ရက်သတ္တပတ်တစ်ခု
Vol. 1 Ch. 8
“ကြည့်ရတာ အစ်ကိုယဲ့တော့ အရင်ကထက် ပိုကြိုးစားဖို့ လိုနေပြီ မဟုတ်ရင် အမရွှမ်ရဲ့ နောက်မှာပဲ အမြဲတမ်း နေရလိမ့်မယ်”
ယဲ့လော့က ပြုံးလျက် စနောက်သည်။ ယဲ့ချန်၏ အဓိက သွေးကြောများ ပြန်ကောင်းလာပြီ ဖြစ်ရာ ယခင်ကကဲ့သို့ တောက်ပနေသော ပါရမီရှင် လူငယ်လေးအဖြစ် ပြန်မြင် ရတော့မည် ဖြစ်သည်။ ထို့ကြောင့်လည်း ယဲ့လော့က အလွန် ပျော်ရွှင်နေခဲ့သည်။
“တကယ်လို့ အစ်ကို့ကြောင့်သာ မဟုတ်ရင် လော့အာက အခုလောက်ဆို ရွှမ်အာကိုတောင် ကျော်တက် နေလောက်ပြီ၊ အစ်ကို တကယ် စိတ်မကောင်းဘူး”
ယဲ့ချန်က အပြစ်မကင်းသလို ခံစားရသောကြောင့် ပြောမိသည်။ သုံးနှစ်အတွင်း ယဲ့လော့သည် သူ့သွေးကြောများ ပြန်ကောင်းလာစေရန် အလို့ငှါ သူမ ပင်ပင်ပန်းပန်း စုဆောင်းထားသော ထျန်းချီများအား သူ့ခန္ဓကိုယ်ထဲသို့ လွှဲပြောင်းပေးခဲ့သည်။ မည်မျှ ခက်ခဲ ပင်ပန်းပါစေ တစ်ရက်မျှ မပျက်ကွက်ခဲ့။ ထို့ကြောင့်လည်း ယဲ့လော့၏ ကျင့်ကြံဆင့်က တိုးတက် သင့်သလောက် မတိုးတက်ခဲ့တာပင်။ မဟုတ်ပါက ယဲ့လော့၏ ပါရမီနှင့်ဆိုလျှင် ထျန်းချီ အဆင့်၇သို့ပင် ရောက်နေလောက်ပြီ ဖြစ်သည်။
ပွက်လော ရိုက်နေသော လူအုပ်ကြီးက မရပ်တန့်ကြသေး။ ကျင့်ကြံခြင်း လောကကြီးတွင် လူ့အသက် တစ်ချောင်းက မြက်တစ်ပင်လောက်ပင် တန်ဖိုးမရှိ။ အသက်ရှည်ရှည် နေလိုလျှင် ကိုယ်တိုင်က အစွမ်းအစရှိဖို့ လိုသည်။ သို့မဟုတ် မိသားစုက အစွမ်းအစ ရှိလျှင်လည်း ကောင်းကောင်းမွန်မွန် နေနိုင်မည် ဖြစ်သည်။ ယခု ယဲ့ရွှမ်၏ အောင်မြင်မှုက မိသားစု၏ အနာဂတ် ထွန်းတောက် လာနိုင်မှုနှင့် ဆက်စပ်နေရာ အားလုံး စိတ်လှုပ်ရှား ပျော်ရွှင် မိကြသည်မှာ မဆန်းပေ။
ထို့နောက် ယဲ့ကျန့်ထျန်းက အားလုံးအား ငြိမ်သက်စေကာ မိသားစု စီးပွါးရေး လုပ်ငန်းများအကြောင်း ဆက်၍ ဆွေးနွေးသည်။
“လာမဲ့ ခုနစ်ရက်အတွင်း ယဲ့မိသားစုရဲ့ ဘိုးဘေး ပူဇော် ကန်တော့ပွဲ ကျင်းပဖို့ ရှိတယ်၊ ဒါ့ကြောင့် အပြင်လောကမှာ ခရီးကြမ်း ထွက်နေတဲ့ မိသားစုဝင်တွေဆီ ခုနစ်ရက်အတွင်း ပြန်လာဖို့ အကြောင်းကြားရမယ်၊ ပြီးတော့ တောင်ပေါ်မှာ လေ့ကျင့်နေတဲ့ ကလန် ခေါင်းဆောင် ဟောင်းကိုလည်း ဖိတ်ဖို့ လိုတယ်၊ ဒီနေ့ အစည်းအဝေးမှာ ကြေငြာ ချင်တာကတော့ ဒီလောက်ပါပဲ”
