ဆုံးဖြတ်ချက် ချခြင်း
Vol. 002 Ch. 181
နန်းတော်အနီးတွင် ရီဖူရှင်းနှင့် တခြားလူများက သိမ်းငှက်နက်ပေါ်တွင် ရပ်လျက် အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ လီတောင်ယွန်ကား သူတို့ ခန့်မှန်းသည်ထက် ပိုမို၍ စွမ်းအားမြင့်ပေသည်။ သူက နန်းတော်အနီးအထိ တိုက်ခိုက် ဝင်ရောက်လာသည်။ သူ၏ ဓားအောက်တွင် လူအများအပြား သေဆုံးကြသည်။ ရှေးဟောင်းလို့လန်က လို့လန်မြို့တွင် အာဏာအပြည့်အဝ ရှိသည့်တိုင် သူတို့၏ ထိန်းချုပ်မှုက လို့လန် အနီးတစ်ဝိုက်အား အကန့်အသတ်ရှိသည်။
မြေရိုင်းမြို့ အင်အားကြီး အဖွဲ့အစည်းမှ လာသော လီတောင်ယွန်ကား ရှေးဟောင်း လို့လန်ကို ဂရုစိုက်ခြင်း မရှိပေ။ သူတို့၏ လူအများအပြားကို သတ်လျှင်ကော အဘယ်အရေးနည်း။ ရှေးဟောင်းလို့လန်က သူတို့၏ လူများအား လီတောင်ယွန်၏ ကလန်ထံသို့ စေလွှတ်ရဲမည် မဟုတ်သည်ကို သူသိသည်။ အထူးသဖြင့် ရှေးဟောင်းမြေရိုင်း ဒေသတွင် ပိုမို၍ ဂရုမစိုက်ပေ။
မြေပြင်တွင် လူသေအလောင်းများစွာ ပြန့်ကျဲနေသည်။ သို့သော် လီတောင်ယွန်က လို့လန်နန်းတော် အနီးသို့ ရောက်ရှိရန် မတတ်နိုင်ဘဲ ဖြစ်နေသည်။ ထိုနေရာသို့ ရောက်လျှင် သူမည်သို့ ဖြစ်သွားမည်ကို လူတိုင်းသိသည်။
လီတောင်ယွန်က ထိုနေရာတွင် ရပ်လျက်ကပင် ရီဖူရှင်းတို့အား ကြည့်ကာ ပြောသည် ...“မင်းတို့ ကံကောင်းသွားတယ်...”။ အကယ်၍ လို့လန်နန်းတော်သာ မရှိခဲ့လျှင် ရီဖူရှင်းနှင့် သူ့လူများအား သူက မည်သည့်နည်းနှင့်မျှ အသက်ရှင်ခွင့်ပေးမည် မဟုတ်ပေ။ ထိုရတနာအား မရလိုက်သည်ကလည်း သူ့အတွက် စိတ်မကျေမနပ် ဖြစ်စရာပင်။
လီတောင်ယွန်က နောက်လှည့်ကာ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
“မင်းနာမည် ဘာလဲ ... မင်းက ဘယ်ကလဲ...” ရီဖူရှင်းက ရုတ်တရက် မေးလိုက်သည်။
လီတောင်ယွန်က ပြန်လှည့်ကြည့် လိုက်သည်။ သူ့မျက်လုံးတွင် အထင်သေးမှုများ ပြည့်နေသည်။ လက်စားချေမည်လား။ သူ ဂရုမစိုက်ပေ။ သူ့ကို လာရောက် လက်စားချေပါက သေလမ်း တစ်ခုတည်းသာ ရှိပေသည်။
