← Chapters

အရာအားလုံးသည် ဂိုဏ်းတိုးတက်ရန် ဖြစ်သည်

Vol. 7 Ch. 97

အရာအားလုံးသည် ဂိုဏ်းတိုးတက်ရန် ဖြစ်သည်

Vol. 7 Ch. 97

“ဝင်လာခဲ့”

သူ ရွက်ဖျင်တဲအပြင်ဘက်ကို ရောက်သည်နှင့် တပြိုင်နက် ဓားစံအိမ်အကြီးအကဲ၏အသံကို ကြားရသည်။

ဟန်မူယဲ့ ရွက်ဖျင်တဲထဲကို ဝင်သွားလျှင် ဓားစံအိမ်အကြီးအကဲသည် စားပွဲခုံရှေ့တွင် ထိုင်ကာ စုတ်တံတစ်ချောင်းအား ကိုင်လျက်သား တွေ့ရ၏။

“မင်း မော့ယွမ်နဲ့ တွေ့ပြီးပြီလား”

“သူ အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ထွက်သွားချင်နေပြီမလား”

ဓားစံအိမ်အကြီးအကဲသည် စုတ်တံကို ချကာ ဟန်မူယဲ့အား ကြည့်သည်။

ဟန်မူယဲ့ ခေါင်းညိတ်သည်။

“ဒီနေ့ ငါ့ရဲ့ဓားချက်ဟာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အကောင်းဆုံးနီးပါးပဲ။ သူက အဲဒါကို သာလွန်ချင်ရင် အနောက်ဘက်နယ်စပ်ကုန်းမြေက ထွက်သွားမှ ဖြစ်မယ်”

ဓားစံအိမ်အကြီးအကဲသည် ရယ်မောလိုက်ပြီးမှ အသက်ပြင်းချကာ ပြောသည်။

“ဒီရက်ပိုင်းမှာ ငါ သူနဲ့ စကားပြောဖြစ်တယ်။ သူ့ရဲ့ ‘ဓား ၁၀,၀၀ တို့အိမ်အပြန်’ ဟာ တကယ်ပဲ ထူးခြားဆန်းကြယ်လှတယ်”

“အဲဒီဓားသိုင်းကို နှစ်တစ်ရာလေ့ကျင်ပြီးနောက် ကောင်းကင်ဘုံအဆင့်ကို သတ်ဖြတ်နိုင်တယ်ဆိုတာ အပိုပြောတာ မဟုတ်ဘူး”

ဓားတာအို၌ မော့ယွမ်၏ပါရမီမှာ ကြောက်စရာ ကောင်းလှသည်။ သာမန်ဓားသိုင်းများ၏အနှစ်သာရများကို စုစည်းကာ ‘ဓား ၁၀,၀၀၀ တို့အိမ်အပြန်’ အဖြစ် တီထွင်ပြီးနောက် သူသည် ကမ္ဘာမြေအဆင့်ပညာရှင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။

၎င်းသည် အဆင့်နိမ့်ဓားကျင့်ကြံသူများအတွက် လမ်းသစ်ဖောက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုလမ်းစဉ်မှာ ဆူးငြောင့်ခလုတ်များဖြင့် ပြည့်နေသည်ဆိုလျှင်ပင် ကျင့်ကြံသူများကို ရှေ့ဆောင်လမ်းပြနိုင်ပေသေးသည်။

များစွာသော အဆင့်နိမ့်ကျင့်ကြံသူများမှာ ဘဝတစ်သက်တာလုံး လမ်းစဉ်ကင်းမဲ့နေခဲ့ကြသည်။

“ကောင်လေး… မင်း ရောက်လာမယ်လို့ ငါ မထင်ထားဘူး”

ဓားစံအိမ်အကြီးအကဲက ဟန်မူယဲ့အား ပြုံးလျက် ပြောသည်။

“ကျွန်တော်ဟာ ဓားစံအိမ်က ဓားထိန်းပဲ။ တစ်လောကလုံးက အကြီးအကဲကို သတင်တောင်ကုန်းမှာ သေစေချင်တယ်ဆိုရင်တောင်မှ ကျွန်တော် ရောက်လာသင့်တာပဲမလား”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

