← Chapters

ကြယ်တာရာဘုံကိုးလွှာ

Vol. 1 Ch. 4

ကြယ်တာရာဘုံကိုးလွှာ

Vol. 1 Ch. 4

ယဲ့ချန်သည် သူ့ဖခင်၏ အဆောင်မှ ကိုယ်ပိုင် အခန်းဆီသို့ ပြန်လာခဲ့သည်။ သူ၏ အခန်းကား သစ်သားဗီရို တစ်လုံးနှင့် သစ်သားကုတင်တစ်ခု ပါရှိသည့် ရိုးရှင်းသော အခန်းလေး ဖြစ်သည်။

ယဲ့ချန် သူ့အခန်းသို့ ပြန်လာရခြင်းမှာ တခြား အကြောင်းကြောင့် မဟုတ်။ သူ့အသိစိတ် အတွင်းရှိ ဓားက သူ့အား ဆက်သွယ်ချင်နေသည့် အရိပ်အယောင်မျိုး ပြနေ၍ ဖြစ်သည်။ ထိုဓားက ယဲ့ချန်အား စကားတချို့ ပြောချင်နေသည့်ဟန်လည်း ရသည်။ ဓားတစ်ချောင်းက အသိဉာဏ်ရှိသော ဖြစ်တည်မှု တစ်ခုနှယ် ပြုမူနေခြင်းကြောင့် ယဲ့ချန်ပင် အနည်းငယ် ထိတ်လန့်ရသည်။

သို့သော် ယဲ့ချန် တွေးကြည့်သည်။ သူက ယခု ဘဝ၏ အနိမ့်ပါးဆုံး ကာလ အပိုင်းအခြား တစ်ခုနှင့် ရင်ဆိုင်နေရရာ ထို့ထက် ပိုနိမ့်ပါး သွားစရာလည်း မရှိတော့။ ထို့ကြောင့် လာမည့်ဘေးကို ပြေးတွေ့ လိုက်ရုံသာ ရှိသည်။ ဓားအတွင်းတွင် ကိန်းဝပ်နေသော စွမ်းအားက မည်မျှ ပြင်းထန်ပါစေ သူ ကြောက်မနေတော့ပေ။

သူက အိပ်ယာပေါ်တွင် ခြေချိတ် ထိုင်လိုက်ကာ မျက်လုံးများ မှိတ်လိုက်သည်။ မကြာမီ ထူးဆန်းသော စိတ်အခြေအနေ တစ်ခုအတွင်း ဝင်ရောက်သွားသည်။ ထို့နောက် ယဲ့ချန်သည် အသိစိတ်အတွင်း ရှိနေသော ဓားနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

ကြက်သွေးရောင် တောက်ပနေသော ဓားသည် ယဲ့ချန်၏ အသိစိတ် ပင်လယ်အတွင်း လွင့်မျောနေသည်။ အရောင်အဝါက တဖြည်းဖြည်း ပိုမို တောက်ပလာကာ နေမင်းကဲ့သို့ အသိစိတ်ပင်လယ် တစ်ခုလုံးကို အလင်းရောင်များ ဖြန့်ကျက် ပေးနေသည်။

အချိန်စီးဆင်းမှုက မြန်ဆန် လာသယောင် ထင်ရကာ တစ်နာရီ ကုန်ဆုံးသွားသည်။ ထို့နောက် နှစ်နာရီ၊ သုံးနာရီ။ ဓား၏ အရောင်အဝါက အလင်းလက်ဆုံး အနေအထားသို့ ရောက်ရှိလာသည်။

အသံတစ်သံနှင့်အတူ ဓားအတွင်းရှိ စွမ်းအားများ ပေါက်ကွဲ ထွက်လာသည်။ ထိုစွမ်းအင်မှာ ပြိုင်ဘက်ကင်း သန့်စင်၍ အင်အားကြီးလွန်းရကား ထျန်းချီထက်ပင် အစွမ်းထက်ဟန် ရသည်။

ဓားအတွင်းမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် ပြင်းထန်လှသော အရှိန်နှင့် ယဲ့ချန်၏ ပျက်စီးနေသော အဓိကသွေးကြောမများထံ တိုးဝင်သွားသည်။ ထိုစွမ်းအင်များက လမ်းတစ်လျှောက်တွင် ရှိနေသမျှ ယဲ့ချန်၏ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကိုလည်း သန့်စင်ပေးသွားသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ၏ နှလုံးအား ထုနှက်လိုက်သကဲ့သို့ ယဲ့ချန် ခံစားလိုက်ရကာ မည်းညစ်သော သွေးတပွက် အန်ထွက်လာသည်။ ခေါင်းတစ်ခုလုံး မူးဝေသွားသောကြောင့် ယဲ့ချန်သည် အိပ်ယာအစွန်းအား တင်းကျပ်စွာ ဆုပ်ကိုင်လျက် အသက်ပြင်းပြင်း ရှုမိသည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ”

