← Chapters

ထျန်းချီသမုဒ္ဒရာ

Vol. 1 Ch. 7

ထျန်းချီသမုဒ္ဒရာ

Vol. 1 Ch. 7

ယဲ့ချန် အခန်းအတွင်းသို့ ပြန်ရောက်သည့် အချိန်တွင် သူ့ခန္ဓာကိုယ်မှာ နောက်တစ်ဆင့်သို့ တက်ရန် အသင့်ဖြစ်နေကြောင်း သိလိုက်ရသည်။ အနည်းငယ် အံ့ဩ သွားသော်လည်း အချိန်မဆွဲဝံ့ဘဲ အိပ်ရာပေါ်တွင် ထိုင်လိုက်ကာ မိုးကြိုးအင်ပါယာ ကျင့်စဉ်တွင် ဖော်ပြထားသည့် အတိုင်း ထျန်းချီများကို လှည့်ပတ်လိုက်သည်။

အဓိကသွေးကြောများ မပျက်စီးခင်က ထျန်းချီအဆင့်၆ ထိပ်ဆုံးသို့တိုင် ရောက်ရှိဖူးသဖြင့် ယခု ပြန်လည် စတင်ရာတွင်လည်း အခက်အခဲ သိပ်မရှိပေ။

ထို့နောက် ယဲ့ချန်သည် သူ့အသိစိတ် အတွင်းရှိ ဓားအား နှိုးဆွလိုက်ရာ အလွန်သန့်စင် များပြားသော ထျန်းချီလှိုင်းများက ဓားထံမှ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ် အနှံ့အပြားသို့ စီးဆင်း သွားကြသည်။

ဓားအတွင်းရှိ ထျန်းချီများသည် ပမာဏအားဖြင့် အဆုံးမရှိ များပြားသည်သာ မက မည်သည့်ထျန်းချီ အမျိုးအစားထက်မဆို ပိုမို သန့်စင်ပေသည်။ သန့်စင်လွန်း၍ ယဲ့ချန်သည် ထိုထျန်းချီများထဲမှ ဆယ်ပုံတစ်ပုံကိုသာ တန့်ထျန်ထဲသို့ ထိထိရောက်ရောက် စုပ်ယူနိုင်သည်။ ကျန်ရှိသော ထျန်းချီ ကိုးပုံမှာမူ လေထုအတွင်းသို့ အငွေ့ပျံ သွားကြသည်။

“ဒါက တကယ်ကို ဖြုန်းတီးတာပဲ”

ယဲ့ချန် ဝမ်းနည်းပက်လက် တွေးမိသည်။

ရုတ်တရက် ထူးဆန်းသောကမ္ဘာ အတွင်းရှိ ထျန်းချီ သမုဒ္ဒရာကြီးအား သူ ပြန်မြင်ယောင်မိသည်။ ထိုထူးဆန်းသော ကမ္ဘာသည် အမှန်တကယ်ပင် ဓားအတွင်း၌ ရှိနေခြင်း ဆိုပါက ထျန်းချီပမာဏ အနည်းငယ် ဖြုန်းတီးမိသည်က ပြဿနာ မဟုတ်ပေ။ ထျန်းချီ သမုဒ္ဒရာကြီးသည် အဆုံးမရှိ ရှည်လျား ကျယ်ပြောလှရာ သုံးမကုန်မည်ကိုပင် စိုးရ၏။

လက်ရှိတွင် အရေးကြီးဆုံး စိုးရိမ်စရာ အချက်မှာ ထျန်းချီများ ဖြုန်းတီးမိခြင်းထက် အချိန် ဖြုန်းတီးမိခြင်း ဖြစ်သည်။ သိသာစွာပင် ယွင်ကလန်သည် ယဲ့ကလန်အား ပစ်မှတ် ထားနေသည်။ ယဲ့ချန်အနေနှင့် အလျင်မြန်ဆုံး စွမ်းရည် တိုးမြှင့်နိုင်မှသာ သူ့ကိုယ်သူ အပါအဝင် သူချစ်ရသူများအား ကာကွယ်နိုင်မည် ဖြစ်သည်။

