← Chapters

ငြင်းပယ်ခြင်း

Vol. 6 Ch. 72

ငြင်းပယ်ခြင်း

Vol. 6 Ch. 72

မိုဝူကျီက ဆေးလုံးသခင်ရှီသည် ပါဝင်ဆေးပင်များကို ရှင်းရှင်းလင်းလင်း စစ်ထုတ် မယူသည်ကို သိသော်လည်း သူကား ဝင်ပြော၍ မရပေ။ သူကိုယ်တိုင်ပင် ဆေးလုံးကို မည်သို့ သန့်စင်ရမှန်း မသိသေးချေ။ ဆေးလုံး သန့်စင်ခြင်းသည် ရှုပ်ထွေး နက်နဲလှသော ဖြစ်စဉ် ဖြစ်၏။ မိုဝူကျီက ဆေးပင် အမျိုးမျို၏ ကွဲပြားချက်များနှင့် ပင်ကို လက္ခဏာများကို လေ့လာနေသည့် သူငယ်တန်း အဆင့်ပင် ရှိသေးသောကြောင့် ဝိညာဉ် ဆေးပင်များကို သန့်စင်ခြင်း အကြောင်းကို မထိတွေ့ရသေးပေ။

ထို့အပြင် ဝိညာဉ်ဆေးပင်ကို သန့်စင်ခြင်းကား လက်တွေ့ ကျွမ်းကျင်မှု အပေါ်တွင် မူတည်လေ၏။ သူ့၏ လက်ရှိ အခြေအနေဖြင့် ထိုအရာကို သင်ယူဖို့ရာ မဖြစ်နိုင်သေးပေ။

နောက်ထပ် တစ်နာရီ ကုန်ဆုံးသွားပြီးနောက် မိုဝူကျီက တဖြည်းဖြည်းနှင့် ဆေးလုံးရနံ့ကို ရရှိလာလေသည်။ ဆေးလုံးသခင်ရှီ၏ မျက်နှာကား ပို၍ပင် သက်ဝင်လာလေ၏။ ဒီနေ့ သူ့ကံသည် ယမန်နေ့များထက် ပို၍ ကောင်းနေကြောင်း ခံစားမိလေ၏။

ထိုအခိုက်အတန့်တွင် ဆေးလုံးသခင်ရှီက သူ့လက်ထဲမှ ယောက်မကို လွှတ်ချလိုက်ပြီး ဆေးပြင်းမီးဖို အတွင်းမှ မီးတောက်ကို လျှော့ချလိုက်သည်။ သို့သော်လည်း သူ့လက်နှစ်ဖက်ကား ဆေးပြင်းမီးဖို အပြင်ဘက်ကို ဆက်တိုက် ရိုက်နေဆဲ ဖြစ်လေ၏။ မိုဝူကျီလည်း မီးဖိုအတွင်းမှ ဆေးလုံး အချို့ကို မြင်လိုက်ရသည်။

“ဘမ်း ... ” မိုဝူကျီက ဆေးလုံးသခင် ရှီသည် ဆေးပြင်း မီးဖိုဘေးမှ လက်ကိုင်ကို တွန်းလိုက်ပြီး တစ်ဖက်က ဆေးပြင်းမီးဖိုကို ရိုက်လိုက်သည်။ အနီရောင် စွက်နေသည့် အစိမ်းရောင် ဆေးလုံး ခြောက်လုံးက ထွက်ပေါ်လာပြီး ကျောက်စိမ်းပုလင်း အတွင်း ကျသွားလေသည်။

“ဟားဟားဟား ... ” ဆေးခြောက်လုံး ထွက်လာသည်ကို မြင်ပြီး ဆေးလုံးသခင်ရှီက အားရပါးရ ရယ်မော လိုက်လေ၏။ စိတ်လှုပ်ရှားမှုနှင့် ကျေနပ်မှုက သူ့မျက်ဝန်းတွင် ထင်ဟပ် နေလေသည်။

အရိုးသားဆုံး ဆိုရလျှင် မိုဝူကျီက အနည်းငယ် စိတ်ပျက် သွားလေသည်။ ဆေးလုံးသခင်ရှီ လုပ်သကဲ့သို့ မလုပ်ဆောင် နိုင်လျှင်ပင် ဆေးလုံးသခင်ရှီ၏ နည်းစနစ်များနှင့် လုပ်ငန်းစဉ်များမှ လေးစားခြင်း အကြောင်းအရာကို အမှန်တကယ် မခံစားရချေ။ အနည်းငယ် ကြည့်ကောင်းလှသည့် ဆေးပြင်းမီးဖိုမှ အညစ်ကြေးများနှင့် ဖုန်များကို ဖယ်ရှာခြင်းမှ လွဲ၍ ကျန်သော လုပ်ငန်းစဉ် အားလုံးသည် အမှန်တကယ်ပင်‌ လေးစားဖို့ မထိုက်တန်ပေ။

