← Chapters

အဖေ

Vol. 1 Ch. 3

အဖေ

Vol. 1 Ch. 3

“ညီမလေးလော့... ထူးထူးခြားခြား လေ့ကျင့်ရေးကွင်းကို ရောက်နေပါလား”

ယဲ့ချန်နှင့် ယဲ့လော့တို့ စကားပြောနေကြစဉ် သူတို့နှင့် သက်တူ ရွယ်တူခန့် ရှိသည့် လူငယ်တစ်ဦး ချဉ်းကပ်လာသည်။

ယဲ့ခုံးယန်သည် ယဲ့ကလန် အတွင်းတွင် အလာအလာကောင်း၍ ရုပ်ရည် ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။ ယဲ့ကလန်၏ လူငယ် မျိုးဆက်တွင် ယဲ့ခုံးယန်၊ ယဲ့လော့နှင့် ဦးလေး ယဲ့ကျန့်ရှုံး၏ သမီး ယဲ့ရွှမ်တို့သာ ကျင့်ကြံမှု အဆင့်၅ ထိပ်ဆုံးသို့ ရောက်နေကြပြီး အဆင့်၆ သို့ မဝေးတော့တာ ဖြစ်သည်။ အတိတ်က ယဲ့ချန်၏ ကျင့်ကြံဆင့်နှင့် နှိုင်းယှဉ်သော် ယဲ့ခုံးယန်မှာ သာမန်သာ ဖြစ်သော်လည်း ယဲ့ချန် နိမ့်ပါးသွားပြီးနောက် ယဲ့ခုံးယန်၏ ပါရမီက လူအများ မျက်လုံးထဲတွင် မြင်သာလာခဲ့တာ ဖြစ်သည်။ ယဲ့ချန်ကဲ့သို့ အလွန် ခန့်ညားချောမောသော ရုပ်ရည်မျိုး မဟုတ်လျှင်တောင် ယဲ့ခုံးယန်ကလည်း ကြည့်ကောင်းသော ရုပ်ရည် ရှိသည်။ ထို့ပြင် ယဲ့ခုံးယန်၏ ဖခင်သည် ကလန် အတွင်း၌ အကြီးအကဲတစ်ဦး ဖြစ်ခြင်းက ယဲ့ခုံးယန်၏ အဆင့်အတန်းကို မြှင့်တင် ပေးနေသကဲ့သို့ ရှိသည်။ ယဲ့ခုံးယန်၏ ဖခင်သည် ကလန်ခေါင်းဆောင်ထက် တစ်ဆင့်သာ နိမ့်သော အကြီးအကဲ ဖြစ်သည်။

“အင်း”

ယဲ့လော့က ရိုးရှင်းစွာ ခေါင်းညိတ်ရုံသာ ပြန်ဖြေသည်။ ယဲ့ချန်က လွဲ၍ ဘယ်သူ့ကိုမဆို သူမက ထိုသို့ အေးစက်စက် တုံ့ပြန်သည်သာ။

ယဲ့ခုံးယန်လည်း သိသာစွာ မျက်နှာ ပျက်ယွင်း သွားသည်။ ထို့နောက် ယဲ့ချန်ဘက်သို့ ကြည့်သည်။ မျက်လုံးထဲရှိ အထင်သေးမှုများကိုလည်း ဖုံးကွယ်မထားခဲ့။ ယဲ့လော့က ယဲ့ချန် တစ်ဦးတည်းကိုပဲ ကောင်းကောင်း ဆက်ဆံတော့ရော ဘာဖြစ်လဲ။ လက်ရှိတွင် ယဲ့ချန်က မကျင့်ကြံနိုင်သော အမှိုက်တစထက် မပိုပေ။

“မတွေ့တာကြာပြီ အစ်ကိုယဲ့ချန် အစ်ကို့ကို ကြည့်ရတာ အများကြီး ကျန်းမာလာပုံပဲ ကျွန်တော့်အထင် အစ်ကို့ရဲ့ သွေးကြောတွေ ပြန်ကောင်းလာပြီ ထင်တယ်”