“ဖူယွန်ဓားကလန်က လီတောင်ယွန်... ဒါကိုမှတ်ထား...” သူက ပြန်ပြောသည်။ သူပြောသည်ကို လူတိုင်းကြားသည်။ သူ့လေသံတွင် ရီဖူရှင်းအား အဖက်တန်သလို သတ်မှတ်ထားကြောင်း လူတိုင်း ခံစားရသည်။ လီတောင်ယွန်က ရီဖူရှင်းအား ထိုက်တန်သော ပြိုင်ဘက်တစ်ယောက်ဟု မသတ်မှတ်ပေ။
ရှေးဟောင်းလို့လန်မှ လူများက ဖူယွန်ဓားကလန်ဟု ကြားရလျှင် မျက်နှာပျက် သွားကြသည်။ လီတောင်ယွန်က သူတို့လူ အများအပြားကို သတ်သွားသော်လည်း ပြန်လည် လက်စားချေရန်မူကား ဖြစ်နိုင်ပုံ မရတော့ပေ။
လီတောင်ယွန်က သူထွက်မသွားခင် ထိုစကားများကို ချန်ထားခဲ့သည်။ ရီဖူရှင်း မည်သို့ တွေးနေသည်ကို သူလုံးဝ ဂရုမစိုက်ပေ။ ရီဖူရှင်းလက်ထဲမှ ရတနာကို လုယူ၍ မရခဲ့သည်ကိုသာ လီတောင်ယွန်က စိတ်ပျက်သည်။ သို့သော်လည်း သူ သိပ်ဂရုစိုက်သည်တော့ မဟုတ်ပေ။ အရှေ့မြေရိုင်းဒေသမှ အင်အားကြီး ကလန်မှ ထိပ်တန်းပါရမီရှင် တစ်ယောက် အနေဖြင့် သူ့တွင် မာနရှိပေသည်။
“ဖူယွန်ဓားကလန်က လီတောင်ယွန်...” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူကလည်း လီတောင်ယွန်ကို ဂရုမစိုက်ပေ။ သူတို့တွင် တူညီသော အတွေးရှိသည်။ လီတောင်ယွန်၏ အတွေးတွင် သူက လက်စားချေရန် ကြိုးစားပါက သေကို သေရမည်ဖြစ်သည်။ သို့သော် ရီဖူရှင်း၏ အမြင်တွင်ကား လီတောင်ယွန်က သူ၏ နာမည်ကို ပြောလိုက်သော ခဏတွင်ပင် သေလူဖြစ်သွားပြီ ဖြစ်သည်။
ရှေးဟောင်းလို့လန်မှ တန်ခိုးရှင်များကလည်း လို့လန်ရွှီကို သွားရောက် ခေါ်ဆောင်ကြသည်။
“သွားစို့...” ရီဖူရှင်းက ပြောသည်။ သူက နောက်လှည့်ကာ နန်းတော်ဘက်သို့ ပျံသန်းသွားလိုက်သည်။ ရီဖူရှင်းတို့၏ လုံခြုံမှုအတွက် လို့လန်တန်ခိုးရှင်များ အများအပြားက ထိုနေရာတွင် ရပ်စောင့်လျက် ကျန်နေရစ်ကြသည်။
သိမ်းငှက်နက်ပေါ်တွင် စီးနင်းလျက် ရီဖူရှင်းက အတွေးလွန်နေဟန် တူသည်။ အတန်ကြာလျှင် ရီဖူရှင်းက တိုးတိုးလေး ပြောသည်... “တကယ်လို့ ငါက သူတို့ကို စာအုပ်ပေးခဲ့ရင်ရော ဘာဖြစ်မလဲ...”
