အိပ်မက်ကနိုးသင့်ပြီ
Vol. 51 Ch. 718
အခန်း (၇၁၈) အိပ်မက်ကနိုးသင့်ပြီ
မိုးမြေတစ်ခွင်အားလွှမ်းခြုံထားသည့် မှေးမှိန်သောအလင်းတန်းအလယ်ဗဟိုတွင် အဆုံးမရှိအမှောင်ထုထွက်ပေါ်လာပြီး ထိုအမှောင်ထုထဲတွင် အလင်းရောင်တစ်စ ရုတ်တရက် လင်းလက်သွားသည်။
အလင်းရောင်အလယ်တွင် မီးအိမ်တစ်လုံး ရှိနေ၏။
မီးအိမ်က ပေါ့ပါးစွာရွေ့လျားလျှက် မှေးမှိန်သောအလင်းတန်းများကို ဖြတ်ကျော်ကာ သီးခြားနယ်မြေအလယ်ဗဟိုသို့ ဆင်းသက်လာပြီး ပလ္လင်ရှေ့သို့ ရောက်ရှိလာသည်။
ထိုမီးအိမ်က အတိအကျပင် ‘ယိုးမင်တစ္ဆေမီးအိမ်’ ဖြစ်သည်။
မီးအိမ်အပြင်ဘက်တွင် တောက်ပသောအလင်းသင်္ကေတများရှိနေပြီး မီးအိမ်၏ထွန်းလင်းမှုက ဘယ်သောအခါမှ မငြိမ်းသတ်နိုင်ဟု ထင်မှတ်ရသည်။
မီးအိမ်အလင်း၏လမ်းညွှန်မှုဖြင့် သီးခြားနယ်မြေထဲတွင် လူရိပ်အချို့ ပေါ်လာ၏။
အုပ်စုကိုဦးဆောင်လာသူမှာ အနက်ရောင်ဝတ်လူတစ်ယောက်ဖြစ်ပြီး သူ၏ဦးခေါင်းထက်တွင် နေနှင့်လ လှည့်ပတ်နေကာ တုန်လှုပ်ချောက်ချားဖွယ် ရောင်ဝါများဖြင့် လွှမ်းခြုံထားသည်။
ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ ထိုလူရိပ်က ကွမ်းမင်ဂိုဏ်းချုပ် ‘လော့ကျီးထောင်’ ဖြစ်ကြေင်း သိလိုက်၏။
နေလစကြာက သူ၏ဦးခေါင်းထက်တွင်ရှိနေပြီး ယိုးမင်တစ္ဆေမီးအိမ်ကို ထိန်းချုပ်ထားကာ ရှေ့သို့တိုးလာနေသည်။ ထိုခဏမြင်ကွင်းထဲတွင် လော့ကျီးထောင်သည် အမှန်တကယ်ပင် မြင့်မြတ်စွာဖြင့် တောက်ပနေခဲ့သည်။
လော့ကျီးထောင်ဘေးနားတွင် ကောစုန်းနှင့် အခြားသူအနည်းငယ် ရှိနေသည်။
ယိုးမင်ဂူဗိမာန်အတွင်းဝင်ရောက်လာသော ကွမ်းမင်ဂိုဏ်းမှ သိုင်းသမားအားလုံးတော့ အတူလိုက်ပါလာခြင်း မရှိပေ။
ယိုးမင်တစ္ဆေမီးအိမ်ထက်ပိုပြီး စွမ်းအားမြင့်မားသော တည်ရှိမှုတစ်ခုကို အာရုံခံမိသည့်အတွက် မြန်နိုင်သမျှမြန်မြန် အရှိန်အဟုန်ဖြင့် သူတို့က ဤနေရာသို့ လိုက်လာခြင်းဖြစ်သည်။ ယိုးမင်ဂူဗိမာန်က ပရမ်းပတာဗလာနယ်အဖြစ်သို့ ထပ်မံမပြောင်းလဲနိုင်တော့လေရာ လော့ကျီးထောင်အနေဖြင့် လူအနည်းငယ်ကိုသာ ရှာဖွေခေါ်ယူနိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယိုးမင်တစ္ဆေမီးအိမ်နှင့် နေလစကြာရှိနေခြင်းက သူ့အတွက် လုံလောက်နေပြီ ဖြစ်၏။
ယိုးမင်တစ္ဆေမီးအိမ်အလင်းရောင်အောက်တွင် လော့ကျီးထောင်တို့အုပ်စုမှာ အသက်ရှူကျပ်လောက်သော ခြိမ်းခြောက်နိုင်စွမ်းရှိသ့် ကြောက်မက်ဖွယ်ရာရောင်ဝါကို မခံစားရတော့ဘဲ ပေါ့ပါးလန်းဆန်းသည့် နွေဦးလေပြေတိုက်ခတ်နေသလို ခံစားကြရသည်။
ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော ကောင်းခြင်းအမွေအနှစ်များကို ခံစားနေရသည့်အလား ဖြစ်သည်။
လော့ကျီးထောင်၏ မျက်ဝန်းများက ပလ္လင်ထက်မှ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ဆီသို့ စူးစိုက်ကျရောက်သွားသည်။
သူ့မျက်ဝန်းများက တုန်လှုပ်ထိတ်လန့်သွားပြီး...
