← Chapters

ငါက မိုးနတ်မင်း

Vol. 114 Ch. 1586

ငါက မိုးနတ်မင်း

Vol. 114 Ch. 1586

ကျင့်ကြံခြင်းအခြေခံတိုးတက်လာသည်နှင့်အမျှ မန်ဟို၏နတ်ဘုရားအာရုံလည်း အံ့ခမန်းလိလိ တိုးတက်ကာ နှစ်ဆတိုးသွား၏။ ထို့နောက် သုံးဆ၊ လေးဆ... ဆက်လက်တိုးတက်နေဆဲပင်။

မန်ဟို၏အပြင်အားကိုယ်သည် အရင်ကတည်းက အမြင့်ဆုံးအဆင့်အထိ ရောက်နေခဲ့ပြီဖြစ်သော်လည်း ယခုတွင် လောကပါလနတ်မင်း၏အဆီအနှစ်ကို စုပ်ယူစားသုံးလိုက်သည့်အခါ အပြင်အားကိုယ်ကား အတားအဆီးများကို ချိုးဖျက်၍ ပို၍ပင် သန်မာလာတော့၏။

သူ့ဝိညာဉ်လည်း အလားတူစွာပဲ တစ်ခါမှမမြင်ဖူးသောအတိုင်းအတာအထိ အဆင့်မြင့်တက်နေသည်။

မန်ဟိုက ခေါင်းနောက်လှန်ကာ အားမာန်အပြည့်ဖြင့် ဟစ်ကြွေးလိုက်သည်။ လောကပါလနတ်မင်း၏ကိုယ်ပွားကို ဝါးမြိုခြင်းမှတစ်ဆင့် တိုးတက်မှုများကြုံတွေ့နေရသည်ကို ခံစားနေရသည့်အတွက် သူ့မျက်လုံးများသည် နီရဲနေပြီး သူ့အသက်ရှူသံများလည်း မြန်နေသည်။ ဖြေးဖြေးမှန်မှန် သူကား ဘိုးဘေးနယ်ပယ်ထဲသို့ အပြည့်အဝ ဝင်ရောက်နေချေပြီ။

မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏ အရှင်သခင်၊ လောကပါလနတ်မင်းကို ဝါးမြိုနေခြင်းဖြစ်၏။

မန်ဟို့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာနေစဉ် သွေးပင်လယ်လည်း အင်မော်တယ်တောင်၏အစအနများကို စားသုံးလျက် ပြန့်ကားနေသည်။

မန်ဟိုနှင့်ဆန့်ကျင်ဘက်တွင်တော့ လောကပါလနတ်မင်း၏ကိုယ်ပွားမှာ အစားခံနေရသော ခံစားချက်ကြောင့် အသံနက်ကြီးဖြင် အော်ဟစ်နေတော့သည်။ ယခုကဲ့သို့ တစ်ခါမှမခံစားခဲ့ဖူး၍ သူ့မှာ တဆတ်ဆတ် တုန်နေလေသည်။ အာကာပြင်ကျယ်စကြဝဠာ၏အတွင်းထဲတွင် သူ့အတွက် ထွက်ပြေးစရာနည်းလမ်းမရှိကြောင်း သူ သေချာသိသည်။ ကိုယ်အစစ်က အာကာပြင်ကျယ်စကြဝဠာ၏ အပြင်တွင် ရှိနေသည်ဖြစ်ရာ၊ အတွင်း၌ ကိုယ်ပွားအတွက် ထွက်ပြေးစရာမြေမရှိသည်သာ...

ဤတိုက်ပွဲမစခင်တုန်းက ကိုယ်ပွားသည် မန်ဟိုမည်မျှအစွမ်းထက်ကြောင်း ခန့်မှန်းတွက်ချက်နိုင်ခဲ့သော်လည်း ယခုလို သူ၏အနိုင်ယူခြင်းခံရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ မန္တန်ခြောက်ခုပေါင်းစု၏ တိုက်ကွက်ကျေးဇူးကြောင့် သူ့မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်တော့ပေ။

လောကပါလနတ်မင်း၏ကိုယ်ပွားသည် သူ၏အသက်အန္တရာယ်စိုးရိမ်ရသည်ကို သိ၏။ အင်မော်တယ်တောင်၏အစအနများအား မန်ဟို လျင်မြန်စွာ ဝါးမြိုနေသည်ကို ကြည့်ရင်း သူက ခေါင်းနောက်လှန်ကာ အော်ဟစ်သည်။ “ငါက လောကပါလနတ်မင်း၊ ငါက ကြယ်တာရာကောင်းကင်ရဲ့ အရှင်သခင်”