ယဲ့ချန်က ထျန်းချီ လှည့်ပတ်ခြင်းတွင်သာ အာရုံ စိုက်ထားသောကြောင့် မကြာမီအတွင်း ထူးဆန်းသော စိတ်အခြေအနေ တစ်ခုသို့ ရောက်ရှိသွားသည်။ ထူးဆန်း ရှေးကျသော အသံတစ်ခုက အဝေးမှ လွင့်ပျံ့လာပြီး ကြယ်တာရာ ဘုံကိုးလွှာ၏ လျှို့ဝှက်ချက်များအား ယဲ့ချန်ထံ လွှဲပြောင်း ပေးနေသည်။ ထိုလျှို့ဝှက်ချက်များကို ဆင်ခြင်သုံးသပ်ရင်း ကြယ်တာရာ ဘုံကိုးလွှာအပေါ် သူ၏ နားလည်မှုမှာလည်း ကွဲပြားသော အဆင့်တစ်ခုသို့ တိုးတက်သွားသည်။

ကြယ်တာရာ ဘုံကိုးလွှာတွင် ကဏ္ဍကိုးခု ပါဝင်ပြီး မိုးကြိုးကဏ္ဍကလည်း ထိုထဲမှ တစ်ခု ဖြစ်သည်။ ကဏ္ဍကိုးခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ် နေသယောင် ထင်ရပြီး တစ်ချိန်တည်းမှာပဲ တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေပြန်၏။ ထို့ကြောင့် ကြယ်တာရာ ဘုံကိုးလွှာအား ထိန်းချုပ်ရန် အမှန်ကန်ဆုံးသော နည်းလမ်းမှာ ကဏ္ဍကိုးခုအား တစ်ပြိုင်နက် လေ့ကျင့်ခြင်း ဖြစ်သည်။ လေ့ကျင့်မှုတွင် လိုအပ်သော အထောက်အပံ့ ပစ္စည်းများကြောင့် ကဏ္ဍကိုးခုအား တစ်ပြိုင်နက် လေ့ကျင့်ရန် ခက်ခဲနိုင်သော်လည်း အောင်မြင် လာသည့်အခါ ရရှိမည့် အသီးအပွင့်ကတော့ မိုးအောင် မြေပြင်တခွင် ပြိုင်ဘက်ကင်း ပေသည်။

ကြယ်တာရာ ဘုံကိုးလွှာသည် အလွန် အဆင့်မြင့်သည့် အထူး ချီလေ့ကျင့်နည်း တစ်ခု ဖြစ်သည်။ ထို့ပြင် သိုင်းပညာရပ်တိုင်း၏ အခြေခံ ယူဆချက် တချို့နှင့် ဆက်စပ်နေသည်။ သိုင်းပညာရပ်များက တန်ဖိုးကြီး လက်ဝတ်ရတနာများ ဖြစ်သည် ဆိုပါလျှင် ကြယ်တာရာ ဘုံကိုးလွှာကား ထိုလက်ဝတ် ရတနာများ အားလုံးတွင် ဘုံပါနေသည့် တစ်ပင်တိုင် စိန်ပွင့်တစ်ပွင့် ဖြစ်ပေလိမ့်မည်။

