← Chapters

ဇနီးလည်းဆုံး စစ်လည်းရှုံး

Vol. 51 Ch. 719

ဇနီးလည်းဆုံး စစ်လည်းရှုံး

Vol. 51 Ch. 719

အခန်း (၇၁၉) ဇနီးလည်းဆုံး စစ်လည်းရှုံး

ယိုးမင်တစ္ဆေမီးအိမ်ငြိမ်းသတ်သွားပြီး ထိုအရာက ဗလာနယ်ထဲသို့ ဖြတ်သန်းသွားကာ အသိုက်အမြုံသို့ပြန်ရောက်သည့် ပင်ပန်းနေသောငှက်တစ်ကောင်ပမာ ယိုးမင်ဂမ္ဘီရစက်ဝန်းဆီသို့ ဦးတည်ထွက်ခွာသွားသည်။

ကြီးမားသည့် ယိုးမင်ဂမ္ဘီရစက်ဝန်းသည်လည်း လည်ပတ်နေခြင်း ရပ်တန့်သွား၏။

တွင်းနက်ကြီးများပမာ မှောင်မိုက်နက်ရှိုင်းနေသည့် အမြောင်း (၁၂)ခုမှ အမြောင်းတစ်ခုက ရုတ်တရက် စူးရှသောအလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ယိုးမင်တစ္ဆေမီးအိမ်မှာ ထိုအလင်းတန်းများဖြင့် သိမ်းယူခြင်းခ့ရပြီး ပျောက်ကွယ်သွားသည်။

ထို့နောက် စူးရှသောအလင်းတန်း ပျောက်ကွယ္သွားပြီး ယိုးမင်ဂမ္ဘီရစက်ဝန်းက နောက်တစ်ကြိမ် ထပ်မံလည်ပတ်လာသည်။ သို့သော် ပိုမိုတုန်လှုပ်ဖွယ်ရာ စွမ်းအားရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် မိုးမြေ ၊ လေထုတစ်ခုလုံးအား တုန်လှုပ်သွားစေသည်။

လော့ကျီးထောင်မှာ ထိန်းမနိုင်သိမ်းမရတုန်လှုပ်နေသည့်စိတ်အစဉ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်လိုက်သည်။

သူက ရန်ကျောက်ကဲနှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းကိုစူးစိုက်ကြည့်ပြီး နက်ရှိုင်းသောအသံဖြင့် အော်ဟစ်လိုက်၏။

“ယိုးမင်တစ္ဆေမီးအိမ်က အဲဒီရတနာပစ္စည်းနဲ့ ပေါင်းစပ်သွားပြီ ၊ အဲဒီပစ္စည်းကိုရယူနိုင်မှ ငါတို့ အကုန်လုံးရယူနိုင်လိမ့်မယ်”

ထို့နောက် ခပ်တိုးတိုးကြုံးဝါးသံနှင့်အတူ လော့ကျီးထောင်က လက်နှစ်ဖက် ရှေ့သို့ဆန့်ထုတ်ပြီး ရိုက်ချလိုက်သည်။

ထိုအခါ သူ၏ဦးခေါင်းထက်မှ နေနှင့်လ မြင့်တက်လာပြီး ကြောက်မက်ဖွယ်ရာ ဓားသွားနှစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ဓားတစ်လက်က ရန်ကျောက်ကဲထံသို့ဦးတည်သွားပြီး ကျန်တစ်လက်ကတော့ ယိုးမင်ဂမ္ဘီရစက်ဝန်းထံသို့ ကျရောက်လာသည်။

ဓားအလင်းတန်းဖြတ်သန်းသွားသည်နှင့် ဗလာနယ်လေထုထဲမှတည်ရှိမှုအားလုံးက တောက်ပသောအလင်းရောင်ဖြင့် သန့်စင်ခံလိုက်ရသည့်ပမာ ပြာမှုန့်တစ်မှုန့်မပင်မကျန်ရစ်ဘဲ ပျောက်ကွယ်သွားကြသည်။