ဖော်ရွေသော စကားလုံးများနှင့် ဆန့်ကျင်စွာ ယဲ့ခုံးယန်၏ လေသံက အေးစက်နေသည်။

ယဲ့ချန် ပါရမီရှင်အဖြစ် ခမ်းနားခဲ့သော နေ့ရက်များက ယဲ့ခုံးယန်က ဘာမှ မဟုတ်ခဲ့ပေ။ ယဲ့ချန်က သူ့ထက် သုံးလခန့် ကြီးသည်ဖြစ်ရာ “အစ်ကိုယဲ့ချန်” ဟူ၍ တစာစာ အော်လျက် ယဲ့ချန် သွားလေရာ လိုက်နေခဲ့သည်။ လွန်ခဲ့သော သုံးနှစ်၊ ယဲ့ချန်၏ အဓိက သွေးကြောမများ ပျက်စီးသွားချိန်က စ၍ ယဲ့ခုံးယန်သည် ယဲ့ချန်ကို ရှိသည်ဟုပင် မမှတ်တော့။

ထိုအရာကပင် ယဲ့ချန်အား လူတို့၏ အပေါ်ယံ ဆက်ဆံတတ်သော သဘောတရားများ အကြောင်း နားလည်စေခဲ့သည်။ ယဲ့ချန်က ထိုသို့ စိတ်ထဲက မပါဘဲ ဟန်လုပ် ဆက်ဆံခြင်း မျိုးကို လုံးဝ မနှစ်သက်ပေ။ တစ်စုံတစ်ယောက်အတွက် စစ်မှန်သော မိတ်ဆွေဆိုသည်မှာ ထိုသူ အနိမ့်ပါးဆုံး ဖြစ်နေသော အခြေအနေမျိုးတွင်သာ တွေ့ရတတ်သည်။

“တကယ်တော့ ဘာမှ ထူးခြားမလာပါဘူး နေ့တိုင်း အိပ်လိုက်၊ စားလိုက် လုပ်နေတာပဲ ရှိတယ်”

ယဲ့ချန်က သာမန်ကာလျှံကာမျှ ပြန်ဖြေ လိုက်သည်။

“အစ်ကိုယဲ့ချန်က တကယ်ပဲ ကျွန်တော့်ကို အမြင်ကျယ်စေတယ် တစ်ချိန်က ပါရမီရှင် တစ်ယောက်က အခု အိပ်လိုက်၊ စားလိုက်နဲ့ ဘဝကို အပူအ ပင်ကင်းကင်း ဖြတ်သန်းနေတယ်တဲ့လား၊ ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲတွေ မေးတဲ့ အခါလည်း အခု ပြောတဲ့အတိုင်း ဖြေဖို့ မျှော်လင့်မိတယ် သနားစရာပဲ သူတို့ခမျာတော့ တစ်နေ့တစ်နေ့ ချီစုဆောင်း ဆေးလုံးတွေ ဘယ်လို ဝယ်ရမလဲဆိုတာ ပူပန်နေရပေမဲ့ မသိတတ်တဲ့ အမှိုက်ကတော့ အိပ်ဖို့ စားဖို့ပဲ တွေးနေတယ်”

ယဲ့ခုံးယန်က ဆက်မပြောခင် မျက်လုံးများ မှေးကျဉ်းကာ ယဲ့ချန်အား ကြည့်သည်။

“တုန်းလင်ရဲ့ ဒုတိယ မင်းသားက မကြာသေးခင်ကပဲ ကွမ်းရှီဆေးလုံး တစ်လုံး ရလာတယ်ဆိုတာ ကြားပြီးပြီလား၊ ကလန်ခေါင်းဆောင်က အဲဒီ သတင်းကိုလည်း ကြားရော ချက်ချင်းပဲ တုန်းလင်နန်းတော်ကို သွားပြီး ဒုတိယမင်းသားဆီမှာ ကွမ်းရှီ ဆေးလုံးကို တောင်းတယ်လေ။ စိတ်မှန်တဲ့ ဘယ်သူမဆို ဒီလောက် အဖိုးတန်တဲ့ ဆေးလုံးကို ဒုတိယမင်းသားက ပေးမှာ မဟုတ်ဘူးဆိုတာ သိတယ် ကလန်ခေါင်းဆောင်က ဂုဏ်သရေရှိ သိုင်းပညာရှင် တစ်ယောက် ဖြစ်ရက်နဲ့ ဒုတိယမင်းသား ရှေ့မှာ ဒူးထောက် တောင်းပန်ခဲ့သေးတယ်။ ဒုတိယမင်းသားက စိတ်ဆိုးပြီး ကလန်ခေါင်းဆောင်ကို မောင်းထုတ်လိုက်တယ်တဲ့၊ အခုဆို တစ်တိုင်းပြည်လုံးရဲ့ ပါးစပ်ထဲမှာ ကလန်ခေါင်းဆောင်က ဟာသ ဖြစ်နေပြီ”