သူက ဒဏ္ဍာရီ ဆန်ဆန် ဆေးဖော်စပ်နည်းကို မတွေ့ပေ။ သူမြင်သည်က မွှေနေခြင်းသာ ဖြစ်လေ၏။ ထို့အပြင် သုံးထားသော မီးတောက်သည် ကမ္ဘာမြေ မီးတောက်သာ ဖြစ်လေ၏။ ဆေးလုံး ရိတ်သိမ်းခြင်း တွင်လည်း ဒဏ္ဍာရီဆန်ဆန် နည်းလမ်းများကို မတွေ့ပေ။ ဆေးပြင်းမီးဖိုကို ရိုက်လိုက်သောကြောင့်‌ ဆေးလုံးများ ထွက်ပေါ်လာခြင်းကိုသာ မြင်လေ၏။

“အဆင့်သုံး ဆေးလုံး ... နောက်ဆုံးတော့ အဆင့်သုံး ဆေးလုံး လမ်းကြောင်းတည် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ ... ငါ ရှီဂျွန် နောက်ဆုံးတော့ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်ပြီ ... ဆရာ ခင်ဗျားက ကျွန်တော့်ကို အဆင့်သုံး ဆေးလုံးဆရာ ဖြစ်ဖို့ အရည်ချင်း မမီဘူးလို့ ပြောခဲ့တယ် ... ဒါပေမဲ့ အခု ကျွန်တော် လုပ်နိုင်ခဲ့ပြီ ... ” ဆေးလုံးသခင်ရှီက ကျောက်စိမ်း ပုလင်းကို ဆုပ်ကိုင်ထားလေ၏။

မိုဝူကျီက သက်ပြင်း ချလိုက်ကာ အဘယ်ကြောင့် သူက ဤမျှ စိတ်လှုပ်ရှား နေရသနည်း ...

ထိုလူ၏ ဆရာက မမှားခဲ့ပေ။ သူ့၏ ဆေးဖော်စပ်နည်းနှင့် အရည်အချင်းအရ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်ရန် အလွန် ခက်ခဲလှ၏။ မိုဝူကျီက ဆေးလုံးဆရာ မဖြစ်သေးသော်ငြား ဆေးလုံးသခင်ရှီ၏ အလားအလာသည် ကန့်သတ်ချက် ရှိကြောင်း ပြောနိုင်သည်။

လုံ့လဝီရိယက မွေးရာပါ အားနည်းချက်များကို ပြင်ဆင်ပေးနိုင်၏။ သို့သော် တချို့သော အတတ်ပညာများတွင်မူ ပါရမီမရှိဘဲ လုံ့လ တစ်ခုတည်းဖြင့် မအောင်မြင်နိုင်ချေ။ ဥပမာအားဖြင့် ကမ္ဘာမြေပေါ်တွင် ရုက္ခဗေဒ သုတေသနသည် ထိုသို့သော ပညာရပ်မျိုးတွင် တစ်ခုအပါအဝင် ဖြစ်လေသည်။ တချို့ အလိုလိုသိစိတ် လိုအပ်လေသည်။ ။

“မင်းမှန်တယ် ... မင်းက တကယ်ကို မောင်ကံကောင်းပဲ ... ဒီလမ်းကြောင်းတည် ဆေးလုံးကို ဖော်စပ်နေတဲ့ ၁၁ ကြိမ်လုံး မအောင်မြင်ခဲ့ဘူး ... မင်းကို ဒီဆေးစမ်းသပ်ခန်းထဲ ဝင်ခွင့် ပြုလိုက်တာ တကယ့်ကို ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ ... အခု ငါ အောင်အောင်မြင်မြင်နဲ့ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာပြီ ... ” ရှီဂျွန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

မိုဝူကျီက စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ကာ ခင်ဗျားရဲ့ သွင်ပြင်ကို ကြည့်ပါဦး ... ခင်ဗျား နာမည်နဲ့ မလိုက်မဖက် ဖြစ်နေရုံသာမက ခင်ဗျားရဲ့ ဆေးဖော်စပ်ခြင်း အဆင့်အတန်းကလည်း ချာတူးလံ နေတာပဲ ... ခင်ဗျား နောက်တစ်ကြိမ် ဒီလမ်းကြောင်းတည် ဆေးလုံးကို ထပ်ဖော်စပ် နိုင်မယ်လို့ ကျွန်တော်တော့ မထင်ဘူး ... ရိုးရိုးသားသား နေပြီး အဆင့်နှစ် ဆေးလုံးဆရာပဲ လုပ်စမ်းပါဗျာ ... အဆင့်သုံး ဆေးလုံး ဆရာတဲ့လား ... ကိုယ့်ဘာသာ အရမ်း အထင်ကြီးလွန်း နေပြီ ...

