ကျုပ် အကြီးအကဲကို ပြန်ခေါ်ခဲ့မယ်
Vol. 7 Ch. 93
ဟွမ်လောင်လျှိုကား အံ့အားသင့်နေသည်။
ဟန်မူယဲ့ အဝေးကို ထွက်သွားခဲ့၏။
သူ့နောက်တွင် သွေးနီရောင်နွားသိုးပုံရိပ်များ ဖြစ်ပေါ်လာ၏။
သည်နွားသိုးပုံရိပ်များမှာ ပို၍ အစစ်အမှန်ဆန်လာနေသည်။
ဤသည်ကား မိစ္ဆာအရိုး၏အစွမ်းကြောင့် တိုးတက်လာမှု ဖြစ်သည်။ ဟန်မူယဲ့အတွက် မမျှော်လင့်ထားသော အကျိုးကျေးဇူးလည်း ဖြစ်သည်။
ဟန်မူယဲ့သည် လမ်းတစ်လျှောက် လျင်မြန်စွာ ရွေ့လျားသွားခဲ့ကာ ဆေးခန်းဆောင်အပြင်ဘက်မှ စျေးတန်းသို့ ရောက်လာခဲ့သည်။
သူ၏သွေးချီများ ဆူပွက်နေကာ သူ့အမူအရာမှာလည်း အေးစက်နေသည်။ သူ၏အတွင်းစည်းတပည့်ဝတ်စုံဖြင့် ဆိုပါက မည်သူမှ သူ့အနီးကို မကပ်ရဲပေ။
သူသည် စုကျန်းဆေးဆိုင်ရှေ့ကို ရောက်သောအခါ ဟန်မူယဲ့၏ဖိနှိပ်ထားသော အရှိန်အဝါသည် အနီးအနားမှ လူများကို အထိတ်တလန့် နောက်ဆုတ်သွားစေ၏။
သူသည် စုကျန်းဆေးဆိုင်အပြင်ဘက်တွင် ရပ်နေသည်။
ဆေးပင်ဆေးမြစ်များနှင့် ဆေးလုံးဝယ်နေကြသောလူများမှာ ကြောက်လန့်တကြား အပြင်သို့ ထွက်ပြေးသွားကြပြီ ဖြစ်သည်။
“စီနီယာအစ်ကိုဟန်…”
ပိုင်စုကျန်း ဆေးဆိုင်အပြင်သို့ ထွက်လာသောအခါ ဟန်မူယဲ့အား မြင်ကာ အံ့အားသင့်နေသည်။
ဟန်မူယဲ့၏အမူအရာကို မြင်ကာ ပိုင်စုကျန်း ထိတ်လန့်သွား၏။
“ပိုင်စုကျန်း… ခင်ဗျား ကျုပ်ကို ရှင်းပြဖို့ မလိုဘူးလား”
ဟန်မူယဲ့ တည်ငြိမ်စွာ ပြောသည်။
အကြောင်းပြချက်တစ်ချို့ကြောင့် ဟန်မူယဲ့၏စကားကို ကြားသည်နှင့် သူမသည် ကျောရိုးတစ်လျှောက် စိမ့်တက်လာသော အေးစက်မှုအား ခံစားရသည်။ အေးစက်သော အရှိန်အဝါသည် သူမအား မွမ်းကြပ်ဖွယ် ဖိအားပေးလာ၏။
၎င်းသည် ဓားချီလား၊ ဓားဆန္ဒလား။
စီနီယာအစ်ကိုဟန်က ဓားစံအိမ်မှ ဓားထိန်းတစ်ဦးသာ မဟုတ်ပေဘူးလား။ သူက မည်သို့ ဓားချီကို အသုံးပြုနိုင်သနည်း။
အနီးအနားကို တစ်ချက်ကြည့်လိုက်ကာ ပိုင်စုကျန်းက အသံကို နှိမ့်လျှက် ပြောသည်။
“စီနီယာအစ်ကိုဟန်… ရှင်က တစ်ခုခုကို အထင်လွဲနေတယ် ထင်တယ်”