“မင်း ဘာပြောတာလဲ”

ယဲ့ချန် ထိတ်လန့်မှုကြောင့် မတ်တပ်ပင် ရပ်မိသွားသည်။ သူက နေ့နေ့ညည ကျင့်ကြံခြင်းတွင်သာ နစ်မြုပ်နေခဲ့ပြီး သူ့ဖခင်အပါအဝင် ကလန်အကြီးအကဲများ အားလုံးနှင့် အဆက်အသွယ် ပြတ်နေလေရာ ထိုကိစ္စအား လုံးဝ မသိခဲ့ပေ။

“ယဲ့ခုံးယန် နင့်စကားတွေကို ဒီမှာပဲ ရပ်လိုက် ”

ယဲ့လော့ပါ မတ်တတ် ရပ်လာပြီး အေးစက်သော လေသံနှင့် ပြောသည်။ ယဲ့ချန်၏ ရင်ဘတ်က စိတ်လှုပ်ရှားမှုကြောင့် နိမ့်ချည် မြင့်ချည် ဖြစ်နေသည်။ သူက ယဲ့လော့ဘက်သို့ လှည့်ကာ မဝံ့မရဲ အတည်ပြုမိသည်။

“သူပြောတာ အမှန်ပဲလား လော့အာ”

ယဲ့လော့၏ မျက်နှာ အမူအယာအား ကြည့်ခြင်းအားဖြင့် ထိုကိစ္စမှာ အမှန်ဖြစ်ကြောင်း ယဲ့ချန် သိလိုက်သည်။ သူ့ဖခင်က သူ့အတွက်နှင့် အခြား လူတစ်ယောက်ရှေ့တွင် ဒူးထောက်နေသည့် မြင်ကွင်းအား ပုံဖော် ကြည့်ရုံနှင့်တင် ယဲ့ချန်မှာ လွန်စွာ အပြစ်မကင်းသလို ခံစားရ၏။ သူ့ဖခင်ကား ယဲ့ကလန် တစ်ခုလုံး၏ ကိုယ်စားပြု ဖြစ်သော်လည်း သူ့အတွက်နှင့် ထိုသို့ အရှက်ရဖွယ် ကိစ္စမျိုးကို လုပ်ခဲ့ရသည်။

“ရပ်ရမယ် ဘာလို့လဲ ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲတွေအားလုံး ဒီအမှိုက်ကြောင့်နဲ့ အများကြီး ဒုက္ခရောက်ခဲ့ပြီးပြီ ဆယ်နှစ်လုံးလုံး မိသားစုဝင်တွေ ကြိုးစားပမ်းစား စုဆောင်းထားတဲ့ ချီစုဆောင်းဆေးလုံးတွေလည်း အကုန် ကုန်ပြီ အရိုးသားဆုံး ပြောမယ် ငါသာ သူ့နေရာမှာဆိုရင် မိသားစုကို ဒုက္ခပေးမဲ့ အစား နံရံနဲ့ ခေါင်းနဲ့ ပြေးတိုက်ပြီး သတ်သေပစ်လိုက်ပြီ”

ယဲ့ခုံးယန်က နှာခေါင်းရှုံကာ ပြောသည်။

ယဲ့ချန်၏ မျက်အိမ် အတွင်း၌ မျက်ရည်များ ဝေ့သီ လာသော်လည်း သူက မျက်ရည် မကျမိစေရန် တင်းခံထားသည်။

