လောကပါလနတ်မင်းကို ဝါးမြိုခြင်း
Vol. 114 Ch. 1585
ဧရာမလက်ကြီးသည် လူနှင့်တောင်ဆီ မြောက်တက်သွား၏။
လူနှင့်တောင်က အင်မော်တယ်ကို ဖွဲ့စည်းထားလေသည်။ မန်ဟိုကမူ တန်ခိုးရှင်စွမ်းအားဖြင့် မန္တန်ခြောက်ခုအား တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သည်။ ရလဒ်အနေဖြင့် သက်ရှိသတ္တဝါတိုင်းကို တုန်လှုပ်သွားစေနိုင်သော တန်ခိုးစွမ်းအားတစ်လှိုင်း ဖြစ်ပေါ်လာသည်။ တန်ခိုးစွမ်းအားက ကြယ်တာရာကောင်းကင်တစ်ခုလုံးအား စုတ်ဖြဲပစ်နိုင်ပုံရသည့် လက်ကြီးတစ်ဖက် အသွင်ပြောင်းသွားခဲ့သည်။
ဤအရာအားလုံးက မိုးကြိုးတစ်ချက်ပစ်ချိန်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ အမှန်တွင် လောကပါလနတ်မင်း၏ကိုယ်ပွား အတုမရှိအင်မော်တယ်အသွင် ပြောင်းလဲလိုက်စဉ် ဖြစ်ပျက်သွားခဲ့သည်ကို မန်ဟိုမှလွဲ၍ မည်သူမှ သဲသဲကွဲကွဲ မမြင်ရကြပေ။
သူတို့မြင်မြင်သမျှမှာ တောင်တစ်လုံးအား ပြေးတိုက်လိုက်သော လက်ကြီးတစ်ဖက်ပင်။ ထိုအခိုက်အတန့်၌ အရာအားလုံး ကြေမွပြိုကွဲကာ ကြယ်တာရာကောင်းကင်မှာ ဖရိုဖရဲဗြောင်းဆန်သွားသည်။ ဟင်းလင်းပြင်လည်း စိစိညက်ညက် ကြေသွား၏။ အက်ကွဲသံများ ကြယ်တာရာကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်နေပြီး လက်ကြီးနှင့်တောင် ဆုံတွေ့သွားသည့် နေရာမှစ၍ အက်ကွဲကြောင်းများ ကွေ့ကောက်ဖြာထွက်လာတော့သည်။ အက်ကွဲကြောင်းများ အရပ်လေးမျက်နှာတစ်ခွင် ပျံ့နှံ့နေစဉ် နဂါးရိုင်းများကဲ့သို့ ချောက်နက်ကြီးများ ဖြစ်ပေါ်လာ၏။
အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်က မှန်တစ်ချပ်ဆိုလျှင် .... ယခုတွင် အချိန်မရွေး ကြေမွတော့မည့်အလား အစိတ်စိတ်အမြွှာမြွှာ ကွဲအက်နေချေပြီ။
ကျင့်ကြံသူအားလုံး သူတို့၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်ကို ခံစားလိုက်ကြရသည်။ သူတို့သည် တစ်ဘဝလုံးကြောက်ခဲ့ဖူးသမျှထက် ပို၍ပြင်းထန်သော ကြောက်စိတ်တို့ဖြင့် တုန်ရီစွာ နောက်ဆုတ်သွားကြ၏။
မိစ္ဆာချုပ်နှောင်ခြင်းမှော်အစွမ်း အင်မော်တယ်ကို ထိလိုက်သောအခါ ... အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာအတွင်း ဖြစ်ခဲ့ဖူးသမျှထက် အပြင်းထန်ဆုံးတိုက်ကွယ်ဖလှယ်မှု ဖြစ်လာသည်။ နားစည်များကို ပြင်းပြင်းထန်ထန် တုန်သွားစေသော ပေါက်ကွဲသံကြီး ကျယ်လောင်စွာ ဟိန်းထွက်လာသည်။ မန္တန်ခြောက်ခုမှ ဖြစ်ပေါ်လာသည့် ဧရာမလက်ကြီးသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။ သို့သော် အစအနများမပြန့်ကြဲနိုင်ခင် မန်ဟိုက လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အစအနများသည် သူ့ရှိရာသို့ လည်သွားသော လေဆင်နှာမောင်းတစ်လုံး ဖြစ်လာ၏။