“ဆိုင်ထဲမှာ သွားပြောကြတယ်”
ဟန်မူယဲ့က မည်သည့်စကားမှ မဆိုသည်ကို မြင်လျှင် ပိုင်စုကျန်းက အသာအယာပြောသည်။
“စီနီယာအစ်ကို… ဒီကိစ္စတွေ အပြင်လူ မသိတာ ပိုကောင်းတယ်”
သူမ နောက်လှည့်ကာ ဆိုင်ထဲကို ဝင်သွားသည်။
ဟန်မူယဲ့ တင်းမာသော အမူအရာဖြင့် ဆိုင်ထဲကို ဝင်ကာ သူမနှင့်အတူ ဒုတိယထပ်သို့ တက်လာခဲ့သည်။
“စီနီယာအစ်ကိုဟန်… အဲဒီအသေခံစစ်သားတွေအတွက် ဆေးလုံးတွေ ကျွန်မ ထောက်ပံ့ပေးခဲ့တယ်လို့ ထင်နေတာမလား”
ပိုင်စုကျန်းက ဟန်မူယဲ့အား မေးသည်။
ဟန်မူယဲ့ သူမအား ကြည့်သည်။
ပိုင်စုကျန်း ခေါင်းယမ်းကာ သက်ပြင်းချသည်။
“စီနီယာအစ်ကိုဟန်… အမြင့်ဆုံးအရည်အသွေးဆေးလုံးကို ရောင်းချတဲ့ စီးပွားရေးက ကျွန်မကို ကြွယ်ဝချမ်းသာစေတယ်။ ဘာလို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ထိခိုက်စေမည့်ကိစ္စ ကျွန်မ လုပ်ရမှာလဲ”
“ဒါက ကျွန်မအတွက် နည်းနည်းလေးတောင် ကောင်းကျိုးမရှိဘူးလေ”
ဟန်မူယဲ့က သူမအား စိုက်ကြည့်နေဆဲဖြစ်သည်။
ပိုင်စုကျန်းက မသက်မသာ ခေါင်းယမ်းကာ လက်ဆန့်တန်းလျှက် ပြောသည်။
“စီနီယာအစ်ကိုဟန်… ရှင်မယုံမှတော့ ကျွန်မ တတ်နိုင်တာ မရှိတော့ဘူး ထင်ပါရဲ့”
“ရှင် တကယ်ပဲ မယုံဘူးဆိုရင် ကျွန်မကို ကြိုက်သလို အပြစ်ပေးလို့ ရပါတယ်”
ထို့နောက် သူမက မျက်လုံးများကို မှိတ်ကာ နှင်းစက်များလို ဖြူဖွေးသော လည်ပင်းအား မော့လိုက်၏။
ဟန်မူယဲ့က မျက်မှောင်ကျုံ့လိုက်ကာ ခဏမျှ တွေးလိုက်ပြီးနောက် ပြောသည်။
“ကမ္ဘာမြေအဆင့်တစ်ယောက် ဒီနေ့ ဓားစံအိမ်ကို ရောက်လာတယ်”
ကမ္ဘာမြေအဆင့်…
ပိုင်စုကျန်း မျက်လုံးပြူးသွားသည်။
“သူတို့က ဘယ်လိုလုပ်…”
ထိုအခိုက်တွင် သူမက တစ်စုံတစ်ခုကို နားလည်သွားဟန်တူသည်။ သူမက အသံတိုးတိုးဖြင့် ပြောသည်။
“ဂိုဏ်းချုပ်ကျင်း ထိုက်ရီဓားဂိုဏ်းသို့ သွားတာ မထူးဆန်းတော့ဘူး”
“ဓားစံအိမ်မှာ ဖိနှိပ်ထားတဲ့ မိစ္ဆာကြောင့်ကိုး”
ထိုက်ရီဓားဂိုဏ်း…
ဓားဂိုဏ်းကြီးလေးခု၏ခေါင်းဆောင်…
