အမတမှော်ဝင်ပစ္စည်းတစ်ခုရဲ့သန္ဓေတည်စအဆင့်
Vol. 51 Ch. 717
အခန်း (၇၁၇) အမတမှော်ဝင်ပစ္စည်းတစ်ခုရဲ့သန္ဓေတည်စအဆင့်
ရန်ကျောက်ကဲနှင့် ယင်ထျန်းရှတို့ တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်နေကြသည်။
အတွေးစိတ်ကူးတစ်ခုမျှသာဖြစ်သော်လည်း ရန်ကျောက်ကဲမှာ အချိန်ကာလတစ်လျှောက် ခေတ်အဆက်ဆက်ကိုဖြတ်ကျော်ကြာ အတိတ်တစ်ချိန်သို့ခရီးနှင်လာပြီး အလွန်တရာတန်ခိုးစွမ်းအားမြင့်မားသော ဧကရာဇ်တစ်ပါးနှင့် တွေ့ဆုံရသည့်အလား ခံစားရသည်။
ယခုတော့ ကျောက်ခေါင်းတလားထဲတွင် ယင်ထျန်းရှ၏ရုပ်အလောင်းရှိမနေဘဲ မည်သည့်နေရာသို့ရောက်သွားကြောင်း ရန်ကျောက်ကဲ သိရှိသွားပြီ ဖြစ်သည်။
ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ကွယ်လွန်ပြီးနောက် သူစီရင်ခဲ့သော ထုံးတမ်းပွဲတော်ဆိုသည်မှာ သူ၏ရုပ်ခန္ဓာကို ဤ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။
အထွတ်ထိပ်မှော်ဝင်လက်နက်ထက်ပင်သာလွန်သည့် ထိပ်တန်းအဆင့် ရတနာပစ္စည်းတစ်ခု။
ဒဏ္ဍာရီလာ “အမတမှော်ဝင်ပစ္စည်း”။
ရန်ကျောက်ကဲမျက်ဝန်းများ နက်ရှိုင်းသွားပြီး...
“အမတမှော်ဝင်ပစ္စည်းတစ်ခု ဒီမှာတွေ့ရမယ်လို့ မျှော်လင့်မထားမိဘူး ၊ ဒါပေမဲ့ ဒီ အမတမှော်ဝင်ပစ္စည်းက ပြီးပြည့်စုံခြင်းတော့ မရှိသေးဘူး...”
သိုင်းသူတော်စင်တိုင်း အထွတ်ထိပ်မှော်ဝင်ပစ္စည်း ကိုင်ဆောင်နိုင်ခြင်း မရှိကြပေ။
အမတမှော်ဝင်ပစ္စည်းများသည်လည်း ထို့အတူပင်ဖြစ်ပြီး ပြုလုပ်ရန် အလွန်ခက်ခဲသည်။ ယိုးမင်ဧကရာဇ်ယင်ထျန်းရှကဲ့သို့ ကျင့်ကြံခြင်းအဆင့်ရှိသူမှသာလျှင် အမတမှော်ဝင်ပစ္စည်းတစ်ခုကို ပြုလုပ်နိုင်မည် ဖြစ်သည်။
သိုင်းသူတော်စင်အဆင့် အထက်ပိုင်းအဆင့်ရှိသော တန်ခိုးစွမ်းအားရှင်တိုင်း အမတမှော်ဝင်ပစ္စည်းကို ကိုင်ဆောင်နိုင်ခြင်း မရှိကြပေ။
မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ထိုသို့ပင် ဖြစ်သည်။
ရန်ကျောက်ကဲသိရှိသလောက် မီးတောက်မိစ္ဆာကမ္ဘာကိုဖန်ဆင်းခဲ့သော မီးတောက်မိစ္ဆာဧကရာဇ်သည်ပင် အမတမှော်ဝင်ပစ္စည်းကို ကိုင်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။
ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ က အတောက်ပဆုံးကြယ်တစ်စင်းအဖြစ် ကမ္ဘာကိုတုန်လှုပ်စေခဲ့သော်လည်း စောစီးစွာ ကြွေလွင့်ခဲ့သည်။