“ကျွန်တော် တောင်းပန်ပါတယ် အဖေ အားလုံးက ကျွန်တော့်အပြစ်တွေပါ ကျွန်တော် ကတိပေးတယ် အဓိကသွေးကြောတွေ ပြန်ကောင်းလာတဲ့ အချိန်ရောက်ရင် ဒုတိယမင်းသားရဲ့ နန်းတော် တစ်ခုလုံးကို အဖေ ခံစားခဲ့ရတဲ့ အရှက်ကွဲမှုတွေ အတွက် ဖျက်ဆီးပစ်ပေးမယ်”

“အ… အစ်ကို… ယဲ့... သူပြောတာတွေကို နားမထောင်နဲ့၊ တစ်ခုမှ အမှန်မဟုတ်ဘူး”

ယဲ့လော့က ပျာပျာသလဲနှင့် ပြောလာသည်။ သူမ အစိုးရိမ်ဆုံးမှာ ယဲ့ချန်က ယဲ့ခုံးယန်၏ စကားများအား နားယောင်ပြီး ကိုယ့်ကိုကိုယ် အဆုံး စီရင်ပစ်လိုက်မည်ကိုပင်။

“ငါအဆင်ပြေတယ် တကယ်လို့ ဒီဘဝကို ဒီတိုင်း အဆုံးသတ်လိုက်ရင် ကိုယ့်ကိုကိုယ် အမှိုက်အဖြစ် လက်ခံလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားမှာပေါ့”

“တချို့ လူတွေကတော့ တော်တော်ကို အရည်ထူကြတာပဲ”

ယဲ့ခုံးယန်က မဲ့ပြုံးတစ်ခုနှင့် ပြောသည်။

ယဲ့ချန် ခေါင်းမော့ကာ ယဲ့ခုံးယန်၏ မျက်လုံးများအား တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်လား၊ မင်းနဲ့ မင်းအဖေ ဘာတွေ မျှော်လင့်နေလဲဆို တာတော့ ငါသိသလိုပါပဲ။ တစ်ခုတော့ သေချာအောင် ပြောလိုက်မယ်။ ငါ ဘယ်တော့မှ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှာ မဟုတ်ဘူး၊ အဲဒါက ဉာဏ်နည်းတဲ့ လူတွေရဲ့ လုပ်ရပ်ပဲ အခုချိန်မှာ ငါ့ရဲ့ အဓိက သွေးကြောတွေ ပျက်ဆီးနေတယ် ဆိုရင်တောင် တသက်လုံး ဒီတိုင်းပဲ ဖြစ်နေလိမ့်မယ်လို့ မဆိုလိုဘူး။ မင်းမှတ်ထားပါ ယန်ဇီမြစ်ရဲ့ ရေလှိုင်းတွေက အမြဲတမ်း ဆက်ပြီး စီးဆင်းနေတယ် ဘယ်တော့မှ တစ်နေရာတည်းမှာ ရပ်တန့်မနေဘူး”

“ကြည့်ရတာ မင်းက အတောင်ကျိုးသွားတဲ့ ငှက်တွေတောင် တစ်နေ့ကျ နောက်တစ်ကြိမ် ပျံသန်းနိုင်တယ် ဆိုတဲ့ စကားပုံကို ယုံကြည်နေတဲ့ အရူးပဲ ဖြစ်နိုင်တာက ကလန်ခေါင်းတောင်နဲ့ အကြီးအကဲတွေက ဒုတိယ မင်းသားဆီက ကွမ်းရှီဆေးကို မင်းအတွက် မဖြစ်မနေ ယူပေးလိမ့်မယ်လို့ ထင်နေတာလား၊ ဒုတိယ မင်းသားကရော ရူးနေလို့ ကွမ်းရှီဆေးလို ရတနာကို မင်းလို အမှိုက်ကောင်အတွက် ပေးမယ်တဲ့လား၊ နေ့ခင်းကြောင်တောင် အိပ်မက် မက်နေတာပဲ”

ယဲ့ခုံးယန်က လှောင်ပြောင်လိုစွာ ရယ်လျက် ဆက်ပြောသည်။

“ကိုယ့်အဆင့် ကိုယ်သိစမ်းပါ မင်းက ငါတို့ မိသားစုအတွက် တစ်သက်လုံး ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာပဲ”

