← Chapters

ဆေးလုံးသခင်ရှီ၏ ခွေးကူးကူးခြင်း

Vol. 6 Ch. 71

ဆေးလုံးသခင်ရှီ၏ ခွေးကူးကူးခြင်း

Vol. 6 Ch. 71

“ငါ ယူခိုင်းတာ ဘာလို့ အဲဒီလောက် ကြာနေတာလဲ ... ဘာတွေ လုပ်နေတာလဲ ... ” မိုဝူကျီ ဆေးဖော်စပ်ခန်း ၁၉သို့ ပြန်ရောက်သည့်အခါ ချက်ချင်း အဆူခံလိုက်ရသည်။

မိုဝူကျီက အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားသော်ငြား စိတ်ထဲမှာ သိမ်းဆည်း ထားလိုက်ရင်း ပြောပြ လိုက်လေသည်။

“ကျွန်တော် ပထမရတဲ့ ဆေးပင်တွေက အရမ်း မလတ်ဆတ်တဲ့ အတွက် ဆေးအာနိသင် အပေါ် သက်ရောက်မှု ဖြစ်မှာစိုးလို့ နောက်တစ်ကြိမ် သွားပြီး လတ်ဆတ်တဲ့ အပင်တွေနဲ့ ပြန်လဲနေလို့ပါ ... စကားပုံတောင် ရှိသေးတယ်လေ ... သစ်ပင်ခုတ်ဖို့ ခြောက်နာရီ အချိန်ယူရရင် လေးနာရီလောက် ပုဆိန်ကို သွေးရမယ်တဲ့ ... ကျွန်တော်က သာမန် အစေခံတစ်ယောက် ဖြစ်ပေမဲ့ ဆေးလုံးသခင်ရှီရဲ့ အလုပ် စလို့ရအောင် ကျွန်တော်က အကောင်းဆုံး ကြိုးစားထားတာပါ ... ”

ဆေးလုံးသခင်ရှီက မိုဝူကျီ လက်ထဲမှ ဆေးပင်များကို ယူလိုက်သည်။ သူ ပြောသလို ဆေးပင်များ၏ လတ်ဆတ်မှုကိုပါ စစ်ဆေးလိုက်ကာ

“မဆိုးဘူးပဲ ... မင်းက နည်းနည်းတော့ တွေးတတ်သား ... ဒါပေမဲ့ ငါ့ဆေးဖော်စပ်ခြင်း ကျရှုံးတာနဲ့ မင်း ထွက်သွားရမှာပဲ ... ”

ဒီခွေးကောင် ... သူသည် အမှန်တကယ်ပင် သူများအပေါ် အပြစ်ပုံချချင်သော လူဖြစ်ကာ သူ့ကျရှုံးမှုကို အစေခံအပေါ် လွှဲချနေချင်၏။ အမှန်တကယ် မနှစ်မြို့ဖွယ် လူစား ဖြစ်လေသည်။

“ဆေးလုံးသခင်ရှီ ဆေးဖော်တဲ့အခါ ကျွန်တော် ဘေးကနေ ကြည့်လို့ ရမလားဗျ ... ” ဆေးလုံးသခင်ရှီ ရှေ့တွင် သူက အာဏာမဲ့ကြောင်း သိကာ မိုဝူကျီက ဆေးလုံးသခင်ရှီ၏ စကားများကို စိတ်ထဲ မထားပေ။ အကယ်၍ ဆေးဖော်စပ်ခြင်း ကျရှုံးလျှင် သူသည် မောင်းထုတ်ခံရမှာ ဖြစ်သောကြောင့် အဖြစ်အပျက်ကို ကြည့်ရှုရင်း အနည်းငယ် အရေထူ ကြည့်ခြင်း ဖြစ်သည်။ ထိုသည်က ထိုက်တန်လှပေ၏။

သို့သော်လည်း ဆေးလုံး သခင်ဘေးတွင် ဆေးလုံး ဖော်စပ်ခြင်းကို ကြည့်ရန် မိုဝူကျီ၏ တောင်းဆိုချက်ကား ဆေးလုံးဖော်စပ်ခြင်း လောကတွင် တားမြစ်ချက်တစ်ခု ဖြစ်ကြောင်း မသိပေ။

မူလအစက ဆေးလုံးသခင်ရှီသည် ဆေးဖော်စပ်ရန် မြန်မြန် အစပြု လိုက်သော်ငြား ရုတ်တရက် ရပ်တန့် လိုက်လေသည်။ သူက မိုဝူကျီကို မယုံကြည်မှုများနှင့် သရော်ကာ ပြောဆိုလိုက်သည်။

