ယွင်ကလန်
Vol. 1 Ch. 6
ယဲ့ကလန် ရဲတိုက်၏ တစ်ခုသော လျှို့ဝှက်ခန်း၌။
“ချန်အာ... အဲဒါ တကယ်ပဲလား မင်းရဲ့ အဓိကသွေးကြောတွေ... တကယ်ပဲ ပြန်ကောင်းသွားပြီပေါ့”
ယဲ့ကျန့်ထျန်းက စိုးရိမ်စွာ မေးသည်။ သူ့အသံမှာ အဖျားခတ် တုန်ယင်နေ၏။
“ဟုတ်ကဲ့ ကျွန်တော့်ရဲ့ အဓိက သွေးကြောတွေ ပြန်ကောင်းသွားပါပြီ”
ယဲ့ချန်၏ အသံက အက်ကွဲနေကာ ပူနွေးသော မျက်ရည် တချို့က သူ့ပါးပြင်ပေါ် ဖြတ်စီး သွားကြသည်။
“ဒီနှစ်တွေအတွင်း အဖေ ခံစားခဲ့ရတာတွေ အားလုံးက ကျွန်တော့်အပြစ်ပါ”
“အဖေ အဆင်ပြေပါတယ်။ နောက်ဆုံးတော့ ကောင်းကင်ဘုံက အဖေတို့ကို မျက်နှာသာ ပေးခဲ့ပြီ”
ယဲ့ကျန့်ထျန်း၏ အသံက စိတ်လှုပ်ရှား ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။
“ဒါနဲ့.. ဘယ်လို ပြန်ကောင်းသွားတာလဲ”
ယဲ့ကျန့်ထျန်းက ယခုမှ မေးရန် သတိရသွားဟန်နှင့် အလျင်အမြန် မေးသည်။
“အာ... ကျွန်တော်လည်း သိပ်မသေချာဘူး။ အဖေ ဒီနေ့ ကျွန်တော် အိပ်ရာက နိုးလာတော့ အဓိက သွေးကြောတွေ ပြန်ကောင်းနေတာကို သိလိုက်ရတာပဲ”
ယဲ့ချန်က ရေရေရာရာ မဖြေဘဲ ရှောင်လွှဲလိုက်သည်။ သူ့အသိစိတ် အတွင်းရှိ ဓားနှင့် ပတ်သက်ပြီး အမှန်အတိုင်း ပြော၍ မဖြစ်ရာ သူက မုသားသုံးရန် ဆုံးဖြတ်လိုက်သည်။
“ဒါပေမဲ့ ထူးဆန်းတာ တစ်ခုတော့ ရှိတယ်။ မနေ့ညက ကျွန်တော် ဆံဖြူအဘိုးအို တစ်ယောက်ကို အိပ်မ က်မက်ခဲ့တယ်။ ကျွန်တော့်ရဲ့ သွေးကြောတွေ ရုတ်တရက် ပြန်ကောင်းသွားတာနဲ့ ဆက်စပ်နေမယ် ထင်တယ်။ ပြီးတော့ ရှိသေးတယ်၊ သူက ကျွန်တော့်ကို ကျင့်စဉ် တချို့လည်း လွှဲပြောင်း ပေးသွားသေးတယ်”
“ဆံဖြူ အဘိုးအို”
ယဲ့ကျန့်ထျန်း တွေဝေသွားသည်။
“ဒီလို ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်မျိုး လက်တွေ့ကမ္ဘာမှာ ရှိသေးတယ်တဲ့လား”
“ဆိုတော့ သူက မင်းကို ဘာကျင့်စဉ် လွှဲပြောင်း ပေးသွားတာလဲ”
ယဲ့ချန်လည်း အလျင်အမြန်ပဲ စုတ်တံ တစ်ချောင်းကို ယူကာ မိုးကြိုး အင်ပါယာကျင့်စဉ် ပထမသုံးအဆင့်အား ချရေးလိုက်သည်။
ကြယ်တာရာ ဘုံကိုးလွှာ ကျင့်စဉ်တွင် ကဏ္ဍကိုးခု ပါဝင်သော်လည်း ယဲ့ကလန်နှင့် ဆက်စပ်နေသော ကဏ္ဍမှာ မိုးကြိုးကဏ္ဍ တစ်ခုတည်း ရှိသည်။ ထိုကျင့်စဉ်နှင့် ဆိုပါက ယဲ့ကလန်သားများ၏ စွမ်းရည်များ ပိုမို တိုးပွါး လာနိုင်မည် ဖြစ်သည်။ အခြားသော ကဏ္ဍ ရှစ်မျိုးအား မည်သို့ မည်ပုံ အသုံးချရမည်ကို မူကား ယဲ့ချန် စိတ်ထဲတွင် အစီအစဉ် ဆွဲထားပြီး ဖြစ်သည်။
“ဘယ်လို...”