ယဲ့ချန်သည် ကြယ်တာရာ ဘုံကိုးလွှာ၏ ခမ်းနား ကြီးကျယ်မှုကြောင့် အံ့ဩ မှင်သက်သွားမိသည်။ ဤလောက၌ သိုင်းပညာရပ် ပေါင်းများစွာ၏ သုတပေါင်းချုပ် ကျင့်စဉ်တစ်ခု တည်ရှိနေခြင်းက မယုံနိုင်ဖွယ်ရာပင်။ ယဲ့ချန် သိုင်းပညာအား စတင် လေ့ကျင့်ချိန်က သူ့သိုင်းနည်းပြဆရာ ပြောခဲ့သော စကားအား ပြန်ကြားယောင်မိသည်။ စွမ်းအင် ကျင့်စဉ်များနှင့် သိုင်းပညာ ကျင့်စဉ်များသည် တစ်ခုနှင့်တစ်ခု ထောက်ပံ့နေကြပြီး ပေါင်းစပ် အသုံးပြုခြင်း အားဖြင့် ပိုမို အစွမ်းထက်နိုင်သည်။ ဥပမာ ပြောရလျှင် ယဲ့မိသားစု၏ မိုးကြိုးလက်ဝါး အတွင်းအား ကျင့်စဉ်နှင့် အခြေခံ သိုင်း၁၆ကွက်သည် တစ်ခုနှင့်တစ်ခု ထောက်ပံ့ပေးနိုင်ပြီး ပေါင်းစပ် အသုံးပြုပါက ပိုမို အစွမ်းထက်ပေသည်။

ကျော်ကြားသော သိုင်းပညာ မိသားစုများဆိုလျှင် ၎င်းတို့၏ မိသားစုစွမ်းအင် ကျင့်စဉ်နှင့် လိုက်ဖက်အောင် သီးသန့် ဖန်တီးထားသော သိုင်းပညာရပ်များ ရှိကြသည်။ ထို့ကြောင့် သိုင်းပညာရပ်များကို အပြင်လူ တစ်ယောက်က ခိုးယူ လေ့ကျင့်လျှင်ပင် လူလယ်ခေါင်၌ ထုတ်သုံးဖို့ မဖြစ်နိုင်ပါ။

သင့်လျော်သော စွမ်းအင်ကျင့်စဉ် မရှိလျှင် သိုင်းပညာ ကျင့်စဉ်သည်လည်း ထင်သလောက် အစွမ်းထက်မည် မဟုတ်ပေ။ ကြယ်တာရာ ဘုံကိုးလွှာ ကျင့်စဉ်ကတော့ ခြွင်းချက် ဖြစ်သည်။ ၎င်းတွင် သိုင်းပညာရပ်တိုင်း၏ အခြေခံ သဘောတရားများ ပါဝင်လေရာ မည်သည့် သိုင်းပညာ ကျင့်စဉ်ကို ယဲ့ချန် လေ့ကျင့်ပါစေ ကြယ်တာရာ ဘုံကိုးလွှာနှင့် သင့်လျော်နေမည် ဖြစ်သည်။ သိုင်းပညာ ကျင့်စဉ်များ၏ အစွမ်းပင် တိုးပွါးသွားပေဦးမည်။ ထိုသဘောတရားက ယဲ့ချန်၏ ကျင့်ကြံခြင်း လမ်းစဉ်အပေါ် နားလည်မှုများကို လုံးလုံးလျားလျား ပြောင်းလဲ ပစ်လိုက်သလို ရှိ၏။

ကြယ်တာရာ ဘုံကိုးလွှာသည် စွမ်းအင်ကျင့်စဉ်များ အကြား လုံးဝ မယှဉ်သာသည့် ပြိုင်ဘက်ကင်း ကျင့်စဉ်တစ်ခု ဖြစ်သည်။ သို့သော် ကဏ္ဍကိုးမျိုးကို တပြိုင်နက် ပေါင်းစပ် လေ့ကျင့်ရမည်ဖြစ်ရာ သာမန် စွမ်းအင် ကျင့်စဉ်များအား ကျင့်ကြံခြင်းထက် ပို၍ ခက်ခဲနိုင်သည်။

အစပိုင်းတွင် ယဲ့ချန်သည် မိုးကြိုးအင်ပါယာ ကျင့်စဉ် တစ်မျိုးတည်းကိုသာ လေ့ကျင့်ရန် တွေးထားသော်လည်း အသေအချာ သုံးသပ်ပြီးနောက် ကဏ္ဍ ကိုးမျိုးလုံးအား တစ်ပြိုင်နက် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်က သူ၏ ကျင့်ကြံခြင်း လမ်းစဉ်အား အဆ ပေါင်းများစွာ ပိုမို ခက်ခဲသွားစေမည်ကို ယဲ့ချန် နားလည်သည်။ သို့သော်လည်း သူယုံကြည်ထားသည်မှာ လုံလောက်သော ကြိုးစားအားထုတ်မှုသာ ရှိပါက မည်သည့် အနှောင့်အယှက် အခက်အခဲများကိုမဆို ကျော်ဖြတ် နိုင်လိမ့်မည် ဟူ၍။