“သာမန် အစေခံ တစ်ယောက်က ငါ ဆေးဖော်စပ်တာ ကြည့်ချင်တာတဲ့လား ... ”

ထိုလူသည် အဆင့်နှစ် ဆေးလုံးဆရာမျှသာ ဖြစ်သေးသော်လည်း မိုဝူကျီ အပေါ်တွင် အမှန်တကယ် အထင်မြင် သေးလှစွာ ဆက်ဆံနေသည်။ မိုဝူကျီက စိတ်ထဲတွင် မကျေနပ်ချေ။ သို့သော် မိုဝူကျီ သိရှိသလောက်တွင် ဂိုဏ်းအတွင်းရှိ အဆင့်နှစ်‌ ဆေးလုံးဆရာကား မြင့်မားသော အဆင့်အတန်း ရှိကြသည်။

မိုဝူကျီက စိတ်ထဲမှ လှောင်ရယ်လိုက်ပြီး ကိုယ်ရည်သွေးကာ စပြောတော့သည်။

“ဆေးလုံးသခင်ရှီ ... အရင်က ရွာထဲမှာ ကျွန်တော့်မှာ နာမည်ပြောင်တစ်ခု ရှိတယ် ... မောင်ကံကောင်းတဲ့ ... ကျွန်တော်သာ အနီးအနားရှိရင် ဘေးနားက လူတွေရဲ့ အောင်မြင်နှုန်း ကလည်း အရမ်းကို မြင့်လာကြတာ ... ကျွန်တော့် အိမ်နီးချင်းကလည်း ဆေးဆရာပဲ သူဆို သူဆေးဖော်စပ်တိုင်း ကျွန်တော့်ကို ဘေးနား ခေါ်ထားတတ်တာ ... ”

ဆေးလုံးသခင်ရှီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ရုတ်တရက် ပြောလိုက်လေသည်။

“မင်းလောက်‌ လေကြီးတဲ့ အစေခံကို တစ်ခါမှ မတွေ့ဖူးဘူး ... ကောင်းပြီလေ ... ဒီနေ့တော့ မင်းကို ငါ့အလုပ် ကြည့်ခွင့်ပေးမယ် ... ဒါပေမဲ့ မအောင်မြင်ခဲ့ရင် မင်းကိုယ်မင်း ဓားချောက် ကမ်းပါးကနေ ခုန်ချလိုက်တော့ ... ”

မိုဝူကျီက ထိုဓားချောက်ကမ်းပါး အကြောင်းကို ကြားဖူး၍ တုန်ယင် သွားလေ၏။ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းရှိ မတ်စောက်လှသော ချောက်ကမ်းပါး ဘေးတွင် ကြီးမားလှသည့် ဓားကျိုး ချိတ်ဆွဲ ထားလေသည်။ ထိုသည်က ဂိုဏ်း၏ အပြစ်သားများကို ထိုချောက်ကမ်းပါးထဲ ပစ်လွှတ်တတ်သည်ဟု ကောလာဟလ ရှိလေ၏။

“အာ ... အဲဒါဆို ကျွန်တော် မကြည့်တော့ပါဘူးဗျာ ... ” သူက ရေဗေဒါထပ်၍ ထည့်လျှင်ပင် အဆင့်နှစ် ဆေးဖော်စပ်ခြင်းကို လမ်းကြောင်းတည် ဆေးအဖြစ်‌ ဖော်စပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဆေးလုံးသခင်ရှီကို တစ်ချက် ကြည့်လိုက်သည်နှင့် သူကား စွမ်းဆောင်နိုင်စွမ်း မရှိသည့်လူမှန်း သိသာလေသည်။

ဆေးလုံးသခင်ရှီက မိုဝူကျီ ပြောပြီးသည့်အထိ မစောင့်ဆိုင်းပဲ မိုဝူကျီ ပခုံးပေါ် လက်တင်လိုက်သည်။ အားကောင်းလှသည့် လေဟာနယ်အလား ဖြစ်ပေါ်လာပြီး မိုဝူကျီကို ဆွဲခေါ်သွားလေသည်။

မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်နှစ် ကျင့်ကြံသူ ဖြစ်၏။ ဆေးလုံးသခင်ရှီ လက်ကို လှုပ်လိုက်သည့် အခိုက်အတန့်တွင် သူက ဝိညာဉ်စွမ်းအားကို ချက်ချင်း လှည့်ပတ်လိုက်ကာ ဆေးလုံးသခင်ရှီ၏ ဆွဲယူအားမှ လွတ်မြောက်စေလိုက်သည်။ အနည်းငယ်သော လှုပ်ရှားမှုနှင့် အတူ သူက ဆေးလုံးသခင်ရှီနှင့် မီတာအနည်းငယ် အကွာတွင် ဆင်းသက် လိုက်လေ၏။