ဤသည်က လော့ကျီးထောင်ထုတ်ဖော်လိုက်သည့် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော “ကွမ်းမင်အလင်းဓား” ဖြစ်ပြီး အလွန်တရာ ပြီးပြည့်စုံသည်။ ရန်ကျောက်ကဲနှင့်အခြားသူများရှေ့တွင် ကျယ်ပြန့်သော အဖြူ‌ရောင်အလင်းလွင်ပြင်ကြီးကိုသာ မြင်ရပြီး အခြားမည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိတော့ပေ။

လော့ကျီးထောင်မျက်ဝန်းများက ရေခဲပမာ အေးစက်နေပြီး...

“ဒီပစ္စည်းက အမတမှော်ဝင်ပစ္စည်းဆိုပေမယ့် အပြည့်အဝမသန့်စင်ရသေးဘူး ၊ သန္ဓေတည်စပုံစံပဲရှိသေးတယ်”

ထိုပစ္စည်းတွင် ပိုင်ရှင်လည်းမရှိလေရာ လော့ကျီးထောင်အနေဖြင့် သူ၏ကိုယ်ပိုင်စွမ်းအားနှင့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းအကူအညီရယူမည်ဆိုလျှင် ယာယီအားဖြင့် ယိုးမင်ဂမ္ဘီရစက်ဝန်းကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ထားသည်။

“မင်းတို့တွေအမြန်လုပ်ကြ”

လော့ကျီးထောင်ပြောစရာပင်မလိုပေ။

ကောစုန်းတို့အုပ်စုက ရန်ကျောက်ကဲအား တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရစက်ဝန်းမှပြောင်းလဲမှုများကိုအာရုံခံရင်း တစ်ချက်ပြုံးကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လွှတ်ပေးလိုက်သည်။

ထို့နောက်သူ ဖန်းယွင်ရှန်းနှင့် ရှောင်အိုက်ကို ပြုံးပြရင်း...

“နောက်မှပဲ ဒီရတနာပစ္စည်းတွေကို ဖြည်းဖြည်းချင်း ခွဲယူကြတာပေါ့”

သူ့စကားဆုံးသွားသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကဆင်းသက်လာပြီး လက်ဖဝါးတစ်ဖက်ဖြန့်ကာ ပလ္လင်အောက်ခြေမှ ရတနာပုံကြီးကို သိမ်းယူလိုက်သည်။ လက်တစ်ဖက်တည်းဖြင့်မဆန့်သဖြင့် ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရတနာများကို ထပ်မံသိမ်းယူရပြန်သည်။

ရန်ကျောက်ကဲကတော့ သူ့ထံဝင်ရောက်လာသည့် ကောစုန်းတို့အုပ်စုကို တစ်ချက်လေးပင် အရေးမစိုက်ပေ။

ကောစုန်းက အေးစက်စွာ နှာတစ်ချက်မှုတ်ရင်း...

“လာစမ်း... ကျုပ်ရဲ့ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် တန်ခိုးစွမ်းအားကနေ မင်း လွတ်အောင်ပြေးနိုင်မလား ကြည့်ရအောင်”

ရန်ကျောက်ကဲကဟားတိုက်ရယ်မောရင်း...

“ကိုယ့်အတွက်ကိုယ်ပဲ စိတ်ပူစမ်းပါ”

ယိုးမင်တစ္ဆေမီးအိမ်ကို စုပ်ယူပြီးသည်နှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းက ပိုမိုလျှင်မြန်စွာ လည်ပတ်လာသည်။ အနက်ရောင်သတ္တုဘီးကြီးလည်ပတ်လာသည်နှင့်အမျှ လက်ရှိ သူတို့ရောက်နေသော သီးခြားနယ်မြေသည်လည်း ပုံပျက်လာသည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းကိုဗဟိုပြုပြီး ကြီးမားသည့်ဝဲဂယက်ကြီးတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးတွင် လျှင်မြန်စွာ ဖြစ်တည်လာသည်။