ဓားစံအိမ်အကြီးအကဲ၏အမူအရာက အနည်းငယ် မဲ့သွားသည်။ ထို့နောက် သူက သက်ပြင်းချကာ ပြောသည်။

“မင်းက ကျင့်ကြံတာ အချိန်တိုတောင်းလွန်းသေးတယ်”

သူသည် ကျင့်ကြံသည်မှာ သိပ်မကြာသေးသောကြောင့် စိတ်နှလုံးမှာ လုံလောက်အောင် မခိုင်မာသေးပေ။

ဟန်မူယဲ့သည် သူ့ကျင့်ကြံဆင့်မြင့်လာသောအခါ သူနှင့်မသက်ဆိုင်သူများ၏အသက်ကို ပုရွက်ဆိတ်များကဲ့သို့ သဘောထားနိုင်မည်လား မသိသေးပါ။

“ငါ ချန်ထားခဲ့တဲ့စာကို တွေ့ခဲ့ရဲ့လား”

ဓားစံအိမ်အကြီးအကဲက ဟန်မူယဲ့အား မေးသည်။

သူ၏အကြည့်က ဟန်မူယဲ့ခေါင်းထက်တွင် စိုက်ထားသော ကြေးနီဓားငယ်ထံသို့ ရောက်လာ၏။

သူသည် ကျောက်စိမ်းပြားကို တွေ့ခဲ့ကာ ဝိညာဉ်လိပ်ပြာဓားကို ကျင့်ကြံခဲ့သည်။

သို့သော်လည်း သူ မည်သို့ ဝိညာဉ်လိပ်ပြာဓားကို ကျင့်ကြံအောင်မြင်ခဲ့ကြောင်း ဓားစံအိမ်အကြီးအကဲ သိလိုသည်။

နှစ် ၆၀ ကျင့်ကြံမှ အောင်မြင်နိုင်သော နည်းစနစ်အား ဟန်မူယဲ့က မည်သို့ ရက်အနည်းငယ်ဖြင့် အောင်မြင်နိုင်သနည်း။

“အကြီးအကဲ… ကျွန်တော် ကျောက်စိမ်းပြားကို ဖတ်ပြီးပါပြီ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။ ထို့နောက် သူ့ခေါင်းပေါ်တွင် သလင်းကျောက်အလား ကြည်လင်တောက်ပနေသော ဝိညာဉ်လိပ်ပြာဓားငယ်လေး ထွက်ပေါ်လာ၏။

ထိုဓားငယ်ထဲတွင် မြေခွေးဖြူပုံရိပ်သေးသေးလေးကိုလည်း တွေ့နိုင်၏။

ဓားစံအိမ်အကြီးအကဲသည် ထိုဓားငယ်ကို တွေ့သည်နှင့် သူ့ အမူအရာ ပြောင်းလဲသွားသည်။

“ကောင်းကင်ဘုံအဆင့်ဝိညာဉ်”

ဟန်မူယဲ့ ခေါင်းညိတ်ကာ ဓားစံအိမ်၌ ဖြစ်ပျက်ခဲ့သည်များအား ရှင်းပြသည်။

ကောင်းမိသားစုခေါင်းဆောင် တိုက်ခိုက်ခံရသည်။

အံ့ဖွယ်ကိုးပါးတောင်ကုန်း၏တားမြစ်နယ်မြေသည် အသေခံစစ်သည်များ၏တိုက်ခိုက်ခြင်းကို ခံရ၏။

ကမ္ဘာမြေအဆင့်ပညာရှင် ၂ဦး ဓားစံအိမ်သို့ ရောက်လာသည်။

ဓားစံအိမ်အောက်တွင် ဖိနှိပ်ထားသော မိစ္ဆာ ထွက်ပေါ်လာခဲ့ကာ ဟန်မူယဲ့အား ဝင်ပူးကြောင်း သိလိုက်ရလျှင် ဓားစံအိမ်အကြီးအကဲ၏အမူအရာမှာ ထူးဆန်းနေတော့သည်။

ဟန်မူယဲ့ အားလုံးကို ပြောပြပြီးသောအခါ ဓားစံအိမ်အကြီးအကဲက အတန်ကြာ တွေးတောပြီးနောက် ပြောသည်။

