ဝမ်းကွဲညီမ ယဲ့ရွှမ်
Vol. 1 Ch. 5
ထို့နောက် ယဲ့ချန်သည် ကလန်ခေါင်းဆောင်၏ အဆောင်သို့ သွားရန် ပြင်လိုက်သည်။ သူ့ခြေလှမ်းများက လျင်မြန်ကာ တက်ကြွလို့နေသည်။
သူရောက်သွားသောအခါ ကလန်ခေါင်းဆောင် အဆောင်ရှေ့၌ လူအုပ်ကြီးအား တွေ့လိုက်ရသည်။ ပင်မခန်းမထဲတွင်မူ ယဲ့ကျန့်ထျန်း၊ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့အပြင် ယဲ့မော့ယန်၊ ယဲ့ခုံးယန် နှင့် ယဲ့ရွှမ်တို့လည်း ရှိနေသည်။
ယဲ့ချန်၏ မျက်လုံးများက ခန်းမတစ်ခုလုံးအား ဝေ့ဝဲ အကဲခတ်လိုက်သည်တွင် ယဲ့လော့ကိုလည်း တွေ့လိုက်ရသည်။ ယဲ့လော့၏ လျှို့ဝှက်သော နောက်ခံကြောင့် ကလန်အတွင်း သူမက ကွဲထွက်နေသော်လည်း ယဲ့ချန်၏ ဦးလေးများက သူမကို သွေးသားရင်းနှယ် ဂရုစိုက်ကြသည်။
ယဲ့လော့က သူ့အား မြင်သော် လက်ဝေ့ယမ်းပြလာသည်။ ယဲ့ချန်လည်း သူမဘေးနားရှိ နေရာလွတ်တစ်ခုတွင် မတ်တပ်ရပ်လိုက်သည်။
“ပြောစမ်းပါ ယဲ့ကျန့်ရှုံး.. ငါ့သားက မင်းရဲ့သမီးနဲ့ ဘယ်နေရာကများ မထိုက်တန်လို့လဲ”
ယဲ့မော့ယန်က ပြောသည်။
“ငါ့သား ခုံးယန်က ယဲ့ကလန်ရဲ့ အလားအလာအကောင်းဆုံး လူငယ်တွေထဲက တစ်ယောက်ဆိုလည်း မမှားဘူး ဒါမှမဟုတ် မင်းက ဟိုးနဂိုတည်းက ငါ့ကို တိတ်တဆိတ် အထင်သေးနေတာကြောင့် အခု ငါ့သားကိုပါ ငြင်းတာလား”
ယဲ့ချန် အခြားတဖက်သို့ ကြည့်လိုက်သည်တွင် ယဲ့ကျန့်ရှုံး၏ အနောက်ဘက်၌ ပုန်းကွယ်နေသော ဝမ်းကွဲညီမ ယဲ့ရွှမ်အား တွေ့လိုက်ရသည်။ သူမမျက်နှာတွင် မျက်ရည်စတို့ ရှိနေပြီး ခေါင်းငုံ့ထားသည်။
ယဲ့ရွှမ်ကား ယဲ့ချန်၏ တတိယဦးလေးမှ မွေးသော သမီးဖြစ်ကာ ယဲ့ချန်နှင့် တဝမ်းကွဲ မောင်နှမ တော်စပ်ပေသည်။ သူမသည် ထျန်းချီအဆင့်၅ ထိပ်ဆုံးတွင် ရှိနေပြီး အဆင့်၆သို့ သိပ်မလိုတော့သော ပါရမီရှင် ဖြစ်သည်။
ယဲ့ခုံးယန်သည် သူ့ဖခင် ယဲ့မော့ယန်နောက်၌ ရပ်နေပြီး မျက်နှာတွင် စိတ်လှုပ်ရှားနေဟန် အထင်သား ပေါ်နေသည်။
“ကလေးတွေရဲ့ မင်္ဂလာကိစ္စမှာ ငါတို့ရဲ့ ဆန္ဒအတိုင်း လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ တစ်ခုခု လွဲချော်သွားရင် သူတို့ တဘဝလုံး စိတ်ဆင်းရဲနေရမှာပေါ့ သမီးလေး.. ရွှမ်အာ အဖေ့ကို ပြော သမီး ခုံးယန်ရဲ့ ဇနီး ဖြစ်လာချင်လား”
[T/N- ယဲ့မော့ယန်က ယဲ့ကျန့်ထျန်းရဲ့ သွေးသောက်ညီပါ။ ညီအစ်ကိုရင်း မဟုတ်တဲ့အတွက် ယဲ့ခုံးယန်နဲ့ ယဲ့ရွှမ်ကလည်း မောင်နှမဝမ်းကွဲ မတော်စပ်ပါဘူး။ အဲ့တာကြောင့် ယူလို့ရပါတယ်။]