သူက စာအုပ်ကို ထုတ်ပေးခဲ့လျှင်ကော ထိုလူများက ရီဝူချင်း၏ လက်ကို ဖြတ်ပစ်မည်လော။
“သိပ်မတွေးနဲ့တော့...” ရီဝူချင်းက ပြောသည်။ သူကလည်း ဖြစ်ပြီးခဲ့သမျှကို နောင်တရမည် မဟုတ်ပေ။
နန်းတော်ထဲမှ သူတို့၏ အဆောင်ထဲကို ရောက်လျှင် ရီဖူရှင်းက ရတနာစာအုပ်ကို ထုတ်ယူလိုက်သည်။ အရိုးကွဲအောင် အေးစိမ့်မှုက စာအုပ်ထံမှ ထွက်ပေါ်လာသည်။ စာအုပ်အတွင်းမှ ရုပ်ပုံကား ရေခဲတမျှ အေးစက်လှသည်။ သို့သော်လည်း ကြောက်မက်ဖွယ် ကောင်းသော စိတ်အသိနှင့် အနုပညာရသတို့အပြင် စာအုပ်တွင် တခြား ထူးခြားချက်များ မတွေ့ရပေ။ ကြည့်ရသည်မှာ စာအုပ် နောက်တစ်ဝက်က တခြား လျှို့ဝှက်ချက်များ ရှိနိုင်ပေသေးသည်။
သူ အမှန်တကယ် စိတ်ဝင်စားသည်။ စာအုပ်က နှစ်အုပ်ပေါင်းမှ တစ်အုပ် ဖြစ်သော်လည်း ကောလာဟလများအရ ရှေးဟောင်းလို့လန်က ရတနာစာအုပ် တစ်ဝက်မျှဖြင့် တည်ထောင်ခဲ့ခြင်းဟု ဆိုသည်။ ကောလာဟလများက လုံးဝ မယုံရသည့်တိုင် ရှေးဟောင်းလို့လန်ကို တည်ထောင်နိုင်သော ဧကရီဘုရင်မက စာအုပ်တစ်ခုတည်းကြောင့် ထိုမျှ စွမ်းမည်ဟု သူမယုံပေ။ သူမ၏ ပါရမီနှင့် အရည်အချင်းမှာလည်း ကြောက်မက်ဖွယ် ကောင်းအောင် ထက်မြက်ရပေမည်။
မကြာမီ လို့လန်ရွှီက သူမ၏ လူများနှင့်အတူ ရောက်လာသည်။ “ရှင့်ရဲ့ တောင်းဆိုမှုတွေက ဘာတွေလဲ...” လို့လန်ရွှီက ရီဖူရှင်း၏ ရှေ့တွင် ရပ်ကာ သူမ၏ နဂိုပုံစံအတွင်း အေးစက်စွာ မေးသည်။
“ကျုပ်က ရတနာစာအုပ်ရဲ့ နောက်တစ်ဝက်ကို ကြည့်ချင်တယ်...” သူက လို့လန်ရွှီကို ပြောသည်။ “တကယ်လို့ သမီးတော်က လက်မခံဘူး ဆိုရင်လည်း တောင်းဆိုမှုကို ပြောင်းပေးလို့ရတယ်...”
ရှေးဟောင်းလို့လန်က ယခင်က လူညီသော တန်ဖိုးနှင့်သာ လဲမည်ဟု ပြောခဲ့သည်။ အမှန်ပြောရလျှင် ရီဖူရှင်း၏ တောင်းဆိုမှုက မျှတသည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း ရှေးဟောင်းလို့လန်က သဘောမတူပါက သူက အတင်းတောင်းဆိုမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ရှေးဟောင်းလို့လန်က သူတို့၏ အသက်အား ကယ်တင်ခဲ့သည် မဟုတ်ပါလား။
“ကျွန်မက ဧကရီဘုရင်မကို မေးရဦးမယ်....” လို့လန်ရွှီက ပြောသည်။ ရတနာစာအုပ်၏ တခြားတစ်ဝက်နှင့် ပတ်သက်လျှင် သူမတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။
“ကောင်းပြီ... မင်းက စာအုပ်ကို ယူသွားလို့ရပြီ...” ရီဖူရှင်းက ရတနာစာအုပ် တစ်ဝက်ကို ကမ်းပေးလိုက်ရာ သူမက ထူးဆန်းသလို ကြည့်ကာ ယူဆောင်သွားသည်။
ရီဖူရှင်းက စာအုပ်ကို ကြိုတင် ပေးလိုက်ခြင်းမှာ သူ၏ သဘောထားအား ရှင်းလင်းအောင် ပြသခြင်းဖြစ်သည်။ မဟုတ်လျှင် နောက်ထပ် အန္တရာယ်ကြုံလာမည်လော သူမပြောနိုင်ပေ။ သူတို့က နောက်ထပ် ရတနာစာအုပ်တစ်ဝက်ကို ကြည့်ခွင့်ရပါက အလွန်ကောင်းမွန်သော အခွင့်အရေးပင် ဖြစ်ပေသည်။ မဟုတ်လျှင်လည်း သူ၏ တောင်းဆိုမှုကို ပြောင်းလဲ နိုင်ပေသေးသည်။
“ဒီမှာပဲ ကျွန်မရဲ့ သတင်းကို စောင့်နေပါ...” လို့လန်ရွှီက ပြောကာ ထိုနေရာမှ ထွက်ခွာသွားသည်။
သမီးတော် ထွက်ခွာ သွားပြီးနောက် မကြာမီ ချန်ယန်တို့အုပ်စု ရောက်ရှိလာသည်။
“ရီဖူရှင်း...” ချန်ယန်က ရင်းနှီးဖော်ရွေသော အပြုံးဖြင့် လျှောက်လာသည်။ “ငါဖိတ်ခေါ်တဲ့ လို့လန်ရှေးဟောင်း နယ်မြေခရီးမှာ မင်းက တကယ်ပဲ အများကြီး ရခဲ့တာပဲ...”