“ဒါပေမဲ့ အစမှာတော့ ငါနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ မိုးကြိုး အင်ပါယာကျင့်စဉ်နဲ့ပဲ စတင်ရမယ်”

ယဲ့ချန်က စိတ်အာရုံ အလုံးစုံအား မိုးကြိုး အင်ပါယာ ကျင့်စဉ်၏ စကားလုံး တစ်လုံးချင်းစီ၌ စူးစိုက် သုံးသပ်လိုက်သည်။ ခန္ဓကိုယ် အတွင်းရှိ ထျန်းချီများက အလိုက်သင့် လည်ပတ်လာသည်။ ယဲ့ချန်၏ တန့်ထျန်အတွင်းရှိ ထျန်းချီအဆင့်၃ နှင့် ၄အကြား ကာရံထားသော အလွှာပါးလေးက ထျန်းချီ လှိုင်းလုံး ကြီးများကြောင့် ကျိုးပျက်တော့မလို ဖြစ်လာသည်။ ထို့နောက် ခပ်တိုးတိုး ကွဲအက်သံ တစ်ခုနှင့် ထျန်းချီအဆင့်၄သို့ ချိုးဖျက် ဝင်ရောက် သွားတော့သည်။

အဆင့်သစ် တက်သွားခြင်းနှင့် အတူ ယဲ့ချန်၏ ထျန်းချီများမှာ သိသိသာသာကို သိပ်သည်း သန့်စင်လာသည်။

“ထျန်းချီအဆင့်၄”

ခန္ဓကိုယ်ထဲတွင် ထျန်းချီများ သိပ်သည်း ပြည့်ဝနေသော ခံစားချက်အား မခံစားခဲ့ရသည်မှာ သုံးနှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ လက်ရှိ ယဲ့ချန် ခံစားနေရသော ပျော်ရွှင်မှုကား စကားလုံးများနှင့် ဖော်ပြနိုင်စွမ်း ရှိမည်မဟုတ်။ အကယ်၍ ဤနှုန်းထားအတိုင်းသာ ဆက်တိုးတက် သွားပါက လွန်ခဲ့သော သုံးနှစ်က ကျင့်ကြံဆင့် ဖြစ်သည့် ထျန်းချီအဆင့်၆ ထိပ်ဆုံးအဆင့်သို့ ပြန်ရောက်ရန် အချိန်အများကြီး မပေးရလောက်ပေ။

ယဲ့ချန် မျက်လုံးမှိတ်ကာ ဆက်လက် လေ့ကျင့်လိုက်သည်။ သုံးနှစ်အတွင်း ခံစားခဲ့ရသော အနိုင်ကျင့်၊ စော်ကားမှုများက လေလို ဖုန်မှုန့်လိုပင်။ သူ့နှလုံးသားအား မညစ်နွမ်းစေတော့။

ထျန်းချီအဆင့်၄သို့ ရောက်ပြီးသည့် နောက်ပိုင်း ယဲ့ချန်၏ တိုးတက်နှုန်းက မူလကလောက် မမြန်တော့ပေ။ သို့သော် ကောင်းမွန်စွာ တိုးတက်နေဆဲ။ နေ့တိုင်းနေ့တိုင်း လူငယ်လေးသည် အပါးခိုခြင်း မရှိဘဲ အချိန်မှန် လေ့ကျင့်လျက် ရှိသည်။ ပူပြင်းလှသည့် နေ့လည်ခင်း တစ်ခုတွင် ဖြစ်သည်။