ယဲ့ကျန့်ရှုံးက ယဲ့ရွှမ်ဘက်သို့ လှည့်ကာ မေးသည်။
“အမှန်အတိုင်းဖြေလို့ရတယ် ရွှမ်အာ”
“သားသမီးတွေရဲ့ လက်ထပ်မှုဆိုတာ မိဘရဲ့ စိတ်တိုင်းကျပဲ ဖြစ်ရမှာပေါ့ ယဲ့ကျန့်ရှုံး မင်း ငါ့သားကို ငြင်းချင်တာနဲ့ ဆင်ခြေတွေ ရှာမနေနဲ့”
ယဲ့မော့ယန်က အော်ပြောသည်။
ယဲ့ရွှမ်သည် ကြင်နာတတ်ကာ နူးညံ့သော စိတ်သဘောရှိသည့် မိိန်းမငယ်လေး ဖြစ်သည်။ တဖက်တွင်တော့ ယဲ့ခုံးယန်သည် ကိုယ့်ကိုကိုယ် ဘဝင်မြင့်နေပြီး မရိုးသားသည့် အကြံများ ပြည့်နှက်နေသည့်ကောင် ဖြစ်သည်။ သူ့ဖခင် ယဲ့မော့ယန် ကဲ့သို့ပင်။
ယဲ့ရွှမ်၏ ခေါင်းလေး မော့လာကာ အကြီးအကဲများ အစုံအလင် ရှိနေသော ခန်းမအား မဝံ့မရဲ ကြည့်လိုက်သည်။ နောက်ဆုံးတွင်မှ သူမအကြည့်က ယဲ့ခုံးယန်ထံတွင် အဆုံးသတ်သည်။
“တကယ်တော့... ရွှမ်အာ မကြာသေးခင်က ထျန်းချီအဆင့်၆ကို ရောက်သွားခဲ့ပြီ”
ယဲ့ရွှမ်၏ တိုးညှင်းသော အသံက ခန်းမအတွင်း ပျံ့လွင့်လာသည်။
ထျန်းချီအဆင့်၆
လူအုပ်ကြီးမှာ ဆူပွက်သွားရသည်။ အားလုံးထဲတွင် ယဲ့ကျန့်ရှုံးက စိတ်အလှုပ်ရှားဆုံး ဖြစ်လောက်သည်။ သူက ယဲ့ရွှမ်၏ ပခုံးအား ဆုပ်ကိုင်ကာ အတည်ပြုလိုက်သည်။
“တကယ်ပဲလား ရွှမ်အာ”
ယဲ့ရွှမ်က အသာအယာ ခေါင်းညိတ်ပါ၏။
ယဲ့ကျန့်ရှုံးက သူ၏ ထျန်းချီများအား ယဲ့ရွှမ်ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာမှာ အပျော်များနှင့် ပြည့်နှက်သွားပြီး ကျေနပ်အားရစွာ ပြောလိုက်မိသည်။
“ရွှမ်အာက တကယ်ပဲ ထျန်းချီအဆင့်၆ကို ရောက်သွားခဲ့ပြီ”
“ဂုဏ်ပြုပါတယ် တတိယညီလေး”
ယဲ့ကျန့်ထျန်းက ဦးဆုံး ဂုဏ်ပြုလိုက်၏။ အခြားသော အကြီးအကဲများလည်း တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုလာကြသည်။ အားလုံး၏ မျက်နှာများတွင် ပျော်ရွှင်မှု အရိပ်အယောင်များ အတိုင်းသား မြင်နေရသည်။
“အစ်ကိုခုံးယန်... လွန်ခဲ့တဲ့ သုံးရက်ကပဲ ရွှမ်အာ မြစိမ်းတိမ်ဂိုဏ်းရဲ့ ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့တယ် အဲဒါကြောင့် ရွှမ်အာက မြစိမ်းတိမ်ဂိုဏ်းမှာ နှစ်နှစ်လောက် လေ့ကျင့်ချင်တယ် လက်ထပ်ပွဲအကြောင်းကိုတော့ နောက်ထပ် နှစ်နှစ် စောင့်ပြီးမှပဲ ဆွေးနွေးကြရင် မကောင်းဘူးလား”
ယဲ့ရွှမ်က သွယ်ဝိုက်သောနည်းဖြင့် ငြင်းဆိုလိုက်သည်။
ယဲ့ခုံးယန်တို့ သားအဖ၏ မျက်နှာများမှာ မည်းမှောင်သွားကြသည်။ ယဲ့ရွှမ်၏ လူကြားထဲတွင် ငြင်းဆိုမှုက သူတို့သားအဖအတွက်တော့ အရှက်ရစရာပင်။