သူ သက်ရှိထင်ရှားရှိစဉ်ကလည်း ယိုးမင်ဂမ္ဘီရဂိုဏ်းအနေဖြင့် ရင်းမြစ်ပစ္စည်းကြွယ်ဝသည့်တိုင် ‘အမတမှော်ဝင်ပစ္စည်း’ ပြုလုပ်ရန် မဖြစ်နိုင်ခဲ့ပေ။
အချိန်မလုံလောက်မှုနှင့် ရင်းမြစ်ပစ္စည်းမလုံလောက်မှုကြောင့် ယိုးမင်ဂမ္ဘီရဂိုဏ်းတွင် ‘အမတမှော်ဝင်ပစ္စည်း’ မပိုင်ဆိုင်ခဲ့ကြောင်း လူတိုင်းသိရှိကြသည်။
ယင်ထျန်းရှကိုင်ဆောင်သည့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ယိုးမင်တစ္ဆေမီးအိမ်’ ကိုသာလျှင် ယိုးမင်ဂမ္ဘီရဂိုဏ်း၏ အရေးကြီးဆုံးရတနာအဖြစ် တစ်လောကလုံး သိရှိကြ၏။
ယိုးမင်ဧကရာဇ် သေဆုံးပြီးနောက် ထုံးတမ်းအစီအရင်တစ်ခုပြုလုပ်ကာ သူ၏ရုပ်အလောင်းကိုအသုံးပြုပြီး သူ့ကိုယ်သူအသုးပြုကာ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ဆိုသည့် ‘အမတမှော်ဝင်လက်နက်’ တစ်ခု ပြုလုပ်ခဲ့မည်ဟု ရန်ကျောက်ကဲသည်လည်း မျှော်လင့်မထားခဲ့ပေ။
ရန်ကျောက်ကဲ “ယိုးမင်ဂမ္ဘီရစက်ဝန်း” ကိုကြည့်ရင်း စိတ်လှုပ်ရှားတွေဝေသွားသလို ရယူလိုစိတ်လည်း ဖြစ်မိသည်။
ယိုးမင်ဧကရာဇ်၏လုပ်ရပ်က အတော်လေး ထူးဆန်းလှသည်။
“ယိုးမင်ဧကရာဇ်က သူ့ရဲ့အဆက်အနွယ်ကို ကာကွယ်ပေးဖို့ ဒီရတနာပစ္စည်းကို ပြုလုပ်ခဲ့တာလား ၊ ဒါမှမဟုတ် သူ့တစ်ဘဝလုံး ပြုလုပ်ချင်ခဲ့တဲ့ဆန္ဒကို ရိုးရှင်းစွာပဲ လုပ်ဆောင်သွားခဲ့တာလား”
ရန်ကျောက်ကဲစိတ်ထဲ လှိုင်းလုံးများ ပြင်းထန်သွားသည်။
“ဒါမှမဟုတ် ဒီ အမတမှော်ဝင်ပစ္စည်းက ယိုးမင်ဧကရာဇ်က သူ့ကိုယ်သူပြန်လည်ရှင်သန်နိုင်ဖို့ ပြင်ဆင်ထားတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်မလား”
ထို့ပြင် အခြားသောဖြစ်နိုင်ခြေတစ်ခု ရှိသေးသည်။
ယိုးမင်ဧကရာဇ်မသေဆုံးမီတွင် ဤရတနာကိုပြုလုပ်ရန်အတွက် လျှို့ဝှက်ချက်များစွာဖုံးကွယ်ပြီး အပြင်းအထန်ကြိုးစားအားထုတ်ခဲ့သည်။ သို့ဖြစ်ရာ သူသေဆုံးခြင်းနှင့် ယိုးမင်ဂမ္ဘီရဂိုဏ်းကျဆင်းသွားခြင်းက ဆက်စပ်ပတ်သက်နေနိုင်သည်။
ရန်ကျောက်ကဲသည် ယိုးမင်ဧကရာဇ်ယင်ထျန်းရှ၏မျက်နှာကိုကြည့်ရင်း အတွေးများဖြင့် တိတ်ဆိတ်နေသည်။
ရှောင်အိုက်က ယိုးမင်ဧကရာဇ်၏ပုံရိပ်ကို မမြင်နိုင်သော်လည်း ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ကိုကြည့်ရင်း စူးစမ်းချင်စိတ်များပေါ်လာသည်။
“သခင်လေး... ဒါက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုလား”
ရန်ကျောက်ကဲက ပြုံးရင်း...