(မှတ်ချက်။ ။ ရှီဂျွန် နာမည်မှ ဂျွန်သည် ခန့်ညားခြင်းဟု အဓိပ္ပာယ်ရ၏။)

အရင်က မိုဝူကျီသည် ဤဆေးလုံး သခင်ရှီသည် ခုနစ်ကြိမ်လောက်သာ ကျရှုံးခဲ့သည်ဟု ထင်ခဲ့မိကာ ၁၁ကြိမ်အထိ မမျှော်လင့် ထားခဲ့ချေ။ အကယ်၍ သူသာ မကူညီပါက ဤတစ်ကြိမ်ကား ၁၂ကြိမ်မြောက် ကျရှုံးခြင်း ဖြစ်သွားနိုင်လေသည်။

“ဂုဏ်ယူပါတယ် ဆေးလုံးသခင်ရှီ ... အဲဒါဆို ဒီဂျုနီယာလေး သွားလိုက်ပါဦးမယ် ... ” မိုဝူကျီက ဤနေရာတွင် ကျန်ရှိနေပြီး ထိုလူ၏ လေလုံးများကို နားထောင်ပေးရန် စိတ်ကူးမရှိ။

ရှီဂျွန်က ရုတ်တရက်‌ ပြောလိုက်လေ၏။

“အလျင် မလိုပါနဲ့ဦး ... မင်းနာမည်က ဘာလဲ ... ”

“ဂျူနီယာ နာမည်က မိုဝူကျီပါ ... ” မိုဝူကျီက ရှီဂျွန်တွင် တောက်ပသည့် အနာဂတ် မရှိနိုင်ကြောင်း သိပေမဲ့လည်း အမြန်အဆန် ပြန်ဖြေလိုက်လေ၏။ ဂိုဏ်းထဲတွင် ရှီဂျွန်နှင့် သူ၏ အနေအထားသည် ကောင်းကင်မှ လမင်းနှင့် ပိုးစုန်းကြူး သဖွယ် ကွာခြားလှပေ၏။ ရှီဂျွန်သည် ပြဿနာတက်၍ ကောင်းသောသူ မဟုတ်ပေ။

ရှီဂျွန်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး

“မင်းက မဆိုးဘူး ... နောင်ကျ ငါ့နောက်လိုက်ပြီး ဆေးပင်တွေ လာပို့ပေးပေါ့ ... ”

မိုဝူကျီက စိတ်ထဲ၌ ကျိန်ဆဲမိ လိုက်လေတော့သည်။ ရှီဂျွန်က သူ့ကို သတ်ရန် ကြံနေသည်သာ ဖြစ်လိမ့်မည်။ ရှီဂျွန်၏ ဆေးဖော်စပ် နိုင်စွမ်းနှင့် အဆင့်သုံး ဆေးလုံးကို ဖော်စပ်ရန် ၁၁ကြိမ်တောင် ကျရှုံးခဲ့လေ၏။

“စီနီယာ ... ဂျုနီယာက ဆေးဖော်စပ်ခန်း ၁၉ရဲ့ အစေခံတပည့်ပါ ... စီနီယာနောက် လိုက်ဖို့က အဆင် မပြေလောက်ဘူး ထင်တယ်ဗျ ... စီနီယာ နားလည် ပေးမယ်လို့ မျှော်လင့်ပါတယ် ... ” မိုဝူကျီက ရှီဂျွန်းကို ငြင်းဖို့ရန် တွန့်ဆုတ် မနေချေ။

ရှီဂျွန်က မိုဝူကျီက မယုံကြည်နိုင်မှုများနှင့် စိုက်ကြည့် လိုက်လေသည်။ ဤအခွင့်အရေးက မည်မျှ ရှားပါး လိုက်သနည်း ... တချို့ အစေခံတပည့်တွေ ဆိုလျှင် ကျေးဇူးတင်၍ မြေပြင်ပေါ်ပင် ဒူးထောက်ကာ အရိုအသေ ပေးကြလိမ့်မည်။ သို့သော် မိုဝူကျီက ဤအခွင့်အရေးကို ကျေးဇူးမတင်ရုံ သာမက ငြင်းပယ်သေး၏။