“မင်းက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်သုံး ... မဟုတ်သေးဘူး အဆင့်နှစ်လား ... ” ဆေးလုံးသခင်ရှီက မိုဝူကျီကို တုန်လှုပ်စွာ ကြည့်လိုက်သည်။

အစေခံများတွင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်နှစ် ကျင့်ကြံသူ မရှိခြင်း မဟုတ်ပေ။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေး အစေခံများပင် ရှိကြ၏။ သို့သော် မိုဝူကျီကဲ့သို့ ငယ်ရွယ်သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်နှစ်သို့ ရောက်နေသော ကိစ္စကား ရှားပါးလှပေ၏။ သို့သော် ထိုသည်က အဓိကအချက် မဟုတ်ပေ။ မိုဝူကျီ၏ တုံ့ပြန်မှု အလျင်နှင့် စွမ်းဆောင်ရည်သည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်သုံးကိုပင် ယှဉ်နိုင်လောက်သည်။

ဆေးလုံးသခင်ရှီသည် အဆင့်နှစ်ဆေးလုံး ဆရာဖြစ်သကဲ့သို့ တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအား တည်ဆောက်ခြင်း အဆင့်နှစ် ကျင့်ကြံသူ ဖြစ်နေလေ၏။ သူ့၏ စွမ်းအားကို ၁၀ရာခိုင်နှုန်း လောက်သာ လျှော့သုံးခဲ့လျှင်ပင် မိုဝူကျီအတွက် ထိုအခိုက်အတန့်မှာ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ချေ။

မိုဝူကျီက ကြောင်တောင်တောင် ရယ်မောလိုက်ရင်း

“ကျွန်တော့် ဝိညာဉ်ကြောက အရမ်းကို အဆင့်နိမ့်ပါတယ် ... ဒီအဆင့် ရောက်အောင် လေးငါးနှစ်လောက် ကျင့်ကြံခဲ့ရတာပါ ... ”

ဆေးလုံးသခင်ရှီက မိုဝူကျီ၏ ဖြေရှင်းချက်ကို လက်ခံလိုက်၏။

သူက ခေါင်းညိတ်ပြ လိုက်ပြီး

“မဆိုးဘူး ... မင်းက ငါ့ဆွဲယူမှုကို လွတ်မြောက် နိုင်မှတော့ မင်းကို ဓားချောက် ကမ်းပါးထဲ ခုန်မချခိုင်းတော့ပါဘူး ... အထဲလာခဲ့ ... ”

ထိုသို့ဖြင့် ဆေးလုံးသခင်ရှီသည် ဆေးလုံး စမ်းသပ်ခန်း အတွင်းသို့ ဝင်သွားလေသည်။

မိုဝူကျီက သက်ပြင်းချကာ ဆေးလုံးသခင်ရှီနောက် လိုက်ဝင်သွားလိုက်၏။

ဤသည်က မိုဝူကျီအတွက် ပထမဆုံးအကြိမ် ဆေးလုံးစမ်းသပ်ခန်း အတွင်းသို့ ဝင်ဖူးခြင်း ဖြစ်၏။ သူ ဝင်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်က ဆေးပြင်းမီးဖိုသာ ဖြစ်လေ၏။

မီးဖိုကား တစ်မီတာလောက် မြင့်မားကာ ခန့်မှန်းခြေ ၆၀စင်တီမီတာလောက် ကျယ်ဝန်းပေသည်။

ဆေးပြင်း မီးဖိုဘေးတွင် နံရံကပ်စင်တစ်ခု ရှိကာ ဆေးလုံးသခင်ရှီက ဆေးပင်များကို စင်ထိပ်တွင် တင်လိုက်သည်ကို မိုဝူကျီက မြင်လိုက်ရ၏။

ထို့အပြင် စမ်းသပ်ခန်းတွင် ကျောက်တုံး ထိုင်ခုံလည်း ပါရှိ၏။ မီးဖိုထိပ်တွင် လေထွက်ပေါက် ပါရှိလေသည်။

ဆေးလုံးစမ်းသပ်ခန်း အတွင်းသို့ ဝင်ပြီးနောက်တွင် ဆေးလုံးသခင်ရှီက စကားမပြောချေ။ သူသည် မီးပြင်းဖိုဘေးမှ လက်ကိုင်ကို အားနှင့်မဆွဲခင် ကျောက်စိမ်း ဖြတ်ပိုင်းကို မီးပြင်းဖိုဘေးက မြှောင်းထဲ ထည့်လိုက်လေသည်။