တုန်လှုပ်နေရင်းကပဲ ယဲ့ချန် တွေးမိ၏။ လွန်ခဲ့သော သုံးနှစ်က သူပိုင်ဆိုင်ခဲ့သည့် အစွမ်းအထက်ဆုံး ထျန်းချီသည်ပင် ဓားအတွင်းမှ ထွက်ပေါ်လာသော စွမ်းအားနှင့် ယှဉ်သော် သမုဒ္ဒရာနှင့် ချောင်းငယ်ပမာ အပြတ်အသတ် ကွာခြားသည်။ အတိအကျ ပြောရလျှင် ထိုအမည်မသိ စွမ်းအားသည် အလွန် သန့်စင်ပြီး ကောင်းကင်နှင့် မြေကြီးရှိ ထျန်းချီပင် ထိုစွမ်းအားနှင့် မယှဉ်သာတာ ဖြစ်သည်။

“မဟုတ်မှလွဲရော အဲဒီ့စွမ်းအားက ထျန်းချီရဲ့ အသန့်စင်ဆုံး မူကွဲ ပုံစံတမျိုးများလား”

ပို၍ အံ့ဩစရာ ကောင်းသည်မှာ လုပ်ကြံခံရမှု ပြီးကတည်းက ယဲ့ချန်၏ ခန္ဓာကိုယ်တွင် ကျန်ရစ်ခဲ့သော ကြီးကြီးငယ်ငယ် အတွင်းဒဏ်ရာများ အားလုံး အရှင်း ပျောက်ကင်းသွားခြင်း ဖြစ်သည်။ ထို့ပြင် သူ့ခန္ဓာကိုယ်မှာ ပြန်လည် မွေးဖွားလာသည့် အလား အလွန် သန့်စင် သွားသည်ဟု ခံစားနေရသည်။

ပျက်စီးနေသော အဓိက သွေးကြောများမှာ မူလအတိုင်း ပျက်စီးနေဆဲ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်၌ စွမ်းရည်အသစ် တစ်မျိုးနှင့် ပြည့်ဝနေသလို ယဲ့ချန် ခံစားရ၏။

အတွေးပင်လယ်ထဲ နစ်မျောနေလျက်ကပင် ယဲ့ချန်ကိုယ်တိုင် မသိလိုက်ပါဘဲ သူ၏ အသိစိတ်က အခြားသော တည်ရှိမှု တစ်နေရာသို့ ရောက်ရှိသွားသည်။

သူ့ခေါင်းထက်၌ စိတ်ကူးယဉ်ဆန်သော ကောင်းကင်ကြီးတစ်ခု ရှိနေပြီး ခြေထောက် အောက်တွင်မူ ကျယ်ပြောသော သမုဒ္ဒရာကြီးတစ်ခု ရှိနေသည်။ ကောင်းကင်နှင့် သမုဒ္ဒရာမှာ အလွန် ရှည်လျားပြီး မည်သည့် နေရာတွင် အဆုံးသတ်သည်ကိုပင် ယဲ့ချန် မမြင်ရ။ ထိုစဉ် ဝိုးတဝါး စကားသံ တစ်ခုအား ကြားလိုက်ရသည်။ သို့သော် ထိုအသံက ပြောနေသော စကားများကို ယဲ့ချန် ပီပီသသ မကြားရပေ။ အရာအားလုံးက အိပ်မက်ဆန်ဆန် ဝေဝါးနေသည်။ ထျန်းချီ အခိုးအငွေ့များက ယဲ့ချန်၏ ခြေထောက်အောက်မှ ဖြတ်ကာ ရွေ့လျားသွားသည်။

ထျန်းချီ …

ယဲ့ချန် ထိတ်လန့်ကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်တွင် သူ့ခြေထောက် အောက်ရှိ သမုဒ္ဒရာမှာ ထျန်းချီများဖြင့် ပြည့်နှက်နေကြောင်း အံ့ဩဖွယ် သိရှိလိုက်ရသည်။

“ဘယ်လောက်တောင် သန့်စင်နေတဲ့ ထျန်းချီတွေမလို့ အခိုးအငွေ့တွေကနေ ငွေ့ရည်ဖွဲ့ပြီး အရည်အဖြစ် ပြောင်းလဲသွားရတာလဲ”

“အခုလို အဆုံးမရှိတဲ့ ထျန်းချီ သမုဒ္ဒရာကြီး ဖြစ်လာဖို့ ထျန်းချီ အခိုးအငွေ့တွေ ဘယ်လောက်တောင် လိုအပ်လိုက်မလဲ”

ထိုအချိန်တွင် အမည်မသိသူ ထံမှ ထွက်ပေါ်နေသော ခေါ်သံမှာ တဖြည်းဖြည်း တိုးညှင်းသွားကာ နောက်ဆုံး လေထုအတွင်း လွင့်ပါး ပျောက်ကွယ်သွားသည်။