“ကျုပ် အကျိုးကျေးဇူး တချို့ရပေမဲ့ ဆုံးရှုံးမှုလည်း များတယ်...” ရီဖူရှင်းက ပြောသည်။
ချန်ယန်က လက်တစ်ဖက် ပြတ်နေသော ရီဝူချင်းကို ကြည့်ကာ ပြောသည်...” မင်းက ရှေးဟောင်းလို့လန်က အရမ်းလိုချင်နေတဲ့ ရတနာစာအုပ်ကို ရခဲ့တယ်လို့ ငါကြားတယ် ... မင်းက သမီးတော်နဲ့ အရမ်းကောင်းတဲ့ အလဲအလှယ် လုပ်ထားပြီလို့ ငါပြောရဲတယ်... ဟုတ်တယ်မလား... ငါက မင်းတို့ကို ဒီကို ခေါ်လာတဲ့အတွက် ရှေးဟောင်းနယ်မြေက ရတနာတွေကို အညီအမျှခွဲဝေယူဖို့ ပြောခဲ့တယ် ... အခု မင်းဘယ်လို ဆုံးဖြတ်မလဲ...”
ချန်ယန်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ လူတိုင်းက ရတနာစာအုပ်ကို လုယူရန် ကြိုးစားနေသော အချိန်တွင် ချန်ယန်က စစ်သည်တောင်ကုန်းကို သွားရောက်ခဲ့သည်။ သို့သော် သူ ရောက်သွားသောအခါ ထိုနေရာတွင် ရှိနေသော သိဒ္ဓိဝင်ပစ္စည်းများ အားလုံးမှာ တခြားသူများ ယူသွားပြီး ဖြစ်သည်။ တိတိကျကျပြောရလျှင် ရှေးဟောင်းနယ်မြေမှ သူ တစ်ခုမှ မရရှိခဲ့ပေ။ အခြားတစ်ဖက်တွင် ရီဖူရှင်းတို့ သုံးယောက်က သိဒ္ဓိဝင်ပစ္စည်း တစ်ယောက်တစ်ခုစီ ရရှိခဲ့သည့်အပြင် တန်ဖိုးအရှိဆုံးဟု ယူဆရသော ရတနာစာအုပ်ကိုပင်လျှင် ရရှိခဲ့ကြသည်။
“ခွဲယူမယ်...” ရီဖူရှင်းတို့ အုပ်စုက ချန်ယန်တို့ကို ကြည့်လိုက်ကြသည်။ ယူချင်း၏ မျက်လုံးများက အေးစက်သွားကာ မေးလိုက်သည်...” မင်းက ဒီလို မေးရအောင် မရှက်ဘူးလား...”
ချန်ယန်က ရှေးဟောင်းနယ်မြေ အတွင်းသို့ ဝင်ရာတွင် မည်သည့် အချက်အလက်ကိုမျှ သူတို့အား မပြောပြခဲ့ပေ။ အန္တရာယ်များနှင့် ပတ်သက်၍လည်း သတိပေးမှုများ မပြုလုပ်ခဲ့ပေ။ ချန်ယန်က သူတို့အား အသုံးချနေသည်မှာ သိသာလှသည်။ ချန်ယန်၏မျက်လုံးထဲတွင် ရီဖူရှင်းတို့က မည်သည့်အရာများကို ရရှိခဲ့ပါစေ ထိုအရာများမှာ သူပိုင်ရမည်ဟု တထစ်ချ သတ်မှတ်ထားပုံရသည်။
“စကားကို ကြည့်ပြော...” ရှီတောင်က အေးစက်စွာ ပြောသည်။ သူ၏ မျက်လုံးက ယူချင်း၏ ပုဆိန်ထံသို့ ရောက်သွားသည်။ သူက ထိုပုဆိန်အား လိုချင်နေသည်။
“မင်းက ငါတို့ ရတနာတွေအတွက် တိုက်ခိုက်နေတဲ့အချိန်မှာ တစ်ခါလောက် ကူညီဖူးလား....” ရီဖူရှင်းက သရော်ဟန်ဖြင့် ပြုံးလျက် ပြောသည်။
ချန်ယန်က ထိုစကားကို ကြားလျှင် မျက်နှာပျက် သွားသည်။ သူ၏ ဘေးမှ ကျောက်ဟန်က ဝင်ပြောသည်... “သခင်လေးချန်ကြောင့်သာ မဟုတ်ရင် မင်းတို့က ရှေးဟောင်း နယ်မြေထဲကို ဝင်ခွင့်ရမလား... အခု မင်းတို့က ရသမျှတွေကို ယူချင်နေတယ်ပေါ့ ဟုတ်လား....”
