ပုရွက်ဆိတ်ကဲ့သို့ တပည့်များ
Vol. 7 Ch. 98
“အကြီးအကဲ… ကျုပ်တို့ဂိုဏ်းရဲ့အင်အားက နှစ်သုံးရာတုန်းက အင်အားလောက် မရှိတော့ဘူးဆိုရင်တောင် မျိုးဆက်ငါးခုစုစည်းပြီးတော့ အကြီးအကဲရဲ့ ‘အသက်ရှုကြိမ်တစ်ရာ’အဆင့်နဲ့ပေါင်းစပ်အင်အားက ဖုန်းလင်ဂိုဏ်းနဲ့ မယှဉ်နိုင်သေးဘူးပေါ့”
ဟန်မူယဲ့က မေးသည်။
ကျင်းကျီက အဘယ်ကြောင့် ထိုမျှ ကောင်းသောဓားတစ်လက်ကို ချိုးဖျက်ရမည်နည်း။
ဟန်မူယဲ့၏စကားကို ကြားလျှင် ဓားစံအိမ်အကြီးအကဲက ခေါင်းယမ်းသည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဘယ်ဂိုဏ်း အင်အားအကြီးဆုံးလဲ”
မည်သည့်ဂိုဏ်း အင်အားအကြီးဆုံးနည်း။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အောက်ဆုံးအဆင့်၌ ရှိသည်။ ထိပ်ဆုံးဂိုဏ်းသုံးဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့် တစ်ယောက်စီရှိကာ ကောင်းကင်ဘုံတစ်ဝက်အဆင့် အများအပြား ရှိကြ၏။
ဂိုဏ်းကြီးကိုးဂိုဏ်း၏နံပါတ် ၃ အဆင့်ရှိသော ထိုက်ရီဓားဂိုဏ်းမှ အကြီးအကဲချုပ် ထူစွန်းရှစ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နံပါတ် ၁ ဓားသမားဖြစ်သည်။
ရှန့်ယန်မိစ္ဆာဂိုဏ်းသည် ဒုတိယအင်အားအကြီးဆုံး ဖြစ်သည်။ ဂိုဏ်းချုပ်ကား မိစ္ဆာလမ်းစဉ်ကို ဦးဆောင်သော လီမူပိုင် ဖြစ်သည်။ သူသည်လည်း ကောင်းကင်ဘုံအဆင့်ပညာရှင် ဖြစ်သည်။
ထိုဂိုဏ်းနှစ်ခုမှာ အလွန်အင်အားကြီးမားသော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပါတ် ၁ ဂိုဏ်းဖြစ်သော လင်တောက်ဂိုဏ်းကို မယှဉ်နိုင်ပါ။
လင်တောက်ဂိုဏ်းချုပ် မျက်နှာတစ်ထောင်သူတော်စင်ဟာ ကောင်းကင်ဘုံအဆင့်ဖြစ်တဲ့ ဝိညာဉ်သူငယ် တတိယအဆင့်ကို ရောက်နေပြီ။
လင်တောက်ဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ တာအိုဂိုဏ်းများ၏ခေါင်းဆောင်လည်း ဖြစ်သည်။ မှော်မန္တန်ကို ကျင့်ကြံသောသူများအားလုံးမှာ လင်တောက်ဂိုဏ်းကို သူတို့၏သန့်စင်နယ်မြေအဖြစ် သတ်မှတ်ကြ၏။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဂိုဏ်းကြီးများ၏အဆင့်မှာ အဆက်မပြတ် ပြောင်းလဲနေခဲ့သော်လည်း ထိပ်သီးဂိုဏ်းသုံးဂိုဏ်း၏နေရာမှာ နှစ်တစ်ထောင်ကြာသည့်တိုင် မပြောင်းလဲခဲ့ပါ။
တာအိုဂိုဏ်း၊ မိစ္ဆာဂိုဏ်းနှင့် ဓားဂိုဏ်းတို့မှာ အင်အားချင်း မျှတနေခဲ့သည်။
မီးလောင်ပြင်ဓားဂိုဏ်းသည် လင်တောက်ဂိုဏ်းနှင့် ဆက်စပ်နေသည်များလား။