“ဒါက... ပြီးပြည့်စုံခြင်းမရှိသေးပေမယ့် နေလစကြာ ၊ ယိုးမင်တစ္ဆေမီးအိမ်တွေထက်တောင် အများကြီးပိုပြီး စွမ်းအားမြင့်မားတယ် ၊ ဒါက... ဒါက ဘာများလဲ”
သူ့ဘေးနားမှ ကောစုန်းနှင့် အခြားသူများသည်လည်းတုန်လှုပ်သွားကြပြီး သူတို့မျက်နှာများထက်တွင် မရေရာခြင်းများ ပေါ်ထွက်လာသည်။
“အဲဒါက ... ဒဏ္ဍာရီထဲက အမတမှော်ဝင်ပစ္စည်းများလား”
လော့ကျီးထောင် ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“ဒါက ယိုးမင်ဂူဗိမာန်ရဲ့ အကြီးကျယ်ဆုံး လျှို့ဝှက်ချက်ဖြစ်နိုင်မလား ၊ ဒီထဲမှာ ဒီလိုမျိုး အဖိုးတန်ဆုံးရတနာတစ်ခု ရှိနေခဲ့တာလား”
ယိုးမင်တစ္ဆေမီးအိမ်အား ရရှိခဲ့ပြီးနောက် လော့ကျီးထောင်မှာ အတော်လေး စိတ်ရွှင်လန်းပျော်ရွှင်နေခဲ့သည်။ သို့သော် ယခု ယိုးမင်ဂမ္ဘီရစက်ဝန်းကို တွေ့ရသည့်အခါ သူ့စိတ်အစဉ်မှာ ထိန်းမနိုင်သိမ်းမရ တဟုန်ထိုး ခုန်လှုပ်နေတော့၏။
သူ့ဘေးနားမှ ကောစုန်းနှင့် အခြားသူများမှာလည်း အလွန်တရာ ပျော်ရွှင်နေကြဟန်ပင်။
ထိုသို့ စိတ်တည်ငြိမ်မှုပျောက်ဆုံးသွားရသည်မှာ သူတို့၏အပြစ်မဟုတ်ပေ။ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ၏ အရေးပါမှုက အမှန်တကယ်ပင် မြင့်မားလွန်းသည် မဟုတ်လား။ သူတို့ရှေ့မှ ယိုးမင်ဂမ္ဘီရစက်ဝန်းသည် သန္ဓေသားပုံစံအဆင့် ရှိနေပြီး အမတမှော်ဝင်ပစ္စည်းအဖြစ် အပြည့်အဝ ရုပ်လုံးမပေါ်သေသည့်တိုင် အလွန်တရာ အစွမ်းထက်နေပြီ ဖြစ်သည်။
ဤရတနာပစ္စည်းကိုသာ ဆက်လက်သန့်စင်နိုင်ပါက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးတွင် လောကပထမ ရတနာပစ္စည်းတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။
လော့ကျီးထောင် ကျင့်ကြံခြင်းအဆင့်မြင့်တက်လာပြီး အမတကူးပြောင်းခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် ဤ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ကို ကိုင်ဆောင်မည်ဆိုလျှင် အရှေ့တောင်ထိပ်တန်းအရှင်သခင်သည်ပင် သူ့ကို ရန်ပြုရဲတော့မည် မဟုတ်ပေ။