သူက ရီဝူချင်း၏ ဓားအား လိုချင်နေသည်။
ယခုကား သိဒ္ဓိဝင်ပစ္စည်းများမှ စိတ်အသိများကား ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူတို့က အသိအမှတ်ပြုခံရရန် မလိုအပ်တော့ပေ။ သူတို့က ထိုပစ္စည်းများကို လက်ထဲရလျှင် ပိုင်ဆိုင်ပြီဖြစ်သည်။
ရီဖူရှင်းက ကျောက်ဟန်ကို ကြည့်ကာ ထပ်မံ၍ ငြင်းနေစရာ မလိုအပ်တော့သည်ကို သိသည်... “ဒါမှန်တယ်...”
အကယ်၍ သူပြောသလို ရီဖူရှင်းတို့က ရသမျှ ယူမည် ဆိုလျှင်ကော သူတို့က ဘာလုပ်မည်နည်း သူသိလိုသည်။
“မင်း သေသေချာချာ စဉ်းစားပြီးပြီလား....” ချန်ယန်က ပြုံးလျက် ပြောသည်။
“သေချာတာပေါ့...” ရီဖူရှင်းက ပြန်ပြောသည်။ သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသည်။ ရီဖူရှင်းတို့က ဤခရီးစဉ်တွင် အများအပြား ရရှိခဲ့သည်ဟု ဆိုနိုင်သော်လည်း ရီဝူချင်းက သူ၏ လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသည်။ ချန်ယန်တို့က မည်သည့်မျက်နှာဖြင့် ရတနာများကို ခွဲယူရန် ပြောနိုင်ရသနည်း။
“ကျုပ်က မင်းတို့နဲ့ မျက်နှာချင်းဆိုင်က အဆောင်မှာ ရက်အနည်းငယ် နေဦးမယ်... သေချာ စဉ်းစားလိုက်ဦး... မင်းက စိတ်ပြောင်း သွားတာလည်း ဖြစ်နိုင်တာပဲ...” ချန်ယန်က ရယ်မောလျက်ပြောကာ ထွက်သွားသည်။ ကျောက်ဟန်နှင့် ရှီတောင်တို့ကလည်း မထွက်ခွာသွားမီ ဒေါသတကြီး ကြည့်ကြသည်။ ယွီလင်းလောင်ပင်လျှင် ဆွဲဆောင်မှုရှိစွာ ပြုံးလျက် ပြောသည်... “ပြင်ပလောက ရောက်သွားပြီဆိုတော့ အရာအားလုံးက ကွဲပြားသွားပြီ... ရှင်တို့က သိဒ္ဓိဝင်ပစ္စည်း ရှိတယ်ဆိုပေမဲ့ နိုဘယ်ကံစွမ်းအားမရှိဘဲ ဘယ်လို အသုံးပြုမလဲ...” သူမက တိုးတိုးလေးပြောကာ ထွက်သွားသည်။
ရှေးဟောင်းနယ်မြေ အတွင်းမှ သိဒ္ဓိဝင်ပစ္စည်းများမှာ နိုဘယ်အသိများ ခိုအောင်းနေကြရာ သူတို့၏ အကူအညီဖြင့် သိဒ္ဓိဝင်ပစ္စည်းများ၏ နိုဘယ်စွမ်းအားများကို အသက်ဝင်စေ နိုင်ပေသည်။ ထိုအချိန်တုန်းက နိုဘယ်အဆင့် သိဒ္ဓိဝင်ပစ္စည်းများ၏ စွမ်းရည်များမှာ အမြင့်ဆုံးတွင် ရှိသည်။ ယခုတွင်ကား သူတို့က ကိုယ်ပိုင်အသိများ၏ စွမ်းရည်အထိသာ ထုတ်ဖော် နိုင်တော့မည် ဖြစ်သည်။
“ယွန်ရှင်းမို...” ချန်ယန်က ထွက်သွားပြီးမှ ရုတ်တရက် နောက်လှည့်ကာ ခေါ်လိုက်သည်... “မင်းက ပြန်စဉ်းစားသင့်ပြီ...”