ယဲ့ကျန့်ထျန်းသည် သူ့သား ရေးပေးထားသော ကျင့်စဉ် လက်ရေးမူအား ကြည့်ကာ တောင့်ခဲသွားသည်။ အလွန်အမင်း အံ့ဩသွားပုံလည်း ပေါ်၏။
“ဒီကျင့်စဉ်ရဲ့ နာမည်က ဘာတဲ့လဲ”
“မိုးကြိုးအင်ပါယာ ကျင့်စဉ်ပါ”
“မိုးကြိုးအင်ပါယာ ကျင့်စဉ်တဲ့လား၊ လက်စသပ်တော့ ယဲ့ကလန်ရဲ့ မိုးကြိုးလက်ဝါး ကျင့်စဉ်က ဒီကျင့်စဉ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုသာသာ ဖြစ်နေခဲ့တာပဲ။ ဒဏ္ဍာရီတွေ အရတော့ ယဲ့ကလန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အရမ်း အစွမ်းထက်တဲ့ မိုးကြိုးသဘာဝ ကျင့်စဉ်တစ်ခု ရှိခဲ့တယ်တဲ့ နောက်ပိုင်း ကလန်အတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ပြီး အဲဒီ ကျင့်စဉ်ကလည်း နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့တယ်။ တဖြည်းဖြည်းနဲ့ ယဲ့ကလန်က ပိုပြီး ဆုတ်ယုတ်လာခဲ့ပြီး ကျင့်စဉ်ကလည်း မပြည့်မစုံနဲ့ ကျန်ခဲ့တော့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်၂၀၀လောက်က ယဲ့ကလန်ရဲ့ ဘိုးဘေးတွေက နေရာအနှံ့ကို ခရီး လှည့်လည်သွားရင်း အဲဒီ့ ကျင့်စဉ်ကို တတ်နိုင်သမျှ ပြန်စုစည်းပြီး မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်ဆိုပြီး ဖန်တီးခဲ့တယ်။ ကံမကောင်းတာက တိမ်မြုပ်သွားတဲ့ ကျင့်စဉ်ထဲက အစိတ်အပိုင်းတွေကြောင့် မိုးကြိုးလက်ဝါး ကျင့်စဉ်ဟာ ထင်သလောက် အစွမ်းမထက်တော့ဘဲ အဆင့်၃ ကျင့်စဉ်တစ်ခု အဖြစ် ရပ်တန့် နေရတော့တာပဲ။ ဒီမိုးကြိုးအင်ပါယာ ကျင့်စဉ်ကတော့ အရမ်းကို အစွမ်းထက်လွန်းတယ်။ အဆင့်၉အထက် ကျင့်စဉ်တစ်ခု ဖြစ်ဖို့များတယ်။ ဒါက တကယ်ကို ဘိုးဘေးတွေရဲ့ ကြည့်ရှု စောင့်ရှောက်မှုပဲ”
ယဲ့ကျန့်ထျန်းက အလွန် စိတ်လှုပ်ရှားနေဟန် ရသည်။ ယဲ့ကလန်၏ တစ်ချိန်က သမိုင်းကြောင်းအား နားထောင်ရင်း ယဲ့ချန် ခေါင်းထဲသို့ အတွေးတစ်ချက် ဝင်လာသည်။
“ဒီကမ္ဘာကို ငါရောက်လာရတာက မတော်တဆ ဖြစ်ရပ်တစ်ခု မဟုတ်ခဲ့ရင်ရော”
“ချန်အာ… မင်းရဲ့အိပ်မက်ထဲမှာ တွေ့ခဲ့ရတဲ့ ဆံဖြူ အဘိုးအိုက ယဲ့ကလန်ရဲ့ ဘိုးဘေးတစ်ယောက် ဖြစ်နိုင်တယ်။ မျိုးဆက်သစ်တွေရဲ့ လက်ထဲမှာ ယဲ့ကလန် တဖြည်းဖြည်း အင်အား ဆုတ်ယုတ်လာရတာကို မကြည့်ရက်လို့ အိပ်မက်ထဲထိ လာပြီး ကျင့်စဉ် လွှဲပြောင်း ပေးခဲ့တာပဲ”