“နေကြဦး”
ထိုစဉ် အကြီးအကဲ ယဲ့မော့ယန်ထံမှ အသံ ထွက်လာသည်။
“တစ်ခုခု လိုသွားတာများ ရှိလို့လား အကြီးအကဲချုပ်”
ယဲ့ကျန့်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒီနေ့ ဒီနေရာမှာ မိသားစုဝင်တွေ အစုံအလင် ရှိနေမှတော့ အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုကို အသိပေးသင့်တယ်”
“အို ဘာများလဲ”
ယဲ့ကျန့်ထျန်းက မေးသည်။
ထိုအချိန်တွင် ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးတို့ အပါအဝင် အခြား အကြီးအကဲများ အားလုံးက ယဲဲ့မော့ယန်ထံ ကြည့်လာကြသည်။ တစ်ခုခုတော့ ဖြစ်တော့မည်ဟု အားလုံး ခံစားနေရသည်။
“ကျုပ်အနေနဲ့ အကြီးအကဲ ငါးယောက်ကို မေးချင်တာက ဘိုးဘေး ကန်တော့ပွဲမှာ ဆက်ခံသူအဖြစ် တာဝန်ယူရမဲ့သူ တစ်ယောက် လိုအပ်တယ်၊ မိသားစုထဲက ဘယ်တစ်ယောက်ကများ သင့်တော်တယ်လို့ ထင်ကြလဲ၊ ခေါင်းဆောင်ရော ဒီကိစ္စကို ဘယ်လို တွေးထားလဲ”
ယဲ့မော့ယန်၏ အောင်နိုင်သူလို အပြုံးက ယဲ့ကျန့်ထျန်းထံ ရောက်ရှိလာသည်။ ယဲ့မိသားစု၏ လုပ်ရိုး လုပ်စဉ်များအရ မိသားစုအတွင်း ခေါင်းဆောင် သက်ရှိထင်ရှား ရှိနေစဉ် ကတည်းက လူငယ်မျိုးဆက်မှ ဆက်ခံသူတစ်ဦး ရွေးချယ် ထားရသည်။ ဘိုးဘေး ကန်တော့ပွဲကဲ့သို့ အရေးကြီး ပွဲများတွင် ထိုဆက်ခံသူက ဦးစီး ဆောင်ရွက်မည် ဖြစ်ပြီး လက်ရှိ ခေါင်းဆောင် မတော်တဆမှု တစ်ခုခု ကြုံတွေ့ရပါက မိသားစုအတွင်း မရိုမရဲ မဖြစ်စေရအောင် ဆက်ခံသူက ထိန်းချုပ်နိုင်ရန် ရည်ရွယ်သည်။
လွန်ခဲ့သော သုံးနှစ်က ကိစ္စကြောင့် ယဲ့ချန်၏ ဆက်ခံသူ တံဆိပ်တုံးအား ယဲ့ကျန့်ထျန်းက ထိန်းသိမ်း ပေးထားသည်။ တစ်နည်းဆိုရသော် ဆက်ခံသူနေရာက လစ်လပ် နေခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ဘိုးဘေး ကန်တော့ပွဲ ကျင်းပရန် ရက်က နီးကပ်လာပြီ ဖြစ်ရာ ဆက်ခံသူ မရှိ၍ မဖြစ်ပေ။ ထိုအချက်အား ယခု ယဲ့မော့ယန်က ဆွဲထုတ်ပြလာသည်။ လေ့ကျင့်ရေး ကွင်းပြင်အတွင်း တီးတိုး ဆွေးနွေးသံများ ပြည့်နှက်သွားသည်။