“မဟုတ်ဘူး ၊ ဒါက အမတမှော်ဝင်ပစ္စည်းတစ်ခုပဲ ၊ ဒါပေမဲ့ ပြီးပြည့်စုံမှု မရှိသေးဘူး”
သူက ဆက်ရှင်းပြသည်။
“တခြားစကားနဲ့ပြောရရင်တော့ ဒီစက်ဝန်းက အမတမှော်ဝင်ပစ္စည်းတစ်ခုရဲ့သန္ဓေတည်စအဆင့်လို့ပြောရင် ပိုပြီး သင့်တော်မယ်”
ရှောင်အိုက်မှာပါးစပ်အဟောင်းသားဖြစ်သွားပြီး တော်တော်နှင့် ပါးစပ်ပြန်မစေ့နိုင်တော့ပေ။
သူမက ‘အမတမှော်ဝင်ပစ္စည်း’ ကို တစ်ခါမှမတွ့မြင်ဖူသော်လည်း ရွှယ်ချူးချင်က ထိုပစ္စည်းနှင့်ပတ်သက်သည့် ဒဏ္ဍာရီများကို အမြဲတမ်းပြောပြလေ့ရှိသည်။
မိန်းကလေးငယ်၏မျက်ဝန်းများက အရင်ကနှင့်မတူ တောက်ပနေလေသည်။
သူမ၏နက်မျောင်သည့်မျက်ဝန်းများထဲတွင် ငွေရောင်စက်သွားများလည်ပတ်နေသည့်အလား တဖျတ်ဖျတ်လက်နေပြီးမူလကအပြစ်ကင်းစင်သော မျက်ဝန်းများက ယခုတော့ လောဘစိတ်ကြောင့် တောက်ပလင်းလက်လျှက် ရှိ၏။
ရန်ကျောက်ကဲ မျက်လုံးတစ်ချက်လှန်လိုက်ပြီး ရှောင်အိုက်မျက်နှာရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်သည်။
“သခင်လေး .... သခင်လေး... ဒါက... ဒါက”
ထိုအခါမှ ရှောင်အိုက်သတိပြန်ဝင်လာပြီး တံတွေးတစ်ချက်မျိုချလိုက်သည်။
သို့သော် အတန်ကြာစကားမပြောနိုင်ဖြစ်နေပြီး အရှေ့မှ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ကို လက်ညှိုးထိုးရင်း...
“သခင်လေး... ဒါက... သေချာပေါက်... သေချာပေါက်...”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“စိတ်အေးအေးထား... ဒီပစ္စည်းက ကံကောင်းတာလား ကပ်ဆိုးလားဆိုတာ မသိရသေးဘူး ၊ ကံကောင်းတာဆိုရင်တောင်မှ ဒါကြီးကိုယူဖို့မလွယ်ဘူး”
ရှောင်အိုက်၏အသက်ရှူသံများတည်ငြိမ်သွားပြီး ရန်ကျောက်ကဲ၏အင်္ကျီစကိုဆွဲလျှက် မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းမော့ကြည့်လာသည်။
“သခင်လေး... သခင်လေးမှာ သေချာပေါက နည်းလမ်းရှိတယ်မလား”
ရန်ကျောက်ကဲမှာ အတော်လေး ရယ်ချင်သွားသည်။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်မပြောနဲ့ ၊ ငါ့ရဲ့ကျင့်ကြံခင်းအဆင့်နဲ့တောင် ဒီ ‘အမတမှော်ဝင်ပစ္စည်း’ ရဲ့စွမ်းအားကို ထုတ်ဖော်နိုင်မှာမဟုတ်ဘူး”
သူကဆက်ပြောသည်။
“အရာသာရှိပေမယ့် ကြည့်ရုံပဲကြည့်နေပြီးစားလို့မှမရတာ ၊ ဘာမှ လောဘကတက်နေစရာမလိုပါဘူး ၊ ဟုတ်တယ်မလား”
ရှောင်အိုက်က...