ယဲ့ကျန့်ထျန်းမှာ အဖြစ်အပျက်များအား သူ့ဘာသာသူ ဆက်စပ်ကြည့်ရင်း အဖြေထုတ်နေ၏။ သူ၏ ပေါက်ကရ မုသားအား သူ့ဖခင် အတည်အတံ့ ယုံကြည်နေသည်ကို ကြည့်ရင်း ယဲ့ချန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ သူ့လည်ပင်းသူ ပွတ်လိုက်မိသည်။
“အဖေကတော့ ဒီကျင့်စဉ်ကို မင်းရဲ့ ဦးလေးတွေကိုပါ ပြပြီး တိုင်ပင်ချင်တယ် ချန်အာ ဘယ်လို သဘောရလဲ”
ယဲ့ကျန့်ထျန်းက ယဲ့ချန်အား ပြောသည်။
“ဒီသုံးနှစ်အတွင်းမှာ ဦးလေးတွေက ကျွန်တော့်ကို အများကြီး ဂရုစိုက်ပေးခဲ့ကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ငြင်းစရာအကြောင်း မရှိပါဘူး။ အဖေ သင့်တော်သလို လုပ်ပါ၊ ဒါပေမဲ့ အဲဒီအထဲမှာ အကြီးအကဲ မော့ယန် ပါမယ်ဆိုရင်တော့...”
ယဲ့ချန်က ဆက်မပြောဘဲ ရပ်လိုက်ကာ သူ့ဖခင်အား ကြည့်သည်။
“မင်းအဖေက ဒီရှုပ်ထွေးပွေလီတဲ့ လောကထဲမှာ ကျင်လည်နေတာ ကြာပါပြီကွာ ချန်အာရ၊ ကောင်းကောင်း ဆက်ဆံသင့်တဲ့သူနဲ့ မဆက်ဆံသင့်တဲ့ သူကို အဖေ ကွဲကွဲပြားပြား သိပါတယ်။ ဒီနှစ်တွေမှာ ယဲ့မော့ယန် လုပ်ခဲ့သမျှတွေကို အဖေသိတယ်။ သူ့သားကို ဆက်ခံသူ ဖြစ်လာစေဖို့ အတွက်နဲ့ ယဲ့ကလန်ရဲ့ ရန်သူတွေနဲ့တောင် ပူးပေါင်းခဲ့တယ်။ တိကျတဲ့ သက်သေ အထောက် အထားတွေကို စုဆောင်းပြီးလို့ အချိန်ကျလာတဲ့အခါ သစ္စာဖောက်ကို အဖေ ကျိန်းသေ ဖော်ထုတ်မှာပါ”
ယဲ့ကျန့်ထျန်း၏ အသံက မကျယ်လောင်သော်လည်း ပြတ်သား အေးစက်နေသည်။
ယဲ့ချန်သည်လည်း ထိုမြေခွေးအိုကြီးအား သံသယ ဝင်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
“အဖေ... လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော့်ကို ချောင်းမြောင်း လုပ်ကြံတဲ့ နောက်ကွယ်က လူကို အဖေသိထားရင် ပြောပြလို့ ရမလား”
ယဲ့ချန် လက်သီးတင်းတင်း ဆုပ်ကာ မေးလိုက်သည်။
“အဲဒီနေ့က ယဲ့ကလန်သား အစ်ကို၅ယောက် အကြောင်းမဲ့ အသက်ပေးခဲ့ရတယ်။ သူတို့အတွက် ကျိန်းသေ လက်စား ချေပေးရမယ်”
ယဲ့ကျန့်ထျန်းသည် သူ့သား၏ မျက်နှာ အမူအယာအား အကဲခတ်ကာ ပြောပြရန် တုံ့ဆိုင်း နေသေးသော်လည်း နောက်ဆုံး ပြောပြလာသည်။