ကွမ်းမင်ဂိုဏ်းသည် အရှေ့တောင် နေဝန်းကောင်းကင်ပြည့်နယ်တစ်ခုလုံးတွင် စိတ်တိုင်းကျ ကြီးစိုးချယ်လှယ်နိုင်မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူတို့ကွမ်းမင်ဂိုဏ်းက ယခင် ယိုးမင်ဂမ္ဘီရဂိုဏ်း ရရှိခဲ့သော ဘုန်းအသေရေကို ပြန်လည်ရရှိပြီး တုနှိုင်းမရသော ခြေလှမ်းများ လှမ်းလျှောက်နိုင်ပေလိမ့်မည်။
ကွမ်းမင်ဂိုဏ်းမှ ဘိုးဘေးများမျှော်လင့်ခဲ့သော တစ်သက်တာအိပ်မက်သည် နောက်ဆုံးတော့ အမှန်တကယ် ဖြစ်လာပေမည်။
လော့ကျီးထောင်၏ မျက်ဝန်းများက ပလ္လင်ခြေရင်းတွင် တောင်ငယ်တစ်ခုပမာ စုပုံနေသော ရတနာပစ္စည်းအပုံကြီးဆီ ကျရောက်သွားပြီး မျက်လုံးများ မှေးစင်းသွား၏။
ထို့နောက် သူ၏မျက်လုံးများက ပလ္လင်ထက်သို့ ပြန်လည်ရောက်ရှိလာပြီး လက်ကိုဆန့်တန်းကာ ယိုးမင်ဂမ္ဘီရစက်ဝန်းကို ကိုင်ဆောင်ထားသည့် ရန်ကျောက်ကဲထံ စူးစိုက်ကျရောက်လာသည်။
ရန်ကျောက်ကဲကိုတွေ့တော့ လော့ကျီးထောင်၏မျက်လုံးများထဲ ဒေါသပြင်းထန်လာပြီး အေးစက်မှုက ဝင်ရောက်လာ၏။
ရန်ကျောက်ကဲက လော့ကျီးထောင်ကိုအကဲခတ်ရင်း တည်ငြိမ်စွာပင် ပြုံးလိုက်သည်။
“မင်းမှာ နေလစကြာနဲ့ ယိုးမင်တစ္ဆေမီးအိမ်ရှိပေမယ့် ဒီနေရာကို ဒီလောက်မြန်မြန်ရောက်လာမယ် ထင်မထားဘူး ၊ ကြည့်ရတာ ယိုးမင်ဂိုဏ်းကိုတိုက်ခိုက်ဖို့ အချိန်သိပ်မဖြုန်းခဲ့ဘူးပဲ”
သူက ဆက်ပြောသည်။
“ကျိုးဂိုဏ်းချုပ်နဲ့ ယိုးမင်ဂိုဏ်းက အကြီးအကဲတွေ မင်းတို့ ယိုးမင်တစ္ဆေမီးအိမ်ကို သန့်စင်နေတုန်း ဒီဂူဗိမာန်ထဲက ပြန်ဆုတ်ခွာသွားကြပြီလား”
လော့ကျီးထောင်က ရေခဲပမာအေးစက်သောအကြည့်များဖြင့် ရန်ကျောက်ကဲကိုစူးစိုက်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက အတက်အကျမရှိ တည်ငြိမ်နေပြီး အရာအားလုံးကို ထိုးဖောက်သိမြင်နိုင်ဟန်ပင်။
“အချိန်ဆွဲမနေနဲ့ ၊ အချိန်ဆွဲတာအသုံးမဝင်ဘူး”
သူက ဆက်ပြောသည်။
“ဧကရာဇ်မင်းရဲ့ အမွေအနှစ်တွေနဲ့ ယခင် ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့ ရတနာပစ္စည်းတွေအားလုံးရဲ့ တစ်ဦးတည်းသောပိုင်ရှင်က ကျုပ်တို့ကွမ်းမင်ဂိုဏ်းပဲ ၊ မင်းထိလို့ရတဲ့အရာတွေ မဟုတ်ဘူး”
သူက လက်ဖဝါးတစ်ဖက်ကိုမြှောက်လိုက်ပြီး လက်ညိုးနှင့်လက်ခလယ်ဖြင့် ဓားအလင်းတန်းတစ်ခု ဖန်ဆင်းကာ အဝေးတွင်ရှိနေသော ရန်ကျောက်ကဲထံ ထိုးစိုက်ချလိုက်သည်။
“သွားစမ်း...”