“သခင်လေးကလည်း... ဒီလိုပစ္စည်းမျိုးက ဒီအတိုင်း ထိုင်ကြည့်နေရရုံနဲ့တင် အတော်လေး ပျော်စရာကောင်းနေပြီ”
ရန်ကျောက်ကဲက မေးစေ့ကိုတစ်ချက်ပွတ်သပ်ရင်း ပြုံးလိုက်၏။
“ရှောင်အိုက်... မင်းပြောတာ အဓိပ္ပါယ်ရှိတယ်”
ထို့နောက် ရန်ကျောက်ကဲက ဒဏ္ဍာရီလာ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်၏ အခြေခံသဘောတရားများကို ခွဲခြမ်းစိတ်ဖြာပြီး အထဲတွင်ပါရှိသောသဘောတရားများကို အာရုံခံရင်း ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
ရန်ကျောက်ကဲ မလှုပ်မယှက်ငြိမ်သက်နေပြီး အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ရှောင်အိုက်မှာလည်း သခင်လေးကိုမနှောက်ယှက်ဝံ့သဖြင့် သတ္တုဘီးကြီးကို ဒီအတိုင်းသာ စူးစိုက်ကြည့်နေတော့သည်။
တိတ်ဆိတ်နက်မှောင်ပြီး လျှို့ဝှက်ဆန်းကျယ်လွန်းသော သတ္တုဘီးကြီးအား ငေးကြည့်ရင်း သူမနှလုံးသားကို ကြောက်တစ်ကောင်ကုတ်ခြစ်နေသည့်အလား ခံစားရကာ မကြာခဏ တံတွေးမျိုချနေမိသည်။
အချိန်မည်မျှကြာသွားသည်မသိ...။
သူတို့ရှိနေသော သီးခြားနယ်မြေက ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
နက်ရှိုင်းစွာတွေးတောနေရာမှ ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီး မျက်ခုံးတစ်ချက် ပင့်လိုက်၏။
ရှောင်အိုက် မျက်နှာပျက်သွားပြီး...
“တခြားသူတွေ ဒီနေရာကို ရှာတွေ့သွားတာလား”
ပလ္လင်တည်ရှိနေသည့် သီးခြားနယ်မြေအား တောက်ပခြင်းလည်းမရှိ မှေးမှိန်ခြင်းလည်းမရှိသော မထင်ရှားသည့် အလင်းအလွှာတစ်ခုက တဖြည်းဖြည်း လွှမ်းခြုံသွားသည်။
ရန်ကျောက်ကဲ၏ စိတ်အစဉ်က ယိုးမင်ဂမ္ဘီရက်ဝန်းနှင့် ချိတ်ဆက်သွားသည်။ သူ့မျက်စိရှေ့မှ ကမ္ဘာလောကတစ်ခုလုံး ရုတ်တရက်မှောင်မိုက်သွားပြီး အဆုံးသတ်မှာတော့ အမှောင်ထုကြားတွင် စကြာဝဠာ၏ပထမဆုံးအလင်းတန်းပမာ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
“အဲဒါ ယိုးမင်တစ္ဆေမီးအိမ်ပဲ ၊ လော့ကျီးထောင် ယိုးမင်တစ္ဆေမီးအိမ်ကို အပြည့်အဝ သန့်စင်လိုက်နိုင်ပြီပေါ့”
ဘာဖြစ်သည်ကို ရန်ကျောက်ကဲ သဘောပေါက်သွား၏။
နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် ‘လော့ကျီးထောင်’ က အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘နေလစကြာ’ ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ယခု အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း နောက်တစ်ခုဖြစ်သော ‘ယိုးမင်တစ္ဆေမီးအိမ်’ ကိုလည်း အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေပြီ။
ဤ ယိုးမင်ဂူဗိမာန်တွင် သူ့ကိုဆန့်ကျင်ဝံ့သူ မည်သူရှိပါတော့မည်နည်း။
လက်ရှိမှာတော့ လော့ကျီးထောင်က ယိုးမင်တစ္ဆေမီးအိမ် အကူအညီဖြင့် ကျောက်သားတံခါးရှေ့သို့ရောက်လာပြီး သီးခြားနယ်မြေအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေပြီ ဖြစ်သည်။
ရှောင်အိုက်က စိတ်ရှုတ်ထွေးစွာဖြင့် ရန်ကျောက်ကဲကိုမော့ကြည့်ရင်း...
“သခင်လေး...”
ရန်ကျောက်ကဲက ပြုံးရင်း...
“အချိန်ရပါသေးတယ်”
သူ၏လက်တစ်ဖက်က ယိုးမင်ဂမ္ဘီရစက်ဝန်းကို ထိကိုင်ထားပြီး ကျန်လက်တစ်ဖက်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ စောစောက အသေင်္ချနဂါးနန်းတော်ထဲ ပြန်လည်ဝင်ရောက်နေသည့် ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများထဲမှတစ်ဆင့် ထွက်ပေါ်လာသည်။
ရုတ်တရက်ပေါ်လာသော ဖန်းယွင်ရှန်းကို ရှောင်အိုက်က မျက်လုံးအပြူးသားဖြင့် ငေးစိုက်ကြည့်နေတော့သည်။
ဖန်းယွင်ရှန်းက သူမကို ပြုံးပြနှုတ်ဆက်လိုက်၏။
ရန်ကျောက်ကဲက...