ထိုလေဆင်နှာမောင်းအတွင်း၌ မန်ဟို၏ဆံပင်များသည် လူးလွန့်လှုပ်ခတ်နေပြီး တောင်နှင့်လူကို ကြည့်နေသော သူ၏မျက်လုံးများက အေးစက်စွာ တောက်ပနေသည်။
လောလောဆယ်တွင် အက်ရာများက ပင့်ကူအိမ်များသဖွယ် တောင်၏မျက်နှာပြင်တစ်လျှောက် စိုးမိုးဖြာထွက်နေသဖြင့် တောင်တစ်တောင်လုံး သွက်သွက်ခါတုန်နေသည်။ တဂျုန်းဂျုန်းမြည်သံများလည်း ပဲ့တင်ထပ်နေသည်။ ဤတောင်သည် အင်မော်တယ်တောင်တစ်လုံး ဖြစ်သည့်တိုင် မတောင့်ခံနိုင်တော့ပေ။ ၎င်းမှာ ပြိုကွဲစပြုလာပြီး ထိုအခါ လောကပါလနတ်မင်း၏ အင်မော်တယ်အသွင်မှာ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ သူက ကြိတ်ခဲမရနိုင်သောမျက်နှာထားဖြင့် ခြေရှစ်လှမ်း ဆုတ်သွားသည်။
“မန်ဟို အပြီးသတ်ပြီ ထင်မနေနဲ့” သူက စူးစူးဝါးဝါးအော်သည်။ ထို့နောက် သူ့လက်များသည် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်ရာ ပျက်စီးသွားသည့် တောင်၏အစအနများက သူ့ဆီ ရွေ့လျားလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က သူ့ကို ဝန်းရံကာ သူနှင့် ပေါင်းစည်းတော့သည်။
တောင်က လူကို စုပ်ယူနေသည်လား၊ လူက တောင်ကို စုပ်ယူနေသည်လား ပြောဖို့ ခဲယဉ်းသည်။ လူနှင့်တောင်သည် တစ်သားတည်းပေါင်းစည်းသွားပြီး တစ်ခါမှမတွေ့ဖူးသော အင်မော်တယ်ချီလှိုင်းတစ်လှိုင်းက အရပ်မျက်နှာတစ်ခွင် လွင့်ထွက်သွားသည်။ ယခု မန်ဟို့အရှေ့၌ ရပ်နေသူမှာ စောစောကနှင့် လားလားမျှမတူတော့ပေ။
သူသည် လူတစ်ယောက်ဖြစ်ပြီး လူတစ်ယောက်ပုံစံ ရှိသည်၊ သို့သော် တကယ်တော့ သူကား တောင်တစ်လုံး ဖြစ်လေသည်။
သူသည် လူတစ်ယောက်နှင့် တောင်တစ်လုံး အမှန်တကယ် ပေါင်းစည်းထားသည့် .... အတုမရှိအင်မော်တယ် ဖြစ်၏။
“ချေမှုန်းခြင်းဖိအား” သူက ဟိန်းဟောက်သည်။ ဤလူ-တောင်အသွင်က တဝေါဝေါလည်လျက် ကြောက်မက်ဖွယ်ချေမှုန်းခြင်း ဖိအားကို ထုတ်လွှတ်ရင်း မန်ဟို့ဆီ ရွေ့လျားလာသည်။ ဤတစ်ကြိမ်တွင် စွမ်းအားက ပို၍ပင်ပြင်းထန်သည်။ ဤတစ်ကြိမ်တွင် အဟုန်သည်လည်း ပိုမိုလန့်စရာကောင်း၏။
သူ လည်လျက် ချဉ်းကပ်လာနေစဉ် မန်ဟို့မျက်လုံးများက အေးစက်စက် လက်လာသည်။ မန်ဟိုသည် နှုတ်ခမ်းသပ်ပြီးနောက် လက်ဝှေ့ယမ်းလိုက်ရာ သူ့ကို ဝန်းရံနေသည့် လေဆင်နှာမောင်းက ပို၍ပင်အရှိန်မြန်လာသည်။ ထို့နောက် ၎င်းသည် သူ့အရှေ့၌ ... ဓားသွားအသွင်အဖြစ် စုဝေးလာ၏။