ဆက်ခံသူနေရာက မိသားစုဝင် အားလုံးနှင့် သက်ဆိုင်နေရာ ယဲ့ကျန့်ထျန်း အနေနှင့် အချိန်ဆွဲလိုလျှင်တောင် မရပေ။ ထိုသို့ အတွေးနှင့် ယဲ့မော့ယန် အလွန် ကျေနပ်သွားသည်။ လူငယ် မျိုးဆက်ထဲတွင် ယဲ့မိသားစု၏ တိုက်ရိုက်သွေးမှ ဆင်းသက် လာသူများသာ ဆက်ခံသူ ဖြစ်ရန် အခွင့်အလမ်း ရှိကြသည်။ ကျင့်ကြံဆင့်အရ ကြည့်လျှင် ယဲ့ရွှမ်က အသင့်တော်ဆုံး ဖြစ်သော်လည်း သူမက မြစိမ်းတိမ်ဂိုဏ်းတွင် လေ့ကျင့်ရန် ရွေးချယ် လိုက်သည်။ ယဲ့လော့ကမူ အပြင်လူ ဖြစ်သည်။ သူမ၏ ကျင့်ကြံဆင့်က မည်မျှ မြင့်နေပါစေ ဆက်ခံသူ မဖြစ်နိုင်။ ထိုနှစ်ယောက်အား ဖယ်လိုက်လျှင် လူငယ် မျိုးဆက်၌ ဆက်ခံသူဖြစ်ရန် အသင့်တော်ဆုံး ဟူ၍ ယဲ့ခုံးယန် တစ်ယောက်သာ ရှိတော့သည်။
ယဲ့ခုံးယန်၏ မျက်နှာမှာ စိတ်လှုပ်ရှားနေဟန် အထင်းသား ပေါ်နေသည်။ ဆက်ခံသူ ဟူသော အဆင့်အတန်းက ယဲ့မိသားစုတွင် အတော်လေး မြင့်သည်ဟု ဆိုနိုင်သည်။ ထပ်ပြောရလျှင် သူသာ ဆက်ခံသူ ဖြစ်သွားပါက နောင်နှစ်နှစ်နေလို့ ယဲ့ရွှမ် ပြန်လာသည့်အခါ လက်ထပ်ရန် ခက်ခဲတော့မည် မဟုတ်။ အနာဂတ်တွင် ယဲ့မိသားစု ခေါင်းဆောင် ဖြစ်လာလျှင်လည်း မိသားစုထဲတွင် အာဏာ အရှိဆုံးသူအဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။
ယဲ့ကျန့်ထျန်း မျက်မှောင် ကြုတ်သွားသည်။ ယဲ့ချန်၏ အဓိက သွေးကြောများ ပြန်ကောင်းနေပြီ ဖြစ်သော်လည်း ဆက်ခံသူ နေရာအတွက် ယဲ့ခုံးယန်နှင့် တိုက်ခိုက်ရန်မူကား အားနည်း နေသေးသည်ဟု သူက ယူဆသည်။
“ဆက်ဆံသူ နေရာအတွက် ယှဉ်ပြိုင်ပွဲကို နောက်သုံးလ နေရင် ကျင်းပမယ်”
အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ယဲ့ကျန့်ထျန်းက ပြောလိုက်သည်။
“ဘာလို့ နောက်သုံးလ နေမှလဲ၊ ဘိုးဘေး ကန်တော့ပွဲကို ဆက်ခံသူ မရှိဘဲ ကျင်းပမယ်ပေါ့၊ ဒါက ရိုးရာ ထုံးတမ်းတွေကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား”
ယဲ့မော့ယန်က အလျင်အမြန်ပဲ သဘော မတူကြောင်း ကန့်ကွက်လာသည်။
“အစ်ကိုကြီးက နောက်သုံးလ နေမှ လုပ်မယ်ဆိုရင် လုပ်လိုက်ပေါ့ အကြီးအကဲချုပ်က ဘာတွေ စိုးရိမ်နေတာလဲ၊ သုံးလလောက်တောင် မစောင့်နိုင်တော့ဘူးလား”
ယဲ့ကျန့်လုံက ခနဲ့တဲ့တဲ့ ဝင်ပြောသည်။