ဟန်မူယဲ့ စိတ်ထဲ စိုးရိမ်စိတ်များ ဝင်လာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် လင်တောက်ဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းကို မယှဉ်နိုင်ပါ။
“အကြီးအကဲ… မီးလောင်ပြင်ဓားသိုင်းဟာ လင်တောက်ဂိုဏ်းနဲ့ ဆက်စပ်နေတာများလား”
ဟန်မူယဲ့က သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
အမှန်တကယ်သာ ထိုဂိုဏ်းနှင့် ဆက်စပ်နေပါက အကြီးအကဲစုယွမ်က သူ့လုပ်ရပ်အတွက် သူကိုယ်တိုင် တာဝန်ယူလိုခြင်းမှာ မထူးဆန်းတော့ချေ။
အကြီးအကဲတောက်ရင် အဘယ်ကြောင့် ဂိုဏ်းကို သစ္စာဖောက်ရသည့် အကြောင်းအရင်းလည်း ဖြစ်ပေလိမ့်မည်။
အကြီးအကဲတောက်ရင်သည် ဂိုဏ်းကို ထိခိုက်မည်စိုးသောကြောင့် မတတ်သာဘဲ သစ္စာဖောက်ခဲ့ရသည်။
ဓားစံအိမ်အကြီးအကဲက ခေါင်းယမ်းကာ ပြောသည်။
“တကယ်လို့ လင်တောက်ဂိုဏ်းနဲ့သာ ပတ်သက်နေမယ်ဆိုရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အခုထိ ရှိနေဦးမှာ မဟုတ်ဘူး”
“ဒါပေမဲ့ လင်တောက်ဂိုဏ်းချုပ်ဟာ ဖုန်းလင်ဂိုဏ်းရဲ့ မဟာမိတ်ဖြစ်တယ်။ ဖုန်းလင်ဂိုဏ်းဟာ သူတို့ရဲ့ မန္တန်နဲ့ ဓားသိုင်းတွေမှာ နာမည်ကြီးတယ်”
“အကြီးအကဲတောက်ရင်ဟာ အဲဒီတုန်းက မီးလောင်ပြင်ဓားသိုင်းရဲ့ ဓားမာန်ဟုန်ကို လေ့ကျင့်ခဲ့တယ်။ ဒါပေမဲ့ ဖုန်းလင်ဂိုဏ်းက လင်လောက်ဂိုဏ်းကို တာအိုအမိန့်တော် ထုတ်ပြန်စေပြီးတော့ သူ့ကို မီးလောင်ပြင်ဓားသိုင်း တစ်သက်လုံး မသုံးဖို့ တားမြစ်ခဲ့တယ်”
“အကြီးအကဲတောက်ရင်ဟာ ဖုန်းလင်ဂိုဏ်းက ပညာရှင်သုံးယောက်နဲ့ တိုက်ခိုက်ခဲ့ပေမဲ့ မီးလောင်ပြင်ဓားသိုင်းကို မသုံးရဲဘူး။ ဂိုဏ်းချုပ်က သူ့ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထုတ်ပယ်ကြောင်း ထုတ်ပြန်တော့မှ ဖုန်းလင်ဂိုဏ်းက ပညာရှင်တွေ ရပ်တန့်ခဲ့တယ်”
ဓားစံအိမ်အကြီးအကဲက သက်ပြင်းချကာ ဓားကျိုးတစ်လက်အား ဟန်မူယဲ့ကို ပေးသည်။
၎င်းသည် ကြေးနီရောင်ဓားဖြစ်သည်။ ဓားသည် ကျိုးနေကာ တစ်ပေခန့်ဓားကိုယ်ထည်သာ ကျန်တော့သည်။
သည်ဓားမှာ ကျင့်ရှန်းဓားဂိုဏ်းမှ အကြီးအကဲချုပ် မူထျဲယန်၏ဓားဖြစ်သည်။
ဓားမှာ ဓားစံအိမ်အကြီးအကဲကြောင့် ကျိုးပျက်ခဲ့၏။
“မူထျဲယန်က ဘာလို့ ဒီနေရာကို ပိတ်ဆို့ထားတယ် ထင်လဲ”
“သူက ဖုန်းလင်ဂိုဏ်း ရောက်လာမှာကို စောင့်နေတာ”