အနိုင်ပိုင်းကာ ပြောဆိုပြီးနောက် ယဲ့ခုံးယန်က နှာခေါင်းရှုံ့ကာ ထွက်ခွါသွားသည်။

“အစ်ကိုယဲ့ သူပြောတာတွေကို စိတ်ထဲ ထားမနေနဲ့”

ယဲ့ခုံးယန် ထွက်သွားလျှင် ထွက်သွားချင်းမှာပဲ ယဲ့လော့က ပြောသည်။ သူမ အမူအယာက အေးစက်နေသည်။ ယဲ့ခုံးယန်အား တစစီ လုပ်ပစ်ချင်နေသည့် အလား။ ယဲ့ချန်က ဉာဏ်မရှိသည့် လုပ်ရပ်မျိုး လုပ်မည် မဟုတ်ကြောင်း  ယုံကြည်သော်လည်း သူမက စိုးရိမ်နေမိဆဲ။

“ဒီနေ့တော့ ဒီလောက်ပဲ ငါသွားတော့မယ် လော့အာ”

ယဲ့လော့အား စိတ်သက်သာရာ ရစေရန် ပြုံးပြပြီးနောက် ယဲ့ချန် လှည့်ထွက် လာခဲ့သည်။

တစ်ကိုယ်တည်း တရွေ့ရွေ့ လမ်းလျှောက် ထွက်သွားသော ပုံရိပ်အား ကြည့်ရင်း ယဲ့လော့ သက်ပြင်းချမိသည်။

***

ယဲ့ကလန်ရဲတိုက်၊ ကလန်ခေါင်းဆောင်၏ အဆောင်၌ ဖြစ်သည်။ ယဲ့ကလန်၏ ရှည်လျားသော သမိုင်းကြောင်းအား ပြန်ပြောင်းကြည့်လျှင် ယဲ့ကလန် ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော အချိန်က ယဲ့အိမ်တော်သည် “လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်” အတွင်း၌ ဒုတိယ အင်အားအကြီးဆုံး ဖြစ်ခဲ့သည်။

ယဲ့ချန်သည် သူ့ဖခင်၏ အဆောင်သို့ ရောက်ရောက်ချင်း တွင်ပဲ စေ့ပိတ်ထားသော ဝင်ပေါက်တံခါး ရှေ့၌ ဒူးထောက်ကာ ကြမ်းပြင်သို့ နဖူးနှင့် ဦးတိုက်လိုက်သည်။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ နဖူးပြင်မှ စီးကျလာသော သွေးစီးကြောင်းအား လျစ်လျူရှုကာ ယဲ့ချန်သည် တစ်ကြိမ်ပြီး တစ်ကြိမ် ဦးတိုက်နေဆဲ။

“အဖေ အားလုံးက ကျွန်တော့်ရဲ့ အပြစ်တွေပါ အဖေ့ကို ခံစားစေခဲ့မိပြီ”

သူ့အသံက ဝမ်းနည်းမှုကြောင့် အက်ကွဲနေသည်။

အဆောင်တော် အတွင်းရှိ ပင်မခန်းမ အတွင်း၌မူ မီးခိုးရောင် ဝတ်စုံနှင့် သက်လတ်ပိုင်း အရွယ် လူကြီး တစ်ယောက်သည် ရှည်လျားသော သက်ပြင်းတစ်ခုကို ချလိုက်သည်။

ထိုလူကြီးထံမှ အားကောင်းသော အရှိန်အဝါ တစ်ခုကို ခံစားရပြီး ချောင်ကျကျ ထောင့်တစ်နေရာတွင် ရပ်နေလျှင်ပင် လျစ်လျူရှု၍ မရသည့် အရှိန်အဝါမျိုး ဖြစ်သည်။ သို့သော် လူကြီး၏ မျက်နှာမှာမူ ရှိရင်းစွဲ အသက်ထက် ပိုအိုမင်းနေသည့်ပုံ ပေါ်သည်။ ဆံပင်ဖြူ တချို့ပင် လူကြီး၏ ခေါင်း၌ ကျိုးတိုးကျဲတဲ ရှိနေသည်။ ထိုလူကြီးကား ယဲ့ကလန်ခေါင်းဆောင် ယဲ့ကျန့်ထျန်း ဖြစ်သည်။