“ဘိုးဘေးကန်တော့ပွဲက ခုနစ်ရက်ပဲ လိုတော့တယ်၊ ဒါတောင် ဆက်ခံသူရွေးဖို့ ကိစ္စကို နောက်သုံးလအထိ ရွှေ့ချင်သေးတာလား။ တကယ်လို့ ခေါင်းဆောင်က ကျိုးကြောင်း ဆီလျော်တဲ့ အကြောင်းပြချက် တစ်ခု ပေးမယ်ဆိုရင် ကျုပ်ကလည်း လက်ခံလိုက်ဖို့ အဆင်သင့်ပဲ”
ယဲ့မော့ယန်က အလျှော့ပေးမည့်ဟန် မရဘဲ ပြန်လည် ချေပသည်။
ယဲ့မော့ယန်၏ အတွင်းစိတ်ထဲ၌ အတွေးများနေသည်။
“ယဲ့ကျန့်ထျန်းက တတ်နိုင်သလောက် အချိန်ဆွဲဖို့ ကြိုးစားမှာပဲ ဒီကိစ္စက အချိန်ကြာလေလေ ငါ့အတွက် အခွင့်အရေး ပိုနည်းလေလေပဲ သူ့ကို အချိန်ဆွဲခွင့် ပေးလို့မရဘူး”
“ဘာလို့ အကြောင်းပြချက် ပေးဖို့လိုမှာလဲ၊ ငါက ခေါင်းဆောင်ပဲလေ၊ မင်းက ငါ့ကို အကြောင်းမဲ့သက်သက် လျှောက်လုပ် နေတယ်လို့ စွပ်စွဲချင်တာလား”
ယဲ့ကျန့်ထျန်းက နှာခေါင်းရှုံ့လျက် အေးစက်စွာ ပြောသည်။ သူ့မျက်လုံးများက ကွင်းပြင်အတွင်းရှိ လူတစ်ဦးချင်းစီ၏ မျက်နှာများကို လိုက်လံ အကဲခတ်ပြီးနောက် ယဲ့ချန်ထံတွင် ရပ်တန့်သည်။ တကယ်တမ်း အချိန်ကျလာသည့် အခါ သူကိုယ်တိုင်က ယဲ့ချန် ဆက်ခံသူ ဖြစ်လာစေရန် ထောက်ပံ့ပေးမည် ဖြစ်သည်။ အခုတော့ မဟုတ်ပေ။
“ကောင်းပြီ ကောင်းပါပြီ နောက်ဆုံးတော့ ကျုပ်တို့ ခေါင်းဆောင်က မိသားစု အရေးကိစ္စကို အာရုံစိုက်ဖို့ သတိရပြီပဲ ဟမ့်”
မဲ့ပြုံး တစ်ခုက ယဲ့မော့ယန် မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
“လွန်ခဲ့တဲ့သုံးနှစ်က... ခေါင်းဆောင်က မိသားစု အရေးတွေနဲ့ ပတ်သက်ပြီး သူတစ်ယောက်တည်း ဆုံးဖြတ်ချက် ချလေ့ရှိတယ်။ အဲဒီတော့ ဘာတွေဆက်ဖြစ်လဲ၊ ယဲ့မိသားစုရဲ့ အဆင့်အတန်းက ထိုးချ သွားခဲ့တယ်လေ။ ကျတာမှ စုံးစုံးမြုပ်တဲ့အထိပဲ အခု ယဲ့မိသားစုက လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ရဲ့ ဘယ်အဆင့်မှာ ရှိလဲဆိုတာ အားလုံး မေ့နေကြတာလား၊ ဒါတောင် ဘိုးဘေးတွေ ချမှတ်ထားတဲ့ ထုံးတမ်းတွေကို မျက်ကွယ် ပြုဦးမယ်ပေါ့ ခေါင်းဆောင်က ဒီလိုတွေ ဆက်လုပ်နေဦးမယ်ဆို အကြီးအကဲချုပ် အနေနဲ့ ကျုပ်က စွဲချက် တင်ရလိမ့်မယ်”