“ဒီနှစ်တွေအတွင်း ချန်အာ ရင့်ကျက် လာတာကို အဖေ သတိထားမိပါတယ်။ ဒါ့ကြောင့် အဖေ ပြောပြမယ် ချောင်းမြောင်း လုပ်ကြံမှုရဲ့ နောက်ကွယ်က တရားခံက “ယွင်ကလန်”ပဲ။
“ယွင်ကလန်”
ယဲ့ချန်၏ မျက်လုံးများက ထက်ရှသွားသည်။ ယွင်ကလန်ကား လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်တွင် အင်အားအကြီးဆုံး အိမ်တော် ဖြစ်သည်။ ထို့ပြင် လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်၏ မဟာမိတ် ခေါင်းဆောင်လည်း ဖြစ်သည်။
“ယွင်ကလန်က အဖေတို့ ယဲ့ကလန် အင်အားကြီးခဲ့ချိန် ကတည်းက အဖေတို့နဲ့ ရန်သူတွေ ဖြစ်ခဲ့တာ... နောက်ပိုင်းမှာလည်း သူတို့ ယွင်ကလန်ရဲ့ အင်အားအကြီးဆုံး နေရာကို ခြိမ်းခြောက် လာနိုင်တဲ့ အခြား ကလန်တွေက ပါရမီရှင်တွေကို အမြဲ မျက်ခြေမပြတ် စောင့်ကြည့် နေတတ်တယ်။ ဒါ့ကြောင့် မင်းရဲ့ သွေးကြောတွေ ပြန်ကောင်းလာတဲ့ ကိစ္စကို ပေါက်ကြားစေလို့ မဖြစ်ဘူး အဖေတို့ ဂရုစိုက်ဖို့လိုတယ် ချန်အာ”
“ကျွန်တော် နားလည်ပါပြီ”
ယဲ့ချန်က ခေါင်းညိတ်လျက် ပြန်ဖြေသည်။ သူ့အနေနှင့် ယွင်ကလန်အား လက်စားချေလိုလျှင် သူကိုယ်တိုင် အင်အားကြီးလာသည့် တစ်နေ့အထိ စိတ်ရှည်ရှည် စောင့်ရန် လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်ပေသည်။
ဆွေးနွေးစရာ ရှိသည်များ ဆွေးနွေးပြီးသည့်နောက် အဖေနှင့်သား နှစ်ယောက်သည် ခြံဝန်းအတွင်း အေးအေးဆေးဆေး လမ်းလျှောက် ဖြစ်ကြသည်။ ယဲ့ချန်၏ သွေးကြောများ ပြန်ကောင်းလာမှုက ယဲ့ကျန့်ထျန်း၏ အိုစာနေသော မျက်နှာအား ဆယ်နှစ်စာခန့် ပြန်လည် နုပျိုသွားစေသည်။
ယဲ့ချန်လည်းပဲ သူ့ဖခင်နှင့် ထပ်တူ ပျော်ရွှင်ရ၏။ သို့နှင့် ညမှောင်ရီပျိုးစ အချိန်တွင်မှ ယဲ့ချန် ကိုယ်ပိုင်အခန်းသို့ ပြန်လာခဲ့သည်။ အခန်းရှေ့သို့ ရောက်သော အခါတွင်မှ သူ့အား စောင့်ဆိုင်းနေဟန် ရသော အဖြူရောင် ဝတ်စုံနှင့် မိန်းမငယ်လေးအား တွေ့လိုက်ရ၏။ လရောင်အောက်တွင် ဆွတ်ဆွတ်ဖြူနေသော ဝတ်စုံ၊ နက်မှောင်သော ဆံပင်ရှည်များနှင့် ပနံသင့်နေသော အလှလေးမှာ မင်သက်ဖွယ် ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိနေသည်။
သူမကား ယဲ့လော့ ဖြစ်သည်။
“အစ်ကိုယဲ့ နောက်ဆုံးတော့ ပြန်လာပြီပဲ”
ယဲ့လော့က ယဲ့ချန် တစ်ကိုယ်လုံးအား အကဲခတ်ကြည့်ပြီး ဘာအမှားအယွင်းမှ မရှိတာ သေချာမှ စိတ်သက်သာသွားဟန်နှင့် ပြောသည်။