“ဒီနေရာက ဘယ်နေရာလဲ၊ ငါအိပ်မက် မက်နေတာလား၊ ဒါပေမဲ့ ဒီခံစားချက်က အိပ်မက်နဲ့လည်း မတူတာ အမှန်ပဲ”

ရုတ်တရက် ယဲ့ချန် တစ်စုံတစ်ရာအား နားလည်သွားသည်။

“မဟုတ်မှလွဲရော ဒီထူးခြား ဆန်းကြယ်တဲ့ နေရာက ငါ့အသိစိတ်ထဲက ဓားနဲ့ ဆက်စပ် နေတာလား”

ယဲ့ချန် ခံစားနေရသော အထိအတွေ့ တစ်ခုချင်းစီက စစ်မှန်လွန်းလှကာ အိပ်မက် မဟုတ်မှန်း သေချာ၏။ သို့ဆိုလျှင် ဖြစ်နိုင်ချေက တစ်ခုသာ ရှိတော့သည်။

“မဟုတ်မှလွဲရော...”

ယဲ့ချန် နောက်ထပ် အတွေးတစ်ခု တွေးမိ၏။

“ဒီဟာက ဓားအတွင်းမှာ ရှိနေတဲ့ လျှို့ဝှက်ကမ္ဘာ တစ်ခုများလား”

သို့သော် ယဲ့ချန်၏ တောင်တောင်အီအီ အတွေးများက ဤနေရာတွင် ရပ်တန့်သွားသည်။ အကြောင်းမှာ အဆုံးမရှိသော စွမ်းအ စီးကြောင်းများက သူ့ခန္ဓာကိုယ် အတွင်းသို့ အငမ်းမရ တိုးဝင် လာကြသောကြောင့် ဖြစ်သည်။ ပျက်စီးနေသော သူ၏ အဓိက သွေးကြောများပင် ဖြည်းညှင်းစွာနှင့် အလိုအလျောက် ပြန်လည် ကောင်းမွန်လာသည်။

ယဲ့ချန်၏ အသိစိတ်မှာလည်း လွတ်တစ်ချက် ဝင်တစ်ချက်နှင့် လေထဲတွင် လွင့်မျော နေသကဲ့သို့ ခံစားချက်မျိုး ဖြစ်နေ၏။  သူ၏ အခန်းငယ်လေး အပြင်ဘက်မှ တရှဲရှဲ မြည်သံကြောင့် ယဲ့ချန် လန့်နိုးလာသည်။

“ဆိုတော့ ဒါတွေအားလုံးက အိပ်မက်လား”

ယဲ့ချန် စိတ်ပျက်စွာ တွေးမိသည်။ သူ့တစ်ကိုယ်လုံးက ချွေးအေးများနှင့် စိုရွှဲနေပြီး အနည်းငယ် လန်းဆန်းနေသလို ခံစားရ၏။ မကြာမီတွင် တစ်စုံတစ်ရာ လွဲချော်နေသည်ကို ယဲ့ချန် သတိထားမိသွားသည်။ ကုန်လွန်ခဲ့သည့် သုံးနှစ်လုံးလုံး သူ အိပ်နေရာမှ နိုးလာချိန်တိုင်း တစ်ကိုယ်လုံး နာကျင်နေလေ့ရှိသည်။ ပျက်စီးနေသော သွေးကြောများနှင့် ခန္ဓာကိုယ်အား မညှာမတာ တွန်းအားပေး လေ့ကျင့်သည့် အကျိုးဆက်များ ဖြစ်သည်။ သို့သော် သည်တစ်ခေါက် နိုးလာချိန်တွင် ထိုနာကျင်မှုများက ထူးဆန်းစွာ ရှိမနေပေ။

ယဲ့ချန် ထထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်အား စစ်ဆေး ကြည့်လိုက်သည်။ အံ့ဩ ထိတ်လန့်ဖွယ် ကောင်းစွာပင် သူ၏ ယခင်က ပျက်စီးနေသော အဓိက သွေးကြောမများ၌ ပဟေဠိဆန်သော ထျန်းချီများ ပြည့်နှက်နေသည်။ ထူးဆန်းသော ကမ္ဘာအတွင်းရှိ ထျန်းချီသမုဒ္ဒရာထဲမှ အသန့်စင်ဆုံး ထျန်းချီများ ဖြစ်သည်။

“ငါ့ရဲ့ အဓိက သွေးကြောမတွေ...”