ဘုန်းခနဲ မြေပြင်ပေါ်မှ အပြာရောင် မီးတောက် တောက်လောင် လာလေသည်။

မိုဝူကျီတွင် ဆေးဖော်စပ်ရာ မီးတောက်အကြောင်း ဗဟုသုတလုံးဝ မရှိချေ။ ဆေးမီးတောက်များသည် ပုံစံအသေင်္ချေ ရှိကာ ကမ္ဘာမြေ မီးတောက်က တစ်မျိုး အပါအဝင် ဖြစ်လေ၏။

သိသာစွာ ဆေးလုံးသခင် ရှီသည် ကမ္ဘာမြေ မီးတောက်ကို အသုံးပြုနေခြင်း ဖြစ်လေ၏။

မိုဝူကျီက ဘာမေးခွန်းမှ မမေးရဲချေ။ သူသည် မေးခွန်းများ မေးရန် အရည်အချင်း မပြည့်မီသေးပေ။ ဆေးလုံးသခင်ရှီက သူ့ကို ဖြစ်စဉ် တစ်ခုလုံးကို ကြည့်ရှုခွင့် ပေးခြင်းကပင် ဧရာမ ကံကောင်းနေ၍သာ ဖြစ်သည်။

ဆေးလုံးသခင်ရှီက မီးတောက်ကို မီးပြင်းဖို အောက်တွင် မိနစ်အနည်းငယ် အကြာ ထားလိုက်၏။ ရုတ်တရက်တွင် သူက ဆေးပြင်းမီးဖို၏ ဘေးဘက်များကို လက်ဝါးဖြင့် ဆက်တိုက် ရိုက်နေလေသည်။ လက်ဝါး ရိုက်ချက်နှင့် အတူ မီးဖိုအဖုံးကား လွင့်စဉ်လာပြီး မီးဖိုအထဲမှ အညစ်အကြေးများနှင့် ဖုန်မှုန့်များက ပျံ့လွင့်လာကာ မီးဖိုအပြင်ဘက်သို့ ထွက်လာကြသည်။

ဆေးလုံးသခင်ရှီက သူ့ရင်ဘတ်ထဲမှ ဘူးသီးခြောက်ကို ထုတ်ယူကာ မီးဖိုနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။ အမည်မသိ အရည်များသည် မီးဖိုအတွင်းသို့ စီးဝင်သွားလေ၏။

မိုဝူကျီက ထိုအရည်ကို အလွန်ပင် သိချင်နေမိသည်။ သူ ဖတ်နေသော ဆေးနည်း စာအုပ်တွင် ဆေးပြင်းမီးဖို အတွင်း အရည်များ လောင်းထည့်ခြင်း မပါရှိချေ။ သို့သော်လည်း သူ့သိချင်စိတ်ကို ဆက်လက် ချုပ်ထိန်း ထားလိုက်၏။ သူ့ပါးစပ်မှ အသံထွက်သည့် တစ်ခဏတွင် ဆေးလုံးသခင်ရှီသည် သူ့အား ဆေးလုံး စမ်းသပ်ခန်းမှ ကန်ထုတ်လောက်၏။

အရည်များ လောင်းထည့်ပြီးသည့် နောက်တွင် ဆေးလုံးသခင်ရှီက ဆေးပင်များကို တစ်ခုချင်း မထည့်ခင် မီးဖိုကို မိနစ်အနည်းငယ် အပူထပ်ပေးလိုက်၏။

ဘေးမှာ ရပ်နေသည့် မိုဝူကျီက မီးဖိုအတွင်းမှ အဖြစ်အပျက်များကို မမြင်နိုင်ချေ။ သူ မြင်ရသည့် အရာကား ဆေးလုံး သခင်ရှီသည် မီးတောက် အရွယ်အစားကို ညှိနေပြီး မီးဖိုအတွင်းမှ ဆေးပင်များကို ယောက်မဖြင့် မွှေပေးနေလေသည်။

မိုဝူကျီက ဆေးလုံးသခင်ရှီ၏ ဆေးဖော်စပ်ခြင်းတွင် အထင်ကြီး လေးစားမှုကို မခံစားရချေ။ ဟင်းသီးဟင်းရွက် မွှေကြော်နေသည့် အလား တူညီလေ၏။