ဒေါင် ဒေါင် ဒေါင် …

အချက်ပေး မောင်းသံကြောင့် ယဲ့ချန်၏ မျက်လုံးများ ပွင့်လာသည်။ ထိုမောင်းသံက ယဲ့ကလန်၏ မိသားစု အစည်းအဝေးအား အချက်ပေးခြင်း ဖြစ်ကာ ကလန်သား အားလုံး လေ့ကျင့်ရေး ကွင်းပြင်တွင် စုစည်းကြရသည်။

ယဲ့ချန်လည်း မတ်တတ် ရပ်လိုက်ပြီး အဝတ်အစားများအား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်လိုက်ကာ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။

လေ့ကျင့်ရေး ကွင်းပြင်တွင် ထောင်ဂဏန်းရှိသည့် ယဲ့ကလန်သား အားလုံး ညီညီညာညာ စီတန်း ရပ်နေကြသည်။ ကွင်းပြင်၏ အရှေ့ ကွက်လပ်တွင်မူ ယဲ့ကျန့်ထျန်း အပါအဝင် အခြား အကြီးအကဲများ အတွက် ထိုင်ခုံများ ခင်းကျင်းထားသည်။ ထိုင်ခုံများ၏ ဘယ်ဘက်ခြမ်း၌ ယဲ့ကလန်၏ တိုက်ရိုက်မျိုးဆက် မိသားစုဝင်များ ရပ်နေကြသည်။ ထိုအထဲတွင် အသက်၁၈နှစ်မှ ၄၀အထိ ပါဝင်ပြီး အနည်းဆုံး ထျန်းချီအဆင့်၅နှင့် အထက် ကျင့်ကြံဆင့်များ ရှိကြသည်။ ညာဘက်ခြမ်း၌ ခန့်မှန်းခြေ လူ၂၀၀မှ ၃၀၀အထိရှိသော ယဲ့ကလန်၏ လူငယ် မျိုးဆက်များ ရပ်နေကြသည်။ ထိုအထဲတွင် အသက် ၁၈နှင့်အောက် လူငယ်များ ပါဝင်ပြီး အားလုံးက ကျင့်ကြံနိုင်ကြသူများ ဖြစ်သည်။ အလယ်တွင်မူ သိုင်းပညာ မကျင့်ကြံနိုင်သော ယဲ့ကလန်သားများ သို့မဟုတ် သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ စီတန်း ရပ်နေကြသည်။

ယဲ့ချန်က ညာဘက်ခြမ်းရှိ လူများအား ကြည့်လိုက်သည်တွင် ယဲ့လော့ တစ်ဦးတည်းကိုသာ မြင်သည်။ သူမက ယနေ့တွင် သန့်စင်သော အဖြူရောင်ပိုးသား ဝတ်စုံကို ဆင်မြန်းထားပြီး သုံးလောကရှိ အညစ်အကြေးများ လုံးဝ မစွန်းထင်းနိုင်သည့် အထက်ဘုံမှ နတ်သမီး တစ်ဦးနှယ် ထင်မှတ်ရသည်။ သူ့အကြည့်အား ခံစားမိ၍ ထင်သည်၊ ယဲ့လော့ကလည်း လှည့်ကြည့် လာသည်။ ယဲ့ချန်အား မြင်လိုက်သည်တွင် တည်တင်းတင်း ဖြစ်နေသော သူမမျက်နှာလေးက အလွန် လှပစွာ ပြုံးရွှင်သွားသည်။ ထိုအပြုံးက ယဲ့ချန် တစ်ဦးတည်း အတွက်သာ ဖြစ်ကြောင်း သတိထား မိသွားသည့်အခါ ညာဘက်ခြမ်းတွင် ရပ်နေကြသော လူငယ်အများစုက မနာလိုစိတ်ကြောင့် မသက်မသာ ခံစား လိုက်ကြရသည်။