“ပြန်ကောင်းသွားပြီ တကယ်ကြီး ပြန်ကောင်းသွားပြီ”

ဘယ်သူက မအံ့ဩ မထိတ်လန့်ဘဲ နေပါမည်နည်း။ ပျက်စီးနေသော သွေးကြောများနှင့် လူတစ်ယောက်က တစ်နေ့တွင် အိပ်ရာမှ နိုးလာသောအခါ သွေးကြောများ အကောင်းအတိုင်း ပြန်ဖြစ်သွားသည့်အပြင် တစ်ကိုယ်လုံးတွင်လည်း အသန့်စင်ဆုံး ထျန်းချီများနှင့် ပြည့်နှက်နေသည်။ သို့ဆိုလျှင် ထိုလူ ပထမဆုံး လုပ်မိမည်မှာ အိပ်မက်လော၊ တကယ်လော စစ်ဆေးခြင်း ဖြစ်ပေလိမ့်မည်။

ယဲ့ချန်လည်း အလားတူပင်။

သူ့ခန္ဓာကိုယ် တစ်ခုလုံးအား နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေး ကြည့်သည့်အခါ ပဟေဠိဆန်သော ထျန်းချီများသည် သူ၏ အဓိက သွေးကြောမများထဲတွင် သာမက “တန့်ထျန်” နေရာ အထိ ပြည့်နှက်နေခြင်း ဖြစ်သည်။

[T/N- dantian/ တန့်ထျန်/ ချီပင်လယ်/စွမ်းအင်စုစည်းရာ ဗဟိုချက်မ ]

အပျော်များနှင့် ပြည့်နှက်ကာ တစ်ခဏတာတော့ ယဲ့ချန် တိတ်ဆိတ်သွားသည်။ သုံးနှစ်။ သုံးနှစ်ခန့် အမှိုက်အဖြစ် နေခဲ့ရပြီးနောက် ... ဒီလိုနေ့ကို ရောက်လာခဲ့ပြီ။

သို့သော်လည်း ဤသုံးနှစ်သော အချိန်က ယဲ့ချန်အား ရင့်ကျက်သော အတွေးအခေါ်များ ဖြစ်ပေါ်စေခဲ့သည်ကတော့ အမှန်ပင်။ ထို့ကြောင့် ယခု အဓိက သွေးကြောများ ပြန်ကောင်း လာချိန်တွင်လည်း ယဲ့ချန်က သူစတင်ခဲ့ရသော နေရာကို မေ့တော့မည် မဟုတ်ပေ။

ယဲ့ချန်သည် စိတ်ရှည်လက်ရှည်နှင့် စေ့စပ်စွာ သူ၏ ခန္ဓာကိုယ်အား စစ်ဆေးလိုက်သည်။ သူ့ခန္ဓာကိုယ်၏ အတွင်းအင်္ဂါများက အစ သန့်စင်သော ယန်စွမ်းအင်များ ပြည့်ဝနေကာ အသစ်တဖန် မွေးဖွားလာသော ခန္ဓကိုယ်အလား ထင်မှတ်ရသည်။ စကားစုတစ်ခုက ယဲ့ချန် အတွေးထဲ ဝင်ရောက်လာ၏။ သန့်စင်သော ယန်ခန္ဓာကိုယ်။

ပြောကြသည်မှာ မွေးကင်းစ ကလေးငယ် တစ်ဦး၏ ခန္ဓာကိုယ်သည် သန့်စင်သော ယန်စွမ်းအင် အသက်ဓာတ်တို့ ပြည့်ဝနေပြီး ကျောက်စိမ်းကဲ့သို့ သန့်စင်ကာ အညစ်အကြေး တစ်စတစ်လေပင် မရှိ ဟူ၍။ တဖြည်းဖြည်း အသက်ကြီးလာသည်နှင့် ခန္ဓာကိုယ်အတွင်း စုဆောင်းမိသော အညစ်အကြေး ပမာဏမှာ များပြားလာပြီး ကျင့်ကြံရာ၌ နှောင့်နှေး လာသည်။ သို့သော် တစ်စုံတစ်ယောက်က ကျင့်ကြံမှု အဆင့်၁၀သို့ ရောက်သောအခါ ထျန်းချီများကို ထိန်းချုပ်ကာ မိမိ ခန္ဓာကိုယ်အား သန့်စင် ယန်ခန္ဓာကိုယ် ဖြစ်သည်အထိ ပြုပြင်နိုင်ကြသည်။ သို့မှသာ နောက်ပိုင်း ကျင့်ကြံဆင့်များ၌ ပိုမို လွယ်ကူ ချောမွေ့ကာ အစွမ်းထက်လာမည် ဖြစ်သည်။

တချို့သော အင်အားကြီး မိသားစုများရှိ မျိုးဆက်များသည် မွေးကင်းစ အရွယ်တည်းက ရှားပါးသော လျှို့ဝှက်ဆေး တစ်မျိုးကို သုံးကာ သန့်စင်ယန်ခ န္ဓာကိုယ်အား မညစ်ထေးအောင် ထိန်းသိမ်းကြသည်။ ထိုနည်းဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်က သန့်စင်မြဲ သန့်စင်နေမည် ဖြစ်ပြီး သန့်စင်ယန် ခန္ဓာကိုယ် ရရှိရန် ကျင့်ကြံမှု အဆင့်၁၀ ရောက်သည်အထိ စောင့်စရာ မလိုတော့ပေ။ ကျင့်ကြံရာ၌လည်း အခြားသူများထက် လျင်မြန်မည် ဖြစ်သည်။