“ငါ နားကြားများ မှားနေတာလား ... မင်းပြောတာရော သိရဲ့လား ... မင်း ဘာတွေ လွတ်သွားမယ် ဆိုတာ မင်း သိရဲ့လား ... ” ရှီဂျွန်းက ငေးမောနေမှုမှ ပြန်အသက်ဝင် လာပြီး နားမလည်စွာ မေးလိုက်တော့သည်။

မိုဝူကျီက အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိလေ၏။ ရှီဂျွန်ကဲ့သို့ သာမညအဆင့် ဆေးလုံးဆရာက အနာဂတ် ရှိမယ်ဆိုလျှင်ပင် ပုံမှန် မဟုတ်တော့ချေ။ သူသည် ဆေးပင်များ သွားထုတ်ပေးရင်း တခြားသော ဆေးလုံး ဆရာများထံမှ နည်းလမ်းများကို သင်ကြားရန် ဤနေရာတွင်‌သာ နေလိမ့်မည်။ ရှီဂျွန် နောက်လိုက်ပြီး ဟင်းသီးဟင်းရွက်များ ကြော်လှော် နေရမည်လား ... မိုဝူကျီက အမှန်တကယ်ပင် စိတ်မဝင်စားချေ။

မိုဝူကျီက သူ့ကိုယ်ပိုင် အစေခံဖြစ်ရန် ဆန္ဒမရှိကြောင်း သိပြီးနောက် ရှီဂျွန်က နှာခေါင်းရှုံ့ကာ မိုဝူကျီဆီ ကျောက်စိမ်းပုလင်း ပေါက်ပေးလိုက်ပြီး စိတ်ဆိုးတကြီး ထွက်သွားလေသည်။ အစေခံ တပည့်ဆီမှ ငြင်းပယ်ခံ ရလိုက်ခြင်းက သူ့အား မခံချိ မခံသာ ဒေါသထွက်စေ၏။ သို့သော်လည်း မိုဝူကျီကို ဆုလာဘ် ချီးမြှင့်မည် ပြောထားသောကြောင့် အစေခံ တစ်ယောက်ကြောင့် သူ့ဂုဏ်သိက္ခာကို ဆုံးရှုံးခံရန် အကြောင်းမရှိပေ။

သဘာဝကျစွာ မိုဝူကျီက ရှီဂျွန်၏ ဆုလာဘ်ကို မငြင်းချေ။ ထို့အပြင် သူ ရရန် ထိုက်တန်ပေ၏။ သူ့ကိုယ်ပိုင် ပိုက်ဆံဖြင့် ရေဗေဒါကို ဝယ်ယူခဲ့ခြင်းသာ ဖြစ်ရာ အကယ်၍ ရေဗေဒါကြောင့်သာ မဟုတ်လျှင် ရှီဂျွန်၏ ကြိုးပမ်းမှုကား နောက်ကျရှုံးမှု တစ်ခုအဖြစ် အဆုံးသတ် သွားလိမ့်မည်။

သူ့လက်ထဲမှ ပုလင်းကို ကြည့်ပြီး မိုဝူကျီက ကျေနပ်သွားလေ၏။ အထဲက ဆေးလုံးသည် အဖိုးမတန်လျှင်ပင် အနည်းဆုံးတော့ ကျောက်စိမ်းပုလင်းက တန်ဖိုးရှိနိုင်သေး၏။ အကယ်၍ သူ့၏ ချီသွေးကြော ဖွင့်ဆေးကို ဒီကျောက်စိမ်း ပုလင်းတွင် ထည့်မထားလျှင်ပင် ဖန်ပုလင်း အဖြစ် အသုံးပြု၍ ရလေသည်။

ကျောက်စိမ်း ပုလင်းကို ‘စွမ်းအားဖြည့်ဆေးလုံး’ ဟု အမည်တပ် ထားလေ၏။ ထိုဆေးလုံးကား အစပိုင်း အဆင့်နှင့် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများ အတွက် အသုံးဝင်ကာ သူတို့၏ ကျင့်ကြံနှုန်းကို မြန်စေနိုင်၏။ သို့သော်လည်း မိုဝူကျီက ထိုဆေးလုံးကား သူ့အတွက် အသုံးဝင် လှသည်ဟု မခံစားရပေ။ သူ့အတွက် ကောင်းကင်နှင့် မြေကမ္ဘာမှ ဝိညာဉ် စွမ်းအားများကို စုပ်ယူနိုင်ရုံနှင့် လုံလောက်သည့် အတွက် စွမ်းအားဖြည့် ဆေးလုံးကို မလိုအပ်ချေ။