ယဲ့လော့နှင့် မလှမ်းမကမ်းတွင် ယဲ့ရွှမ် ရပ်နေသည်။ ယဲ့ရွှမ်ကလည်း ယဲ့ချန်အား ခေါင်းညိတ်ပြကာ နှုတ်ဆက်ရင်း လှိုက်လှိုက်လှဲလှဲ ပြုံးပြလာသည်။ ထိုအပြုံးအား မြင်လျှင် ဤဝမ်းကွဲ ညီမသည် သူ့အပေါ်  စိတ်ရင်းနှင့် ရင်းနှီးစွာ ဆက်ဆံခြင်း ဖြစ်ကြောင်း ယဲ့ချန် ခံစားရ၏။

ယဲ့ချန် တွေးမိသည်။

“ဒီတစ်ခေါက် မိသားစု အစည်းအဝေးက ဘာအကြောင်းအရာကို ဆွေးနွေးမှာများလဲ”

ယဲ့ခုံးယန်၏ မျက်လုံးများက ယဲ့ရွှမ် ကြည့်နေရာသို့ လိုက်ပါသွားပြီး ယဲ့ချန်အား မြင်သည်တွင် သူ့မျက်နှာက ရှုံမဲ့သွားရသည်။ နှစ်စဉ်နှစ်တိုင်း ယဲ့ကလန်တွင် မိသားစု အစည်းဝေးများ တစ်နှစ် သုံးကြိမ်ခန့် ကျင်းပလေ့ရှိပြီး အရေးကြီးသည့် ကြေငြာချက်များ ထုတ်ပြန်လေ့ ရှိသည်။

ယဲ့ကျန့်ထျန်းက အားလုံးရှေ့တွင် မတ်တတ် ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါများအား ခံစားမိသောကြောင့် ကလန်သားများ တွေးမိကြသည်။ လွန်ခဲ့သော နှစ်များအတွင်း ကလန် ခေါင်းဆောင်သည် ထျန်းချီအဆင့်၈ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ဟုပင် မထင်ရလောက်အောင် စိတ်ဖိစီးမှုများကြောင့် အိုမင်းရင့်ရော်လျက် ရှိသည်။ သို့သော် ယခုမူ အလွန် တက်ကြွနေသည့် ဟန်ပန်ဖြင့် ယခင်ကထက်ပင် ပိုမို အစွမ်း ထက်လာဟန် ရသည်။

ယဲ့ကျန့်ထျန်းက ကွင်းပြင် တစ်ခုလုံးအား ဝေ့ဝဲ ကြည့်ပြီးနောက် အတိအလင်း ပြောဆိုလိုက်သည်။

“ဒီနေ့ မိသားစု အစည်းအဝေးမှာ ငါ့အနေနဲ့ ကြေငြာစရာ ကိစ္စတချို့ ရှိတယ်”

သူ့အသံက ကြည်လင်ပြတ်သားပြီး အားကောင်းသည်။ လေ့ကျင့်ရေး ကွင်းပြင်၌ လူထောင်ချီ ရှိနေသော်လည်း အားလုံးက ကလန် ခေါင်းဆောင်၏ အသံကို တိတိပပ ကြားနိုင်ကြသည်။

“လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ယဲ့မိသားစုရဲ့ စီးပွါးရေးလုပ်ငန်း အတော်များများကို ရပ်ဆိုင်း ထားခဲ့ရတယ်။ အခုကစပြီး မိသားစု စီးပွါးရေး လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ပတ်မဲ့ အပြင် ချီစုဆောင်း ဆေးလုံးတွေ ဝယ်နေတာကိုလည်း ရပ်တန့် လိုက်တော့မယ်”