လော့ကျီးထောင်၏ “ကွမ်းမင်အလင်းဓား” ပျက်ဆီးသွားပြီး ရွှေရောင်နေဝန်းနှင့် ငွေရောင်လဝန်း ပြန်လည်ထွက်ပေါ်လာသည်။

လော့ကျီးထောင်က နေလစကြာဖြင့် ယိုးမင်ဂမ္ဘီရစက်ဝန်းကိုထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။သို့သော် ရွှေရောင်နေဝန်းနှင့် ငွေရောင်လဝန်းတို့မှာ ယိုးမင်ဂမ္ဘရီစက်ဝန်းနှင့်ထိတွေ့မိသည်နှင့် အနက်ရောင်သတ္တုဘီးကြီးထံမှ ပိုမိုတုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

ထို့နောက် ယိုးမင်ဂမ္ဘီရစက်ဝန်းအလယ်ဗဟိုတွင် တာအိုဆရာတစ်ယောက် ပုံရိပ်ပေါ်လာ၏။

သူက အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး အဖြူရောင်ဝတ်ရုံကိုခြုံထားသည်။ အနက်ရောင်ဆံနွယ်ရှည်များက ကျောပြင်ထက်ကျနေပြီး မျက်ခုံးမွှေးများကအဖြူရောင်ရှိသည်။ သူ့အသွင်သဏ္ဌန်က အလွန်တရာပင် မြင့်မားခမ်းနားလှ၏။

ထိုသူက ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ပင် ဖြစ်သည်။

“များစွာသော နည်းလမ်းများကို အရပ်ရပ်သို့ပျံ့နှံ့သွားစေပါ...”

ထိုစကားသံက ခေတ်အဆက်ဆက်ဖြတ်သန်းလာပြီး လက်ရှိခေတ်သို့ရောက်ရှိလာသည့်အလား လေးနက်ရှည်လျားလှသည်။

လော့ကျီးထောင် ၊ ကောစုန်းနှင့် အခြားသူများ၏ မှင်တက်နေသောအကြည့်များအောက်တွင် ယိုးမင်ဧကရာဇ်၏ပုံရိပ်က မကြုံစဖူးတောက်ပသောအလင်းရောင်များထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွား၏။

‘နေလစကြာ’ က ချက်ချင်းပင် အဝေးသို့လွင့်စင်ထွက်သွားပြီး သီးခြားနယ်မြေက တဖြည်းဖြည်း စတင်ပြိုကျလာသည်။

ထိုစဉ်...

ရောင်စဉ်ခုနစ်သွယ်တောက်ပနေသော ကျောက်သားတံခါးကြီး လေထဲတွင်ပေါ်လာပြီး တံခါးမျက်နှာပြင်ထက်မှ အစွန်းအထင်းအညစ်အကြေးများ အလွှာလိုက်ကွာကျသွားသည်။ အပြင်ဘက်မှ ကျောက်သားအခွံများအက်ကွဲသွားပြီးနောက် အလွန်တရာတောက်ပသော အလင်းရောင်များဖြင့် ကျောက်ဖြူတံခါးတစ်ချပ် လူတိုင်းမျက်စိရှေ့တွင် ပေါ်လာသည်။

ကျောက်ဖြူတံခါးကြီးက ဗလာနယ်ထဲတွင် တိုက်ခတ်နေသော လေဝဲဂယက်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း မကြာမီမှာပင် မူလအရွယ်အစားထက် ဆယ်ဆခန့် ပိုမိုကြီးမားလာ၏။ ထိုမြင့်မားခမ်းနားသောတံခါးကြီးက လူအများသွားလာရန် ခွင့်ပြုဟန်မရှိဘဲ ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် အမတမျိုးနွယ်များကိုသာ ဖြတ်သန်းသွားလာခွင့်ပြုသည့်အလား မြင့်မြတ်ခမ်းနားခြင်းကို ခံစားရစေသည်။

ထိုခဏတွင် တံခါးကြီးအတွင်းမှ အလင်းနဂါးတစ်ကောင်ထွက်ပေါ်လာပြီး ရောင်စုံအလင်းတန်းများ တောက်ပလာသည်။

ရန်ကျောက်ကဲက လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းမှလူများကို ဝေ့ကြည့်ရင်း...