ထိုစကားများကို ကြားလျှင် ယွန်ရှင်းမို၏ခန္ဓာ တုန်ခါသွား၏။ ကျောက်ဟန်ကလည်း သူမကို ပြန်ကြည့်လိုက်သည်။ သူ၏ အေးစက်သော မျက်လုံးများက သူမအား ထွင်းဖောက်မတတ် ကြည့်နေသည်။
ယခုကား သူမ၏ မျက်လုံးအတွင်းမှ ဝေခွဲမရသော အခြေအနေကို လူတိုင်းက မြင်နိုင်သည်။
ရီဖူရှင်းတို့အဖွဲ့ မည်မျှ ထက်မြက်သည်ကို သူမ သိသလို ချန်ယန်တို့အုပ်စု မည်မျှ စွမ်းအား မြင့်သည်ကိုလည်း သူမသိသည်။ ရီဖူရှင်းတို့နှင့် ရှိနေခြင်းက သူမအတွက် အမှန်ပင် အကူအညီ ဖြစ်သည်။
သို့သော် ယခုကား ရီဖူရှင်းတို့နှင့် ချန်ယန်တို့၏ ပဋိပက္ခများကို သူမ မြင်နေရသည်။ ချန်ယန်ကား ချန်းမုန်ဒေသ၏ လူငယ်မျိုးဆက် ခေါင်းဆောင်ဖြစ်သည်။ ကျောက်ဟန်မူကား သူမဆရာသခင်၏ သားအရင်းဖြစ်၏။ သူမက သူတို့နှင့် ဆန့်ကျင်ဘက် ဖြစ်၍ မရပေ။
ရီဖူရှင်းနှင့် တခြားလူများက ထက်မြက်သည့်တိုင် ရှေးဟောင်းနယ်မြေ ပြင်ပတွင် သူတို့က ချန်ယန်တို့ကို ယှဉ်နိုင်မည် မဟုတ်သည်မှာ ထင်ရှားသည်။
ရီဖူရှင်းက ယွန်ရှင်းမိုအား ကြည့်လိုက်သည်။ သူက ယွန်ရှင်းမို၏ မျက်လုံးထဲမှ ဒွိဟစိတ်ကို မြင်ဟန်ရသည်...“တကယ်လို့ မင်းသွားချင်ရင် ငါသွားခွင့်ပေးတယ်...”
ယွန်ရှင်းမို၏ အကြည့်က အေးခဲသွားသည်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပြီးဟန်ဖြင့် သူမက ပြောသည် ...“ကျွန်မက သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ မရဘူး ...”
ရီဖူရှင်းက သူမအား တည်ငြိမ်စွာ ကြည့်သည်။ ယွန်ရှင်းမို၏ ပါရမီမှာ အလွန်အားကောင်းခြင်း မရှိသော်လည်း သူမကားအတော် ပြတ်သားသော မိန်းကလေးဖြစ်သည်။ ရီဖူရှင်း၏ အစေခံဖြစ်ရန် သဘောတူခဲ့ခြင်းက သက်သေပင်။ ဤတစ်ကြိမ်တွင်လည်း သူမက ပြတ်သားစွာ ဆုံးဖြတ်ခဲ့သည်။
ယူချင်းက ယွန်ရှင်းမိုအား အေးစက်စွာ ကြည့်လိုက်သည်။ ထိုစဉ်မှာပင် ရီဖူရှင်းက ယူချင်းကို ပြောလိုက်သည်... “ယူချင်း ... သူမရဲ့ ကံစွမ်းအားကို ယူထားလိုက်ပြီး သွားခွင့်ပေးလိုက် ...”
***