မန္တန်ခြောက်ခုကား .... မိစ္ဆာချုပ်နှောင်သူများ၏ အသုံးတော်ခံဓားအဖြစ် စုစည်းသွားခဲ့ချေပြီ။
အသုံးတော်ခံဓားသည် အလွန်တရာထက်၏။
၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲရှိ မှော်နှင့်နတ်လက်နက်အားလုံး တုန်ရီလာသည်။ တချို့မှော်ပစ္စည်းများဆိုလျှင် အက်ကွဲကုန်၏။ ဤဓားကား မည်သည့်လက်နက်ကိုမဆို ဒူးထောက်ခစားစေနိုင်သော လက်နက်မျိုးဖြစ်ကြောင်း ထင်ရှားပေသည်။
“သေချင်တယ်ပေါ့လေ၊ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့” မန်ဟိုက သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် ရိပ်ခနဲ လှုပ်ရှားကာ အသုံးတော်ခံဓားအား ဆုပ်ကိုင်လျက် လောကပါလနတ်မင်း၏ကိုယ်ပွားဆီ ရက်ရက်စက်စက် ခုတ်ချလိုက်တော့သည်။
ဓားချက်သည် မည်သည့်ဖြစ်တည်မှုကိုမဆို သုတ်သင်နိုင်သော ဓားချက်၊ ကြယ်တာရာကောင်းကင်ကို လှုပ်ခတ်စေနိုင်သော ဓားချက်ဖြစ်၏။ ၎င်းတွင် ကြီးမားထည်ဝါသောတန်ခိုးတို့ ပြည့်ဝနေသည်။
ရွှစ်
၎င်းသည် မန်ဟို ထုတ်လွှတ်ဖူးသမျှထဲ အင်အားအကြီးဆုံးတိုက်ကွက်တစ်ကွက် ဖြစ်၏။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံက တန်ခိုးလှိုင်းတို့ကို ဖြန့်ကျက်နေပြီး တန်ခိုးရှင်အဆင့်အပြင်အားကိုယ်နှင့်ဝိညာဉ်သည် သူ၏တာအိုအနှစ်သာရဖြင့် တစ်သားတည်းဖြစ်သွား၏။ သူက ဤတိုက်ကွက်၌ ဘိုးဘေးနယ်ပယ်တစ်ပိုင်းအဆင့်စွမ်းအားအလုံးစုံ ထည့်သွင်းထားလေသည်။
ဓားသည် ကျဆင်းသွား၏။ လောကပါလနတ်မင်း၏ကိုယ်ပွားက ဒေါသတကြီး ဟိန်းဟောက်ရင်း ရှိရှိသမျှ အားအကုန်ဖြင့် ပြန်တိုက်ခိုက်သည်။ အင်မော်တယ်ချီများ ဖြာဆင်းနေသည့်တိုင်၊ ဤဆဋ္ဌမအသွင် အင်မော်တယ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်တိုင် သူ့မှာ တန်ခိုးရှင်မန်ဟို၏ မိစ္ဆာချုပ်နှောင်ခြင်းမန္တန်ခြောက်ခုအစုအဝေးကို မခုခံနိုင်သေးပေ။
ဓားချက် ပိုင်းချလိုက်သည့်အခါ လင်းခနဲ လက်သွားပြီး မန်ဟိုနှင့် လောကပါလနတ်မင်း၏ကိုယ်ပွားသည် တစ်ယောက်ထံမှတစ်ယောက် လွင့်ထွက်သွား၏။ မန်ဟို လှည့်ကြည့်လိုက်သောအခါ သူ၏မျက်လုံးများက အေးစက်စွာ တောက်ပနေပြီး လောကပါလနတ်မင်း၏ကိုယ်ပွားမှာတော့ လုံးလုံးလျားလျား အံ့ဩထိတ်လန့်နေပုံပေါ်သည်။ သူသည် သူ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ရာ ရင်ဘတ်မှတစ်လျှောက် ဟက်တက်ကွဲနေသော ဓားရာကြီးကို တွေ့လိုက်ရသည်။ သူ ဘာမှပင်မပြောနိုင်ခင် သူ့ကိုယ်အပေါ်ပိုင်းမှ နှစ်ခြမ်းကွဲထွက်သွားလေပြီ။