“ဘယ်လို ဖြစ်ပြီး ဒီမှာ လာစောင့်နေတာလဲ လော့အာ”
ယဲ့လော့၏ စိုးရိမ်ပူပန်နေမှုအား သတိထားမိ၍ ယဲ့ချန်က ရယ်သံစွက်ကာ မေးမိသည်။ အတိတ်ဘဝက မိဘမဲ့ ဖြစ်ခဲ့သည်မို့ သူ့အား စိုးရိမ်ပေးသော တစ်စုံတစ်ယောက် ရှိသည် ဟူသော ခံစားချက်က ယဲ့ချန်အား ကြည်နူးစေသည်။
“ငယ်ငယ်တုန်းက သွားလေရာ တကောက်ကောက် လိုက်နေတတ်တဲ့ ကလေးမလေးက အခုတော့ ကျက်သရေရှိ လှပတဲ့ မိန်းမလှလေး ဖြစ်နေပြီပဲ”
ယဲ့ချန် တွေးမိ၏။
နီးနီးကပ်ကပ် ရပ်နေလျှင် ယဲ့လောထံမှ သင်းပျံ့သော အမွှေးနံ့လေးတစ်မျိုးက သူ့ရင်ဘတ် တစ်နေရာအား လှုပ်ရှားသွားစေသည်။
ယဲ့ချန်သည် ယဲ့လော့အား ညီမလေး တစ်ယောက်အဖြစ်သာ အမြဲတမ်း သဘောထား ခဲ့သော်လည်း အရွယ်ရောက်လာချိန်၌ သူတို့နှစ်ဦးကြားထဲ တစ်စုံတစ်ရာက ပြောင်းလဲ သွားသလိုပင်။
“ညနေက ခန်းမထဲမှာ ကလန် ခေါင်းဆောင်ရဲ့ မျက်နှာ ဖြူဖျော့သွားတာ တွေ့လိုက်တော့ လော့အာက အစ်ကိုယဲ့ တစ်ခုခု ဖြစ်တယ် ထင်လိုက်လို့...”
ယဲ့လော့က သူမစကားအား တစ်ဝက်တစ်ပျက် ရပ်ကာ ယဲ့ချန်အား ကြည့်သည်။
“အရူးလေး အစ်ကို ဘာမှမဖြစ်ပါဘူး ဒီမှာကြည့်လေ”
ယဲ့ချန်က စိတ်လိုလက်ရ ပြုံးလိုက်လျှင် ရှိရင်းစွဲ ခန့်ညား ချောမောသော မျက်နှာက ပိုမို ကြည့်ကောင်းသွားသည်။
“နောက်ကျနေပြီ အခန်းကို ပြန်တော့လေ၊ မဟုတ်လို့ ကောလဟာလတွေ ထွက်လာရင် မကောင်းဘူး”
“လော့အာကတော့ ဂရုမစိုက်ပါဘူး”
ယဲ့လော့က အခိုင်အမာ ပြောသည်။
“လော့အာ... အစ်ကို့ရဲ့ အဓိက သွေးကြောတွေ ပြန်ကောင်းသွားပြီ။ နောက်ဆိုရင် မလိုအပ်ဘဲ လော့အာကို စိတ်ပူစေမိတာမျိုး မရှိစေရတော့ဘူး”
ယဲ့ချန်က ယဲ့လော့၏ ပခုံးလေး နှစ်ဖက်အား ဆုပ်ကိုင်လျက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အ... အစ်ကိုယဲ့... တကယ် ပြောနေတာလား”
ယဲ့လော့၏ လှပသော မျက်လုံးလေးများက ပြူးကျယ် ဝိုင်းစက်သွားကာ မယုံမရဲ အတည်ပြုလာသည်။
“အစ်ကိုက ဒီလိုကိစ္စမျိုးကို ညာပါ့မလား”
ယဲ့ချန်၏ နှုတ်ခမ်းပါးများက အပြုံးတစ်ခုအဖြစ် ကွေးညွတ် သွားရသည်။ ထို့နောက် သက်သေပြသည့် အနေနှင့် သူ၏ ညာဘက် လက်ဝါးအား ဆန့်ထုတ်ကာ ထျန်းချီတချို့ ထုတ်ဖော်ပြလိုက်သည်။
“ဒါ... ဒါဆို တကယ်ပဲ..”