ကြယ်တစ်စင်းကြွေကျလာသည့်ပမာ ဓားအလင်းတန်းက ချက်ချင်းပင် ဗလာနယ်ကိုဖြတ်ကျော်သွားပြီး ရန်ကျောက်ကဲရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ထုတ်လွှတ်လိုက်သော ဤ ဓားအလင်းတန်းက လျှင်မြန်လွန်းသဖြင့် ရန်ကျောက်ကဲမှာ ဓားလမ်းကြောင်းကိုပင် မခန့်မှန်းတတ်အောင် ဖြစ်ရသည်။
သို့သော် သူက ထိုဓားအလင်းတန်းကို လုံးဝ အရေးမစိုက်ပေ။
လည်ပတ်နေသည့် ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ က ရုတ်တရက် ရပ်တန့်သွားသည်။
လော့ကျီးထောင်၏ ဓားအလင်းတန်းက ဦးတည်ချက်ပြောင်းသွားပြီး ရန်ကျောက်ကဲဘေးမှဖြတ်ကျော်ကာ ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ထက်သို့ ကျရောက်သွားသည်။
အနက်ရောင်သတ္တုဘီးထက်ရှိ အမြောင်း (၁၂)ခုမှ အမှောင်ထုက တွင်းနက်ကြီးတစ်ခုပမာ ဖြစ်တည်လာသည်။ ထိုတွင်းနက်ကြီးများက အမှောင်ကမ္ဘာ (၁၂)ခု နှင့် ဆင်တူလှ၏။
တောက်ပသော ဓားအလင်းသည် လေထုအလယ်တွင် ရုတ်တရက် ကွဲထွက်သွားပြီး အလင်းတန်း (၁၂)ခုအဖြစ်ပြောင်းလဲကာ ယိုးမင်ဂမ္ဘီရစက်ဝန်း၏ အမြောင်း (၁၂) ခုအတွင်းကျရောက်သွားသည်။
“မင်းတို့တွေကို ပျော်ပါစေဆိုပြီး အချိန်နည်းနည်းပါးပါး အိပ်မက်မက်ခွင့်ပေးထားတာ... အဟုတ်ကြီးထင်မနေနဲ့”
ရန်ကျောက်ကဲအပြုံးက တဖြည်းဖြည်းအေးစက်သွားသည်။
“အခုတော့ အိပ်မက်ကနိုးဖို့အချိန်တန်ပြီ”
“ဟင်...”
လော့ကျီးထောင်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ကွမ်းမင်ဂိုဏ်းမှလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး မရေမရာခံစားလိုက်ကြရသည်။
ရန်ကျောက်ကဲက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ထူးကဲယန်စည်းတံဆိပ်’ ကို ထိန်းချုပ်နိုင်ခြင်းက သူတို့အတွက် မယုံနိုင်လောက်အောင် ဖြစ်နေပေပြီ။
ယခု အမတမှော်ဝင်ပစ္စည်းဟု ထင်မှတ်ရသည့် ရတနာပစ္စည်းကို ထိန်းချုပ်ရန်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။
“သူက အဲဒီရတနာပစ္စည်းကို ထိန်းချုပ်နေတာမဟုတ်ဘူး ၊ အဲဒီပစ္စည်းပြုလုပ်ဖို့ ဧကရာဇ်မင်းအသုံးပြုခဲ့တဲ့ ထုံးတမ်းပွဲတော်ကို အသုံးပြုနေတာ”
လော့ကျီးထောင် အော်ဟစ်လိုက်သည်။
“ပလ္လင်ကို ဖြိုချလိုက် ၊ ဒါဆိုရင် သူ ဒီရတနာပစ္စည်းကို လုံးဝ အသုံးမပြုနိုင်တော့ဘူး”
ကောစုန်းနှင့် အခြားလူများက ချက်ချင်းပင် ပလ္လင်အောက်ခြေသို့ ခုန်ဆင်းလိုက်ကြသည်။
သို့သော် သူတို့မချဉ်းကပ်နိုင်ခင်မှာပင် ပလ္လင်က အလိုအလျောက်အက်ကွဲသွားပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ က နောက်တစ်ကြိမ်လည်ပတ်သွားသည်။
ဖန်းယွင်ရှန်းမကျ်ဝန်းများထဲမှ အပြာနုရောင်အလင်းတန်းက လွင့်ပြယ်သွားပြီး သူမ၏ဓားကို ပြန်လည်ရုတ်သိမ်းလိုက်၏။
ထိုစဉ် ရန်ကျောက်ကဲက ကြုံးဝါးသံပြုလိုက်သည်။
“တက်...”