ယဲ့ချန်သည် ကျင့်ကြံမှု အဆင့်၁၀ မရောက်ခင် သန့်စင်ယန် ခန္ဓာကိုယ်အား ဤနည်းဖြင့် ပိုင်ဆိုင် နိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။ ထို့နောက် အိပ်မက်လိုလို တကယ်လိုလိုနှင့် ထူးဆန်းသော ကမ္ဘာအတွင်း ရောက်သွားစဉ်က ကြားခဲ့ရသော ဝိုးတဝါး အသံအကြောင်း ပြန်တွေးကြည့်မိသည်။

ယဲ့ချန် နိုးလာကတည်းက သူ၏ ကျင့်ကြံဆင့်မှာ ထျန်းချီ အဆင့်၁သို့ ရောက်ရှိနေပြီး ဖြစ်သည်။ ထို့ပြင် ထိုပဟေဠိ ဆန်လှသော ထျန်းချီများအား ခန္ဓာကိုယ်အတွင်း လှည့်ပတ် ကြည့်သောအခါ လွန်ခဲ့သော သုံးနှစ်က သူ ထျန်းချီကျင့်ကြံမှု အဆင့် ၆ထိပ်ဆုံးတွင် ရှိနေစဉ်က ထက်ပင် လျင်မြန် နေသည်ကို သိလိုက်ရသည်။

ထို့နောက် ယဲ့ချန်သည် မျက်လုံးမှိတ်ကာ ထူးဆန်းသော ကမ္ဘအတွင်းရှိ ထျန်းချီ သမုဒ္ဒရာကြီးအား ပြန်မြင်ယောင် လိုက်သည်။ အလွန် အံ့ဩစရာ ကောင်းစွာပင် ထိုထျန်းချီ သမုဒ္ဒရာကြီးနှင့် တစ်ပုံစံတည်း တူညီသော သမုဒ္ဒရာကြီး တစ်ခု သူ၏ အသိစိတ်ထဲရှိ ဓားအတွင်းတွင် ရှိနေပြီး ယဲ့ချန်၏ စိတ်နှင့်လည်း ချိတ်ဆက် နေပေသည်။

ယဲ့ချန်သည် ထိုသမုဒ္ဒရာ အတွင်းရှိ သန့်စင်လှသော ထျန်းချီများအား အငမ်းမရ စုပ်ယူရင်း တဖြည်းဖြည်း သူ့ခန္ဓာကိုယ်တွင် ထျန်းချီများ များပြားလာကာ ပို၍ အားကောင်း သန်မာလာသည်။ မကြာမီတွင် ယဲ့ချန်၏ ကျင့်ကြံဆင့်သည် ထျန်းချီ အဆင့်၁မှသည် အဆင့်၂သို့ ခုန်ပေါက် ရောက်ရှိသွားသည်။

“ခဏလေးနဲ့ ကျင့်ကြံဆင့် တစ်ဆင့် တက်သွားတယ်”

အတိတ်တုန်းက ယဲ့ချန် ထျန်းချီ အဆင့်၆သို့ ချိုးဖျက် ဝင်ရောက် ခဲ့စဉ်ကပင် ယခုလောက် မပျော်ဖူးခဲ့ပေ။

“ဘယ်တော့မှ လက်မလျှော့ဘဲ ကြိုးစားနေတဲ့ တစ်စုံတစ်ယောက်အတွက် ကံကြမ္မာက သတ်မှတ်ထားတဲ့ ဆုလာဘ်ဆိုတာ ရှိစမြဲပဲ”

ထိုစကားစုလေးက သွေးထွက်အောင် မှန်ကြောင်း အချိန်က သက်သေပြသွားပြီ ဖြစ်သည်။ ယဲ့ချန်သည် လက်သီး နှစ်ဖက်အား တင်းနေအောင် ဆုပ်ရင်း ရေရွတ်မိ၏။

“အခုကစပြီး ငါက သုံးမရတဲ့ အမှိုက် မဟုတ်တော့ဘူး”

ထို့နောက် ယဲ့ချန်သည် နောက်တစ်ကြိမ် မျက်လုံးမှိတ်ကာ ထျန်းချီများအား လှည့်ပတ် နေလိုက်သည်။ ရုတ်တရက် ကျင့်စဉ်တစ်ခုက ယဲ့ချန်၏ စိတ်အတွင်း ရှင်းလင်း ပြတ်သားစွာ ဝင်ရောက်လာသည်။

ထိုကျင့်စဉ်က “ကြယ်တာရာ ဘုံကိုးလွှာ” ဟု အမည်ရပြီး ပဟေဠိဆန်သော ချီကျင့်စဉ်တစ်ခု ဖြစ်သည်။ ၎င်းကျင့်စဉ်တွင် မတူကွဲပြားသော ကဏ္ဍကိုးခု ပါဝင်သည်။ သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ ရေခဲ၊ လေ၊ မိုးကြိုးနှင့် အလင်းတို့ ဖြစ်ကြသည်။ ကျင့်စဉ်အတွင်း ပါဝင်သော ကဏ္ဍကိုးမျိုးမှာ ရှုပ်ထွေးသယောင် ထင်ရသော်လည်း ယဲ့ချန်၏ စိတ်ထဲတွင် ကျင့်စဉ် တစ်ခုလုံး၏ အသေးစိတ် အကြောင်းအရာ များကိုပင် ရှင်းလင်း ပြတ်သားစွာ မှတ်မိနေသည်။