ရုတ်တရက် ယဲ့လော့၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
“ဒါပေမဲ့ ဒီကိစ္စကို တခြား ဘယ်သူ့ကိုမှ မပြောပြနဲ့ဦးနော် လော့အာ”
ယဲ့ချန်က သူမမျက်နှာလေးအား မေးဖျားမှ ဆွဲယူ မော့လိုက်သည်တွင် မျက်ရည် စက်များအား တွေ့လိုက်ရ၍ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
“လော့အာ ငိုနေတယ် ဘာဖြစ်လို့လဲ အစ်ကို့ကိုပြော၊ အဲဒီအစား လော့အာ ဝမ်းသာသင့်တာ မဟုတ်ဘူးလား”
“အစ်ကိုယဲ့ရဲ့ သွေးကြောတွေ ပြန်ကောင်းသွားတာက တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ် လော့အာ အရမ်း... ပျော်လို့ပါ”
ယဲ့လော့က တုန်တုန်ယင်ယင်နှင့် ထိုစကားများကို ပြောပြီးသည်နှင့် ရုတ်ခြည်း ဆိုသလို ယဲ့ချန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ငိုတော့သည်။
ရုတ်တရက် အဖက်ခံလိုက်ရသော ယဲ့ချန်မှာ ခဏတာ ကျောက်ရုပ် ဖြစ်သွားပြီးမှ သတိ ပြန်ဝင်လာသည်။ သူ၏ လက်နှစ်ဖက်က လေထဲတွင် ကို့ရိုးကားယား ရပ်တန့်နေပြီးမှ ယဲ့လော့၏ ကျောပြင်အား ခပ်ဖွဖွ ပုတ်ကာ နှစ်သိမ့်ပေးမိသည်။
အတန်ကြာတော့မှ ယဲ့လော့သည် သူမ၏ ပါးပြင်ပေါ်ရှိ မျက်ရည်စများအား သုတ်ကာ ကတိပေးလာသည်။ သူမအသံက အက်ကွဲတုန်ယင်နေသည်။
“မစိုးရိမ်ပါနဲ့ အစ်ကိုယဲ့ လော့အာ ဘယ်သူ့ကိုမှ ဒီအကြောင်း ပြန်မပြောပါဘူး”
နှစ်ဦးလုံး စိတ်တည်ငြိမ်စေရန် အချိန်ယူလိုက် ရသည်။ ငိုထားသဖြင့် နှာခေါင်းထိပ်လေးများ နီရဲကာ အသည်းယားစဖွယ် ကောင်းနေသော ယဲ့လော့ကြောင့် ယဲ့ချန်၏ နှလုံးသား တစ်နေရာ၌ တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော ခံစားချက် အသစ်တမျိုး နိုးထလာသည်။ သူက သူမ မျက်နှာလေးအား တစိမ့်စိမ့် ကြည့်ရင်း ကလေးဘဝက ယဲ့လော့ ပေါက်စလေးအား သတိရသွားကာ စနောက်လိုစိတ်များ တဖွားဖွား ပေါ်လာရ၏။
ယဲ့ချန်သည် ဆွဲဆောင်မှုရှိစွာ ခပ်တိုးတိုး ရယ်လိုက်ရင်း ယဲ့လော့၏ တင်ပါးအား တစ်ချက် ပုတ်လိုက်သည်။
“ဂရုစိုက်မှပေါ့ ကလေးမရဲ့ အစ်ကို့အင်္ကျီမှာ နှပ်ချေးတွေတောင် ပေကုန်ပြီ”