“ရွှမ်အာ မြစိမ်းတိမ်ဂိုဏ်းကို ဝင်ခွင့်ရတဲ့ ကိစ္စက တကယ့်ကို ကိစ္စကြီးတစ်ခုပဲ လက်ထပ်ပွဲအတွက် ဆွေးနွေးတာကို နောက်ဆုတ်တာက ဖြစ်သင့်ပါတယ် မဟုတ်ဘူးလား အကြီးအကဲမော့ယန်”
ယဲ့ကျန့်ထျန်းက ပြုံးကာ မေးလိုက်သည်။
“ကောင်းပြီလေ နှစ်နှစ်ပြည့်တဲ့အခါ မင်းတို့ ဘယ်လို ဆင်ခြေ သုံးဦးမလဲဆိုတာ စောင့်နေမယ် ဟမ့်”
ယဲ့မော့ယန်က ပြောပြီးနောက် အင်္ကျီလက်စအား ခါလျက် ဒေါသတကြီး ထွက်ခွါသွားလေသည်။ ယဲ့ခုံးယန်လည်း သူ့ဖခင်နောက်မှ လိုက်ပါသွားသည်။
ခန်းမအတွင်း ကျန်ရစ်ခဲ့သူများလည်း တိတ်ဆိတ်နေကြသည်။
“ယဲ့ခုံးယန်ကို ရွှမ်အာနဲ့ အလျင်စလို လက်ထပ်ပေးချင်နေတယ် သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာဖြစ်မလဲ”
ယဲ့ကျန့်လုံက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။
ထုတ်မပြောသော်လည်း သူက တွေးမိ၏။
“မြေခွေးအိုကြီးမှာ အကြံအစည် တစ်ခုခုတော့ ရှိကိုရှိရမယ်”
“ဘိုးဘေးကန်တော့ပွဲက နောက်ခုနစ်ရက်နေရင် ကျင်းပရတော့မယ် ချန်အာက အဓိကသွေးကြောတွေ ပျက်စီးသွားပြီးကတည်းက ဆက်ခံသူအဖြစ် တာဝန် မယူနိုင်ခဲ့ဘူးလေ”
ယဲ့ကျန့်ထျန်းက သက်ပြင်းချလျက် ပြောသည်။
“ဒီမြေခွေးအိုကြီးကတော့ သူက ဒီတခေါက် ကန်တော့ပွဲမှာ သူ့သားကို ဆက်ခံသူအဖြစ် တာဝန်ယူစေချင်နေတာပဲ ချန်အာရဲ့ သွေးကြောတွေ ပျက်စီးသွားပြီးတဲ့နောက် ဒီမျိုးဆက်မှာ ဦးဆောင်နေတာက ယဲ့ခုံးယန်ရယ်၊ လော့အာရယ်၊ ရွှမ်အာရယ်ပဲ ရှိတာ... လော့အာက ယဲ့ကလန်ရဲ့ သွေးသားရင်း မဟုတ်လို့ ကန်တော့ပွဲကို ဦးဆောင်ခွင့် မရှိဘူး ရွှမ်အာကိုသာ ယဲ့ခုံးယန်နဲ့ စေ့စပ်ပေးလိုက်ရင် ရွှမ်အာက ဆက်ခံသူ ရွေးချယ်ပွဲမှာ ဝင်ပြိုင်ခွင့် မရှိတော့ဘူး နောက်ဆုံး ယဲ့ခုံးယန်တစ်ယောက်ပဲ ဆက်ခံသူဖြစ်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်”
ယဲ့ကျန့်လုံက ယဲ့မော့ယန်၏ အကြံအစည်ကို တစက္ကန့်အတွင်း နားလည်သွားသည်။
“သူတို့သားအဖနှစ်ယောက် ဒါတွေကို ဘယ်အချိန်တည်းက ကြံနေတယ်ဆိုတာ ဘုရားပဲ သိလိမ့်မယ်”
ယဲ့ကျန့်လုံသည် ယဲ့မော့ယန်အပေါ် အမြင်မကြည်မှုအား ကလန်သားများရှေ့တွင်ပင် ဖုံးကွယ် မနေပေ။
“ရွှမ်အာက မြစိမ်းတိမ်ဂိုဏ်းကို ဝင်မယ်ဆိုတော့ ဆက်ခံသူနေရာအတွက် လက်လျော့လိုက်ပြီ ဆိုတဲ့သဘောပဲ အဲ့တာကြောင့်သာ ယဲ့မော့ယန်က အလွယ်တကူ လက်လျော့သွားတာ၊ မဟုတ်ရင် ကိစ္စတွေက ဒီမှာတင် မရပ်သွားလောက်ဘူး”
ယဲ့ကျန့်ရှုံးကလည်း ဝင်ပြောလာသည်။
ယဲ့ကျန့်ထျန်းက စိတ်မသက်သာဟန်နှင့် ဆိုလာသည်။