လူအုပ်ကြီးမှာ သို့လောသို့လော အတွေးများနှင့် ဆူညံ ပွက်လော ရိုက်သွားသည်။ လူအများစုက မသိမသာနှင့် ယဲ့ချန်ထံ ကြည့်လာ ကြသည်။ တချို့က ကျေနပ် အားရနေဟန်နှင့် တချို့ကတော့ သနားကရုဏာ သက်နေဟန်နှင့်။ မည်သို့ပင်ဆိုစေ သခင်လေး ယဲ့ချန်သည် တစ်ချိန်က ယဲ့မိသားစု၏ မျှော်လင့်ချက်ရောင်ခြည် ပါရမီရှင်လေး ဖြစ်ခဲ့သည်။ သုံးနှစ်တာ ပင်ပန်း ဆင်းရဲမှုများကို ကျော်ဖြတ်ပြီးနောက် ကလန် ခေါင်းဆောင် ကိုယ်တိုင်က သခင်လေး ယဲ့ချန်အပေါ်  လက်လျှော့လိုက်ဟန် ရသည်။

“ကျေးဇူးပြုပြီး သေချာ ပြန်စဉ်းစားပေးပါ ခေါင်းဆောင်”

“ခေါင်းဆောင် ကျုပ်တို့အနေနဲ့ ချန်အာရဲ့ သွေးကြောတွေ ပြန်ကောင်းလာဖို့ ကိစ္စကို လွယ်လွယ် လက်မလျော့ လိုက်သင့်ဘူး”

“ချန်အာနဲ့ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိပြီးသားပါ”

ယဲ့ကျန့်ထျန်းက ယဲ့ချန်ဘက်သို့ တစ်ချက် လှမ်းကြည့်ပြီးနောက် ဖြေရှင်းချက် ပေးလိုက်သည်။ အပြင်ပန်းတွင် တည်တည်တံ့တံ့ နေ,နေရသော်လည်း အတွင်းစိတ်ထဲ၌မူ ယဲ့ကျန့်ထျန်းသည် သူ့သားမျက်နှာအား မြင်လိုက်တိုင်း ပျော်ရွှင်စိတ်နှင့် ပြေးဖက်ချင်စိတ် ပေါက်နေခဲ့တာ ဖြစ်သည်။ သူ့အတွက်တော့ သားဖြစ်သူ၏ သွေးကြောများ ပြန်ကောင်းလာခြင်းက မိုးကြိုး အင်ပါယာ ကျင့်စဉ်ထက်ပင် အဖိုးထိုက်တန်ပါ၏။

“အစ်ကိုကြီးယဲ့.. စိတ်မကောင်း မဖြစ်ပါနဲ့။ ကျွန်တော်ယုံတယ် တစ်နေ့မှာ အစ်ကိုကြီးရဲ့ အဓိက သွေးကြောတွေ ကျိန်းသေ ပြန်ကောင်းလာမှာပါ”

ယဲ့ကျန့်လုံ၏ တတိယသား ယဲ့မုန့်က စိတ်မကောင်းဟန်နှင့် ပြောလာသည်။

“ကျွန်တော်လည်း ယုံတယ်၊ မိသားစုထဲက အကြီးအကဲတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အစ်ကိုကြီးယဲ့ရဲ့ သွေးကြောတွေ ပြန်ကောင်းလာဖို့ ကြိုးစား ပေးကြမှာပါ”

ယဲ့မုန့်ဘေးတွင် ရပ်နေသော ဆဌမ ဦးလေး၏သား ယဲ့မင်ကလည်း ဝင်ပြောသည်။

ထိုလူငယ်လေး နှစ်ယောက်အပြင် အခြားသော မိသားစုဝင် တချို့ကလည်း ယဲ့ချန်အား “မပူနဲ့ ငါတို့ရှိတယ်” ဟူသော အကြည့်တို့ဖြင့် ကြည့်လာကြသည်ကို ယဲ့ချန် မြင်နေရသည်။ စစ်မှန်သော မိသားစု တစ်ခု၏ နွေးထွေးမှုကို ခံစားရသဖြင့် ယဲ့ချန် ပြုံးလိုက်မိသည်။ အပြောသက်သက်ပင် ဖြစ်ပါစေဦး ကိုယ့်အတွက် တစ်စုံတစ်ယောက် ရှိပေးနေသည် ဟူသော ခံစားချက်က တစ်စုံ တစ်ယောက်၏ နှလုံးသားအား နွေးထွေး စေတာကတော့ အမှန်ပင်။