ဆေးလုံးသခင်ရှီ၏ မွှေကြော်ခြင်းနှင့် အတူ မိုဝူကျီက ထွက်ပေါ်လာသည့် ဆေးနံ့များကို ရရှိလိုက်လေသည်။ မိုဝူကျီက နှစ်ပေါင်းများစွာ ဆေးပင်များနှင့် အပင်များ အကြောင်းကို လေ့လာခဲ့ဖူး၏။ သူသည် ရေဗေဒါ၏ အနံ့ကိုလည်း ခွဲခြားသိလေသည်။ ရေဗေဒါက အစိမ်းရောင် နဂါးမောက်သီးနှင့် ပေါင်းစပ်သွားသော အနံ့ဖြစ်လေ၏။ သိသာလှစွာ ရေဗေဒါက အာနိသင် စပြနေလေပြီ။

ဆေးလုံးသခင်ရှီ၏ အကြည့်ကား ဆေးပြင်း မီးဖိုပေါ်တွင်သာ တည်ရှိနေပြီး ဆေးပင်များကို ရည်ရွယ်ချက်ရှိရှိ မွှေပေးနေကာ မီးပြင်းအားကိုလည်း ထိန်းချုပ် ထားလေသည်။ မိုဝူကျီသည် အာရုံစူးစိုက်မှု အပြည့်ရှိနေသာ ဆေးလုံးသခင်ရှီကို မြင်လိုက်ပြီး သူက ရေဗေဒါအနံ့ကို သတိမမူမိကြောင်း သိလိုက်၏။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေ၏။ မိုဝူကျီက ဆေးလုံးသခင်ရှီ နဖူးပေါ်မှ ဇောချွေးများ တစက်စက် ကျလာသည်ကိုပင် မြင်နေရ၏။ သို့သော်လည်း ဆေးလုံးသခင်ရှီက ထိုအရာကို သတိပြုမိပုံ မပေါ်ပေ။ သူ့အာရုံစိုက်မှု အားလုံးက ဆေးပင်များ အပေါ်တွင်သာ ရှိနေလေ၏။

မိုဝူကျီက သက်ပြင်း ချမိလိုက်သည်။ အကြောင်းရင်းကား ဆေးလုံးသခင်ရှီက အဆင့်နှစ် ဆေးလုံးဆရာ ဖြစ်လာခြင်းမှာ သူ့အသိဉာဏ် သို့မဟုတ် ပါရမီကြောင့် မဖြစ်နိုင်လောက်ပေ။ ဆေးလုံး ဖော်စပ်ရာတွင် သူ့၏ အာရုံ စူးစိုက်မှုကြောင့်သာ ဖြစ်လောက်သည်။

ဆေးလုံးသခင်ရှီသည် လက်နှစ်ဖက်လုံးဖြင့် ဆေးပြင်းမီးဖို၏ ဘေးဘက်ကို ဆက်တိုက် ရိုက်နေလေသည်။

မိုဝူကျီက တခြားသော ဆေးလုံးဆရာများကို မမြင်တွေ့ဖူး သော်လည်း ဆေးလုံးသခင် ရှီထံမှ လေးစားရမည့် အချက်ကိုမူ ရှာမတွေ့ချေ။ သူ့အာရုံ စူးစိုက်မှုနှင့် သူ့အပြုအမူ ကြားတွင် ခြားနားချက် ကြီးစွာ ရှိနေလေသည်။ သူသည် ရေကူးနေဟန် ရသော်လည်း ပုံစံလှပသော ရေကူးခြင်းမျိုး မဟုတ် ခွေးကူး ကူးခြင်းသာ ဖြစ်နေ၏။

တစ်နာရီ လုံးလုံး ကုန်ဆုံးသွားလေသည်။ ရုတ်တရက် ဆေးလုံး သခင်ရှီက မီးဖိုဘေးကို ရိုက်လိုက်သည့်အခါ နောက်ကျိနေသော အမည်းရောင် အရာက မီးဖိုမှ ထွက်ပေါ်လာလေသည်။

ထိုသည်က ဆေးအနှစ်များ ဖြစ်နိုင်၏။ ရှုရှိုက် လိုက်သည့်အခါ မိုဝူကျီက ထိုဆေးအနှစ်တွင် ဝိညာဉ် ဆေးပင်များ၏ အဆီအနှစ် တချို့ ပါဝင်နေကြောင်း သိရှိလိုက်၏။ ထိုသည်က ဆေးလုံးသခင်ရှီက ဆေးပင်များမှ အဆီအနှစ် အားလုံးကို ထုတ်ယူဖို့ရန် ဝေလာဝေး ဖြစ်နေကြောင်း ပြသနေလေသည်။

***

All Chapters