ထိုအခိုက်အတန့်တွင် သူက ထွက်ပြေးဖို့ ကြိုးစားနေသည်ကို ရပ်သည်။ မျက်လုံးများသွေးချင်းနီနေလျက် သူသည် လက်နှစ်ဖက်လုံးအား သူ၏ရင်ဘတ်ထဲသို့ ထိုးစိုက်ကာ ရင်ဘတ်အား ဆွဲဖြဲလိုက်သည်။

ရင်ဘတ်ပွင့်သွားသည့်အခါ အဆုံးမဲ့အာကာပြင်ကျယ်မြူများက ထူးဆန်းသောစွမ်းအားဖြင့် တဖွေးဖွေးလှုပ်လျက် စီးမျောလာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထိုမြူအတွင်း၌ ... ရှိနေသည်ကား .....

တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း။

“သတ္တမလောကပါလအသွင်၊ တောင်ပင်လယ်တွေ မိစ္ဆာဖြစ်လာစေ” ‌လောကပါလနတ်မင်း၏စူးစူးဝါးဝါး အော်သံ ပဲ့တင်ထပ်နေစဉ် သူ၏ခန္ဓာကိုယ်မှာ မှေးမှိန်စပြုလာသည်။ သူ၏အသက်ဓာတ်၊ သူ၏စိတ်ဆန္ဒ၊ သူ၏အတွေးအားလုံး အတူတကွ ပေါင်းစည်းသွားသည်။ ထိုအရာအားလုံးသည် တောင်ပင်လယ်အသွင်ထဲသို့ စီးဆင်းဝင်ရောက်နေ၏။

ဂျလိန်းးးးးးးးး

လောကပါလနတ်မင်းသည် တောင်ပင်လယ်လောကအသွင်ဖြင့် ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေချေပြီ။

တောင်ပင်လယ်လောက,က တည်ရှိနေသေးသည့်အတွက် ... လောကပါလနတ်မင်း ၎င်းအသွင်ပြောင်းလဲလိုက်သည့်အချက်က ... သူသည် လောကအစစ်နှင့် ဆက်သွယ်နေသည်ဟု ဆိုလို၏။ လောကပါလနတ်မင်း ထိခိုက်လျှင် တောင်ပင်လယ်လောကအစစ်အပေါ်လည်း သက်ရောက်မှုရှိမည်။

ဤအခိုက်အတန့်တွင် သွေးပင်လယ်အသွင်ဖြင့် မန်ဟိုက အင်မော်တယ်တောင်မှ နောက်ဆုံးအစအနများကို စုပ်ယူခဲ့ပြီးပြီဖြစ်သည့်အပြင် သူ၏ကျင့်ကြံခြင်းအခြေခံလည်း တိုးတက်နေခြင်းပြီးဆုံးသွား၏။ ထို့နောက် သွေးပင်လယ်က လူပုံစံသွေးခဲကြီးအဖြစ် ကျုံ့သွားသည်။ နောက်ဆုံးတော့ မန်ဟို့မျက်နှာပေါ်လာသည်။

သူက ထိုနေရာ၌ ပျံဝဲနေစဉ် သူ၏စိတ်ဆန္ဒကို လောကပါလနတ်မင်း၏စိတ်ဆန္ဒအား အစားထိုးရန် ဖြန့်ကျက်လိုက်သဖြင့် သူ၏ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်မှာ တဝုန်းဝုန်း တုန်ခါလာတော့သည်။

“သတ္တမအသွင်၊ တောင်ပင်လယ်အသွင်....” မန်ဟို့မျက်လုံးများသည် လောကပါလနတ်မင်း၏ အရှေ့အသွင်လေးမျိုးကို စဉ်းစားရင်း သွေးရောင်တောက်နေ၏။ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမအသွင်တို့သည် တစ္ဆေ၊ နတ်ဆိုး၊ နတ်ဘုရားနှင့် အင်မော်တယ်တို့၏အသွင် ဖြစ်ခဲ့သည်။ ထို့ကြောင့် သတ္တမအသွင်က မိစ္ဆာအသွင်ဖြစ်နေသည်မှာ အံ့ဩစရာမရှိပေ။

သို့သော် မိစ္ဆာအသွင်သည် ပြည့်စုံမှုမရှိ။

ကြီးမားကျယ်ပြောသော ပင်လယ်ကိုးစင်းနှင့် မိုးထိုးနေသော တောင်ကိုးလုံးနှင့် လောကပါလတောင်ပင်လယ်အသွင်က ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်လျက် မန်ဟို့ဆီ ပြေးဝင်လာသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။