“အစ်ကိုကြီး.. ချန်အာကို ထွက်မတွေ့ဘူးလား”

ယဲ့ကျန့်ထျန်း နံဘေးရှိ လူကြီးတစ်ယောက်က မေးသည်။ ထိုလူကြီးသည် ယဲ့ကျန့်ထျန်း၏ မြောက်မြားစွာသော ညီများထဲမှ တစ်ဦးဖြစ်သော ယဲ့ကျန့်လုံ ဖြစ်သည်။

ယဲ့ကျန့်ထျန်းတွင် သွေးရင်းညီ သုံးယောက် ရှိပြီး နောက်ထပ် သွေးသောက် ညီနောင်က နှစ်ယောက်ရှိသည်။ သို့နှင့် ၎င်းတို့ ခြောက်ယောက်သည် အသက်အလိုက် ကြီးစဉ်ငယ်လိုက် စီလိုက်ကြပြီး ယဲ့ကလန်အား အုပ်ချုပ်ကြသည်။ ယဲ့ကျန့်ထျန်းက အားလုံးထဲတွင် အကြီးဆုံး ဖြစ်ကာ ယဲ့ကျန့်လုံက ဒုတိယ ဖြစ်ပြီး ယဲ့ကျန့်ရှုံးက တတိယ ဖြစ်သည်။ ယဲ့ကျန့်လုံက ကလန်အတွင်း စည်းကမ်းထိန်းသိမ်းရေး ခေါင်း​ဆောင်ဖြစ်ကာ ယဲ့ကျန့်ရှုံးကတော့ သိုင်းနည်းပြ ဖြစ်သည်။ ကျန်ညီနောင်များကလည်း သက်ဆိုင်ရာ တာဝန်အသီးသီး ယူထားကြသည်။

ယဲ့ကျန့်ထျန်းနှင့် ယဲ့ကျန့်လုံတို့သည် ယဲ့ချန် စရောက် လာကတည်းက သတိထားမိကြတာ ဖြစ်သည်။

“ငါက ဘယ်လိုအင်အားမျိုးနဲ့ ချန်အာကို ထွက်တွေ့နိုင်ပါ့မလဲ၊ ချန်အာကို သေချာ ဂရုစိုက်ပြီး ကာကွယ် ပေးပါ့မယ်လို့ လော့အာကို ကတိပေးထားပေမဲ့ မတည်နိုင်ခဲ့ဘူး။ ဘယ်တုန်းကမှ ငါ့ကို အဖေလို့ မခေါ်ခဲ့တဲ့ ချန်အာက အခု  လိုလိုလားလားနဲ့ အဖေလို့ ခေါ်နေပြီ အဲဒါကြောင့်ပဲ ငါက ပိုပြီး အပြစ်ရှိသလို ခံစားရတယ်”

ယဲ့ကျန့်ထျန်းသည် ထိုင်ရာမှပင် မထသော်လည်း ယဲ့ချန် ဒူးထောက်နေသော အရပ်သို့ မျက်နှာမူထားသည်။ ယဲ့ချန်ထံမှ “အဖေ” ဟူသော ခေါ်သံအား ကြားရသည့်အခါ စိတ်တင်းထားသည့် ကြားမှ မျက်ရည်ဝဲရသည်။

“ငါ့သားလေးက နောက်ဆုံးတော့ ငါ့ကို အဖေလို့ ခေါ်ခဲ့ပြီ”

“ချန်အာက အရမ်းကို အလားအလာရှိတဲ့ ကလေးပါ၊ ကောင်းကင်ဘုံက ချန်အာကို အကြာကြီး ခံစားရစေမှာ မဟုတ်ဘူးလို့ ကျုပ်တော့ ယုံတယ်။ အစ်ကိုကြီး ကျုပ်တို့က ချန်အာအတွက် ကွမ်းရှီဆေးကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ယူပေးရမယ်”