“ကြယ်တာရာ ဘုံကိုးလွှာ” ကျင့်စဉ်သည် ရှင်သန်ခြင်းစက်ဝန်း ကိုးခု၊ သေဆုံးခြင်း စက်ဝန်းကိုးခုတို့အား ဆန့်ကျင်လျက် ကောင်းကင်သို့ ဆန်တက်မည့် လမ်းစဉ် ဖြစ်သည်။

ယဲ့ချန်သည် ထိုစာကြောင်းနှင့် ပတ်သက်၍ အလုံးစုံ နားမလည် သော်လည်း ဖြစ်နိုင်သည်မှာ လူတစ်ယောက်သည် “ကြယ်တာရာ ဘုံကိုးလွှာ” ကျင့်စဉ်အတွင်း ဖော်ပြထားသော အမြင့်ဆုံး အခြေအနေ တစ်ခုသို့ ရောက်ရှိရန် ဆယ့်ရှစ်ကြိမ်တိတိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စက်ဝန်းအား ဖြတ်သန်းရမည် ဟူ၍ ပြောလိုသည်လော။

ယဲ့ချန် တွေးကြည့်မိ၏။

“ဒါပေမဲ့ လူတစ်ယောက် သေသွားတယ်ဆိုတာ ဘဝရဲ့ မီးစာ ကုန်ခမ်းသွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲလေ ဘယ်လိုလုပ်ပြီး လူတစ်ယောက်က သေရာကနေ ပြန်ရှင်လာနိုင်ပါ့မလဲ”

ထို့ပြင် ကဏ္ဍကိုးခုအနက် မိုးကြိုးကဏ္ဍ၏ မိုးကြိုးအင်ပါယာ ကျင့်စဉ်သည် ယဲ့ကလန်သားများ ကျင့်ကြံကြသော မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်နှင့် ဆင်တူလှသည်။ ခြွင်းချက်အနေနှင့် မိုးကြိုးအင်ပါယာ ကျင့်စဉ်က ပိုမို ဆန်းကြယ်ကာ အင်အားပြင်းသည်။

မိုးကြိုးလက်ဝါးကျင့်စဉ်တွင် အဆင့်ခွဲ သုံးခု ရှိပြီး ထိပ်ဆုံး အဆင့်အား ယဲ့ချန်၏ ဖခင် ယဲ့ကျန့်ထျန်း တစ်ယောက်သာ သိသည်။ မိုးကြိုးအင်ပါယာ ကျင့်စဉ်တွင်တော့ အဆင့်ခွဲ ခြောက်ခုရှိပြီး အဆင့်ခွဲတစ်ခု အောင်မြင်ပြီးတိုင်း မိုးကြိုးအား ထိန်းချုပ်ကာ သဘာဝအတိုင်း အသုံးပြု တိုက်ခိုက်နိုင်မည်ဟု ဖော်ပြထားသည်။ ထိုအစွမ်းကား ယဲ့ချန် စိတ်ကူးကြည့်နိုင်သည်ထက် ကျော်လွန်နေ၏။

ယဲ့ချန် အသေအချာ သုံးသပ်ကြည့်ပြီးသည့်နောက် မိုးကြိုးလက်ဝါးကျင့်စဉ်သည် မိုးကြိုးအင်ပါယာကျင့်စဉ်၏ မူကွဲတစ်ခု ဖြစ်ကြောင်း အတည်ပြုနိုင်သွား၏။

သို့ဆိုလျှင် ယဲ့ကလန်သည် သူ့အသိစိတ်အတွင်းရှိ ဓားနှင့် မည်သို့ ဆက်စပ်နေသနည်း။

မည်သည့် ကျင့်စဉ်မျိုးကိုမဆို အဆင့်ကိုးဆင့်ဖြင့် ပိုင်းခြား သတ်မှတ်နိုင်သည်။ မိုးကြိုးလက်ဝါးကျင့်စဉ်ကား အဆင့်သုံးနှင့်အထက် ရှိသည့် အဆင့်မြင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ သို့သော် မိုးကြိုးအင်ပါယာ ကျင့်စဉ်ကို အဆင့်သတ်မှတ်ရန်မူကား ခဲယဉ်းလှသည်။ ၎င်းသည် တုန်းလင်တတိုင်းပြည်လုံးတွင် ရှိသော ကျင့်စဉ်များထက် သာလွန်နေတာလည်း ဖြစ်နိုင်၏။