“ကောင်လေး… တချို့အရာတွေက ကောင်းကင်ရဲ့အလိုဆန္ဒလို့ပဲ ပြောရမယ်”

‘ကောင်းကင်အလိုဆန္ဒ’

သူ ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ ဓားစံအိမ်အကြီးအကဲက မသက်မသာပြုံးသည်။

“အရင်တုန်းက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဟာ အံ့ဖွယ်ကိုးပါးဓားကို သုံးပြီးတော့ မိစ္ဆာကို နှစ် ၁၀,၀၀၀ ဖိနှိပ်ထားခဲ့တယ်။ အခု နှစ်ပေါင်း ၉၉၀၀ ကြာသွားခဲ့ပြီ”

အံ့ဖွယ်ကိုးပါးဓားသည် မိစ္ဆာအား နှစ် ၁၀,၀၀၀ အထိ ဖိနှိပ်သည်။

နှစ် ၁၀,၀၀၀ မှာ ပြည့်တော့မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်ပါက မိစ္ဆာမှာ သေမည်လား၊ ပြန်လည်ထွက်ပေါ်လာမည်လား။

မိစ္ဆာကို ဖိနှိပ်ထားသော အံ့ဖွယ်ကိုးပါးဓားမှာ ယူဆောင်သွားခြင်း ခံရမည်လော၊ ဂိုဏ်းတွင် ဆက်ရှိနေမည်လော။

ထိုအချိန်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဂိုဏ်းအသီးသီးတို့သည် အံ့ဖွယ်ကိုးပါးဓားကို လာရောက်လုယက်ရန်မှာလည်း သေချာသလောက် ရှိသည်။

များစွာသော မသေချာမှုများ ရှိနေ၏။

သာမန်လူများအတွက် ထိုမသေချာမှုများသည် အံ့တုနိုင်ရန် ခက်ခဲ၏။ သူတို့က ဖြစ်လာသမျှကိုသာ လက်ခံရန် ရှိသည်။

သို့သော်၊ သိန်းသန်းချီသော တပည့်များ၏အသက်ကို ထိန်းချုပ်ထားသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ် ကျင်းကျီအတွက်ကား မစောင့်နိုင်တော့ပါ။

အခွင့်အရေး အနည်းငယ် ရှိလျှင်ပင် သူသည် အတတ်နိုင်ဆုံး ကြံစည်တွေးတောကာ တိုက်ခိုက်တုံ့ပြန်ရမည်။

ဟန်မူယဲ့သည် ပိုင်စုကျန်း၏စကားများကို ပြန်အမှတ်ရလာသည်။

အံ့ဖွယ်ကိုးပါးဓားအတွက် ဂိုဏ်းချုပ်သည် ဂိုဏ်း၏တပည့်အများစုကို စတေးပစ်ရန် ဝန်မလေးချေ။

ထို့ကြောင့် ဂိုဏ်းချုပ်သည် အခြေအနေကို အသာစီးယူကာ ကျင့်ရှန်းဓားဂိုဏ်းမှ လူများအား မြူဆွယ်လျက် မိစ္ဆာကို လွတ်မြောက်စေသည်လား။

အကယ်၍ ထိုက်ရီဓားဂိုဏ်းမှ မဟာအကြီးအကဲသည် ကီလိုမီတာတစ်ထောင်ပတ်လည်၌ ရှိနေပါက မိစ္ဆာပေါ်လာပါလျှင် သူ့အား စောင့်မျှော်နေသည့်အရာကား သေခြင်းတရား ဖြစ်ပေလိမ့်မည်။

သို့သော်လည်း အနောက်ဘက် နယ်စပ်ကုန်းမြေ၏ နံပါတ် ၁ ဓားသမားကို ခေါ်ယူရန် ပေးရမည့်တန်ဖိုးမှာလည်း မသေးပေ။

ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ဦးအတွက် သူ မျက်စိကျနိုင်သော တစ်ခုတည်းသောအရာမှာ အံ့ဖွယ်ကိုးပါးဓား ဖြစ်ပေလိမ့်မည်။