ပိုင်စုကျန်းသည် ဓားစံအိမ်တွင် ထိန်းချုပ်ထားသော မိစ္ဆာအကြောင်းနှင့် ဂိုဏ်းချုပ် ထွက်ခွာသွားသော အကြောင်းများကို အမှန်တကယ် သိနေသည်။
ဟန်မူယဲ့ မျက်မှောင်ကြုတ်ကာ ပိုင်စုကျန်းအား ကြည့်သည်။
“ဂိုဏ်းချုပ်က တမင်ထွက်သွားတာလို့ ခင်ဗျား ပြောချင်တာလား”
ဓားစံအိမ်အကြီးအကဲသည် သမင်တောင်ကုန်းတွင် လူများ ကယ်တင်ရန် သွားခဲ့သည်။
မဟာအကြီးအကဲသုံးပါးမှာလည်း ကီလိုမီတာ တစ်ထောင်ခန့်အဝေးတွင် စောင့်ကြပ်နေကြသည်။
ဂိုဏ်းချုပ်သည် ထိုက်ရီဓားဂိုဏ်းသို့ သွားရောက်သည်။
အံ့ဖွယ်ကိုးပါးတောင်ကုန်းတစ်ခုလုံးသည် အကာအကွယ်မဲ့သော အခြေအနေ၌ ရှိနေ၏။
အကယ်၍ မိစ္ဆာသည်သာ လွတ်မြောက်သွားပါက ၎င်းသည် တိုက်ဆိုင်ခြင်း မဟုတ်ပါချေ။
“မဖြစ်နိုင်ဘူး… အံ့ဖွယ်ကိုးပါးတောင်ကုန်းမှာ မရေမတွက်နိုင်တဲ့ ဂိုဏ်းသားတွေ ရှိနေတယ်။ ဂိုဏ်းချုပ်က မိစ္ဆာပေါ်လာတာကို ဘယ်လို ခွင့်ပြုမှာလဲ”
ဟန်မူယဲ့ ခေါင်းယမ်းသည်။
“ဟင်း… မိစ္ဆာဘေးရန်လား…”
ပိုင်စုကျန်းက ပြုံးလိုက်သည်။
“အဲဒီအချိန် အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပါတ်၁ ဓားသမား၊ ထိုက်ရီဓားဂိုဏ်းရဲ့ အကြီးအကဲချုပ်ဟာ ကီလိုမီတာ တစ်ထောင်ပတ်လည်မှာ ရှိနေလိမ့်မယ်”
အနောက်ဘက်နယ်စပ်ကုန်းမြေ၏နံပါတ် ၁ ဓားသမား ထူစွန်းရှစ်။
ထိုလူသာ တိုက်ခိုက်ခဲ့ပါက သူသည် ကောင်းကင်ဘုံအဆင့်မိစ္ဆာအား သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။
မည်သို့ဆိုစေ ထိုမိစ္ဆာမှာ နှစ်တစ်ထောင်ခန့် ချုပ်နှောင်ခံထားရခြင်းဖြစ်သည်။ သူသည် အလွန်အားနည်းနေပေလိမ့်မည်။
“ဂိုဏ်းချုပ်က အဲလို လုပ်စရာမလိုဘူးမလား”
ဟန်မူယဲ့ ဝေခွဲမရ ဖြစ်လာသည်။
“ဓားစံအိမ်အကြီးအကဲ သေသွားမယ်။ အံ့ဖွယ်ကိုးပါးတောင်ကုန်းဟာလည်း မိစ္ဆာကြောင့် မရေမတွက်နိုင်တဲ့ တပည့်တွေ သေဆုံးမယ်။ ဂိုဏ်းချုပ်က အံ့ဖွယ်ကိုးပါးဓားကို ကိုယ်တိုင်သန့်စင်နိုင်မယ်”
ပိုင်စုကျန်းက ရှင်းပြသည်။