ယဲ့မော့ယန်၏ စကားများကြောင့် ယဲ့ချန် လက်သီးတင်းတင်း ဆုပ်မိသည်။ မြေခွေးအိုကြီးက နောက်ဆုံးတော့ မျက်နှာဖုံး ကွာကျလာခဲ့ပြီ ဖြစ်သည်။
ယဲ့ကျန့်ထျန်းသည် ယဲ့မော့ယန်အား ခွန်းတုံ့မပြန်ဘဲ အကြီးအကဲများအား စူးရဲစွာ ကြည့်လိုက်သည်။ အကြီးအကဲများသည် ယဲ့ကျန့်ထျန်းနှင့် အကြည့်ချင်း မဆုံရဲကြဘဲ မြေပြင်သို့သာ ခေါင်းငုံ့နေကြသည်။ ဘယ်သူမှ စကားတစ်ခွန်း မဟရဲကြ။
“ငါ ယဲ့ကျန့်ထျန်းက ယဲ့မိသားစု ခေါင်းဆောင် ဖြစ်လာခဲ့တာ အသက် ၁၇နှစ်တည်းကပဲ အဲဒီအချိန်က ယဲ့မိသားစုက လျန်ယွင်အိမ်တော် ဆယ့်ရှစ်ဆောင်ထဲမှာ အဆင့်အတန်း မြင့်မားခဲ့တယ်။ ဒါပေမဲ့ မိသားစု မျိုးဆက်တွေရဲ့ သိုင်းပညာပေါ် မူတည်ပြီး ယဲ့မိသားစု နိမ့်ပါးခဲ့ရတာ အခုဆို နှစ်နှစ်ဆယ်လောက် ရှိခဲ့ပြီ”
ယဲ့ကျန့်ထျန်းက တင်းမာစွာ ပြောလျှင် ထျန်းချီအဆင့်၈ ထိပ်ဆုံး တစ်ယောက်၏ အရှိန်အဝါကလည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ် လာသည်။
“ငါက ဆက်ခံသူ နေရာအတွက် ယှဉ်ပြိုင်ပွဲကို နောက်သုံးလမှ လုပ်မယ်လို့ ပြောရင် နောက်သုံးလမှာပဲ လုပ်မယ်။ ဒါနဲ့ ပတ်သက်ပြီး ငါ့ကို စွဲချက် တင်ချင်တယ်ဆိုလည်း မင်းတို့သဘောပဲ”
ယဲ့မော့ယန်၏ မျက်နှာက မည်းမှောင် သွားသည်။ အကြီးအကဲ ငါးယောက်လုံးက ယဲ့ကျန့်ထျန်းအား စွဲချက် တင်လိုလျှင်ပင် မိသားစုဝင်များထံမှ မဲများ ကောက်ခံရန် လိုသေးသည်။ ပြောတော့သာ လွယ်၍ တကယ်တမ်းတွင် မလွယ်ကူ။ မည်သို့ပင်ဆိုစေ ထျန်းချီအဆင့်၈ ကျင့်ကြံသူ တစ်ဦးဖြစ်သော ယဲ့ကျန့်ထျန်း၏ ပုံရိပ်က မိသားစုဝင်များ၏ နှလုံးသားထဲတွင် မယိုင်လဲနိုင်ပေ။
သို့သော် ယဲ့မော့ယန်က ဖြေတွေးလိုက်သည်။ ဆက်ခံသူ ရွေးပွဲက နောက်သုံးလ အကြာသို့ ရွှေ့သွားလျှင်ပင် ထိုနေရာအတွက် အနိုင်ရနိုင်သူမှာ သူ့သား ယဲ့ခုံးယန် တစ်ယောက်သာ ရှိသည်။ ထိုအချက်က မပြောင်းလဲ။
“ခေါင်းဆောင်... ခင်ဗျား ဘယ်လောက်ထိ အာဏာရှင်ဆန်နေလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့် ခေါင်းဆောင်ဟောင်း ပြန်လာတဲ့အခါ ကျုပ်ကိုယ်တိုင် ဒီကိစ္စကို သူ့ဆီ တင်ပြမယ်။ အဲဒီအခါကျ သူဘာပြောမလဲ စောင့်ကြည့် ကြတာပေါ့”
ယဲ့မော့ယန်က မကျေနပ်မှုများကို မျိုသိပ်ရင်း ပြောသည်။