“ငါ သူ့ကို သတ်ခဲ့ပေမဲ့ ကျင့်ရှန်းဓားဂိုဏ်းက လူတွေကို အလွတ်ပေးခဲ့တယ်။ အဆုံးသတ်မှာ ငါက ဖုန်းလင်ဂိုဏ်းနဲ့ မတိုက်ခိုက်ချင်ဘူးလေ”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ဖုန်းလင်ဂိုဏ်းနှင့် အပြိုင်အဆိုင်ဖြစ်သည်။
အားလုံး၏နောက်ကွယ်တွင်ကား လင်တောက်ဂိုဏ်းကြီး ရှိနေသည်။
လှည့်ကွက်များအားလုံးမှာ ထိုဂိုဏ်းကြီးပတ်ပတ်လည်၌ ဖြစ်ပျက်ရ၏။
ဂိုဏ်းချုပ်ကျင်းကျီသည် လင်တောက်ဂိုဏ်းနှင့် တိုက်ခိုက်မည့်အစား သူ၏ဓားကိုသာ အကျိုးခံလိုသည်။
“ဒါဆို အကြီးအကဲစုယွမ်က ဘာလို့ မီးလောင်ပြင်ဓားသိုင်းကို သုံးခဲ့တာလဲ”
ထိုမေးခွန်းသည် ဟန်မူယဲ့ အသိချင်ဆုံးသော မေးခွန်းဖြစ်သည်။
ဟန်မူယဲ့၏မေးခွန်းကို ကြားလျှင် ဓားစံအိမ်အကြီးအကဲက ရုတ်တရက် ပြောသည်။
“ကောင်လေး… မင်းက အရမ်းကြီး အတွေးများနေတယ် မထင်ဘူးလား”
“မင်းက ဓားထိန်းလေးတစ်ယောက်ပဲ။ ငါ့ ဝိညာဉ်လိပ်ပြာဓားဟာလည်း ပျက်စီးသွားပြီ”
“ဂိုဏ်းကိစ္စတွေ ငါတို့နဲ့ ဘယ်လောက်သက်ဆိုင်သေးသလဲ”
“ငါတို့က ဓားစံအိမ်ကို ပြန်ပြီးတော့ အေးဆေးစားသောက်နေထိုင်လို့ မရဘူးလား”
“ဟွမ်ကျန်းရှုံး ဉာဏ်အကောင်းဆုံးပဲ။ မိန်းမယူပြီး ကလေးမွေးနေတာ ပိုမကောင်းဘူးလား။ အင်မော်တယ်လမ်းစဉ်ကို ဘာလို့ ရှာနေဦးမှာလဲ”
ဟန်မူယဲ့ မငြင်းနိုင်တော့ပေ။
ဓားစံအိမ်အကြီးအကဲသည် ဝိညာဉ်လိပ်ပြာဓားဖြင့် ကျင့်ရှန်းဓားဂိုဏ်း၏ အကြီးအကဲချုပ်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
သူ လုပ်နိုင်သည့်အရာ အားလုံး လုပ်ပြီး ဖြစ်သည်။
ဂိုဏ်းကိစ္စဖြစ်စေ၊ ကျင့်ကြံခြင်းဖြစ်စေ သူနှင့် မသက်ဆိုင်တော့ပါ။
သူ အသက်ရှင်နေသေးသည်ပင် အလွန်တန်ဖိုးရှိနေလေပြီ။
သူ အမှန်တကယ် အလေးမထားခြင်းလား၊ ဟန်ဆောင်ခြင်းလား မသဲကွဲသော်လည်း ဟန်မူယဲ့ ခေါင်းညိတ်သည်။
ဟန်မူယဲ့ ဦးညွှတ်ကာ ရွက်ဖျင်တဲထဲမှ ထွက်သွားသောအခါ ဓားစံအိမ်အကြီးအကဲ၏မျက်နှာမှ အပြုံးမှာလည်း ပျောက်ကွယ်သွားသည်။
သူ၏အိုမင်းသော ဟန်ပင်မှနေ၍ ထက်ရှသော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာ၏။
ဓားဆန္ဒ၏စွမ်းအားသည် သူ မတိုက်ခိုက်မီအချိန်ကထက် အားမနည်းပေ။
“မင်းက အတော်လေးအလုပ်များတဲ့ကောင်လေးပဲ”
“ဟူး… မင်းသာ ရောက်မလာရင် ငါ အံ့ဖွယ်ကိုးပါးတောင်ကုန်းက ဘေးကင်းကင်း ထွက်သွားပြီးလောက်ပြီ။ အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ထွက်သွားတာ ပိုမကောင်းဘူးလား”
….