မိုဝူကျီက ရှီဂျွန်၏ ဒေါသကို စိတ်ထဲမထားပေ။ သူ့ဆေးလုံးကို သိမ်းထားပြီးနောက် သူသည် စကားလုံးမဲ့ ဆေးနည်း စာအုပ်ကို လေ့လာရန် ပြန်သွား လိုက်လေသည်။

ရှီဂျွန်၏ နည်းလမ်းများသည် မိုဝူကျီ မျက်လုံးထဲတွင် ချာတူးလံ နေသော်လည်း မိုဝူကျီသည် သူ့ထံမှ များစွာ သင်ယူလိုက်ရ၏။ မိုဝူကျီ သင်ယူရမည့် နောက်အဆင့်ကား ဝိညာဉ် ဆေးပင်များကို သန့်စင်ခြင်း ဖြစ်၏။ ဝိညာဉ် ဆေးပင်များ သန့်စင်ခြင်းနှင့် ဝိညာဉ် ဆေးပင်များ၏ ပင်ကိုလက္ခဏာကို လေ့လာခြင်းမှာ ကွာခြားလှ၏။ သန့်စင်ခြင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင် ကြည့်ရန် လိုအပ်လေရာ မိုဝူကျီအတွက် အဆင့်နိမ့် ဆေးပင်များကို ဝယ်ယူပြီး လက်တွေ့လုပ်ရင်း သင်ယူရလိမ့်မည်။

သို့သော်လည်း သူ့တွင် ရွှေပြားများစွာ မကျန်ရှိတော့ပေ။ ဈေးအချိုဆုံး ဝိညာဉ်ဆေးပင်က အနည်းဆုံး ရွှေဆယ်ပြား ဖြစ်သည်။ ပိုကောင်းလာလျှင် ရွှေပြား တစ်သောင်းမှ တစ်သိန်းအထိ ကုန်ကျနိုင်၏။ ထို့ထက် ပိုကောင်းသော‌ ဆေးပင်များကို ရွှေပြားနှင့် ဝယ်ယူ၍ မရတော့ချေ။ စိတ်စွမ်းအင် ကျောက်တုံးများဖြင့် လဲလှယ်ရန် လိုအပ်လေ၏။

မိုဝူကျီက ငွေကြေးအဖြစ် စိတ်စွမ်းအင် ကျောက်တုံးကို ကြားသာ ကြားဖူးလေသည်။ အရင်က သုံးစွဲဖို့ဆိုတာ မပြောနှင့် တစ်ခါမျှပင် မမြင်ဖူးပေ။ စိတ်စွမ်းအင် ကျောက်တုံးများသည် ငွေကြေးကို ကျော်လွန်ပြီး ကျင့်ကြံခြင်းတွင် စွမ်းအင် အရင်းအမြစ် အနေနှင့် သုံးစွဲနိုင်သေး၏။ ပတ်ဝန်းကျင်မှ ဝိညာဉ် စွမ်းအားများနှင့် ယှဉ်လျှင် ထိုကျောက်တုံးများတွင် စွမ်းအင် သိပ်သည်းစွာ ပါရှိကြပြီး ထိုစွမ်းအင်ကို စုပ်ယူဖို့က ပို၍ လွယ်ကူလှသည်။

ဆေးပင်များကို သန့်စင်ရန် လက်တွေ့အပြင် အဆင့်မြင့် မီးပြင်းဖိုပါ လိုအပ်သေး၏။ မိုဝူကျီက မီးဖို ဆိုမထားနှင့် ဆေးပင်များ ဝယ်ယူဖို့ရန်ပင် မတတ်နိုင်ချေ။

အိပ်ပျော်နေသော ယန်အာကို ကြည့်လိုက်ပြီး မိုဝူကျီက ဝူခိုင်ဆီ အကူအညီ သွားတောင်းရန် ဆုံးဖြတ် လိုက်လေသည်။ သူသည် ယန်အာကို စောင့်ရှောက်ပေးဖို့ လူလိုအပ်၏။ ထို့နောက် သူက ဝိညာဉ်ဆေးပင်များကို ဝယ်မည့်အစား သွားရှာနိုင်လိမ့်မည်။

***

All Chapters