တစ်ခြမ်းက အင်မော်တယ်တောင်၏အစအနများအတွင်း ပြိုကျသွားသည်။ တစ်ခြမ်းက အင်မော်တယ်၏ လူအသွင်အဖြစ် ကျန်ရစ်ခဲ့သည်။ သို့သ်ော ဤတစ်ခြမ်းမှာ အင်မတန်အားနည်းနေသည့်အပြင် ပျက်စီးခြင်းအငွေ့အသက်များကိုပင် ထုတ်လွှတ်နေသည်။ လောကပါလနတ်မင်း မန်ဟို့ကို ပြန်လှည့်ကြည့်သည့်အခါ သူ၏အမူအရာသည် ကြောက်လန့်နေသည့်အမူအရာဖြစ်ပြီး သူက နောက်ဆုတ်သွား၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ကိုယ်ပွားကား ထွက်ပြေးဖို့ ကြိုးစားနေလေသည်။
လောကပါလနတ်မင်း၏ကိုယ်ပွားမှာ ရွေးချယ်စရာမရှိတော့ပေ။ ရှိရှိသမျှ အသွင်များလည်း ထုတ်သုံးခဲ့ပြီးပြီဖြစ်သည်။ ဆဋ္ဌမအသွင်သည် ဤကိုယ်ပွား အန္တရာယ်ကင်းကင်းအသုံးပြုနိုင်သော နောက်ဆုံးအသွင်ဖြစ်၏။ သူ၏ကိုယ်အစစ်သာ ထို့ထက်အဆင့်မြင့်သော အသွင်များဖြင့် တိုက်ခိုက်နိုင်သည်။
သူ့နောက်ဆုတ်သွားသည့်အခါ အင်မော်တယ်တောင်၏ ကျောက်တုံးအစအနများလည်း သူ့နှင့်အတူ ထွက်ပြေးရန်အလား သူ့ဆီ လည်လာသည်။
မန်ဟို၏အမူအရာမှာ မပြောင်းလဲသော်လည်း အမှန်တွင် ဤတိုက်ပွဲသည် သူ့အား အတော်လေးအင်အားဆုတ်ယုတ်စေခဲ့၏။ ဤအထိတိုက်ခိုက်ခဲ့ပြီးနောက်မှ သူ့ရန်သူအား မည်ကဲ့သို့ အသာတကြည်အလွှတ်ပေးရမည်နည်း။
“မင်း ဒီကိုယ်ပွားကို ငါ့ဆီ ပို့လိုက်မှတော့ ငါလည်း ယူထားရမှာပေါ့” သူက ပြောရင်းဆိုရင်း လက်ကို ဆန့်တန်း၍ ဝှေ့ယမ်းလိုက်ရာ သူ့ထံမှ အနီရောင်အလင်းက ဖြာထွက်သွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူသည် ... သွေးမိစ္ဆာမဟာမှော်သိုင်းကို ထုတ်လွှတ်နေ၏။
တန်ခိုးရှင်တစ်ယောက်၏ သွေးမိစ္ဆာမဟာမှော်သိုင်းက မည်မျှကြောက်စရာကောင်းမည်ကို တွေးပင်မတွေးဝံ့ပေ။ သွေးမိစ္ဆာကိုယ်တိုင်ပင် တွေးနိုင်ခဲ့မည်မဟုတ်။ မန်ဟိုက ချက်ချင်း သွေးပင်လယ်တစ်စင်းအသွင်ပြောင်းကာ လောကပါလနတ်မင်း၏ကိုယ်ပွားနောက် တဟုန်ထိုးလိုက်သွားတော့သည်။
သွေးပင်လယ်က ပထမဆုံး အင်မော်တယ်တောင်၏အစအနများအား ဖုံးလွှမ်းလိုက်သည်။
ချက်ချင်းပင် အင်မော်တယ်တောင်၏ အစအနများ စုပ်ယူခံရတော့သည်။ မန်ဟိုက... ၎င်းတို့ကို စားပစ်လိုက်လေသည်။
ဤအင်မော်တယ်တောင်၏အစအနများသည် အင်မော်တယ်၏တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သလို၊ လောကပါလနတ်မင်းကိုယ်ပွား၏ တစ်စိတ်တစ်ပိုင်းဟုလည်း ဆိုနိုင်သည်။
၎င်းတို့သည် သူ၏အဆီအနှစ်ဆိုလည်း မမှားပေ။ ယခုမူ မန်ဟို၏သွေးမိစ္ဆာမဟာမှော်သိုင်းက ၎င်းတို့ကို စုပ်ယူနေသည်။ ရလဒ်အနေဖြင့် မန်ဟို၏ကျင့်ကြံခြင်းအခြေခံကား ကြောက်ခမန်းလိလိ မြင့်တက်စပြုလာတော့သည်။