“အခုကစပြီး ဒီဝမ်းကွဲ ညီငယ်၊ ညီမငယ်လေးတွေက ငါ ယဲ့ချန်ရဲ့ မိသားစုဝင်တွေပဲ”

ယဲ့ချန် ခိုင်မာစွာ တွေးလိုက်၏။

“ဒုတိယ ကြေငြာချက်ကတော့.. တတိယညီလေး ယဲ့ကျန့်ရှုံးရဲ့ သမီး ယဲ့ရွှမ်က မြစိမ်းတိမ်ဂိုဏ်းကို ဝင်ရောက် လေ့ကျင့်ခွင့်ရခဲ့တယ်။ အခုကစပြီး နှစ်လ ကြာတဲ့အခါ ယဲ့ရွှမ်က မြစိမ်းတိမ်ဂိုဏ်းကို ထွက်ခွါလိမ့်မယ်။ ဒါက ဒီနှစ်တွေအတွင်း ယဲ့မိသားစု အနေနဲ့ တစ်ခါမှ မရခဲ့ဖူးတဲ့ အောင်မြင်မှုမျိုးပဲ၊ ဒါ့ကြောင့် မိသားစုရဲ့ လူငယ်မျိုးဆက်တွေက ရွှမ်အာကို အတုယူပြီး မိသားစု ဂုဏ်ကို ဆောင်ပေးနိုင်အောင် ကြိုးစားကြဖို့ ပြောချင်တယ်”

ယဲ့ကျန့်ထျန်း၏ စကား ဆုံးသည့်အခါ လူအုပ်ကြီးမှာ ကောင်းချီး ပေးသံများဖြင့် ပိုမို သက်ဝင် လှုပ်ရှားသွားသည်။ မြစိမ်းတိမ်ဂိုဏ်းအား ဝင်ရောက်နိုင်ရန်အတွက် တစ်စုံ တစ်ယောက်သည် ၁၈နှစ်မပြည့်မီ ထျန်းချီ အဆင့်၆သို့ ရောက်ရှိနေရမည့်အပြင် ဝင်ခွင့် စာမေးပွဲကိုလည်း အောင်မြင်ဖို့လိုသည်။ ဆယ်စုနှစ်များစွာ အတွင်း ယဲ့မိသားစုက ဘယ်သူမှ ထိုသို့ မအောင်မြင်ခဲ့ပေ။ ခြွင်းချက် အနေနှင့် လွန်ခဲ့သော သုံးနှစ်က မတော်တဆမှုသာ မရှိပါက ယဲ့ချန်ကတော့ အောင်မြင်လိမ့်မည် ဖြစ်သည်။

ယဲ့ချန်၏ မတော်တဆမှုကြောင့် ယဲ့ရွှမ်က ပထမဆုံး အောင်မြင်သူ ဖြစ်လာသည်။ သို့သော် ယဲ့ချန်က စိတ်ထဲ မထားပေ။ ယဲ့ရွှမ်နှင့် သူက ဆက်ဆံရေး ကောင်းမွန်သည့် အပြင် ယဲ့ချန်ကိုယ်တိုင်လည်း သုံးနှစ်အတွင်း အများကြီး ရင့်ကျက် လာခဲ့သည်။

“ယဲ့ရွှမ်လို မိန်းမငယ်လေးက ဒီလို အောင်မြင်မှုမျိုး ရလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မိမလဲ။ ဒါက အံ့ဩစရာ ကောင်းလွန်းတယ်”

“ကြည့်ရတာ ယဲ့မိသားစုရဲ့ အနာဂတ်က ယဲ့ရွှမ် ပခုံးပေါ် ရောက်သွားခဲ့ပြီပဲ”

ထို့နောက်တွင် လူငယ်အများစုက သူတို့၏ ဝမ်းကွဲ ယဲ့ရွှမ်အား အားကျခြင်း တစ်ဝက်၊ မနာလိုခြင်း တစ်ဝက်ဖြင့် လှမ်းကြည့်မိကြသည်။

***

All Chapters