ပင်လယ်ကိုးစင်းက မန်ဟို့ကို‌ ချေမှုန်းရန် ပူးပေါင်းကြသည်။ တောင်ကိုးလုံးက သူ့ကို ဖိသတ်ဖို့ တစ်သားတည်းပေါင်းစည်းသည်။ မန်ဟိုသည် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းအား မျက်နှာမူ၍ လက်ဝှေ့ယမ်းကာ အေးစက်စက် ပြော၏။ “မိစ္ဆာချုပ်နှောင်ခြင်း၊ သတ္တမမန္တန်၊ ကံကြွေးမန္တန်”

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း မရေမတွက်နိုင်သော ကံကြွေးမျှင်များသည် လောကပါလတောင်ပင်လယ်အသွင်အပေါ်၌ ပေါ်လာ၏။

များပြားလွန်းသည့်အတွက် မြင်လိုက်ရသည့်မည်သူမဆို အံ့ဩမှင်သက်သွားလိမ့်မည်။

အခြားတစ်ဖက်တွင် မန်ဟိုကတော့ အံ့အားသင့်ပုံမရ။ သူသည် မျက်လုံးများတောက်ပနေလျက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် လာနေသောတောင်များအား လက်ညှိုးထိုး၏။

“တောင်တွေရဲ့ ကံကြွေးကို ချိတ်ပိတ်လော့” သူ့စကားလုံးများတွင် မှော်အစွမ်းတို့ ပြည့်သျှံနေသည်။

သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ကံကြွေးကို ဖြတ်တောက်နိုင်သော ဧရာမဓားကြီးတစ်လက်အား ဖန်ဆင်း၏။ ထိုဓားက တောင်ပင်လယ်များထံ ပိုင်းချသည်။ တောင်များကို ပိုင်းဖြတ်ရန်တော့မဟုတ်၊ တောင်ပင်လယ်လောကအစစ်နှင့် ဆက်နေသော ကံကြွေးကို ဖြတ်တောက်ရန်ပင်။

ဝုန်းးးးးးးးးးးးးးး

ဓားက လင်းခနဲ လက်သွားပြီး ကံကြွေးပြတ်တောက်သွားသည်။

တောင်ကိုးလုံးသည် တသိမ့်သိမ့်တုန်လာပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေလာ၏။ လောကပါလနတ်မင်းမှာ အဖြစ်အပျက်ကို လက်မခံနိုင်သဖြင့် ဒေါသတကြီးအော်ဟစ်သော်လည်း တတ်နိုင်သည့်အရာမရှိပေ။

“ပင်လယ်တွေရဲ့ကံကြွေးကို ချိတ်ပိတ်လော့” မန်ဟို့လက်နှစ်ဖက်က လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက်ကို ဖျတ်ဖျတ်လတ်လတ် ဖော်ပြီးနောက် လက်ချောင်းအား ဝှေ့ယမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ပင်လယ်ကိုးစင်းထံ ဖြစ်၏။ ပင်လယ်ကိုးစင်းမှာ တုန်ရီစပြုလာသော်လည်း မည်မျှပြန်တိုက်ခိုက်ချင်စေကာမူ၊ ၎င်းတို့မျက်နှာထက်၌ လှိုင်းကြွက်ခွပ်လေးပင် ထမသွားနိုင်ပေ။ ၎င်းတို့သည် အောက်ဆုံးအထိ ချိုးနှိမ်ဖိနှိပ်ခံထားရ၏။

၎င်းတို့နှင့် တောင်ပင်လယ်လောကအစစ်၏ ဆက်သွယ်မှုမှာ လုံးဝဖြတ်တောက်ခံလိုက်ရပြီမဟုတ်ပါလော။

“မလုပ်နဲ့” လောကပါလနတ်မင်းကိုယ်ပွား၏ အော်သံသည် သက်ရှိသတ္တဝါတိုင်း၏နှလုံးသားထဲ၌ ပဲ့တင်ထပ်သွား၏။ သူ့မှာ ပြန်တိုက်ခိုက်ချင်နေသည်၊ ရုန်းကန်ချင်သည်၊ တွန်းလှန်ချင်သည်၊ သူ၏သတ္တမအသွင်က ဤမျှအလွယ်တကူ အနိုင်ခံရလိမ့်မည်ဟု သူ မယုံနိုင်ပေ။