ယဲ့ကျန့်လုံက ဆုံးဖြတ်ပြီးဟန်နှင့် ပြောသည်။ ထို့နောက် သူ၏ မျက်လုံးများထဲ ဒေါသ အရိပ်အငွေ့များ ဖြစ်ပေါ်လာကာ စကားဆက်သည်။

“တုန်းလင်ရဲ့ ဒုတိယ မင်းသားက ယဲ့ကလန်ကို အနိုင်ကျင့်ရဲတယ် သူ့ကို ကျိန်းသေ ပြန်ပေးဆပ်စေရမယ် ကျုပ်တို့အတွက် တချိန်ချိန်တော့ အခွင်အရေး ပေါ်လာမှာပါ”

“မဟုတ်ဘူး ဒုတိယမင်းသားနဲ့ ကိစ္စကို ထပ်မပြောနဲ့ သူ့ရဲ့ တော်ဝင် မင်းသားဘွဲ့က ဧကရာဇ်ကိုယ်တိုင် အပ်နှင်းထားတာ... ပြီးတော့လည်း သူ့ရဲ့အိမ်တော်မှာ ကျင့်ကြံမှု အဆင့် ၉ရှိတဲ့ အစောင့်အရှောက် ၁၇ယောက် ရှိတဲ့အပြင် တပ်သား ၁၀သန်းရှိတဲ့ စစ်တပ်ကို အမိန့် ပေးနိုင်သေးတယ် ယဲ့ကလန် အနေနဲ့ ယှဉ်နိုင်တဲ့ အင်အားမျိုး မဟုတ်ဘူး။ အနိုင်ကျင့်ခံရတာပဲ ဖြစ်ဖြစ် အရှက်ရ,ရတာပဲ ဖြစ်ဖြစ် ချန်အာသာ ပြန်ကောင်းလာမယ်ဆိုရင် ဒါတွေအားလုံးက ပြဿနာ မရှိဘူး”

ယဲ့ကျန့်ထျန်းက ခေါင်းယမ်းရင်း ပြောသည်။

“တကယ်လို့ ဟိုလူအိုကြီး ပြန်ရောက်လာမယ် ဆိုရင်တောင် ယဲ့ကလန်ရဲ့ အင်အားက ဒုတိယ မင်းသားနဲ့ မယှဉ်နိုင်သေးဘူး”

ယဲ့ကျန့်ထျန်းက တိတ်တဆိတ် တွေးမိ၏။

“အရေးကြီးတဲ့ ကိစ္စက သပ်သပ်ရှိတယ် ဒီနှစ်တွေအတွင်း အင်တိုက်အားတိုက် စုံစမ်းပြီးတဲ့နောက် ချန်အာကို ချောင်းမြောင်း လုပ်ကြံတဲ့ တရားခံကို ရှာတွေ့တော့မယ် ကျိန်ဆိုတယ်။ ငါ့သားကို အခုလိုဖြစ်အောင် လုပ်တဲ့ သူတွေကို ငါ ယဲ့ကျန့်ထျန်း လုံးဝ အလွတ်မပေးဘူး”

ယဲ့ကျန့်ထျန်းက အံ့ကြိတ်လျက် ရေရွတ်သည်။

လေပြင်းတချို့ ဖြတ်တိုက်သွားသည်။ ယဲ့ချန်ကား ကျောက်ရုပ်အလား ဆက်လက် ဒူးထောက်နေဆဲ။ ကုန်ဆုံးသွားသည့် အချိန် တစ်စက္ကန့်စီတိုင်း၌ ပျက်စီးသွားသော အဓိက သွေးကြောများ ပြန်ကောင်းလာလိုသော ယဲ့ချန်၏ စိတ်ဆန္ဒက ပိုမို ပြင်းပြလာသည်။

ဟင် …

သူ့အသိစိတ်အတွင်းရှိ ဓားမှာ စတင် တုန်ခါလာသည်။

“ဓားက နောက်တစ်ကြိမ် လှုပ်လာပြီ”

ဓားက ဆက်လက် တုန်ခါလာနေသည်။ သို့သော် ဤတစ်ကြိမ် တုန်ခါသော ပြင်းအားမှာ ယခင်ကထက် အဆများစွာ ပို၍ ပြင်းထန်ပေသည်။

***

All Chapters