သို့သော်၊ ဓားစံအိမ်၏သာမန်ဓားတစ်ဦးဖြစ်သော ဟန်မူယဲ့သည် ဓားစံအိမ်သို့ ကျူးကျော်လာသူ ကမ္ဘာမြေအဆင့်ပညာရှင် ၂ဦးအား တားဆီးနိုင်မည်ဟု မည်သူက ထင်ထားမည်နည်း။

မရေမတွက်နိုင်သော လူများ၏လှည့်ကွက်သည် မိစ္ဆာ၏ဝိညာဉ်ကို အသက်ဝင်လာစေခဲ့ကာ အဆုံးသတ်၌ ဟန်မူယဲ့သည် ဝိညာဉ်လိပ်ပြာဓားအား စုစည်းသွားနိုင်စေ၏။

နောက်ဆုံးတွင် မိစ္ဆာမှာလည်း မွေးဖွားလာခြင်းမရှိသလို ထိုဓားမှာလည်း ဓားစံအိမ်တွင် ဆက်လက်ရှိနေသေးပေသည်။

ဟန်မူယဲ့မှာ ရယ်ရမလို၊ ငိုရမလို ဖြစ်နေသည်။

ဂိုဏ်းချုပ်၏အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့သူမှာ မိမိကိုယ်တိုင် ဖြစ်နေသည်။

တခြားတစ်ဖက်တွင် ထိုကိစ္စသာ အောင်မြင်သွားပါက မိစ္ဆာထွက်ပေါ်လာသောအခါ ပထမဆုံး သေမည့်သူမှာ ဟန်မူယဲ့ ဖြစ်သည်။

ခေါင်းယမ်းကာ သူက ဓားစံအိမ်အကြီးအကဲကို ကြည့်လျက် ပြောသည်။

“အကြီးအကဲ… မီးလောင်ပြင်ဓားသိုင်းက ဘာလို့ သုံးခွင့်မရှိတာလဲ”

မီးလောင်ပြင်ဓားသိုင်း။

ဓားစံအိမ်အကြီးအကဲက မျက်မှောင်ကျုံ့ကာ သူ၏ရှေ့မှ စားပွဲခုံထံသို့ အာရုံလွှဲလိုက်သည်။

“အဲဒီနည်းစနစ်က ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအပိုင်မဟုတ်လို့ပဲ။ ဓားဆန္ဒတစ်ဝက်ဟာ ဖုန်းလင်ဓားဂိုဏ်းဆီကပဲ”

ဖုန်းလင်ဓားဂိုဏ်းသည် ဓားဂိုဏ်းကြီးလေးဂိုဏ်းတွင် ဒုတိယအဆင့်၌ ရှိသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား မီးလောင်ပြင်ဓားသိုင်းသုံးခြင်းမှ တားမြစ်ထားသူမှာ ဖုန်းလင်ဓားဂိုဏ်း ပေလော။

သို့ဆိုလျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဓားဆန္ဒတစ်ဝက်သည် အဘယ်ကြောင့် တခြားဂိုဏ်းအပိုင် ဖြစ်ရသနည်း။

ဟန်မူယဲ့က မည်သည့်စကားမှ မဆိုဘဲ ဓားစံအိမ်အကြီးအကဲကို ကြည့်သည်။

အတန်ကြာမှ ဓားစံအိမ်အကြီးအကဲက အသာအယာပြောသည်။

“လွန်ခဲ့တဲ့ နှစ် ၁၀,၀၀၀ က အနောက်ဘက်နယ်စပ်ကုန်းမြေမှာ မိစ္ဆာကို ဖိနှိပ်ထားတဲ့ အံ့ဖွယ်ကိုးပါးတောင်ကုန်းပဲ ရှိဖူးတယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဆိုတာ မရှိဘူး”

“လွန်ခဲ့တဲ့ နှစ် ၁၀၀၀ ကမှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ သာမန်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာတယ်။ သူတို့က မိစ္ဆာကို ဖိနှိပ်ထားသော ဓားစံအိမ်ကို အမှီပြုပြီး ရပ်တည်လာခဲ့ကြတယ်”