ထို့နောက်တွင် ယဲ့ချန်သည် မိုးကြိုးအင်ပါယာကျင့်စဉ်၏ ပထမအဆင့်အား ဖတ်ကြည့်ရင်း အတွေးထဲ နစ်မျောသွား၏။ သူက ပထမအဆင့်၏ နည်းစနစ် တချို့ကိုသာ နားလည်နိုင်သေးသော်လည်း ထိုအရာကပင် ယဲ့ချန်ကဲ့သို့ လူငယ်လေးအတွက် ကြီးမားသော ပျော်ရွှင်ဖွယ်ရာ ဖြစ်သည်။ နေမင်းက တိမ်တိုက်များကြားမှ ထွက်ပြုလာသည်အထိ ယဲ့ချန်မှာ မိုးကြိုးအင်ပါယာကျင့်စဉ် ပထမအဆင့်အား ပျော်ရွှင်စွာနှင့် သုံးသပ်နေဆဲ ရှိသည်။

အချိန်အတော်ကြာမှ ယဲ့ချန်တစ်ယောက် အခန်းထဲမှ ထွက်လာပြီး လတ်ဆတ်သော မနက်ခင်းလေအား တဝကြီး ရှုလိုက်သည်။ မြင်တွေ့နေကျ ပတ်ဝန်းကျင်က ပိုမို လှပနေပြီး၊ ရှုရှိုက်နေကျ ပန်းပွင့်များ၏ ရနံ့ကပင် ယနေ့မှ ပိုမို လှပနေသလို ခံစားရသည်။ အကျဉ်းချုပ် ပြောရသော် ဤနှစ်ပိုင်းအတွင်း တခါမျှ မခံစားဖူးသော တက်ကြွမှုတမျိုးနှင့် ယဲ့ချန်၏ စိတ်အစဉ်က ကြည်လင် လန်းဆန်းနေသည်။

မိုးကြိုးအင်ပါယာကျင့်စဉ်အား တညတာ လေ့လာပြီးနောက် မိုးကြိုးလက်ဝါး ကျင့်စဉ်တွင် ဟာကွက် များစွာ ရှိနေကြောင်း ယဲ့ချန် သတိပြုမိကာ အနည်းငယ် ပြုပြင် ဖြည့်စွက်လိုက်သည်။ ထို့ပြင် သိုင်းပညာနှင့် ထျန်းချီကျင့်ကြံခြင်းအပေါ် ယဲ့ချန်၏ နားလည်မှုသည်လည်း ကွဲပြားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ အားလုံးက “ကြယ်တာရာ ဘုံကိုးလွှာ” ကျင့်စဉ်ကြောင့် ဖြစ်သည်။

သူ့အသိစိတ်အတွင်းရှိ ဓားသည် သန့်စင်သော ထျန်းချီများ ပို့လွှတ်နေမှုအား မရပ်တန့်သည့်အပြင် ယဲ့ချန်၏ တန့်ထျန်တစ်ခုလုံး ပြည့်နှက်လာသည်အထိ မရပ်မနား ပို့လွှတ်နေခဲ့သည်။

အသံတစ်ခုနှင့်အတူ သူ့တန့်ထျန်အတွင်းရှိ အတားအဆီးတလွှာက ထပ်မံ ကျိုးပျက်သွားသည်။

“ဘာလား ထျန်းချီအဆင့်၃ကို ရောက်သွားပြီ”

သာမန်လူတစ်ယောက်သည် ထျန်းချီ အဆင့်၁မှ ၃သို့ ရောက်အောင် အနည်းဆုံး တနှစ်၊ နှစ်နှစ်ခန့် ကျင့်ကြံရမည် ဖြစ်သည်။ ယဲ့ချန်ကမူ အဓိကသွေးကြောမများ ပြန်ကောင်းလာပြီးနောက် တညတည်းနှင့် အဆင့်၃ဆင့်အား ဆက်တိုက် ရောက်ရှိသွားသည်။

“မိုးကြိုးအင်ပါယာကျင့်စဉ်အကြောင်း အဖေ့ကို ပြောပြသင့်လား”

ယဲ့ချန် တွေးမိ၏။

“အဲဒါနဲ့သာဆိုရင် အဖေက ထျန်းချီအဆင့်၈ ဒါမှမဟုတ် ၉ကိုတောင် ရောက်သွားနိုင်တယ် ဒီလိုသာဆို မိသားစုထဲမှာ ထျန်းချီအဆင့်၉ ကျင့်ကြံသူ ၂ယောက် ရှိလာလိမ့်မယ်”

သို့သော် မိုးကြိုးအင်ပါယာကျင့်စဉ်၏ နောက်ပိုင်းသုံးဆင့်မှာ မယုံနိုင်ဖွယ် ကောင်းလွန်းလှရာ ယဲ့ချန်က ပထမသုံးဆင့်ကိုသာ သူ့ဖခင်ထံ ပေးရန် ဆုံးဖြတ်လိုက်သည်။ သူ့အသိစိတ်အတွင်းရှိ ဓား၏ အကြောင်းကိုမူ အမှန်အတိုင်း မပြောရန် တွေးလိုက်သည်။