ဓားစံအိမ်အကြီးအကဲ၏တဲထဲမှ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့သည် တောင်ခြေသို့ လမ်းလျှောက်လာပြီး လက်ထဲမှ ကြေးနီဓားကို ဆုပ်ကိုင်လိုက်သည်။
သူ၏လက်သည် ဓားလက်ကိုင်ကို ဆုပ်ကိုင်ထား၏။
သူ၏အာရုံ၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။
ကျင့်ရှင်းဓားဂိုဏ်း၏ အကြီးအကဲချုပ် မူထျဲယန်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အားကျမှုကို ပိုင်ဆိုင်သူ ဖြစ်သည်။
သူ လေ့ကျင့်သော ဓားနည်းစနစ်များမှာ ကျင့်ရှန်းဓားဂိုဏ်း၏အကောင်းဆုံးပညာရပ်များ ဖြစ်သည်။
အရင်းအမြစ်များအားလုံးကို ကျင့်ရှန်းဓားဂိုဏ်းမှ ထောက်ပံ့ပေးသည်။
သူသည် ငယ်စဉ်ကတည်းက အလွန်ပါရမီမြင့်ကာ သူ့မျိုးဆက်များကို ဓားတစ်ချက်တည်းဖြင့် ဖိနှိပ်နိုင်သည်။
သူ့လက်ထဲမှ ဓားသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ သူရဲကောင်းများစွာကို သတ်ဖြတ်ခဲ့၏။
ဟန်မူယဲ့သည် ကျင့်ရှန်းဓားဂိုဏ်း၏ တတိယအဆင့်ဓားသိုင်း ‘အမှောင်ထုအပြန်’ ကို တတ်မြောက်ခဲ့သည်။
သူသည် ကျင့်ရှန်းဓားဂိုဏ်း၏ စတုတ္ထအဆင့်ဓားသိုင်း ‘မရဏဓားသိုင်း’ ကို တတ်မြောက်ခဲ့သည်။
သူသည် ကျင့်ရှန်းဓားဂိုဏ်း၏ပဥ္စမအဆင့်ဓားသိုင်း ‘သေမင်းဆင်းသက်ခြင်း’ ဓားသိုင်းကို တတ်မြောက်ခဲ့သည်။
ဟန်မူယဲ့၏လက်ထဲမှ ဓားသည် ဝမ်းနည်းကြေကွဲသော အငွေ့အသက်များပေးကာ တုန်ယင်လာ၏။
ဓားမှာ ကျိုးပျက်သွားပြီးဖြစ်ရာ ၎င်းသည် အလယ်အလတ်ဝိညာဉ်ဓားမှသည် ဝိညာဉ်တစ်ဝက်အဆင့်သို့အထိ ကျဆင်းသွားပြီးဖြစ်သည်။
သို့သော်လည်း ဓားတွင် မထင်မှတ်ထားသော အငွေ့အသက်တစ်ခု ကျန်ရစ်နေသည်။
သူ့စိတ်ထဲ ပုံရိပ်များ ပေါ်လာသည်။ ကျင့်ရှန်းဓားဂိုဏ်းသည် ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရဟန်တူသည်။ အကြီးအကဲ မူထျဲယန်သည် တခြားအကြီးအကဲနှစ်ဦးနှင့် အငြင်းအခုန် ဖြစ်နေသည်။
မိစ္ဆာကလန်နှင့် ဖုန်းလင်ဓားဂိုဏ်းတို့အကြားလည်း ကြီးမားသော ငြင်းခုန်မှုတစ်ခု ရှိနေသည်။
ကံမကောင်းသည်ကား ဓားကျိုးမှ မှတ်ဉာဏ်များမှာ မပြည့်စုံပေ။ ပုံရိပ်များမှာ ကစဉ့်ကလျားဖြစ်ကာ သူ့အနေဖြင့် အဓိပ္ပာယ်ဖော်ရန် ခက်ခဲ၏။
ဟန်မူယဲ့ထံမှ ဓားချီများ ဓားထံသို့ အဆက်မပြတ် စီးဝင်သွားသည်။
ဓားချီ တစ်စ…
ဓားချီ ဆယ်စ…
…
ဓားချီ အစ တစ်သောင်း…
ဓားကျိုး အဆက်မပြတ် တုန်ခါလာလျှင် ဟန်မူယဲ့ ရပ်တန့်လိုက်သည်။
သူ့စိတ်ထဲတွင် အနက်ရောင်ဝတ်အဖိုးအိုတစ်ဦးသည် ရှုပ်ထွေးသော ခံစားချက်ဖြင့် ရပ်နေ၏။
စူးရှသော ဓားအလင်းတစ်ခုသည် အဖိုးအိုအား လှည့်ပတ်နေသည်။
“ဝိညာဉ်လိပ်ပြာဓား”