ဓားစံအိမ်အကြီးအကဲ၏အသံတွင် ဆွေးမြေ့သံများ ပါနေသည်။

“ပြီးခဲ့တဲ့ နှစ်တစ်ထောင်အတွင်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဘိုးဘေးတွေဟာ တာအိုဂိုဏ်းတွေ၊ ဓားဂိုဏ်းတွေနဲ့ မိစ္ဆာဂိုဏ်းတွေအကြား လှည့်ကွက်မျိုးစုံသုံးပြီးတော့ အင်အားစုစည်းကြတယ်”

“ဒီ စတေးမှုတွေဟာ အပြင်လူတွေ မခန့်မှန်းနိုင်တဲ့အတိုင်းအတာရှိတယ်”

ကျင့်ကြံခြင်းလောကသည် လူအများထင်ထားသလို တရားမျှတခြင်းမရှိပါ။

ကျင့်ကြံသူအများစုသည် လောဘကြီးကြသည်။

ဂိုဏ်းများအကြား ပြောင်ပြောင်တင်းတင်း ကျူးကျော်တိုက်ခိုက်မှုများပင် ရှိနေသည်။

ကျင့်ကြံခြင်းသည်ပင် သူတို့အနေဖြင့် ကောင်းကင်အလိုနှင့် ဆန့်ကျင်ကာ တခြားလူများနှင့် ယှဉ်ပြိုင်ရ၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အင်အားကြီးမားလာခြင်းမှာ တိုက်ဆိုင်မှုများ မဟုတ်ပေ။ လှည့်ကွက်အများအပြားနှင့် မရေမတွက်နိုင်သော သတ်ဖြတ်မှုများ ရှိနေသည်။

ကျင့်ကြံခြင်းပညာရပ်ဖြစ်စေ၊ အရင်းအမြစ်များဖြစ်စေ အရာအားလုံးမှာ တရားမျှတသောနည်းလမ်းများဖြင့် ရရန် မလွယ်ကူပါ။

ဥပမာအားဖြင့် အံ့ဖွယ်နံပါတ် ၅ ပညာရပ် မီးလောင်ပြင်ဓားသိုင်း။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အကြီးအကဲတောက်ရင်သည် မိမိကိုယ်ကို တောက်ယွီဟယ်ဟု နာမည်ပေးသည်။ သူသည် ဖုန်းလင်ဓားဂိုဏ်း၌ ဆယ်စုနှစ်တချို့ ကျင့်ကြံကာ လေဓာတ်အထူးပြုဓားသိုင်းတစ်မျိုးကို အောင်မြင်သွားပြီး လေဓာတ်နှင့်မီးဓာတ်ကို ကျွမ်းကျင်လာခဲ့၏။

နှစ် ၃၀၀ အကြာက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် မျိုးဆက်ငါးခုကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ကောင်းကင်ဘုံတစ်ဝက် ပညာရှင်တချို့နှင့် ဓားစံအိမ်အကြီးအကဲသုံးဦး၏စွမ်းရည်တို့ဖြင့် ပေါင်းစပ်ပါက ဂိုဏ်း၏အင်အားမှာ အမြင့်ဆုံးအနေအထားသို့ ရောက်လာ၏။

ထိုသို့အင်အားဖြင့် ဆက်လက်ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပါ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အင်အားသည် တဖြေးဖြေး ထင်ပေါ်လာခဲ့ကာ အနောက်ဘက်နယ်စပ်ကုန်းမြေအား ထိတ်လန့်စေခဲ့သည်။

ထို့နောက်တွင် ဂိုဏ်းကြီးကိုးဂိုဏ်းထဲမှ လစန္ဒဂိုဏ်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အနိုင်ယူခြင်းကို ခံရကာ ဂိုဏ်းကြီးကိုးဂိုဏ်းထဲမှ ဖယ်ထုတ်ခံရ၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အအောင်မြင်ဆုံး အချိန်အခါ ဖြစ်သည်။

“ကျင့်ကြံခြင်းလောကမှာ မင်း ရှေ့ကို မရောက်ရင် အမြဲနောက်မှာ ကျန်ရစ်မှာပဲ။ မင်း အထက်ကို တက်လာရင်လည်း ယှဉ်ပြိုင်မှုဆိုတာ မလွဲမသွေ ဖြစ်လာလိမ့်မယ်”