“အဖေ.. ဆက်ခံသူ နေရာအတွက် ယှဉ်ပြိုင်ပွဲဆိုတာက မိသားစုအတွက် အရေးအကြီးဆုံး ပွဲတွေထဲက တစ်ခုပဲလေ၊ ရွှေ့ဆိုင်းလို့ မကောင်းဘူး ဘိုးဘေး ကန်တော့ပွဲနေ့မှာပဲ ဆက်ခံသူကို တစ်ခါတည်း ရွေးသင့်တယ်လို့ ကျွန်တော်ထင်တယ်”
အလွန် ရည်မွန်သော လေယူ လေသိမ်းဖြင့် စကားသံကို ကြားလိုက်ရ၍ လူတိုင်း လှည့်ကြည့် မိကြသည်တွင် လူအုပ်ထဲမှ တိုးထွက်လာသော လူငယ်လေး တစ်ယောက်အား တွေ့လိုက်ရသည်။ သူကား ယဲ့ချန် ဖြစ်သည်။ ယဲ့ချန်က သူ့ဖခင်ရှေ့၌ ဒူးထောက် လိုက်သည်။
လူငယ်လေး၏ ဖခင်ဖြစ်သူအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုသော သဘောထားကြောင့် လူတိုင်း အပြစ်မကင်းသလို ခံစားလိုက်ကြရသည်။ ခေါင်းငုံ့ထားသော လူငယ်လေး၏ မျက်လုံးများထဲရှိ ပေါက်ကွဲလုမတတ် ထွက်ပေါ်နေသော သတ်ဖြတ်လို စိတ်များကို ဘယ်သူမှ သတိမထားမိကြ။
လူတိုင်း တိတ်တခိုး သက်ပြင်း ချမိကြသည်။ သူတို့အားလုံးက သခင်လေး ယဲ့ချန်၏ ကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့် စိတ်သဘောထား အပေါ် အကြွင်းမဲ့ ယုံကြည်ကြသည်။ ဤသုံးနှစ်အတွင်း သခင်လေးက ယခင်ကထက်ပင် ပို၍ ရည်မွန် လာခဲ့သေးသည်။ သို့သော် တစ်ခုတည်းသော ပြဿနာမှာ သခင်လေးသည် ပျက်စီးနေသော အဓိက သွေးကြောများနှင့် မကျင့်ကြံနိုင်သူ တစ်ယောက် ဖြစ်နေခြင်းပင်။
ယဲ့ခုံးယန်သည် ယဲ့ချန်အား ငုံ့ကြည့်ရင်း နှုတ်ခမ်းများ၌ လှောင်ပြုံးတစ်ခု ဖြစ်တည်လာသည်။
“ဒီအမှိုက်ကောင်က ဆက်ခံသူ နေရာအတွက် ငါနဲ့ ပြိုင်ချင် နေသေးတယ် လို့တော့ လာမပြောနဲ့ ယဲ့မိသားစု မျိုးဆက်တိုင်းမှာ ဆက်ခံသူကို သိုင်းပညာချင်း ယှဉ်ပြိုင်ပြီးတော့ပဲ ရွေးလာခဲ့တာ ဒီအမှိုက်ကြောင့်နဲ့တော့ ခေါင်းဆောင်က စည်းမျဉ်းတွေ ပြောင်းရဲမှာ မဟုတ်ဘူး”
ယဲ့ကျန့်ထျန်းသည် ဒူးထောက်နေသော သားဖြစ်သူအား စေ့စေ့စပ်စပ် အကဲခတ်ပြီးမှ သက်ပြင်းချကာ ပြောသည်။
“ကောင်းပြီ ဆက်ခံသူ နေရာအတွက် ယှဉ်ပြိုင်ပွဲကို ဘိုးဘေး ကန်တော့ပွဲနေ့မှာပဲ ကျင်းပမယ်”