“ကောင်းချန်ကုန်းရဲ့ ဝိညာဉ်လိပ်ပြာဓားဟာ ပျက်စီးသွားပြီ။ အံ့ဖွယ်ကိုးပါးတောင်ကုန်းမျာ နောက်ထပ် ဝိညာဉ်လိပ်ပြာဓားပိုင်ရှင်တစ်ယောက် ရှိသေးတာလား”
“ကြည့်ရတာ မင်းတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကောင်းကောင်းဖုံးကွယ်ထားတာပဲ။ ငါ ရှုံးတာ အလကားမဟုတ်ဘူး”
မူထျဲယန်။
ကျင့်ရှန်းဓားဂိုဏ်းအကြီးအကဲချုပ်၏ ဝိညာဉ်အပိုင်းအစ။
သို့မဟုတ် သူ၏အစွဲအလမ်းစိတ်။
ဟန်မူယဲ့သည် သူ၏ဓားချီက မူထျဲယန်၏ဓားကျိုးထံမှ ဝိညာဉ်အပိုင်းအစအား အသက်ဝင်စေမည်ဟု မထင်ထားပေ။
သို့သော်လည်း ဟန်မူယဲ့တွင် မူထျဲယန်အား မေးမြန်းရန် မေးခွန်းအများအပြား ရှိသည်။
“စီနီယာမူ… ခင်ဗျားရဲ့ကျင့်ကြံခြင်းနဲ့ ဘာလို့ ဒီနေ့ အသေခံဖို့ ရောက်လာတာလဲ”
ဓားစံအိမ်အကြီးအကဲ၏ ‘အသက်ရှုကြိမ်တစ်ရာ’အဆင့်ကို ကျင့်ကြံခြင်းလောက၌ လူတိုင်း သိသည်။ မည်သူက ထိုဓားကို အမှန်တကယ် ရင်ဆိုင်ရဲမည်နည်း။
မူထျဲယန်သည် ကောင်းကင်ဘုံတစ်ဝက်အဆင့် ဖြစ်သည်။
ဟန်မူယဲ့၏စကားကို ကြားလျှင် မူထျဲယန်သည် တိတ်ဆိတ်နေပြီးမှ ပြောသည်။
“ဒီနေ့ ငါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း လက်ချက်နဲ့ မသေခဲ့ရင် ငါတို့ ကျင့်ရှန်းဓားဂိုဏ်းဟာလည်း သုတ်သင်ခံရတဲ့ရန်က လွတ်လိမ့်မယ်”
သုတ်သင်ခံရခြင်း…
‘မည်သူက သုတ်သင်မည်နည်း’
ဟန်မူယဲ့က ထပ်မေးရန် ပြင်လိုက်စဉ် မူထျဲယန်က ခေါင်းယမ်းကာ ပျောက်ကွယ်သွားသည်။
ဓားကျိုးမှာ ကြီးမားစွာ ထိခိုက်ထားရာ မူထျဲယန်၏ဝိညာဉ်အပိုင်းအစ သေးသေးလေးသာ ကျန်ရစ်သည်။
သူက ၎င်းကို ထပ်မံ၍ နိုးထရန် ဓားချီများ ထပ်မံ ပို့လွှတ်ကာ သန့်စင်ပေးရန် လိုသည်။
ဓားကျိုးကို သူ့လက်မောင်းအိုး၌ ဝှက်လိုက်ကာ ဟန်မူယဲ့ ဂိုဏ်းသားများ ထိုင်နေရာသို့ သွားလိုက်သည်။
သူတို့မှာ ဝမ်းသာအားရ ပြောဆိုနေကြသည်။
ဟန်မူယဲ့ မသက်မသာ ပြုံးမိသည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့် မူထျဲယန်သည် သူ၏ကျင့်ကြံဆင့်အား စွန့်လွှတ်ကာ သေခြင်းတရားကို ရင်ဆိုင်ခဲ့သည်။
ထို့အတူ များစွာသော ဂိုဏ်းသားများကို ထိန်းချုပ်သော အကြီးအကဲများ၊ ခေါင်းဆောင်များ…။ ကူရာမဲ့သော အခြေအနေများ။
ထိုပုရွက်ဆိတ်ကဲ့သို့ အားနည်းသော ဂိုဏ်းသားများကို မျှော်လင့်ချက်များ၊ ကျင့်ကြံခြင်းအိပ်မက်များဖြင့် ရှင်သန်စေသည်က ပိုကောင်းပေသည်။
“စီနီယာအစ်ကိုဟန်”
တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ခေါ်လိုက်သည်။
စွန်းတယုံ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အပြင်စည်းတပည့် စွန်းတယုံ။