“ငါတို့တွေ မြန်ဖို့တော့လိုတယ်”
ဖန်းယွင်ရှန်းက ပြုံးရင်း...
“ဒါပေါ့ ၊ ကျွန်မကလည်း မကြာတတ်ပါဘူး”
ထို့နောက် သူမ၏မျက်ဝန်းများထဲမှ မှိန်ဖျော့သည့်အပြာရောင်အလင်းတန်းထွက်ပေါ်လာပြီး မျက်လုံးနှစ်ဖက်လုံး အေးမြသည့်လရိပ်ပမာ တောက်ပလာသည်။
မိုးမြေတစ်ခွင်တုန်လှုပ်စေသော ကြောက်မက်ဖွယ်ရာ စွမ်းအားရောင်ဝါတစ်ခုက ဖန်းယွင်ရှန်းထံမှ ထွက်ပေါ်လာပြီး သူမနောက်ကျောတွင်လွယ်ထားသည့် နေရိပ်နတ်ဓားက ဓားအိမ်မှထွက်ခွာလျှက် သူမလက်ထဲ ကျရောက်လာသည်။
နေရိပ်နတ်ဓား၏ဓားသွားထက်မှ အလင်းရောင်က ဖန်းယွင်ရှန်းခန္ဓာကိုယ်ထက်ကျရောက်သွားပြီး အပြာရောင်အလင်းများတောက်ပလာသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော ကြမ်းတမ်းရက်စက်သည့် အဖျက်စွမ်းအားအငွေ့အသက်များက အဆက်မပြတ် လွှမ်းခြုံသွား၏။
သူမက ရန်ကျောက်ကဲရှေ့တွင်ရှိနေသော ယိုးမင်ဂမ္ဘီရစက်ဝန်း၏ အခြားတစ်ဖက်သို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ထို့နောက် သူမ၏ဓားသွားထိပ်ဖျားက ယိုးမင်ဂမ္ဘီရစက်ဝန် ဗဟိုချက်ဆီသို့ တိုးဝင်လာသည်။
ရန်ကျောက်ကဲက စိတ်အာရုံစူးစိုက်ပြီး လရိပ်ပြောင်းပြန်စွမ်းအားကို ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့်ပေါင်းစပ်လိုက်ပြီး ဖန်းယွင်ရှန်း၏ နေမရှိပြောင်းပြန်စွမ်းအားနှင့်အတူ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ထုတ်ဖော်လိုက်သည်။ စက်ဝန်းသံသရာကောင်းကင်ကျမ်းစာလှည့်ပတ်သွားပြီး ယန်နှင့်ယန် အစွန်းနှစ်ဖက် ပြောင်းပြန်လှည့်ပတ်ပြောင်းလဲသွားသည်။
နက်မှောင်နေသည့် ယိုးမင်ဂမ္ဘီရစက်ဝန်းမျက်နှာပြင်မှ အလင်းတန်းများထွက်ပေါ်လာပြီး ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းထက်သို့ ဖြာကျလာ၏။
သတ္တုဘီးကြီး၏ အမြောင်း (၁၂)ခုမှ ချီစွမ်းအားစီးကြောင်းများ စီးဆင်းလာပြီး ပလ္လင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ထို့နောက်မှာတော့ ယိုးမင်ဂမ္ဘီရစက်ဝန်းသည် အဆုံးမဲ့တောက်ပခြင်းနှင့်အတူ ထာဝရအမှောင်ထုကြားတွင် တဖြည်းဖြည်း အထက်သို့ မြင့်တက်လာသည့်အလား ထင်မှတ်ရသည်။
စက်ဝန်းသည် လက်ရှိကမ္ဘာလောက၏ အလင်းနှင့်အမှောင်ကိုပိုင်းခြားထားသော နယ်နိမိတ်တစ်ခုနှင့် ဆင်တူသည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့သသည်လည်း ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့်အတူ အထက်သို့ မြင့်တက်လာကြသည်။
ထိုအချိန်...
အပြင်ဘက်ရှိ မိုးမြေတစ်ခွင်တွင် မှေးမှိန်သောအလင်းတန်းက လုံးလုံးလျားလျားဖုံးလွှမ်းနေပြီ ဖြစ်သည်။
အလင်းရောင်ကြားတွင် အမှောင်ထု ရုတ်တရက်ပေါ်လာပြီး ထိုအမှောင်ထုအလယ်တွင် အလင်းတန်းတစ်ခု တောက်ပလာလေ၏။