အကယ်၍ ဆက်ခံသူ ရွေးပွဲအား နောက်သုံးလနေမှ ကျင်းပလျှင် မိသားစုဝင်များ၏ အတွေးထဲ၌ အနည်းနှင့်အများ မကျေနပ် ကြမည်ကို ယဲ့ကျန့်ထျန်းက နားလည်သည်။ သို့သော် ယဲ့ကျန့်ထျန်းက ယဲ့ချန်ကိုသာ ကာကွယ်နိုင်မည် ဆိုလျှင် အခြား ဘာကိုမှ ဂရုမစိုက်ပေ။
ယဲ့မော့ယန်က ယဲ့ချန်အား အကဲခတ်လိုက်သည်။ ထိုကောင်လေးက ဘာစိတ်ကူးဖြင့် ခေါင်းဆောင်၏ စိတ်အား ပြောင်းလဲ လိုက်သည်ကို သူ နားမလည်ပေ။ ထို့နောက် မိသားစု အစည်းအဝေး အဆုံးသတ်သွားပြီး ကွင်းပြင် အတွင်းရှိ လူများလည်း ကိုယ့်အုပ်စုနှင့်ကိုယ် ဆွေးနွေးရင်း ထွက်ခွါ သွားကြသည်။ အများဆုံး ဆွေးနွေး ကြသည်ကတော့ ခုနစ်ရက် အကြာတွင် ကျင်းပမည့် ဆက်ခံသူ ရွေးပွဲအကြောင်း ဖြစ်သည်။
သိပ်မကြာခင် စာပို့သိမ်းငှက် တစ်ကောင်သည် ခေါင်းဆောင်ဟောင်းအား အကြောင်းကြားရန် မြောက်ဘက် အရပ်သို့ ထွက်ခွါ သွားတော့သည်။
...
ယဲ့ကျန့်ထျန်း၏ အဆောင်အတွင်း၌။
“ချန်အာ... ခုနစ်ရက်ထဲနဲ့ အဆင်ပြေပါ့မလား”
“ကျွန်တော်... အကောင်းဆုံး ကြိုးစားမှာပါ”
ယဲ့ချန် ကိုယ်တိုင်လည်း အနိုင်ရမည်၊ မရမည်ကို မသေချာပါ။
“တကယ်လို့ မနိုင်ခဲ့ရင်တောင် အဆင်ပြေတယ်၊ ထပ်ပြီးသာ မထိခိုက်မိစေနဲ့ ဟုတ်ပြီလား၊ ဒါနဲ့ အခု လေ့ကျင့်တာရော အဆင်ပြေရဲ့လား”
ယဲ့ကျန့်ထျန်းက သူ့သားလေးအား ဖိအား မပေးရက်သောကြောင့် အကြောင်းအရာကို ပြောင်းမေးလိုက်သည်။ အမှန်တော့ ယဲ့ကျန့်ထျန်းသည် ဆက်ခံသူနေရာ မပြောနှင့် သူ၏ မိသားစု ခေါင်းဆောင်နေရာကိုပင် သိပ်စိတ်ဝင်စားတာ မဟုတ်။ သူ့သားလေး အဆင်ပြေနေသ၍ သူလည်း အဆင်ပြေသည်သာ။
“ကျွန်တော်... အခု ထျန်းချီအဆင့် ၄ထိ ကျင့်ကြံပြီးပြီ”
ယဲ့ချန် ပြန်ဖြေလိုက်သည်။ သူက အဆင့်၄တွင်သာ ရှိသေးသော်လည်း သူ့ခန္ဓာကိုယ် အတွင်းရှိ ထျန်းချီများသည် ထူးဆန်းသော ကမ္ဘာထဲရှိ ထျန်းချီ သမုဒ္ဒရာမှ လာခြင်းဖြစ်ရာ သာမန် ထျန်းချီများထက် အဆပေါင်းများစွာ သန့်စင်ပေသည်။ ထို့ကြောင့် သူ၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းက မည်မျှ ရှိမည်ကို သူကိုယ်တိုင်ပင် မခန့်မှန်းနိုင်ခြင်း ဖြစ်သည်။
ထို့ပြင် ယဲ့ချန်သည် ခုနစ်ရက် လေ့ကျင့်ရန် အချိန်ရှိသေးရာ ယဲ့ခုံးယန်နှင့် ယှဉ်ပြိုင် နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
