ဖွယ် ကောင်းသော ဓားအသိများ လွှမ်းခြုံလျက် လူတစ်ယောက် ပြေးလာသည်။ သူကား လီတောင်ယွန် ဖြစ်သည်။
လို့လန်မှ လူများ၏ အမူအရာများ အလွန် လေးနက် သွားကြသည်။ ခေါင်းဆောင်က လက်ဝှေ့ယမ်းလိုက်လျှင် သူ၏ လူများက ရှေ့ကို တက်သွားကြသည်။
“ကျုပ်ကို တားတဲ့လူမှန်သမျှ သေရမယ်...” လီတောင်ယွန်က အေးစက်စွာ ပြောသည်။ သူ၏ ဓမ္မကို ထုတ်ဖော်လိုက်ကာ မဆုံးနိုင်သော ဓားအလင်းများက ရှေ့ကို တိုးဝင်သွားသည်။ ရှေ့ဆုံးမှ ပြေးလာသော လို့လန်မှ လူတစ်ဦး ချက်ချင်း သေဆုံးသွားသည်။
ရီဖူရှင်းက ရှေ့ကို အေးစက်စွာ ကြည့်ကာ လေဓာတ် မှော်စာလိပ်များကို ထပ်မံ သုံးလိုက်သည်။ ရှေးဟောင်း မြေရိုင်းဒေသကို မဝင်ရောက်မီကပင် သူက ကန်ယီနိုင်ငံမှ မှော်စာလိပ်များစွာ ယူဆောင်လာခဲ့သည်။ ထိုအရာများက ဤကဲ့သို့ အခြေအနေများတွင် အသုံးပြုရန် ဖြစ်သည်။ သူက ရီဝူချင်း၏လက်ကို ကြည့်ကာ မျက်လုံးတွင် လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်လာသည်... “မင်းဘာလို့ ဒီလိုလုပ်ရတာလဲ...”။ ရီဝူချင်းက ယခု လွတ်မြောက်လာသည့်တိုင် သူ၏ အသက်အန္တရာယ်က မည်မျှ နီးစပ်ခဲ့သည်ကို သူသိသည်။
“တစ်ယောက် သေတာက လူတွေ အများကြီး သေတာထက် ပိုကောင်းတယ်...” ရီဝူချင်း၏ အဖြေကား ရိုးရှင်းသည်။ သူက သိမ်းငှက်နက်ပေါ်မှ ဆင်းလိုက်သော အချိန်ကတည်းက သူ့စိတ်သဏ္ဌာန်က ဓားတစ်လက်အား ခိုင်မာ တိကျမှုရှိသည်။ သူ၏ စိတ်ဓာတ် ခိုင်မာမှုက နှစ်ယောက်မရှိအောင် ပြင်းထန်သည်။ ထို့ကြောင့်လည်း သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို အောင်မြင်သည်ဟုလည်း ပြော၍ ရပေသည်။
“မင်းရဲ့လက်...” ရီဖူရှင်းက မေးသည်။
“ဒါက ကျုပ်ရဲ့ဓားပညာကို မထိခိုက်ဘူး...” ရီဝူချင်းကား အလွန် တည်ငြိမ်လှရာ ရီဖူရှင်းက ထပ်မပြောတော့ပေ။ သူက တိတ်ဆိတ်စွာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။
“ငါတို့က အခုအချိန်က စပြီးတော့ ညီအစ်ကိုတွေပဲ...” ယူချင်းက ဘေးမှ ပြောသည်... “သူကလည်း သူ့အသက်ကို ရင်းပြီး မင်းရဲ့လက်အတွက် ပြန်ပေးဆပ်လိမ့်မယ်...”
လင်းယွီယိုနှင့် ယွန်ရှင်းမိုတို့က ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ယခုအချိန်မှစ၍ သူမတို့နှင့် ရီဖူရှင်းတို့အကြား ဆက်ဆံရေးမှာ ရီဝူချင်းနှင့် ကွာခြားသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူမက ကန်ယီနိုင်ငံ၏အလှဆုံး မိန်းကလေး ဖြစ်သည့်တိုင် သူမအား အရေးမပေးခဲ့သော ရီဖူရှင်း၏ မာနအား သိပ်ကျေနပ်ခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် ရီဖူရှင်းနှင့် ယူချင်းတို့ ပြသခဲ့သော စွမ်းရည်များကို အနီးကပ် မြင်ရသောအခါမှ မူလကတည်းက သူတို့၏ကမ္ဘာမှာ သီးခြားဖြစ်သည်ကို နားလည်လိုက်သည်။
ယူချင်း အတွက်မူကား ရီဖူရှင်း တစ်ယောက်သာ အရေးပါသည်ကို သူမ ခံစားမိသည်။ သူ့အတွက် ရီဖူရှင်းသာ ကိုးကွယ်ရာဖြစ်ပြီး သူ့အသက်ဖြင့် ရင်း၍ ကာကွယ်ရမည့် တည်ရှိမှုမျိုး ဖြစ်သည်။ ယခင်က ယူချင်းနှင့် ရီဝူချင်းတို့အကြား ခြားနားမှုတစ်ခု ရှိသော်လည်း ယခု ယူချင်း၏ စကားအရ ထိုခြားနားမှု ထပ်ရှိတော့မည် မဟုတ်ပေ။
ရုတ်တရက် သူမက အများအပြား တွေးမိသည်။ ဖန်းဟွာပွဲတော်မှ ထိပ်ဆုံးသုံးယောက်က နန်ဒူနိုင်ငံတွင် မုန်တိုင်း ထန်စေခဲ့သည်။ သူတို့က ထိပ်သီးပါရမီရှင်များ အားလုံးကို နင်းချေခဲ့သည်။ ယခု သူတို့က ရှေးဟောင်းမြေရိုင်း ဒေသကို ရောက်ရှိလာကြသည်။ ထိုသုံးယောက်က ထပ်မံ၍ အံ့ဖွယ်ရာများ ပြုလုပ်နိုင်မည်လား သူမ မသိပေ။
သူတို့က မကြာမီ နန်းတော်ကို ရောက်လာသည်။ ပိုမို အားကောင်းသော တန်ခိုးရှင်များ ထွက်ပေါ်လာသည်။ အခြေအနေကို နားလည်လိုက်လျှင် သူတို့က တိုက်ပွဲဖြစ်ပွားနေရာသို့ လျင်မြန်စွာ ပြေးသွားကြ၏။ အန္တရာယ်ကား ယာယီ ပျက်ပြယ်သွားပြီ ဖြစ်သည်။ လီတောင်ယွန်က လို့လန်နန်းတော်ကို မတိုက်ခိုက်နိုင်ပေ။
***
အတွဲ(၁၂)ပြီးပါပြီ
ဆက်ပါဦးမည်။
***