“ကြည့်ရတာ ဒီပစ္စည်းက မင်းတို့အတွက် မဟုတ်တော့ဘူးထင်တယ်”

ရန်ကျောက်ကဲ၏ ကျယ်လောင်သော အော်ဟစ်သံများကြားတွင်...

ရတနာပစ္စည်းများအားလုံးကို သိမ်းယူသွားပြီးဖြစ်သော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ဖန်းယွင်ရှန်း ၊ ရှောက်အိုက် ၊ အားဟူနှင့် ပန်ပန်တို့အားလုံး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

ရောင်စဉ်ခုနစ်သွယ် အလင်းနဂါးကြီးက ပါးစပ်ကိုဖွင့်ဟလိုက်ပြီး သူတို့အားလုံးကို မျိုချလိုက်ကာ ကျောက်ဖြူတံခါးဆီသို့ ပျံသန်းထွက်ခွာသွားသည်။

ထိုအချိန်မှာပင် ယိုးမင်ဂမ္ဘီရစက်ဝန်းမှ သက်တန့်ရောင်ပမာ အလင်းတန်းခုနစ်သွယ် တောက်ပလ၏။

လော့ကျီးထောင် အံ့သြတုန်လှုပ်သွားပြီး...

“ဒီကျောက်တံခါးက ထုံးတမ်းပွဲတော်နဲ့အတူ ဒီ သီးခြားနယ်မြေကို ဖန်ဆင်းထားတဲ့တံခါး မဟုတ်လား ၊ အစကတည်းက ဒီတံခါးက ထုံးတမ်းပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ၊ ဒါပေမဲ့ ရန်ကျောက်ကဲက အဲဒါကို ဘာလို့ဒီလောက်မြန်မြန် သန့်စင်နိုင်ရတာလဲ”

ယိုးမင်ဂမ္ဘီရစက်ဝန်းက ယိုးမင်ဧကရာဇ်၏ပုံရိပ်နှင့် ကွဲကွာသွားပြီး ရောင်စုံတောက်ပနေသည့် အလင်းနဂါးကြီးနှင့်အတူ ကျောက်ဖြူတံခါးကြီးအတွင်းသို့ ဝင်ရောက်သွားသည်။

ထို့နောက် ကျောက်ဖြူတံခါးကြီး ဝုန်းကနဲ ပိတ်သွား၏။

သို့သော် ရောင်စုံခုနစ်သွယ်အလင်းတန်းများ တောက်ပနေဆဲဖြစ်ပြီး အလင်းတန်းများအလယ်တွင် နဂါးဟိန်းသံများထွက်ပေါ်လာသည်။

နဂါးဟိန်းသံများနှင့်အတူ ရောင်စဉ်ခုနစ်သွယ် ဖြာလင်းနေသည့် နန်းတော်ကြီးတစ်ခု ထွက်ပေါ်လာကာ ကျောက်ဖြူတံခါးကြီးက ထိုနန်းတော်ကြီးနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။

နောက်ဆုံးမှာတော့ ကျောက်ဖြူတံခါးကြီးက နန်းတော်တံခါးအဖြစ်ပြောင်းလဲသွားပြီး နန်းတော်တစ်ခုလုံးမှ ရောင်စုံအလင်းတန်းများသည်လည်း ပျောက်ကွယ်သွားသည်။ နန်းတော်ကြီးအထက် လေထုထဲတွင် ပျံသန်းနေသည့် နဂါးအရိပ်တစ်ခုသာ ထင်ကျန်ရစ်ခဲ့သည်။