“မင်း ကောင်းကင်ဘုံအဆင့်ကို မရောက်ရင် မင်းဟာ နယ်ရုပ်သာသာပဲ”

“ဒါက နှစ် ၂၀၀ လောက်အထိ ဖြစ်ပျက်နေခဲ့တာ။ တစ်ရက် ဂိုဏ်းတစ်ဂိုဏ်းက ငါတို့ကို ရန်စမယ်။ နောက်တစ်ရက် ငါတို့က နောက်တစ်ဂိုဏ်းနဲ့ ပဋိပက္ခဖြစ်မယ်။ သူတို့အားလုံးဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အင်အားကြီးဂိုဏ်းတွေပဲ”

ဓားစံအိမ်အကြီးအကဲ၏မျက်နှာတွင် နာကျင်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။

“နှစ် ၂၀၀ ကြာတဲ့ ဒီပဋိပက္ခမှာ ဓားစံအိမ်အကြီးအကဲ သုံးယောက် သေသွားခဲ့တယ်။ ဓားစံအိမ်ရဲ့ အမွေအနှစ်ဟာလည်း ချို့ယွင်းသွားပြီးတော့ မျိုးဆက်ငါးခုဟာ မပြည့်စုံတော့ဘူး”

“ဂိုဏ်းပျက်စီးနိုင်တဲ့အထိ မဖြစ်လာခဲ့ရင် ငါလည်း ဓားစံအိမ်သို့ ဝင်ဖြစ်မှာ မဟုတ်ဘူး”

ဟန်မူယဲ့က ဓားစံအိမ်အကြီးအကဲအား ကြည့်သည်။

စတေးခြင်း။

ဓားစံအိမ်အကြီးအကဲ၏စကားများအရ သူသည် မရေမတွက်နိုင်သော လူများ စတေးခဲ့ခြင်းကို မြင်တွေ့ခဲ့ရသည်။

အရာအားလုံးသည် ဂိုဏ်းအတွက် ဖြစ်သည်။

ဓားစံအိမ်အကြီးအကဲသည် ဂိုဏ်းချုပ်၏အကြံအစည်ကို မည်သို့ မသိဘဲ နေမည်နည်း။

မဖြစ်နိုင်ပေ။

ဟန်မူယဲ့ ခေါင်းယမ်းသည်။

ဓားစံအိမ်အကြီးအကဲ၏ဉာဏ်ပညာဖြင့် ဆိုပါက သူသည် သေချာပေါက် ထိုးထွင်းသိမြင်၏။

သို့တိုင်အောင် သူသည် သမင်တောင်ကုန်းသို့ ရောက်လာခဲ့သည်။

နှစ်တစ်ထောင်ခန့် လှည့်ကွက်များအားလုံးမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် ဖြစ်သည်။

“တကယ်တော့ ဂိုဏ်းချုပ်ဟာ ကောင်းကင်ဘုံအဆင့်တစ်ဝက်သို့ ရောက်နေပြီ”

ဓားစံအိမ်အကြီးအကဲက တည်ငြိမ်စွာ ပြောသည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းချုပ် ကျင်းကျီသည် အမြုတေဖွဲ့စည်းခြင်း အမြင့်ဆုံးအဆင့်၊ ကောင်းကင်ဘုံတစ်ဝက် ပညာရှင် ဖြစ်သည်။

ဆိုလိုသည်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကောင်းကင်ဘုံတစ်ဝက်အဆင့် လေးယောက်ရှိသည်။

ဂိုဏ်းချုပ်ကျင်းကျီကား အတော်လေး လျှို့ဝှက်လွန်းသည်။

“ဒါပေမဲ့ ဂိုဏ်းချုပ်က သူ့ကျင့်ကြံဆင့်ကို ထုတ်ပြတော့ရော… ဘာဖြစ်မှာမလို့လဲ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အင်အားက လွန်ခဲ့တဲ့ နှစ် ၃၀၀ ကို ယှဉ်နိုင်မှာလား”

‘မယှဉ်နိုင်ပါ’

ဟန်မူယဲ့ ခေါင်းယမ်းသည်။

All Chapters