ယိုးမင်ဂမ္ဘီရစက်ဝန်းသည် ရန်ကျောက်ကဲလက်ဖြင့်ထိတွေ့ထားရာမှ ထွက်ခွာသွားပြီး အဆက်မပြတ် လေထဲသို့ မြင့်တက်သွားသည်။ ထိုရတနာပစ္စည်းတည်ရှိရာနေရာက ကမ္ဘာမြေဗဟိုချက်ပမာ ခံစားရစေသည်။
ရုတ်တရက် လော့ကျီးထောင်ရှေ့မှ ယိုးမင်တစ္ဆေမီးအိမ်က ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက်မှာတော့ တောက်ပနေသည့် မီးအိမ်အလင်းတန်းများ ချက်ချင်းပင် ငြိမ်းသတ်သွား၏။
လော့ကျီးထောင် မျက်နှာတစ်ချက်ပျက်သွားပြီး မီးအိမ်ကိုရပ်တန့်ရန် ကြိုးစားလိုက်သည်။ သို့သော် ယိုးမင်တစ္ဆေမီးအိမ်သည် သူ၏ထိန်းချုပ်မှုမှ ကင်းလွတ်သွားပြီး လေထုထဲသို့တိုးဝင်သွားကာ ယိုးမင်ဂမ္ဘီရစက်ဝန်းဆီသို့ ပျံသန်းသွားသည်။
ရှေးဟောင်းမီးအိမ်မျက်နှာပြင်ထက်တွင် တောက်ပလင်းလက်နေသော အလင်းသင်္ကေတများ မှေးမှိန်ပျောက်ကွယ်သွားပြီး ရိုးရှင်းစွာပင် မှိန်ဖျော့ငြိမ်သက်သွားသည်။
လော့ကျီးထောင်မျက်လုံးများ ပေါက်ထွက်လုမတတ် ပြူးကျယ်ကာ တုန်လှုပ်ချောက်ချားသွားသည်။
ရန်ကျောက်ကဲက ယိုးမင်တစ္ဆေမီးအိမ်ကို သန့်စင်ထားသူမဟုတ်ဘဲ မည်သို့ကိုင်တွယ်ထိန်းချုပ်ပါသနည်း။ သူ့အရှေ့မှ မြင်ကွင်းကိုကြည့်ရင်း လော့ကျီးထောင် သဘောပေါက်သွားသည်။
နဂိုကတည်းကပင် ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ စီစဉ်ခဲ့သည်မှာ ဤ ယိုးမင်တစ္ဆေမီးအိမ်က ‘ယိုးမင်ဂမ္ဘီရစက်ဝန်း’ ပြုလုပ်ခြင်း၏ မူလပစ္စည်းများထဲမှတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
ယင်ထျန်းရှ၏ ထုံးတမ်းပွဲတော်ကို မဖျက်ဆီးနိုင်ပါက ယိုးမင်တစ္ဆေမီးအိမ်ကို မည်သူက ရယူထားပါစေ ထိုအရာက ယိုးမင်ဂမ္ဘီရစက်ဝန်း၏စွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။
ယိုးမင်ဂမ္ဘီရစက်ဝန်း၏ စုပ်ယူခံရခြင်းမှာ ယိုးမင်တစ္ဆေမီးအိမ်၏ ကံကြမ္မာသာ ဖြစ်သည်။
ထိုအချက်ကိုနားလည်သွားချိန်တွင် လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းသားများ မည်သို့မှလက်မခံနိုင် ဖြစ်ကြရသည်။
သူတို့အားလုံး ယိုးမင်ဂူဗိမာန်ကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ကြရသည်။ ရရှိထားသော သဲလွန်စများကို စုဆောင်းကာ နှစ်များတစ်လျှောက် လုံ့လစိုက်ထုတ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြရသည်။
လောလောဆယ်မှာပင် ယိုးမင်တစ္ဆေမီးအိမ်ကိုရရှိရန်အတွက် ယိုးမင်ဂိုဏ်းနှင့် တိုက်ခိုက်စဉ်မှာပင် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပျက်ဆီးဆုံးရှုံးခဲ့ရသည်။
သို့သော် နောက်ဆုံးတော့ သူတို့ကြိုးစားခဲ့သမျှ အရာအားလုံး တခြားသူတစ်ယောက်က အလွယ်တကူ လုယူသွားခဲ့သည်လား။
ထိုအချိန်...
လော့ကျီးထောင်တို့အုပ်စု၏မျက်လုံးများရှေ့တွင် ကြယ်များထွက်ပေါ်လာပြီး ခေါင်းများမူးဝေသွားကြကာ အမှောင်ထုက သူတို့အားလုံး၏ စိတ်အာရုံကို လွှမ်းခြုံသွားလေတော့၏။