နန်းတော်ထဲမှာတော့ ရန်ကျောက်ကဲ တင်ပျဉ်ခွေထိုင်နေပြီး သူ့အရှေ့လေထုထဲတွင် “ယိုးမင်ဂမ္ဘီရစက်ဝန်း” ရှိနေသည်။ အနက်ရောင်သတ္တုဘီးကြီးက လည်ပတ်နေခြင်းမရှိတော့ဘဲ အသံမရှိ ၊ လှုပ်ရှားမှုမရှိ တိတ်ဆိတ်ငြိမ်သက်လို့ နေသည်။

သို့ပေသိ အပြင်ဘက်မှာတော့ ‘အသင်္ချေနဂါးနန်းတော်’ အား မှောင်မှိုင်းသော အလင်းရောင်အလွှာတစ်ခုက လွှမ်းခြုံသွားသည်။ အလင်းရောင်အလွှာက တောက်ပခြင်းလည်းမရှိ မှောင်မိုက်ခြင်းလည်းမရှိဘဲ နဂါးနန်းတော်အား ဖုံးကွယ်သွားပြီး နန်းတော်ကြီးက အနက်ရောင်ဗလာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။

ကွမ်းမင်ဂိုဏ်းမှလူများမှာ မကျေမနပ်ဖြင့် တားဆီးရန်ပြေးလာကြသော်လည်း သီးခြားနယ်မြေဗဟိုချက်ဆီမှ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံထွက်ပေါ်လာပြီး ယိုးမင်ဧကရာဇ်ပုံရိပ် ပေါက်ကွဲထွက်သွားကာ အလင်းမိုးစက်များအဖြစ် ပြောင်းလဲသွားသည်။

အလင်းမိုးစက်များက နေရာအနှံ့ကျဆင်းသွားပြီး သီးခြားနယ်မြေသည်လည်း လုံးဝပြိုကျပျက်ဆီးသွား၏။

အချိန်နှင့်ဗလာနယ် လှိုင်းထန်လာပြီး ပြင်းထန်သောစွမ်းအားက ပတ်ပတ်လည်တွင် ပျံ့နှံ့သွားကာ ရုတ်ချည်းပင် ယိုးမင်ဧကရာဇ်ဂူဗိမာန်တစ်ခုလုံးသည်လည်း ပြိုကျပျက်ဆီးသွားသည်။

အစစ်အမှန်ဂူဗိမာန်နှင့် ပရမ်းပတာ အချိန်နှင့်ဗလာနယ်ရေစီးကြောင်းပြောင်းလဲမှုများ အဆက်မပြတ် ရောယှက်သွားပြီး မိုးမြေတစ်ခုလုံးအား ပျက်ဆီးသွားစေနိုင်သော မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ ဂူဗိမာန်အပြင်ဘက် ဝေးကွာသောနေရာများသို့ပင် ပျံ့နှံ့သွားလျှက် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ကွမ်းမင်ဂိုဏ်းမှလူများမှာ အဖြစ်အပျက်များကို မျက်လုံးအပြူးသားဖြင့် ထိတ်လန့်စွာကြည့်နေကြရင်း...

“ဧကရာဇ်မင်းရဲ့ ဂူဗိမာန်က ဧကရာဇ်မင်းကိုမြှုပ်နှံထားဖို့ မဟုတ်ဘူးပဲ ၊ ဒီ အထွတ်ထိပ်ရတနာပစ္စည်းကို သန့်စင်ဖို့အတွက် ပြုလုပ်ထားတာပဲ ၊ ဒါပေမဲ့ ... အဲဒါ ဖြစ်နိုင်ပါ့မလား”

‘အမတမှော်ဝင်ပစ္စည်း’ ပြုလုပ်ရန် စီရင်ထားသည့် ထုံးတမ်းပွဲတော်ပြီးဆုံးသွားသည့်အခါ ယိုးမင်ဧကရာဇ် ဂူဗိမာန်သည်လည်း ၎င်း၏သမိုင်းပေးတာဝန်ကို ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။