“မျိုးဆက်ငါးခုလုံး စုစည်းပြီးတဲ့အခါ အံ့ဖွယ်ကိုးပါးဓားကို ပိုင်ဆိုင်တဲ့ ဂိုဏ်းချုပ်ကျင်းဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ပြိုင်စံရှားလိမ့်မယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းပေါင်းပြီးမှ သူ့ကို ထိန်းချုပ်နိုင်စွမ်း ရှိလောက်တယ်”
ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ကောင်းကင်ဘုံအဆင့် ၃ဦး။
အရာအားလုံးမှာ အံ့ဖွယ်ကိုးပါးဓားကို သန့်စင်ရန် ဖြစ်သည်။
ကောင်းကင်ဘုံအဆင့်ကို သတ်ဖြတ်နိုင်သော ထိုဓားတစ်လက်အတွက် သူသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းကို သွေးချောင်းစီးစေနိုင်သည်လား။
ဟန်မူယဲ့ မျက်မှောင်ကြုတ်လိုက်သည်။
အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းရန် နှောင်ကြိုးများအားလုံးကို ဖြတ်တောက်ခြင်းကဲ့သို့လား။
ကြီးမြတ်သော ကျင့်ကြံသူများ၏မျက်လုံးတွင် သူတို့၏ကိုယ်ပိုင်ခွန်အားနှင့် ကျင့်ကြံဆင့်များမှ လွဲ၍ မစတေးနိုင်သော အရာ မရှိပေ။
ထိုရှင်းလင်းချက်သည်သာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ယနေ့ အခြေအနေသို့ ကျရောက်နေခြင်းအတွက် အဖြေပေးနိုင်သည်။
တချို့သည် နောက်ကွယ်မှ အကြံအစည်များ ရှိနေကာ တချို့က အလိုက်သင့် ဝင်ကပြီး တချို့က မီးစာထပ်ထည့်ပေးကြသည်။
ထိုလှည့်ကွက်များအားလုံးသည် အနောက်ဘက်နယ်စပ်ကုန်းမြေအတွက် ဖြစ်သည်။
ထိုအထဲတွင် တပည့်များ အကြီးအကဲများ စတေးကြရသော်လည်း သူတို့အတွက် မည်သူမှ သနားစာနာပေးမည် မဟုတ်ပါ။
“စီနီယာအစ်ကိုဟန်… နှစ်ပေါင်းများစွာ အသက်ရှည်လာတဲ့ ပညာရှင်တွေထဲမှာ ဘယ်သူက သွေးမအေးဘဲ နေနိုင်မလဲ”
ပိုင်စုကျန်းက ဟန်မူယဲ့၏မျက်လုံးများကို ကြည့်ကာ ပြောသည်။
“ဒီနေ့ စီနီယာအစ်ကိုဟန်လိုပဲ… တစ်နေ့ ကျွန်မကို သတ်ဖို့ဆိုရင် ရှင် တွန့်ဆုတ်နေပါ့မလား”
ပိုင်စုကျန်းကို သတ်ရန်လား။
ဟန်မူယဲ့ ခေါင်းငုံ့ကာ ထိုအဖြေကို မပေးပါ။
ကျင့်ကြံခြင်းလောကနှင့်ပတ်သက်၍ မည်သူက မသိနားမလည်ဘဲ နေမည်နည်း။
ဟန်မူယဲ့၏အမူအရာကို ကြည့်ကာ ပိုင်စုကျန်းက ပြုံးလျှက် ရှေ့ကို တစ်လှမ်းတက်လာသည်။