အစက ပျော်ရွှင်မှုကြောင့် ယောက်ျားနှင့် မိန်းမကြားရှိ ကန့်သတ်ချက်များအား မေ့လျော့နေသော ယဲ့လော့သည် သူမတင်ပါးရှိ အထိအတွေ့ကြောင့် အမြှီး တက်နင်းခံရသော ကြောင်မလေးကဲ့သို့ ထိတ်လန့်တကြား နောက်သို့ ခုန်ဆုတ်လိုက်မိသည်။ သူမ၏ ပါးပြင်နှစ်ဖက်မှာလည်း ရုတ်ခြည်း နီရဲလာသည်။
“အစ်ကိုယဲ့က အခုမှ သွေးကြောတွေ ပြန်ကောင်းလာကာစပဲ ရှိသေးတာ... ကောင်းကောင်းနားပါ လော့အာ ပြန်သင့်ပြီ”
“အာ.. ကောင်းပြီလေ အစ်ကို လိုက်ပို့ဖို့ လိုသေးလား”
ယဲ့ချန်သည် အစောပိုင်းက စနောက်လိုသည့် သဘောနှင့် ပြုမူ လိုက်သော်လည်း ထိတ်လန့်သွားဟန်ရသော ယဲ့လော့ကြောင့် သူ စည်းကျော် မိသွားကြောင်း သဘောပေါက်လိုက်သည်။
“လော့အာက အရင်ကလို ကလေးမလေး မဟုတ်တော့ဘူးဘဲ”
ထိုအတွေးက ယဲ့ချန်အား တစ်မျိုးတစ်မည် ဝမ်းနည်းသွားစေသည်။
“မလိုတော့ဘူး”
အလျင်အမြန် ပြန်ဖြေပြီးနောက် ယဲ့လော့၏ ပုံရိပ်က လျှပ်စီး လက်သည့်အလား ပျောက်ကွယ်သွားသည်။
ယဲ့ချန်လည်း ခေါင်းယမ်းရင်း သူ၏ ကိုယ်ပိုင် အခန်းအတွင်းသို့ ဝင်လိုက်တော့သည်။
ခပ်လှမ်းလှမ်း တနေရာတွင် ယဲ့ချန် အခန်းထဲသို့ ဝင်သွားသည်အထိ တိတ်တဆိတ် ကြည့်ရှုနေသော မိန်းကလေး တစ်ဦး ရှိနေ၏။ သူမကား အခြားမဟုတ်၊ ယဲ့လော့ပါပင်။ သူမ ပါးပြင်နှစ်ဖက်က နီရဲနေဆဲ ဖြစ်သလို နှလုံးခုန်သံများလည်း မြန်နေတုန်း ဖြစ်သည်။ မိနစ်အနည်းငယ် ကြာသည်အထိ ယဲ့ချန်၏ အခန်းဘက်သို့ ကြည့်နေမိပြီးမှ သူမက နှုတ်ခမ်းကိုက်ကာ ရေရွတ်မိ၏။
“အစ်ကိုယဲ့က.. တကယ်ကိုပါပဲ၊ ယောကျ်ားလေး တစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့ တင်ပါးကို ပုတ်ပြီး စနောက်လို့ရတယ်လို့ ဘယ်တုန်းကမှ မကြားဖူးပါဘူး”
ထို့နောက်တွင် သူမ နှုတ်ခမ်းလေးများက တွန့်ကွေးသွားကာ ကြည်ကြည်နူးနူး ရယ်သံလေးတချို့ ထွက်ပေါ်လာ၏။ သို့သော် ခဏအကြာ၌ သူမ၏ အမူအယာမှာ တစ်ဖန် မည်းမှောင် သွားရပြန်သည်။
“ယဲ့ကလန်မှာ ငါ အချိန် ဘယ်လောက်ကြာတဲ့အထိ ဆက်နေနိုင်ပါ့မလဲ”
သူမ၏ စိတ်အတွင်းမှ မေးခွန်းကား ဖြေသူ မရှိပါဘဲ အနီးနားမှ သစ်ပင်များသာ လေကြောင့် လှုပ်ယမ်းသွားသည်။
***