“ထျန်းချီအဆင့်၄ ချန်အာ.. သားရဲ့ ကျင့်ကြံမှုနှုန်းက သိပ်ကို... မြန်လွန်းတယ် ဒီရက်ပိုင်းအတွင်း ထပ်သာ တိုးတက်လာရင် ယဲ့ခုံးယန်ကို အနိုင်ယူဖို့က မခက်တော့ဘူး”
ယဲ့ကျန့်ထျန်းက ထခုန်မိမတတ် ပျော်ရွှင်သွားကာ ပြောမိသည်။ သူ့သား၏ အဓိက သွေးကြောများ ပြန်ကောင်းသည်က မကြာသေးရာ ထျန်းချီအဆင့်၁ သို့မဟုတ် အဆင့်၂ လောက်သာ ရှိသေးမည်ဟု ထင်ခဲ့တာ ဖြစ်သည်။ သူ့သားက ထျန်းချီ အဆင့်၄သို့ ရောက်နေသည့်အပြင် ထျန်းချီအဆင့်၆ ထိပ်ဆုံးသို့တိုင် ရောက်ရှိဖူးသော ပါရမီရှင် တစ်ယောက်၏ သိုင်းပညာအပေါ် နားလည်မှုနှင့် ဆိုပါက ယဲ့ခုံးယန်ကို အနိုင်ယူရန်မှာ ထင်သလောက် မခက်ခဲတော့ပေ။
“ဒီအဖေက ချန်အာအတွက် ဘာမှ များများစားစား လုပ်မပေးနိုင်ပေမဲ့ ချီစုဆောင်း ဆေးလုံးတွေ ပြင်ဆင် ပေးထားတယ် မြန်မြန်သွားပြီး လေ့ကျင့်တော့”
ယဲ့ကျန့်ထျန်းက အင်္ကျီ လက်အိုးထဲမှ သေတ္တာလေး တစ်လုံး ထုတ်ပေးကာ ပြောသည်။ ယဲ့ချန် စိတ်မကောင်း ဖြစ်သွားရသည်။
“အဖေ... ကျွန်တော် အဲဒါတွေ မလိုတော့ပါဘူး။ တကယ်ပြောတာ ချီစုဆောင်း ဆေးလုံးတွေ အများကြီး သုံးရင်တောင် ကျွန်တော့်အတွက် ဘာမှမထူးဘူး”
ယဲ့ချန်၏ မျက်လုံးများက နီရဲနေသည်။ ချီစုဆောင်း ဆေးလုံးများသည် ထူးဆန်းသော ကမ္ဘာအတွင်းမှ ထျန်းချီများနှင့် လုံးဝ(လုံးဝ) မယှဉ်နိုင်ပေ။ ထို့ပြင် လွန်ခဲ့သော သုံးနှစ်အတွင်း ယဲ့ချန်သည် ချီစုဆောင်းဆေးလုံး ထောင်နှင့်ချီ၍ စားသုံးခဲ့ပြီး ဖြစ်သည်။ ထိုကြောင့် မိသားစု ဘဏ္ဍာရေးအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။
“ချန်အာ... အဖေ ဒါကို ပေးတယ်ဆိုတာက လာမဲ့ပြိုင်ပွဲမှာ နိုင်စေချင်လို့လေ နားလည်ရဲ့လား။ အဖေက မိသားစု ခေါင်းဆောင်နေရာကို ဖက်တွယ်ထားဖို့ စိတ်ကူးမရှိဘူး၊ ဒါပေမဲ့ ဟိုသားအဖေ လက်ထဲကိုတော့ မရောက်စေချင်ဘူး။ ပြောရရင် ဒီဆေးလုံးတွေက အရမ်း တန်ဖိုးကြီးနေတာ မျိုးလည်း မဟုတ်ပါဘူး”
“အဖေ ကျွန်တော်တကယ် အဆင်ပြေတယ် ခုနောက်ပိုင်း မိုးကြိုးအင်ပါယာ ကျင့်စဉ်ကို ပြောင်းကျင့်တော့ အကျိုးကျေးဇူးတွေ အများကြီးပဲ ရတယ်၊ ချီစုဆောင်း ဆေးလုံးတွေ မလိုတော့ဘူး”
***