“စီနီယာအစ်ကိုဟန်… တကယ်လို့ ရှင်နဲ့ ကျွန်မ ရန်သူဖြစ်လာရင် ကျွန်မကတော့ ရှင့်ကို သေချာပေါက် အလွတ်ပေးမှာပဲ”
ဟန်မူယဲ့ သူမအား ကြည့်သည်။
ပိုင်စုကျန်း၏မျက်လုံးများမှာ ကြည်လင်နေသည်။
“ကျုပ် သမင်တောင်ကုန်းကို သွားချင်တယ်။ ကျုပ်ကို ကူညီနိုင်မလား”
ဟန်မူယဲ့က ရုတ်တရက် ပြောသည်။
သူ့စကားက ပိုင်စုကျန်းကို အံ့အားသင့်သွားစေသည်။
“ကျုပ်က အကြီးအကဲကောင်း မတိုက်ခိုက်ခင် အချိန်မီ ရောက်ချင်တယ်။ ခင်ဗျား တတ်နိုင်လား”
ဟန်မူယဲ့က ထပ်မေးသည်။
ပိုင်စုကျန်းက ဟန်မူယဲ့အား ကြည့်သည်။
ဟန်မူယဲ့က လက်မြှောက်လိုက်လျှင် သူ့လက်ထဲတွင် ဆေးတစ်လုံး ပေါ်လာသည်။
၎င်းသည် သလင်းကျောက်အလား ကြည်လင်တောက်ပေနေ၏။
စွမ်းအင်အသွင်ပြောင်းဆေးလုံး။
ဆေးလုံးမှာ အမြင့်ဆုံးအရည်အသွေး ဖြစ်သည်။
“ချင်သုံးပါးဓားဂိုဏ်းရဲ့ ပျက်သုန်းရောင်စဉ်ဓားကို ပို့ပေးရင်တောင်မှ တိုက်ပွဲက ရှောင်လွဲမရတာ ရှင် နားလည်လား”
“ရှင် ရပ်တန့်လို့ မရဘူး”
ပိုင်စုကျန်းက ပြောသည်။ သူမက ဆေးလုံးကို ကြည့်ကာ တီးတိုးမေးသည်။
“ဆေးလုံးက ကောင်းပါတယ်။ ဒါပေမဲ့ ရှင်သာ သမင်တောင်ကုန်းကို သွားရင် ဆေးလုံးကို ဖော်စပ်ဖို့ အသက်ဆက်ရှင်နိုင်ပါ့မလား”
ဓားစံအိမ်အကြီးအကဲကို မည်သူက ကယ်တင်နိုင်ပါမည်နည်း။
အနည်းဆုံး အနောက်ဘက်နယ်စပ်ကုန်းမြေတွင် မည်သူမှ မရှိပါ။
ဟန်မူယဲ့တွင် မည်သည့် လျှို့ဝှက်ချက် ရှိသည်ဖြစ်စေ၊ မည်သည့်လှည့်ကွက်များ ရှိသည်ဖြစ်စေ ကြီးမြတ်သော ကျင့်ကြံသူများရှေ့တွင် အသုံးမဝင်ပါ။
ဟန်မူယဲ့၏မျက်နှာကို ကြည့်ကာ ပိုင်စုကျန်း၏ခံစားချက်များ ရှုပ်ထွေးနေသည်။
သည်လောကတွင် ဓားစံအိမ်အကြီးအကဲအတွက် သမင်တောင်ကုန်းသို့ သွားရောက်လိုသောသူမှာ သူ့ရှေ့မှ သည်လူတစ်ဦးတည်းသာ ရှိပေလိမ့်မည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံးသည် ဓားစံအိမ်အကြီးအကဲ တိုက်ခိုက်မည်ကို စောင့်မျှော်နေကြ၏။
“စိတ်မပူပါနဲ့… ကျုပ် အသက်ရှင်ပြန်လာခဲ့မယ်”