ယဲ့ချန်၏ ဖခင်သာမက ဦးလေးအများစုသည်လည်း သူတို့၏ ကံမကောင်းရှာသော တူလေးအား သနားပိုကာ ဂရုစိုက်ပေးခဲ့ကြသည်။ ယဲ့ချန်က ၎င်းတို့အား ကျေးဇူး မဆပ်နိုင်သေးသော်လည်း မိုးကြိုးအင်ပါယာကျင့်စဉ်၏ ပထမသုံးဆင့်အား ပေးအပ်ခြင်းဖြင့် တတ်နိုင်သည့်ဘက်က ပြန်လည် ပေးဆပ်ရပေမည်။

ရုတ်တရက် ယဲ့ချန်၏ မျက်လုံးများက အေးစက်သွားသည်။

“ငါ့ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့သူတွေ အတွက်ကတော့ ဒီ့ထက်ဆိုးတဲ့ နာကျင်မှုမျိုးနဲ့ ပြန်ပေးဆပ်ရစေမယ်”

ယဲ့ချန်သည် အသက်မှန်မှန်ရှုရင်း ဖြစ်ပေါ်လာသော ဒေါသအား တည်ငြိမ်အောင် ထိန်းလိုက်သည်။ သန့်စင်ယန်ခန္ဓာကိုယ် ရရှိပြီးကတည်းက သူ၏ အာရုံခံနိုင်စွမ်းမှာ ယခင်ကထက် ပိုမို စူးရှလာသည်။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းလည်း ပိုမို မြင့််မားလာသည်။ ထိုအရာများမှာ ယခင်က သူ မပိုင်ဆိုင်ဖူးသော စွမ်းရည်များ ဖြစ်သည်။

အခန်းတွင်းသို့ ပြန်ဝင်ကာ နာရီအနည်းငယ်ခန့် တရားထိုင်ပြီးနောက် ယဲ့ချန်သည် ယဲ့မိသားစု သိုင်းပညာများ ဖြစ်သော “မိုးကြိုးဟိန်းသံ” “မိုးကြိုးလက်သီး” တို့အား ပြန်လည် လေ့လာ ဆန်းစစ်ရန် ထွက်လာခဲ့သည်။

ယဲ့မိသားစုပိုင် သိုင်းပညာရပ်များထဲတွင် မိုးကြိုးနှင့်ဆိုင်သော သိုင်းပညာများကား လေ့ကျင့်ရန် ခက်ခဲပြီး အစွမ်းအထက်ဆုံး ဖြစ်သည်။ ဥပမာ- မိုးကြိုးဟိန်းသံ ပညာရပ်အား အသုံးပြုရန်အတွက် တစုံတစ်ယောက်သည် မိုးကြိုးသဘာဝ ထျန်းချီကို လက်ဝါးအလယ်၌ စုစည်းပြီးမှ ပြိုင်ဘက်ထံ တိုက်ခိုက်ရမည် ဖြစ်သည်။ ထို့နောက်တွင် မိုးကြိုးသဘာဝ ထျန်းချီများသည် ပြိုင်ဘက်၏ ကိုယ်အတွင်းသို့ တိုးဝင် မွှေနှောက်လိမ့်မည် ဖြစ်ကာ ထိုနာကျင်မှုက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု များစွာထက် ပိုမို ပြင်းထန်သည်။ တဖက်တွင်တော့ မိုးကြိုးလက်သီး ပညာရပ်သည် လျင်မြန်မှုအပေါ် အခြေခံပြီး တကွက်တည်းတွင် အင်တိုက်အားတိုက် တိုက်ခိုက်ရမည်ဖြစ်ကာ ပြိုင်ဘက်၏ သေကွင်းသေကွက်များသို့ ဦးတည်သော တိုက်ကွက် ဖြစ်သည်။

ယဲ့ချန်သည် ထျန်းချီအဆင့်၆ထိပ်ဆုံးတွင် ရှိခဲ့စဉ်က ထိုပညာရပ် နှစ်ခုလုံးအား လေ့ကျင့်ဖူးသည်။ သုံးနှစ်ခန့် လေ့ကျင့်မှု ပြတ်လပ်နေခြင်းကြောင့် အစပိုင်းတွင် အဆင်မပြေသော်လည်း လေ့ကျင့်ရင်း လေ့ကျင့်ရင်းနှင့် ကောင်းမွန်စွာ ထိန်းချုပ်နိုင်လာသည်။

သုံးနှစ်ခန့်ကြာပြီးမှ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်  နောက်တကြိမ် ပြန်ရောက်လာရသော ခံစားချက်ကြောင့် ယဲ့ချန်၏ စိတ်အတွင်း၌ ပြောမပြနိုင်လောက်သော စိတ်ကျေနပ်မှုအား ခံစားလိုက်ရသည်။

***

All Chapters