“ငါကြောက်မိတာက လူငယ်မျိုးဆက်ထဲမှာ ယဲ့မော့ယန်ရဲ့ အကြံအစည်ကို ဟန့်တားနိုင်မဲ့သူ မရှိမှာကိုပဲ အခုချိန်မှာ ယဲ့မုန့်နဲ့ ယဲ့မင်က ငယ်သေးတယ် ယဲ့ခုံးယန်နဲ့ မယှဉ်နိုင်သေးဘူး ဆက်ခံသူနေရာက လစ်လပ်နေခဲ့တာ သုံးနှစ်ရှိပြီ ဒီတကြိမ်တော့ ယဲ့ခုံးယန်ရဲ့ လက်ထဲကို ရောက်သွားတော့မှာပဲ”
ယဲ့ချန် တွေးမိ၏။
“ဘာလို့ အဖေနဲ့ ဦးလေးတို့က ဝမ်းကွဲညီမ ယဲ့ရွှမ် မြစိမ်းတိမ်ဂိုဏ်းကို ဝင်မဲ့ကိစ္စကို မတားကြတာလဲ ယဲ့ရွှမ်နဲ့ ယဲ့ခုံးယန်ကို ဆက်ခံသူ နေရာအတွက် အတိအလင်း ယှဉ်ပြိုင်ခိုင်းလိုက်ရင် ရနေတာပဲ မဟုတ်ဘူးလား”
သို့သော် လူကြီးများတွင်လည်း သူတို့အတွေးနှင့် သူတို့ ရှိနေလောက်သည်မို့ ယဲ့ချန် ဘာမှ ဝင်မပြောဖြစ်ပေ။
“ချန်အာ... ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ”
ယဲ့ကျန့်ထျန်းက ယဲ့ချန်အား သတိထားမိသွားကာ မေးသည်။ ယဲ့ကျန့်ထျန်း၏ ယဲ့ချန်အား ကြည့်သော အကြည့်များထဲတွင် အဆုံးမရှိသော ချစ်မြတ်နိုးခြင်းတို့ ပေါ်လွင်နေသည်။
“အဖေ”
ယဲ့ချန် လူအုပ်ထဲမှ တိုးထွက်ကာ သူ့ဖခင်ရှေ့၌ ဒူးထောက်လိုက်သည်။
“ဒီနှစ်တွေအတွင်း အဖေ့ကို အများကြီး ဒုက္ခရောက်စေခဲ့မိလို့ ကျွန်တော် တကယ် တောင်းပန်ပါတယ်”
“ကြည့်ရတာ တုန်းလင်က ဒုတိယမင်းသားနဲ့ ကိစ္စကို ချန်အာ သိသွားပုံပဲ”
ယဲ့ကျန့်ထျန်း ရိပ်မိလိုက်သည်။
သူက ယဲ့ချန်ထံသို့ လျှောက်သွားကာ ဒူးထောက်နေရာမှ ပြန်ထရန် ဦးဆုံး ထူပေးမိ၏။
“ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ အဖေ အခု အဆင်ပြေနေတာပဲ မဟုတ်လား ထပါ ချန်အာ.. အဖေက မင်းကို အပြစ်မတင်ပါဘူး”
စကားပြောနေရင်း ယဲ့ကျန့်ထျန်း၏ မျက်လုံးများမှာ နီရဲလို့လာသည်။
“ဒါပေမဲ့... အဖေ ကျွန်တော် မကောင်းတာပါ အားလုံး ကျွန်တော့်အပြစ်တွေ”
ယဲ့ချန် ခေါင်းမော့လာချိန်တွင် သူ့မျက်လုံးများသည်လည်း နီရဲနေခဲ့လျက် စီးမကျလာသော မျက်ရည်တို့ ဝေ့သီနေ၏။
ယဲ့ကျန့်ထျန်းက ယဲ့ချန်အား အားတင်း ပြုံးပြကာ ပြောသည်။
“ဒါပေမဲ့လည်း ခဏခဏ ကြမ်းပြင်ပေါ် ဒူးထောက်တာက ကျန်းမာရေးအတွက် မကောင်းဘူးကွ”
ထို့နောက် ယဲ့ကျန့်ထျန်းက ယဲ့ချန်၏ ပခုံးအား ပုတ်ကာ နှစ်သိမ့်ပေးဖို့ လုပ်လိုက်သည်တွင် မျက်နှာအမူအယာ ပြောင်းလဲသွားရသည်။ အကြောင်းမှာ ယဲ့ချန်၏ ခန္ဓာကိုယ် အတွင်းရှိ သန့်စင်သော ထျန်းချီများအား အာရုံခံမိလိုက်၍ ဖြစ်သည်။
“ချန်... ချန်အာ... မင်းရဲ့ အဓိက သွေးကြောတွေ...”