ဟန်မူယဲ့၏အသံတွင် ခိုင်မာပြတ်သားသော စိတ်ဓာတ်များ ရှိနေသည်။
ပိုင်စုကျန်းက ခေါင်းညိတ်ကာ အသက်ပြင်းပြင်းရှိုက်လိုက်သည်။ သူမက တီးတိုးပြောသည်။
“နောက် ၁နာရီလောက်ကို အံ့ဖွယ်ကိုးပါးတောင်ကုန်းဂိတ်တံခါးရှေ့မှာ ကျွန်မ စောင့်နေမယ်”
ဟန်မူယဲ့က ပြုံးလိုက်ကာ ဆေးလုံးကို စားပွဲပေါ်၌ တင်ကာ ပြောသည်။
“အကျိုးအမြတ်ကို ၅၀/၅၀ ခွဲယူကြတာပေါ့”
ထို့နောက် သူ ဆိုင်အပြင်သို့ ထွက်သွားခဲ့သည်။
ပိုင်စုကျန်းသည် ထိုနေရာတွင် ရပ်ကာ ဆေးလုံးကို ကိုင်ထားသည်။ သူမက နှုတ်ခမ်းကို ကိုက်ကာ မည်သည့်စကားမှ မဆိုပါ။
…
ဟန်မူယဲ့သည် ဓားစံအိမ်သို့ ဆယ့်ငါးမိနစ်ခန့်ပင် မကြာဘဲ ပြန်ရောက်လာသည်။
ဓားစံအိမ်တံခါးဝတွင် စောင့်နေသော ဟွမ်လောင်လျှို အပြေးလှမ်းလာသည်။
ဟန်မူယဲ့ ရှေ့ကို လှမ်းသွားကာ ဟွမ်လောင်လျှို၏ပုခုံးကို ပုတ်လျှက် ပြုံးလိုက်သည်။
ထိုအဖြစ်က ဟွမ်လောင်လျှိုအား နားလည်ရခက်စေသည်။
သူ၏အခန်းထဲကို ရောက်လျှင် နံရံမှ ကျားဖြူစာလိပ်ကို သိမ်းဆည်းလိုက်ကာ ခရမ်းမီးတောက်ဓားနှင့် ကံကြမ္မာဓားတို့ကို နောက်ကျောတွင် သိုင်းလွယ်လိုက်သည်။ ထို့နောက် အဝတ်အစားကို ပြင်ဆင်လျှက် အပြင်သို့ ထွက်လာ၏။
သူသည် ဓားစံအိမ်ခန်းမကြီးထဲရောက်လျှင် သူ့ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူ့ထံမှ ဓားချီများ ပေါက်ကွဲထွက်လာ၏။
ဓားစံအိမ်တွင် သူ ဖုံးကွယ်ထားသော ဓားဆန္ဒများ သူ့ထံ၌ လာရောက်စုစည်းကြသည်။
ဓားဆန္ဒများကို စုစည်းသိမ်းဆည်းပြီးနောက် သူ ဓားစံအိမ်အပြင်ဘက်သို့ ထွက်လာသည်။
တံခါးဝတွင် ဟွမ်လောင်လျှိုသည် ဟန်မူယဲ့၏နောက်ကျောမှ ဓားနှစ်လက်ကို မြင်ကာ အမူအရာ ပြောင်းလဲသွားသည်။
“အစ်ကို… ကျုပ် ဓားစံအိမ်ကို အစ်ကိုနဲ့ ထားခဲ့မယ်”
ဟန်မူယဲ့ ကျောက်လှေကားအတိုင်း ဆင်းသွားခဲ့သည်။
“မင်း ဘယ်ကို သွားမလဲ”
ဟွမ်လောင်လျှို သူ့နောက်မှ လှမ်းမေးသည်။
“ကျုပ် အကြီးအကဲကို ပြန်ခေါ်ခဲ့မယ်”
ဟန်မူယဲ့က ပြန်လှည့်မကြည့်ဘဲ ကျယ်လောင်စွာ ပြောလိုက်သည်။