ထိုသတ္တမအသွင်သည် မပြည့်စုံကောင်း မပြည့်စုံလိမ့်မည်၊ သူ့ကိုယ်ပွားမှ ထုတ်လွှတ်ခဲ့သောအရာသာ ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် မယုံနိုင်လောက်အောင် အင်အားကြီးမားသေးလေသည်။ မန်ဟိုက လက်ကလေးလှန်သလို ထိုသတ္တမအသွင်အား အနိုင်ယူလိုက်လိမ့်မည်ဟု သူ မည်ကဲ့သို့ထင်ထားမည်နည်း။

သူ၏ခါးခါးသီးသီးအော်သံကြီး ဟိန်းထွက်နေစဉ် တောင်ပင်လယ်များ ပြိုကွဲသွားသည်။ သူ၏လူအသွင်သည် ပြန်ပေါ်လာ၏။ ယင်းက မန်ဟို စောင့်နေခဲ့သော အခိုက်အတန့်ပင်။

“မင်းနဲ့ အာကာပြင်ကျယ်စကြဝဠာရဲ့ကြယ်တာရာကောင်းကင်နဲ့ ဆက်သွယ်နေတဲ့ ကံကြွေးတွေကို ဖြတ်တောက်တယ်” သူက ဆောင်းညဉ့်ယံကဲ့သို့ အေးစက်နေသောမျက်လုံးများဖြင့် ပြောသည်။ “အခုကစပြီး မင်းရဲ့ကိုယ်အစစ်ဟာ အာကာပြင်ကျယ်စကြဝဠာရဲ့အပြင်မှာပဲ နေရမယ်။ အထဲကို ခြေလှမ်းလေးတစ်ဝက်တောင် မဝင်ရဘူး။ မင်းရဲ့ခန္ဓာရော၊ ဝိညာဉ်ရော ဝင်ပိုင်ခွင့်မရှိဘူး။ အခုကစပြီး ငါ့စိတ်ဆန္ဒက မင်းရဲ့စိတ်ဆန္ဒကို အစားထိုးနေရာယူသွားခဲ့ပြီ”

မန်ဟိုသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ ကံကြွေးမန္တန်၏ အမြင့်ဆုံးစွမ်းအားကို ဆင့်ခေါ်ပြီးနောက် လက်အား တွန်းထုတ်လိုက်၏။

ထိုလှုပ်ရှားမှုက တောင်ပင်လယ်များအား စိစိညက်ညက် ကြေသွားစေသည်။ တစ်ချိန်တည်းမှာပင် ဓားသွားက ‌လောကပါလနတ်မင်း၏ကိုယ်ပွားကို ပိုင်းချလိုက်သည်။ လောကပါလနတ်မင်းကိုယ်ပွား၏ခန္ဓာကိုယ်မှာ ဖျက်စီးသွားသည်သာမက သူနှင့် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်နှင့် ပတ်သက်မှုလည်း လုံးဝဖြတ်တောက်ခံလိုက်ရတော့သည်။

ထိုအချိန်တွင် .... သက်ရှိသတ္တဝါအားလုံး ... မိုးကောင်းကင်များ ပြောင်းလဲတော့မည်ကို ခံစားလိုက်ကြရ၏။

“လောကပါလနတ်မင်းရဲ့ကိုယ်ပွား ရှုံးနိမ့်သွားခဲ့ပြီ။ ဒါကြောင့် အခုကစပြီး အာကာပြင်ကျယ်စကြဝဠာအတွင်းမှာ ငါ မန်ဟိုက မိုးနတ်မင်းပဲ” မန်ဟိုသည် အင်္ကျီလက်စခါကာ တန်ခိုးလှိုင်းတစ်လှိုင်းအား လိမ့်ထွက်သွားစေ၏။ ၎င်းက မန်ဟို့ထံမှ စွမ်းအားမဟုတ်၊ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အစစ်မှ စွမ်းအားပင်။

ထိုကဲ့သို့စွမ်းအားသည် မန်ဟို၏တန်ခိုးရှင်စွမ်းအားနှင့် ကွဲပြား၏။ သို့သော် လောကပါလနတ်မင်းကိုယ်ပွား၏မျက်နှာပေါ်ရှိ ကြောက်လန့်နေသောအမူအရာအရ ထိုစွမ်းအားမျိုးက တော်ရုံမဟုတ်ကြောင်း သိသာပေသည်။

ဤအခိုက်အတန့်၌ တုန်ရီပြိုကွဲနေသော လောကပါလနတ်မင်း၏ကိုယ်ပွားသည် မန်ဟို့ကို လှမ်းကြည့်ပြီးနောက် ခေါင်းနောက်လှန်ကာ ဟားတိုက်ရယ်တော့၏။

All Chapters