အလွန်အမင်း စိတ်လှုပ်ရှား သွားမှုကြောင့် ယဲ့ကျန့်ထျန်း၏ စကားမှာ အဆုံးထိ မရောက်လိုက်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး လက်တွေ့လော၊ အိပ်မက်လော အလျင်အမြန် ဆန်းစစ်မိသည်။
“အားလုံး ထွက်သွားကြ ချန်အာနဲ့ သီးသန့် စကားပြောဖို့ ရှိတယ်”
ယဲ့ကျန့်ထျန်းက အော်လိုက်သည်။ သူ့အသံမှာ လူတိုင်း သတိထားမိ လောက်အောင် တုန်ယင်နေသည်။ သို့နှင့် ကျန်လူများမှာ ခန်းမအတွင်းမှ ထွက်ခွါနေကြရင်း ယဲ့ကျန့်ရှုံးက ယဲ့ကျန့်လုံအား ဇဝေဇဝါနှင့် မေးမိသည်။
“ငါတို့ အစ်ကိုကြီး ဘာဖြစ်သွားတာလဲ”
ယဲ့ကျန့်လုံ ကိုယ်တိုင်လည်း ရှုပ်ထွေးနေဆဲမို့ ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
“ငါလည်း မသိဘူးလေ”
မွေးချင်းများထဲတွင် ယဲ့ကျန့်လုံက ယဲ့ကျန့်ထျန်းနှင့် အနီးစပ်ဆုံး ဖြစ်သည်။ သူက ယဲ့ကျန့်ထျန်း၏ အတွေးများကိုပင် စာအုပ်တစ်အုပ်ကဲ့သို့ ဖတ်နိုင်သည်။ သည်တစ်ခေါက် ယဲ့ကျန့်ထျန်း၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ဝမ်းသာစရာ ကိစ္စ တစ်ခုခု ဖြစ်ပျက် လာတော့မည်ဟု ကြိုတင် အာရုံရနေမိသည်။
ယဲ့ကျန့်လုံက လက်တစ်ဖက် ယမ်းကာ ပြောလိုက်သည်။ သူကိုယ်တိုင်ပင် ဘာကိစ္စမှန်း သိလိုလှသော်လည်း ယဲ့ကျန့်ထျန်းတို့ သားအဖအား အချိန်တစ်ခု ပေးသင့်သည်ဟု ယူဆတာကြောင့် ဖြစ်သည်။
“ဦးလေး... အစ်ကိုယဲ့မှာ တစ်ခုခု ဆိုးရွားတာမျိုး ဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်”
ယဲ့လော့က ယဲ့ကျန့်လုံအနီးသို့ ကပ်လာကာ စိုးရိမ်တကြီး မေးသည်။
သူ့ဖခင်ဘေး၌ တိတ်ဆိတ်စွာ လိုက်ပါလာသော ယဲ့ရွှမ်ပင် စိတ်အတွင်းမှ ရေရွတ်မိ၏။
“အစ်ကိုယဲ့ချန်လို လူကောင်း တစ်ယောက်မှာ ကျေးဇူးပြုပြီး ဆိုးရွားတာတွေ မဖြစ်ပါစေနဲ့”
“စိတ်မပူပါနဲ့ လော့အာ မင်းရဲ့ အစ်ကိုယဲ့က ဘာမှ ဖြစ်မှာမဟုတ်ဘူး”
ယဲ့ကျန့်လုံက ယဲ့လော့၏ ခေါင်းလေးအား ဖွဖွပုတ်ကာ ပြောလိုက်သည်။
***