ယခု အခမ်းအနား ပြီးဆုံးသွားသောအခါတွင် ယိုးမင်ဧကရာဇ်၏ ဂူဗိမာန်သည် ၎င်း၏ သမိုင်းဝင် တာဝန်ကို ပြီးမြောက်ခဲ့သည်။

သို့သော် လော့ကျီးထောင်တို့အုပ်စုမှာတော့ အတော်လေး စိတ်ပျက်ဝမ်းနည်းလျှက် ရှိကြ၏။

ကြောက်မက်ဖွယ်ရာ လေထုပေါက်ကွဲမှုကြီးက အရင်ကထက် ပိုမိုပြင်းထန်လာသည်။

နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသော လော့ကျီးထောင်သည်ပင် မိမိကိုယ်ကိုကာကွယ် အလွန်တရာ ခက်ခဲလျှက်ရှိသည်။ အခြားသောကွမ်းမင်ဂိုဏ်းမှကျင့်ကြံသူများကတော့ နေရာအနှံ့သို့လွင့်စင်သွားပြီး မုန်တိုင်းထန်သော ဝဲဂယက်ထဲတွင် ရုန်းကန်လှုပ်ရှားလျှက် ရှိကြသည်။

စောစောက လွင့်ထွက်သွားသော ‘နေလစကြာ’ မှာ နှစ်ပိုင်းကွဲသွားပြီး လားရာနှစ်ခုဆီသို့ လွင့်မျောသွားသည်။

လော့ကျီးထောင်က နှစ်ပိုင်းကွဲသွားသော ‘နေလစကြာ’မှ နေစကြာအပိုင်းကို လှမ်းယူလိုက်နိုင်သော်လည်း လစကြာအပိုင်းကတော့ အခြားတစ်နေရာသို့လွင့်မျောသွားပြီး အချိန်နှင့်ဗလာနယ် ပရမ်းပတာစီးဆင်းနေမှုအလယ်တွင် ပျောက်ကွယ်သွားသည်။

သူ အမီလိုက်ပြီးယူငင်ချင်သည့်တိုင် အချိန်နှင့်ဗလာနယ်စီးကြောင်းများက ကြောက်မက်ဖွယ်ရာ လှိုင်းထန်နေသဖြင့် ‘နေစကြာ’ ဖြင့် ကာကွယ်ထားသည့်တိုင် ခံနိုင်ရည်မရှိဘဲ လှိုင်းလုံးများကြား လွင့်မျောသွားရသည်။

နှစ်ပေါင်းများစွာ ပျက်ဆီးနေခဲ့သော နေလစကြာမှာ ပြန်လည်ပြုပြင်ထားသည်မှာပင် မကြာသေးပေ။ ယခုတော့ သူ့လက်ထဲတွင် နွေးအောင်ပင်မကိုင်ရသေးဘဲ နှစ်ပိုင်းပြတ်သွားပြီ ဖြစ်၏။

ယခုတစ်ကြိမ် ပိုဆိုးသည်မှာ ပြန်လည်ပြုပြင်နိုင်ရန်ဝေးစွ ကျန်တစ်ပိုင်းကို ဘယ်ဆီလိုက်ရှာရမှန်းပင် မသိတော့ပေ။

ယိုးမင်ဂမ္ဘီရစက်ဝန်း မရှိတော့ပေ။

ယိုးမင်တစ္ဆေမီးအိမ်သည်လည်း မရှိတော့ပေ။

ထို့ပြင်...

နဂိုကပင်ပိုင်ဆိုင်ခဲ့သော ‘နေလစကြာ’ သည်လည်း နှစ်ပိုင်းပြတ်သွားခဲ့ပေပြီ။

ပရမ်းပတာဗလာနယ်စီးကြောင်းများထဲတွင် စိတ်ထိန်းမရဘဲ မကျေမနပ်ဖြင့် အော်ဟစ်ကြုံးဝါးလိုက်သော လော့ကျီးထောင်၏ အသံနက်ကြီးက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာလေတော့၏။

All Chapters